ဖတ်ခဲ့တာတော့ ကြာခဲ့ပါပြီ။ မဂ္ဂဇင်း ဝတ္ထုတိုလေးတစ်ပုဒ် ပါပဲ။ ဝတ္ထုနာမည်လည်း ကျနော် မမှတ်မိပါ။ ရေးသူကိုလည်း မသိ။ အကြောင်းအရာ လုံးစေ့ပတ်စေ့ မှတ်မိတာမျိုးလည်း မဟုတ်။ နှစ်သက်မိသည့် အချက်တစ်ချက်ကိုသာ အခုထိ မမေ့နိုင်တာဖြစ်သည်။ မှတ်မိသလောက် အကြမ်းဖျင်းလေးကို ဖတ်ကောင်းအောင် နည်းနည်းရေးပြပါရစေ။
နာမည်ကြီး လူသတ်သမားတစ်ယောက်ကို ရဲတွေဝိုင်းဖမ်းကြသည်။ ဒီလူသတ်သမားက Series killer ဟု ခေါ်ရလောက်အောင် လူတွေအများကြီးကို သတ်ခဲ့သည့် လူသတ်သမား။ နောက်ဆုံး ရဲက သူ့ကို အသေဖမ်းမိသည်။ ဒါတောင် သူ့ကိုဖမ်းသည့်ရဲကို သူ ရအောင် ပစ်သတ်လိုက်သေးသည်။ သို့ပေမဲ့ ရဲကလည်း မသေခင် သူ့ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၆ တောင့် ပစ်သွင်းသွားခဲ့သည်။ သို့နှင့် သူ့ကို အသေဖမ်းမိလိုက်ကြသည်။
သူ သတိရလာတော့ တရားခွင်တစ်ခုက တရားခံဝက်ခြံလေးထဲ ရောက်နေသည်ကို အံ့အားသင့်စွာတွေ့ရသည်။
သူ့ရှေ့မှာ ဂျူရီဝတ်စုံနှင့် လူတွေကို တွေ့လိုက်ရသည်။ သူဘယ်ရောက်နေမှန်း နားမလည်နိုင်။ သူပြန် စဉ်းစားသည်။ ရဲက သူ့ကို သေနတ်နဲ့ ပစ်ဖမ်းလို့ သူသေသွားတာကို သတိရသည်။ အခြေအနေကို ပို၍ပင် နားမလည်နိုင်အောင် ဖြစ်ရသည်။
သူ့ဘေးက ရဲသားကို မေးလိုက်သည်။
"ငါ ဘယ်ရောက်နေတာလဲ…."
"တမလွန်က တရားရုံးမှာလေ… မင်းကျူးလွန်ခဲ့တဲ့အမှုတွေအတွက် အစစ်ခံဖို့ ရောက်နေတာ…."
ရဲသား၏ အဖြေကိုကြားတော့ သူမယုံနိုင်လောက်အောင် ဖြစ်သွားသည်။
တမလွန် တရားရုံးကလည်း ငါတို့ မြို့လေးက တရားရုံးအတိုင်း ပါပဲလားဟု သူတွေးမိသည်။
"ဟုတ်တယ်လေ… အတူတူပဲ… ဂျူရီ (Judge) တွေရှိတယ်…. တရားသူကြီးလည်း ရှိတယ်…. သက်သေတွေလည်း ရှိတယ်…. မင်း လွတ်ဖို့တော့ မရှိပါဘူး….."
သူ့စိတ်ထဲက လူမိုက်မာနက ထောင်းကနဲ ဖြစ်သွားသည်။
"ဒီမှာ… ငါက သူရဲဘောကြောင်တဲ့ လူမိုက်မဟုတ်ဘူး…. ငါလုပ်တာ ငါခံရဲတယ်… မင်းသိလား…"
ရဲသား က ဘယ်လိုမှ မခံစားရသည့် မျက်နှာနှင့် သူ့ကို တစ်ချက်ကြည့်ပြီး…
"တိတ်တိတ်နေတော့…. တရားသူကြီး လာပြီ…."
တရားသူကြီးလာတော့ တရားရုံးထဲရှိ လူအားလုံး မတ်တပ်ရပ်ကြသည်…..
သူလည်း ရောပြီး ရပ်လိုက်ရသည်။
တရားသူကြီးက နေရာတွင် ထိုင်ပြီးတော့မှ အားလုံး ပြန်ထိုင်ကြသည်။ ပြီးတော့ တရားသူကြီးက စားပွဲပေါ်ရှိ တူလေးကို ဒုန်း…ဒုန်း…. ၂ ချက်မြည်အောင် ထုလိုက်တော့ တရားရုံးထဲက အသံတွေ တိတ်သွားသည်။ တရားသူကြီးဆီက အသံထွက်လာသည်။
"အမှုစစ်မယ်…. သက်သေကို ခေါ်ခဲ့တော့….."
သူအံ့သြစွာ ကြည့်လိုက်သည်။ သက်သေ….။ ဘယ်သူတုန်း။ သူက ဘယ်သူ့ကိုမှ ယုံတတ်သူ မဟုတ်။ ဒါကြောင့်ပင် သူ့မှာ ဆရာလည်းမရှိ၊ တပြည့်လည်းမရှိ၊ လုပ်ဖေါ်ကိုင်ဘက်လည်း မရှိ။ ဒါကြောင့်ပင် သူကျူးလွန်ခဲ့သော အမှုတိုင်းမှာ သူတစ်ယောက်တည်း ကျူးလွန်ခြင်းဖြစ်သည်။ အမြဲတမ်း ပိပိရိရိ ပြစ်မှုကျူးလွန်ခဲ့တာမို့ သက်သေရှိလိမ့်မည်ဟု တစ်ခါမှ သူမထင်ခဲ့။
အရပ်အမောင်း ကောင်းကောင်း၊ ဝတ်ရုံဖြူကို ဝတ်ဆင်လျှက် တည်ငြိမ်ရွှင်ပျသော မျက်နှာ၊ ဖြူဖွေးသပ်ယပ်သော မုတ်ဆိတ်ဖြူများနှင့် တောင်ဝှေးတစ်ချောင်းကို ကိုင်ထားသော လူတစ်ယောက် ဝင်လာပြီး သက်သေနေရာတွင် ထိုင်လိုက်သည်။ သူလှမ်းကြည့်တော့ ပြုံးပြသည်။ သူပြန်ပြုံးမပြဘဲ ဇဝေဇဝါနှင့် စဉ်းစားသည်။ သူ ဘယ်သူပါလိမ့်။ မျက်နှာက တည်ငြိမ်ရွှင်ပျရုံမက ကြည်လင်သော အပြုံးကိုပါ သူတွေ့လိုက်ရသည်ကိုး။ သူ့ကို ကြည့်သည့် အကြည့်မှာ ရာဇဝတ်သားရယ်လို့ မနှစ်မြို့သည့်အကြည့်မျိုး မရှိ။ နောက်ဆုံးတော့ မနေနိုင်ဘဲ ဘေးမှ ရဲသားကို တိုးတိုးမေးလိုက်သည်။
"အဲဒါ ဘယ်သူတုန်းဗျ…."
"မင်းမသိဘူးလား… အဲဒါ ဘုရားသခင်လေ…."
သူမယုံနိုင်စွာဖြင့် ရဲသားကို ကြည့်သည်။ ပြီးတော့ ထပ်မေးသည်။
"မဖြစ်နိုင်တာဗျာ…. ကျနော်သိတာတော့ ဘုရားသခင်က တရားစီရင်မှာ မဟုတ်ဘူးလား…"
"မဟုတ်ဘူး…. ဘုရားသခင်က တရားစီရင်ဖို့ မဖြစ်နိုင်ဘူးလေ…."
"ဟင်…. ဘာဖြစ်လို့လဲဗျ..."
"ဘာကြောင့်လည်းဆိုတော့ သူက အားလုံးကို သိနေလို့ပေါ့…"
ဒီအဖြေကို သူမကျေနပ်။ အားလုံးသိလို့ တရားမစီရင်နိုင်ဘူး...တဲ့။
နောက်တော့ အမှု စ စစ်သည်။ ဘယ်သူမှ မသိသော ကိစ္စတွေကို ဘုရားသခင်က သိနေခဲ့သည်။ တရားသူကြီးနှင့် ဂျူရီလူကြီးတွေ သိချင်သည်များကို ဘုရားသခင်က ဖြေသည်။
ဘာတွေမေးလို့ ဘာတွေဖြေသည်ကို အဆက်အစပ်ရှိရှိ မမှတ်မိသော ကျနော့ခေါင်းကိုသာ အပြစ်တင်ချင်သည်။ မူရင်း စာရေးသူလို မရေးတတ်၍ လိုရင်းကိုသာ ပြောပါရစေတော့။
တရားသူကြီးက မေးသည့် သူ့အမှုတွေအားလုံးရဲ့ နောက်ကြောင်းကွင်းဆက်တွေကို ဘုရားသခင်က စီကာပတ်ကုံး ပြောပြသည်။ သူလူသတ်ဖြစ်ရခြင်းမှာလည်း သူ့အမြင်နှင့်သူ နာကျည်းမုန်းတီးလောက်စရာတွေ ရှိ၍ သတ်ခြင်းဖြစ်သည်။ သူသတ်တာကို ခံရသူတွေကလည်း သူတို့အမြင်နှင့် သူတို့ မှန်နေကြသည်ချည်းဖြစ်သည်။ သူမသိခဲ့သည့် အကြောင်းအရာများကို မေးသည့်အခါလည်း ဘုရားသခင်က ပြောပြသည်။ အားလုံးသည် သူ့ရှုထောင့်နှင့် သူ မှန်နေကြသည်ချည်း ဖြစ်သည်။
တရားသူကြီးက ခုံကို တူဖြင့် ထုကာ ပြောသည်ကား…
"ဘုရားသခင်…. အမှုနဲ့ ဆိုင်တာကိုပဲ ပြောပါ… မဆိုင်တာတွေ မပြောပါနဲ့… တရားစီရင်ရာမှာ ဆုံးဖြတ်ရခက်စေလို့ပါ…." ဟူ၏။
မှန်၏။ ကျနော် ပြောလိုသည့်ကိစ္စကား အခုမှ ရောက်ပါသည်။
Don’t dig too much… ဟူသည့် Management စကားတစ်ခွန်း ရှိပါသည်။ ပြဿ နာတစ်ရပ်၊ အကြောင်းအရာတစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ ဇာစ်မြစ်နှင့် နောက်ခံကို အရမ်းကာရော မတူးဆွမိဖို့ သတိပေးခြင်း ဖြစ်ပါသည်။ အကြောင်းမူကား အရမ်းသိသွားလေလေ ဆုံးဖြတ်ရခက်လေလေ ဖြစ်သောကြောင့်ပင်။
ဥပမာ အားဖြင့် လူတစ်ယောက်က သင့်အပေါ် ရန်စ အနိုင်ကျင့်တတ်သည် ဆိုပါစို့။ သူ့ဇာစ်မြစ်ကို လိုက်တော့ သူ့အဖေက အနိုင်ကျင့်တတ်သည့် အဖေမျိုး။ အနိုင်ကျင့်တာ၊ အတ္တကြီးတာမျိုးကလည်း မျိုးရိုးလိုက်သည့် အကျင့်စရိုက်မျိုးတွေ ဖြစ်သည်။ မိသားစုကို အနိုင်ကျင့်တတ်သည့် အဖေမျိုး၏ အုပ်ထိန်းမှုဖြင့် ကြီးပြင်းလာသော ကလေးများသည် သူတစ်ပါးကိုလည်း အနိုင်ကျင့်တတ်ကြပါသည်။ ဒေါသကြီးသော ဖခင်ထံမှ ဒေါသကြီးသော အမွေကို ရနိုင်ပါသည်။
သို့အတွက် သင်သူ့အပေါ် အပြစ်မတင်ဘဲ နားလည် ခွင့်လွှတ်တာမျိုး ဖြစ်နိုင်သလို အမှတ်တမဲ့ ကြည့်လျှင် အေးချမ်းတာပေါ့ဟု ထင်စရာရှိပါသည်။ အမှန်တကယ် အေးချမ်းသည် မအေးချမ်းသည် ကာယကံရှင်သာ အသိဆုံး ဖြစ်ပါလိမ့်မည်။ မနိုင်၍ သည်းခံရခြင်းသည် မေတ္တာ မဟုတ်ပါ။
အများစု ကြုံနေကျ အတွေ့အကြုံတစ်ခုကို ယေဘူယျသဘော ဥပမာ ထပ်ပေးပါမည်။ အိမ်ထောင်တစ်ခု ဆိုပါတော့။ ယောက္ခမနှင့် ချွေးမ/ သားမက် ပြဿ နာများကို ကြားဖူးကြုံဖူးကြပါလိမ့်မည်။ မိဘနှင့် သားသမီးကျတော့ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိ အစင်းသိ ဖြစ်သည်။ အနက်ရှိုင်းဆုံး တူးဆွထားပြီးသားသူတွေ။ အဲဒီမှာမှ မိဘအကြောင်းကို သားသမီးက တူးဆွသည်ထက် မွေးထားသော မိဘက အစ က စ သိသည်ပေါ့။ ဘဝ တလျှောက်လုံး ဖြတ်သန်းလာခဲ့တာတွေက တစ်ယောက်မျက်စိအောက်မှာ တစ်ယောက် ဆိုတော့ ထွေထွေထူးထူးတွေ ပြောနေဖို့ မလို။ အဲဒီတော့ အကြောင်းတစ်ခု ဖြစ်လာလျှင် ဘယ်လို တွေးမည်.... ဘယ်လို စဉ်းစားမည် ဆိုတာက အလိုလို ခန့်မှန်းလို့ ရနေတတ်သမို့ မိဘနှင့် သားသမီး အပြစ်ရယ်လို့ သိပ်မမြင်တတ်။ ချွေးမ/ သားမက်နှင့် ယောက္ခမ ကျတော့ အဲလို မဟုတ်။ တစ်ယောက်ကို တစ်ယောက် သိပ်အနက်ကြီး တူးထားသူတွေ မဟုတ်။ အဲဒီတော့ တစ်ခုခု ဖြစ်လာရင် နားမလည်ပေးနိုင်။ ကိုယ်ဖြတ်သန်းလာသော ရှုထောင့်မှသာ ကြည့်သည်။ မတူညီသော မိသားစုများမှ မတူညီသော အခြေခံများနှင့် လာသော လူ ၂ ယောက် ပေါင်းစည်းသည့်အခါ ဒီပြဿ နာက ဖြစ်ဖို့ ရာခိုင်နှုန်းများပါသည်။ ဒါကြောင့်ပင် ဒီပြဿ နာက ကမ္ဘာလုံးဆိုင်ရာ ပြဿ နာ ဖြစ်နေခြင်း ဖြစ်သည်။
တကယ့်အပြင် လောကမှာ လူတိုင်း ကောင်းကွက်၊ ဆိုးကွက် ရှိကြသည်ချည်း။ ကျနော်ကိုယ်တိုင်လည်း မကောင်းတဲ့စိတ်တွေ၊ အကျင့်စရိုက်တွေ ရှိတာပါပဲ။ သို့သော် ဦးနှောက် ပုံမှန်ရှိသူတိုင်း သူတစ်ပါးကို အနှောက်အယှက် မဖြစ်ဖို့၊ ပတ်ဝန်းကျင်ကို ဒုက္ခမပေးမိဖို့၊ အားလုံးနှင့် သဟဇာတဖြစ်ဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ ကျနော်တို့ စိတ်တွေကို ထိန်းချုပ်ရသည်။ အသိတရားနှင့် ထိန်းရသည်။ တခါတရံ ပေါက်ကွဲမိလျှင်သော်မှ စိတ်ရှိတိုင်း လွှတ်ပေး၍ ရသည်မဟုတ်။ ကျနော် ထိန်းသလို ခင်ဗျားလည်း ထိန်းရမည်သာ။ ခင်ဗျား ထိန်းသလို ကျနော်လည်း ထိန်းရမည်သာ။
ငယ်စဉ်ဘဝအခြေခံ မတူညီမှုကြောင့် အယူအဆ အတွေးအခေါ် တုန့်ပြန်ပုံတွေ မတူညီကြသော်ငြား ငယ်စဉ်ဘဝ အခြေခံမကောင်း၍ လူသတ်ရပါသည်ဆိုသည့် ဆင်ခြေကို လူ့အသိုင်းအဝန်းက လက်ခံစရာ အကြောင်းမရှိပါ။ ဒေါသ သိပ်ကြီးတာပဲဟူသော မှတ်ချက်သည် ဒေါသကြီးခွင့် လိုင်စင်မဟုတ်ပါ။ ခင်ဗျား ဒေါသကြီးသလို ကျနော်လည်း ဒေါသကြီးတာပါပဲ။ ကျနော်က ထိန်းနိုင်ပြီး ခင်ဗျား မထိန်းနိုင်ခြင်းသည် ခင်ဗျားရဲ့ စိတ်ကိုယ်ခံစွမ်းအား နိမ့်ကျသောကြောင့် ဖြစ်သည်။ ထိန်းနိုင်အောင် ကြိုးစားရမှာ ခင်ဗျားတာဝန်ဖြစ်သည်။ ပတ်ဝန်းကျင်က ဒေါသကြီးသူဟု သတ်မှတ်တာကို အဟုတ်မှတ် သာယာနေသူတွေ ကျနော် တွေ့ဖူးပါသည်။ ကျနော့ အမြင်မှာတော့ စိတ်ဓါတ်အရွယ် မရောက်သူများသာ ဖြစ်သည်။
ကျနော်ကိုယ်တိုင်လည်း စိတ်ဓါတ်ရေးရာ မပြည့်ဝမှုတွေ၊ ဆန္ဒဂတိတွေ အများကြီးရှိကြောင်း ဝန်ခံပါသည်။ သို့သော် တတ်နိုင်သ၍ ကိစ္စရပ်တိုင်းကို Case by case ကြည့်တတ်အောင် ကြိုးစားပါသည်။ သမိုင်းကြောင်း သိပ်ကောင်းခဲ့တာကြောင့် အခု အမှားလုပ်တာကို ပြောခွင့် မရှိဘူးဆိုတာတော့ မဟုတ်သေးပါ။ သမိုင်းကြောင်း မကောင်းခဲ့သော်လည်း အခု တကယ် (သဘောရိုးဖြင့်) ကောင်းမွန်လာသည် ဆိုလျှင်လည်း ကောင်းတာကို ကောင်းသည်ဟု ပြောရုံပ။
လူအများစုက လုံးထွေးစဉ်းစားတတ်ခြင်းကို ကျနော် သတိထားမိသည်။ ဤသည်ပင် ကျနော့ကို ကျနော် သတိထားပြုပြင်သည့်ကိစ္စတွေထဲမှ တစ်ခုဖြစ်သည်။ ကျနော့ မိဘမို့ အမြဲမှန်သည်၊ ကျနော့ ဇနီးမို့လို့ မှန်သည်၊ ကျနော့ သားသမီးမို့ မှန်သည်ဆိုတာမျိုး မဖြစ်ဖို့ ကျနော် သတိထားပါသည်။ သို့သော် မိသားစု ဆိုတာက အကြောင်းသိတွေမို့ ထွေထွေထူးထူး နက်နက်တူးနေဖို့ မလို။ အများကြီး သိသမို့ တစ်ခုခုဆို အပြစ်သိပ်မတင်ဖြစ်တာမျိုး ရှိတတ်ပါသည်။ တကယ်တော့ နားလည်မှုနှင့် ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပါသည်။ အဓိက က စုံလုံး မကန်းဖို့ပါပဲ။
အထူးသဖြင့် ကျနော်တို့ လူမျိုးက စိတ်ခံစားမှုကို အလွန်ရှေ့တန်းတင်သည့် လူမျိုးဟု ကျနော် ဆိုချင်သည်။ ကောင်းပြီ ထင်လျှင် ဘာလုပ်လုပ် ကောင်းတယ်ချည်းထင်၍ ဆိုးပြီထင်လျှင်လည်း ဘာလုပ်လုပ် အဆိုးချည်း ထင်တတ်သည်မှာ FB က အသိသာဆုံး ဖြစ်သည်။ တဖန် ဆိုးရာမှ ကောင်းပြီ ထင်ကြပြန်ပြီ ဆိုလျှင်လည်း အရင်ဆိုးခဲ့တာတွေ အားလုံး ဘာမှ အရေးမကြီးတော့သယောင် အတင်းကာရော ခွင့်လွှတ်တတ်ကြပြန်သည်။ ကောင်းရာမှ ဆိုးပြီဟု ထင်ပြန်တော့လည်း ထိုနည်းလည်းကောင်းပါပဲ။ အရင်ကောင်းခဲ့သမျှ ဘာမှ မကျန်တော့အောင် ငယ်ကျိုးငယ်နာ အကုန်ဖေါ်ပြီး ဆော်ကြနှက်ကြ ပြန်ပါရော။
အတော်တော့ ဂွ ကျသည့် ကိစ္စတွေဖြစ်သည်။
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းတွေကြားမှာ ကျနော်တို့အားလုံး ကျင်လည်နေကြရတာချင်း အတူတူတွေပါ။ ချီးမွမ်းတော့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရသည်ပေါ့။ ကဲ့ရဲ့တင်းဆို ၂ ပြားမတန် ပြောလို့လည်း ကျနော်က တကယ် ၂ ပြားမတန် ဖြစ်သွားသည်မှ မဟုတ်ဘဲ။ လူတွေပြောတိုင်းသာ ကျနော်တို့ လျှောက်ဖြစ်ရမည်ဆိုလည်း ခက်ရချေရဲ့။
ကျနော်ကတော့ လူတွေနှင့် ပတ်သက်သမျှ မလိုအပ်ဘူးထင်လျှင် သိပ်နက်နက် မတူးမိအောင် သတိထားပါသည်။ တူးဖို့ လိုလာပြီဆိုလျှင်လည်း လိုအပ်သလောက် ထပ်တူးရုံပ။ တကယ်တော့ ငယ်ကျိုးငယ်နာတွေ တူးဆွရတာ သိပ်ခက်လှတယ်တော့ မဟုတ်ပါ။ တစ်ခုတော့ ပြောစရာရှိပါသည်။
မိတ်ဆွေကောင်းဆိုတာ သင့်အကြောင်း အကုန်သိသည့်တိုင် သင့်ကို နှစ်သက်နေသေးသော မိတ်ဆွေမျိုးဖြစ်သည်…တဲ့။ ကျနော့ကို နှစ်သက်နေသေးသော အကြောင်းသိ မိတ်ဆွေကောင်းတွေ ရှိနေခြင်းသည်ပင်လျှင် ကျနော့အတွက် လိုလိုလားလား အသက်ရှင်နေခြင်းရဲ့ အကြောင်းတစ်ခု မဟုတ်ပါလား။
ပို၍ နက်နက်ရှိုင်းရှိုင်း တူးမိသူများအတွက် ဖြစ်နိုင်ရာချေက ၂ မျိုး ဖြစ်သည်။ မနှစ်သက်စရာတွေ ပို၍ တွေ့လာသမို့ ပြန်ပြေးသူတွေ ရှိမည်။ ထို့ကြောင့်ပင် တချို့က အကြောင်းသိပ်မသိစေနှင့်.... အကြောင်းသိပ်သိသွားရင် မကောင်းဘူးဟု ပြောကြခြင်း ဖြစ်သည်။
ပို၍ နားလည်မှု ရှိကာ ခင်မင်သူ၊ ချစ်သူတွေ ဖြစ်လာတာမျိုးလည်း ရှိတာပါပဲ။ ပထမတစ်မျိုးထက်တော့ နည်းပါသည်။ ထို့ကြောင့်ပင် အနီးကပ် မိတ်ဆွေကောင်း အရည်အတွက်က သာမာန်မိတ်ဆွေများထက် နညး်နေခြင်း ဖြစ်သည် မဟုတ်လော။ သူတစ်ပါးကို မလိုအပ်ဘဲ သိပ်မတူးမိအောင်လည်း သတိထားသင့်ပါသည်။ ဒါဆိုလျှင် ဘဝသည် နေပျော်ထိုင်ပျော် ရှိပါလိမ့်မည်။
သို့သော် တကယ်တမ်း လုံခြုံမှုနှင့် တကယ်ပျော်နေသူတွေမှာတော့ နက်နက်ရှိုင်းရှိုင်း တူးဆွထားသူတွေ သူ့ဝန်းကျင်မှာ ရှိနေကြတာ သေချာပါသည်။ မိတ်ဆွေကောင်းဆိုတဲ့ ဒေါက်တိုင်တွေ ရှိနေသ၍ ခင်ဗျား အကြီးအကျယ် ကျဆုံးစရာ မရှိပါဟု ကျနော် အာမခံပါသည်။ အပြန်အလှန်အားဖြင့် သူတို့အတွက်လည်း ခင်ဗျားသည် ဒေါက်တစ်ချောင်း ဖြစ်သည်။
ဒါမျိုးဆိုတာ ကိုယ်တိုင်လည်း အတူးဆွခံနိုင်ဖို့ လိုပါသည်။
(သရုပ်ဖေါ်ပုံကို Google မှ ယူသည်။)
No comments:
Post a Comment