Thursday, August 13, 2015

မှတ်မှတ်သားသား ဖြေရှင်းနည်းများ



စကားပလ္လင်ခံခြင်း။    ။ ဖြေရှင်းနည်းများဟုသာ ကျနော်ဆိုသည်။ ပြေလည်သည်ဟု မဆိုလို။ အဖြေဟု ကျနော် မပြော။

ဒိုးနပ် ကွန်ပလိန်း



အလုပ်ထဲက ကရင် က သူ့မန်နေဂျာအကြောင်း ဖေါက်သည်ချသည်။
“ကျနော့ မန်နေဂျာ ကွန်ပလိန်းရှင်းတာက တစ်မျိုးဗျ….”

“လုပ်စမ်းပါဦးဟ…. မင်းပြောရင် မှတ်ဖွယ်သားဖွယ် အဆန်းတွေချည်း…”

“ဒီလိုဗျ….. ကျနော်တို့ Department က လုပ်သမျှကလည်း တကယ်တမ်း အလုပ်ဖြစ်တာက ခပ်ရှားရှားရယ်….. တစ်နေ့တော့ Project Manager တစ်ယောက်က ဒေါနဲ့မောနဲ့ ကွန်ပလိန်းလာတက်ပါလေရော….. အကြောင်းကတော့ ကျနော်တို့ လုပ်တာတွေ အသုံးမကျလို့ပေါ့ဗျာ…”
(ကျနော်တို့ချင်းတော့ နာမည်တွေရော လူတွေရောကို သိပါသည်။)

“အဲဒီတော့…”

ကျနော့မန်နေဂျာက ဝင်လာတဲ့ PJM ကို……

“Cool Down…… Cool Down….. Take a seat…. Take a seat…”   တဲ့....

မြန်မာလိုတော့ စိတ်လျှော့… စိတ်လျှော့ ….. ထိုင်ပါဦး….ပေါ့လေ။ အမှန်တော့ ကရင် လုပ်ပြပုံက ပို၍ သဘာဝကျပါသည်။



သို့နှင့် Project Manager ကလည်း သူမကျေနပ်သည်များကို တောက်လျှောက် ပြောသည်။ သေချာစွာ နားထောင်ပြီး သကာလ…..


“အင်း…. ဒါက ဒီလိုရှိတယ်ကွ….”

ပြောပြောဆိုဆို စာရွက်အကြမ်းတစ်ရွက်ကို ယူလိုက်သည်။ စာရွက်ပေါ်မှာ ဘောပင်နှင့် စက်ဝိုင်း ၂ ဝိုင်းကို မုန့်လက်ကောက်ပုံ ဆွဲလိုက်သည်။ မြန်မာလိုတော့ မုန့်လက်ကောက်….. သူတို့ကတော့ အင်္ဂလိပ် မုန့်လက်ကောက် ဒိုးနပ် (Donuts) ပေါ့။

“This is Donuts…. OK…. You see…. This is inside stuffing….. We are here….here….”

စာရွက်ပေါ်က ဒိုးနပ်ကို ပြ၍ အလယ်ကို ထောက်ပြသည်။ ဒါက အလယ်က သွပ်ထားတဲ့ အစာ။ ဒါက ဘေးသား စသဖြင့်။ Management က အလယ်မှာ ရှိသည်ဟု ဆိုလိုချင်ပုံပေါ်ပါသည်။ တစ်ဖက်က PJM လည်း အူလည်လည်ဖြင့် ပြသမျှကို လိုက်ကြည့်သည်။ သို့သော် ဒိုးနပ်အကြောင်း ပြောလိုက်တာ နာရီဝက်သာ ကြာသွားသည်။ ဘာကို ဆိုလိုချင်မှန်းမသိ။ ကြာတော့ နားလည်နိုး နားလည်နိုးနှင့် လိုက်ကြည့်ပြီး မျက်လုံးလေး ကလယ်ကလယ် ဖြစ်နေသော PJM ခမျာ ထွက်လာသမျှ ဒေါသလည်း အရည်ပျော်ပြီး ပျော့ပြဲကုန်ပြီ။ ပြောသမျှ အင်းအဲလိုက်ပြီး အချိန်ကြာလာသည်နှင့်အမျှ ထွက်ပြေးချင်လာတော့သည်။ နောက်တော့ လုပ်စရာရှိသေးသည်ဟု အကြောင်းပြကာ ပြေးလေသည်။
နောင်သောအခါ ဤ PJM သည် ဘယ်သောအခါမှ ကွန်ပလိန်းလာမတက်ရဲတော့ ဟူ၏။

စာရှုသူ…. ဤဒိုးနပ်ဆရာကြီးကို ဘာမှလည်း မဟုတ်ဘူးဟု ထင်ချင်ပါသလား။ အနှီ ပုဂ္ဂိုလ်ကြီးသည် စင်ကာပူရှိ အကြီးဆုံးစာရင်းဝင် ကုမ္ပဏီကြီးတစ်ခု၏ Policy Maker ခေါ် ကုမ္ပဏီ၏ မူဝါဒများ ချမှတ်နေသည့် ထိပ်သီး Managemnet ဆရာကြီး တစ်ဆူ ဖြစ်ပါ၏။ ကွန်ပလိန်းတက်သော PJM သည် အမှတ်မထင် ဒိုးနပ်ကျွေးခံရခြင်းတော့ မဟုတ်တန်ရာ။

ဒိုးနပ်သည် ပြဿနာဖြေရှင်းနည်း (ဝါ) ကွန်ပလိန်း ဖြေရှင်းနည်း တစ်ခုဟု မထင်ဘူးလား ခင်ဗျား။

တွေးစရာ

တခါတရံ တောင်စဉ်ရေမရ၊ အရည်မရ အဖတ်မရ တောက်တီးတောက်တဲ့များ၊ ကို့ရို့ကားယားများ ပြောခြင်းသည် အမှတ်မထင် မဟုတ်။ တမင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးသော ပြဿနာဖြေရှင်းနည်းများ ဖြစ်နေတတ်ပါသည်။ မြန်မာလိုတော့ အရူးကွက်နင်းသည်ဟု ခေါ်သည်။ အလုပ်မဖြစ်ဟု ထင်ပါသလား။ ကျနော်တို့ အစိုးရ ထိုင်ခုံမြဲအောင် လုပ်ခဲ့သည့် အကွက်တွေကို ပြန်စဉ်းစားကြည့်စေလိုပါသည်။ သူတို့၏ အဆင့်မရှိဟု ထင်ရသော ကလေးကွက်တွေနှင့် ကျနော်တို့ ခံစားခဲ့ရသည်မှာ မျိုးဆက်နှင့် ချီနေပြီကို သတိပြုပါလေ။

တစ်ဆက်တည်း ဥပမာတစ်ခုကို ပေးပါရစေ။ တိုက်ကွမ်ဒို ပြိုင်ပွဲတစ်ခု သွားကြည့်တုန်းက ဖြစ်ပါသည်။ ကျနော်တို့ အသင်းဖက်က ပြိုင်ပွဲဝင်သူငယ်ချင်းက ကျနော့တို့လို သာမာန်အရပ်အမောင်း။ တစ်ဖက်ပြိုင်ဖက်က ခြေတံရှည်ရှည် အရပ်ရှည်ရှည်။ ပွဲစကတည်းက ကျနော့ သူငယ်ချင်းက အလွန်လှပသော ကန်ချက်များ တိုက်ကွက်များနှင့် တိုက်သည်။ တစ်ဖက်က လံဘားကျောက်တံတားက တိုက်ကွမ်ဒိုအခေါ် မေရီးကစ်ဟု ခေါ်သည့် ခြေထောက်နှင့် ကာပြီး တည့်တည့်နင်းကန်သည့် တစ်ကွက်တည်းကိုသာ သုံးသည်။ သူ့ခြေတံက ရှည်သဖြင့် သူဆောင့်နင်းလိုက်တိုင်း ကျနော့ သူငယ်ချင်းကန်ချက်တွေက သူ့ဆီမရောက်။

သိတော်မူကြသည့်အတိုင်း တိုက်ကွမ်ဒို ကစားနည်းတွင် ခြေထောက်ဖြင့် ကန်ခြင်းက အမှတ်ရလွယ်သည်။ လူချင်းပူးပြီး ထိုးတာက တစ်ဖက်လူ ယိုင်သွားမှ အမှတ်ရသည်ကိုး။ နောက်ဆုံးတော့ မည်မျှပင် လှပသော ကန်ချက်များနှင့် တိုက်သည်ဖြစ်စေ၊ ကျနော်တို့ သူငယ်ချင်း ရှုံးပါသည်။ တစ်ပုံစံတည်းသော ကန်ချက်နှင့် အရှည်ကြီး နိုင်သွားပါသည်။

တခါတရံ Result ကိုသာ ကြည့်သော ပွဲများတွင် ဤသို့ ဖြစ်တတ်ပါသည်။ ကစားကွက် လှဖို့ထက် ရလာဒ်ကိုသာ အဓိက ထားရသည့်အခါများတွင် ဖြစ်တတ်သော သဘာဝပါ။ ကျနော်တို့ သူငယ်ချင်း၏ ကစားကွက်များမှာ လှပသဖြင့် ပရိတ်သတ်ကြိုက်သည်။ သို့သော် စည်းမျဉ်းအရတော့ အရှုံးပေးလိုက်ရပါသည်။ ဒါမျိုးက ညစ်တယ်လို့လည်း ပြောရခက်သည်။ ညစ်တယ်ဆိုရင်တောင် ဘောင်ထဲက ညစ်သည့်ကိစ္စမျိုးက ကိုင်ရခက်ပါသည်။
ဖြစ်တတ်သည့် သဘာဝကို သတိထားမိစေခြင်း အလို့ငှာပါ။


ဖိုင်ပုံထဲက ငုတ်တုတ်ဒါရိုက်တာ



ရန်ကုန်မြို့အထင်ကရ ဟော်တယ်ပလာဇာတစ်ခု၌ M&E Engineer အဖြစ် အလုပ်လုပ်ခဲ့စဉ်က ဖြစ်ပါသည်။ မောင်နှမ ဒါရိုက်တာ ၅ ယောက် ရှိပါသည်။ သူတို့ထဲမှ ဒေါက်တာတစ်ယောက်က မန်နေးဂျင်းဒါရိုက်တာ၊ ကျန်မောင်နှမများက ဒါရိုက်တာများ ဆိုပါတော့။ မန်နေဂျင်းဒါရိုက်တာ မိသားစုက ဟော်တယ်က အခန်းမှာပဲ နေကြသည်။
ပြောရလျှင် မောင်နှမတွေအားလုံး တစ်မျိုးစီ ဖြစ်သည်။ အနေအထားတွေနှင့် မလိုက်အောင် စကားကို အဆင့်မရှိပြောတတ်သည်။ သူတို့အထက်က လူကြီးတွေနှင့် ပြောလျှင်တော့ တစ်မျိုးဖြစ်နိုင်ပါသည်။ ဝန်ထမ်းတွေနှင့်ကတော့ Rich Man No Standard ပါပဲ။ ပိုက်ဆံရှိပြီး အဆင့်မရှိဟုပင် ဆိုပါရစေ။

တစ်ခါတစ်ပါး ကျနော်တို့ ပြင်ထိန်းအဖွဲ့မှာ ပစ္စည်းကိရိယာ နည်းလွန်းသောကြောင့် General Manager ဆီ စာတင်ပြီး ပစ္စည်းဝယ်ခွင့် တောင်းပါသည်။ GM မှ ခွင့်ပြုပြီး အဝယ်တော် ဋ္ဌာနသို့ လွှဲလိုက်သည်။ အဝယ်တော်ဋ္ဌာန၏ ဦးဆောင်ဒါရိုက်တာကား မောင်နှမ ၅ ယောက်ထဲမှ ညီမ ဒါရိုက်တာ။ ကျနော်တို့မှာသော ပစ္စည်းကိရိယာတန်ဖိုးက ၁၉၉၉-ခုနှစ် ကာလတန်ဖိုး ၂ သောင်းကျော်မျှ။

ဒါရိုက်တာအမျိုးသမီး၏ လုပ်နေကျ လုပ်ထုံးလုပ်နည်းအချို့ကို ဗဟုသုတ အလို့ငှာ အနည်းငယ်မျှ ပြောပြပါရစေဦး။ ပစ္စည်းတစ်ခု ဝယ်တော့မည်ဆိုလျှင် စာရေးမ (သူတို့ တူမ) ကို ဆိုင်သို့ ဖုန်းဆက်ခိုင်းသည်။ အခု ၁၀၀…. အခု ၁၀၀၀ ယူမည်….. ဘယ်လောက်လဲ…..စသဖြင့်။ ဆိုင်မှ ၁၀၀ ဈေး ၁၀၀၀ ဈေး ပြောသောအခါ အဝယ်တော်ကို လွှတ်၍ ၂ ခုသွားဝယ်… ဒီဈေးနဲ့….. ဟူ၍ လွှတ်လေတော့သည်။ အဝယ်တော်လေးခင်မျာ ဆိုင်ရောက်တော့ ရွာလည်တော့သည်ပေါ့။ မဝယ်ဘဲ ပြန်လျှင်လည်း နားငြီးခံပေတော့။ သို့နှင့်…. မယုံလျှင် ပုံပြင်သာ မှတ်လော့ စာရှုသူ။ ဟိုတယ်အဝယ်တော်ခင်မျာ အိပ်စိုက်ရလွန်း၍ အမြဲ ဖြူခါပြာခါ ကျနေရှာတော့သည်။

ယခုကိစ္စလည်း ဘာလုပ်သည် ထင်သနည်း။ သူတို့အကြောင်းကို သိသဖြင့် သွားဝယ်လျှင် ကိုယ်တိုင်လိုက်မည်ဟု ပြောထားပါလျက် ကျနော်မသိအောင် အဝယ်တော်ကိုခေါ် ၂ သောင်းဖိုးမှာထားသော ပစ္စည်းစာရင်းကို ပေး၍ အဿပြာ ၂ ထောင်နှင့် ရအောင် ဝယ်ခိုင်းပါတော့သည်။ အဝယ်တော်လေးခင်မျာ စာရင်းထဲပါသမျှ စုံအောင် ဝယ်ခဲ့ရှာပါသည်။ ဝက်အူလှည့်ဆိုလျှင် ပိစိကွေး စုတ်ပြတ်သပ်၊ တူဆိုလျှင် Quality ကောင်းချက်က လက်ကိုရိုးပင် အချောကိုင်မထား၊….. စသဖြင့်…စသဖြင့်။ ပြီးတော့ အနှီ ဘူစုခရုများကို လာပေးပြီး လက်မှတ်ထိုးပါ ဟူသတတ်။
ကျနော် ဒေါသလည်းထွက်၊ ရယ်လည်း ရယ်ချင်သည်။ လက်မှတ်လည်း မထိုးနိုင်၊ ယူလည်းမယူ။ အဝယ်တော်ကိုရော ဒါရိုက်တာကိုရော ကျနော်ပြောသည်။ ကျနော်တို့ ဟိုတယ် ပြင်ထိန်းလုပ်နေတာ၊ ဤဝက်အူလှည့် ပိစိကွေးဖြင့် နာရီပြင်နေခြင်း မဟုတ်ပါဟူ၍။

ဤမျှဆိုလျှင် သူတို့အကြောင်း အကြမ်းမျှ ရိပ်စားမိလောက်ပါပြီ။ အနှီ အဝယ်တော် ဒါရိုက်တာအမျိုးသမီး၏ ပြဿနာဖြေရှင်းနည်းကို ပြောပြပါမည်။ ဟိုတယ်အခန်းများအတွက် လိုအပ်သော Toshiba Sophia TV များကို အကြွေးနှင့် ဝယ်ရော ဆိုပါတော့။ သို့သော် ရစရာရှိ အရင်ယူ၊ ပေးစရာရှိ တတ်နိုင်သမျှ အချိန်ဆွဲဆိုသည့် စီးပွားရေးဗျူဟာအတိုင်း ပေးချိန်တန်သည်အထိ အကြွေးတွေကို မပေး။ ပထမတော့ ဆိုင်က ဖုန်းဆက်ဆက်ပြီး တောင်းသည်။ အကြိမ်များလာတော့ ဆိုင်ရှင် အမျိုးသမီး ကိုယ်တိုင် ဟိုတယ်သို့ လိုက်ချလာတော့သည်။ ဒေါနှင့်မောနှင့် ဝင်လာသော ကြွေးရှင်ကို ဒါရိုက်တာကြီး၏ ဖြေရှင်းနည်းကား ရှာမှရှားသည့် စားပွဲအောက် ဖိုင်ပုံကြားထဲ ဝင်ပုန်းနေသည့်နည်းဖြင့် အဆင့်ရှိရှိ ဖြေရှင်းပစ်လိုက်သည်မှာ ကျနော့တစ်သက်တာ မမေ့နိုင်သော ဖြေရှင်းနည်းတစ်ရပ် ဖြစ်လေတော့သတည်း။ အံ့ဖွယ်သုတ။ ကမ္ဘာပေါ်တွင် ကုမ္ပဏီဒါရိုက်တာကြီး ကြွေးရှင်ကိုကြောက်၍ စားပွဲအောက် ဖိုင်ပုံထဲတွင် ဝင်ပုန်းခြင်းကို မြင်ဖူးသောသူ များများစားစား ရှိဟန်မတူသဖြင့် ဂုဏ်ယူမိပါ၏။ သူရို့တူမ စာရေးမလေးကတော့ ကြွေးရှင်ကို ရှိခိုးဦးချ တောင်းပန် ပြန်လွှတ်ရသော ဟူ၏။

တွေးစရာ။  ။ အကျင့်က ပြင်၍ရသည်။ စရိုက်က ပြင်မရ။ ဖုံးမရ။

MD ထက် ကြီးတဲ့သူ


ဤဟိုတယ်၏ ပိုင်ရှင်များက အဆင့်မရှိသော်ငြား သူတို့ခန့်ထားသော General Manager အမျိုးသမီးကြီးကား မြန်မာပြည် ဟိုတယ်မန်နေဂျာအများစု၏ ဆရာမကြီး ဖြစ်လေ၏။ ကျနော်တို့က ချစ်စနိုးဖြင့် တီချယ်ကြီးဟု ခေါ်ကြပါ၏။ ဆရာမကြီးခင်မျာလည်း သူတို့ အကြောင်းမသိ၍ အလုပ်ကို လက်ခံမိပြီးမှ ရာထူးအငယ်များကဲ့သို့ ၆ လ တစ်နှစ်နှင့် ထွက်၍ မကောင်းရကား သည်းခံ၍ နေရှာပါသည်။
ဤလိုနှင့် တစ်နေ့သောအခါ ကျနော်နှင့် မန်နေးဂျင်းဒါရိုက်တာ စကားများပါတော့သည်။ ကျနော်တို့မှာ လာစာ ၈ ထောင်ကျပ်လောက်နှင့် ဘာ Safety မှ မရှိ၊ စုတ်ပြတ်နေအောင် လုပ်နေရသည့်ကြားထဲ ဒင်းက လာပြီး ပြစ်တင်ကြိမ်းမောင်းလေတော့ ကျန်သူများက အံကြိတ်တောက်ခေါက်ရုံလောက် လုပ်သော်ငြား ကျနော်က သည်းမခံနိုင်သဖြင့် MD ကို GM ဖြင့် တိုင်ပါသည်။ အမှန်အားဖြင့် GM မှာ MD က ခန့်ထားသော ဝန်ထမ်းသာ ဖြစ်လေရကား ကျနော်၏ လုပ်ပေါက်မှာ အလွန်တရာမှ ရိုက်ပေါက် ဖြစ်လေတော့သည်။ GM ကို အားကိုးလေးစားခြင်းလည်း ပါပေသည်ပေါ့။

ဒေါသတကြီး တိုင်တန်းနေသော ကျနော့ကို သနားဟန်ဖြင့် ကြည့်နေသော တီချယ်ကြီးမှာ ကျနော့စကားကို ဆုံးအောင် နားထောင်ပြီးမှ လေပြေလေးဖြင့်…..

"ခက်တာပဲ….. ဒီဒေါက်တာနဲ့တော့…… အေး…. အေး….. သားခဏထိုင်ပါဦး….."

တီချယ်ကြီးအသံအေးအေးကြောင့် အနည်းငယ် အရှိန်လျော့သွားသော ကျနော်လည်း အသံကိုရော ဟန်ကိုပါ လျော့ချလိုက်ရသည်။ တကယ်တော့ တီချယ်ကြီး ဘာမှ လုပ်လို့ မရမှန်း စိတ်တစ်ပိုင်းက သိပါသည်။ သူလည်း ဝန်ထမ်းပဲ မဟုတ်လား။ ဟိုက ပိုင်ရှင်။
တီချယ်ကြီးက ဖုန်းကို ကောက်ကိုင်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ MD တို့ မိသားစု နေတဲ့အခန်းက ဖုန်းနံပါတ်မှန်း စိတ်က သိလိုက်သည်။

"အေးရေ…. ရုံးခန်းကို ခဏလောက် ဆင်းခဲ့ပါဦးကွယ်…. ဒီမှာ ကိစ္စလေး နည်းနည်း ပေါ်လာလို့…."

အေး ဆိုသည်က MD ၏ ဇနီး။ ခဏနေတော့ အန်တီအေး ဟု ကျနော်တို့ခေါ်သော အေး ရောက်လာသည်။ ထိုအခါကျမှ တီချယ်ကြီးက လေအေးလေးနှင့်ပင်…

"အေးရေ…. အေးယောကျ်ားကို ကြည့်ပြောပါဦးကွယ်… ဒီမှာ ကလေးတွေကို နင်ပဲငဆတွေ လျှောက်ပြောနေလို့…. ကလေးတွေက အလုပ်ကများ…. ပစ္စည်းကိရိယာကလည်း မပြည့်စုံရတဲ့ကြားထဲ အေးယောကျ်ားက အဲဒီလိုတွေ ပြောတော့ သူတို့လည်း ဘယ်စိတ်ကောင်းမလဲ……"

ခဏနေတော့ အန်တီအေး ပြန်သွားသည်။ နောက်တစ်နေ့မှ စ၍ MD ကြီး၏ လေသံများ သိသိသာသာ ပြောင်းရုံမက ကျနော်တို့ လိုအပ်သော ပစ္စည်းကိရိယာများလည်း စိတ်ကြိုက်သွားဟုဆိုကာ ငွေ ၂ သောင်း ထုတ်ပေးခဲ့ပါသတည်း။

သင်ခန်းစာ။  ။ MD ၏ အထက်တွင် MD ၏ မိန်းမ ရှိသည်။ ဟီ….။


(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...