Wednesday, July 8, 2015

အစွဲ (၂)






အစွဲ (၁) မှာ ကျနော် ၉ တန်း ကျောင်းသားဘဝက သရဲခြောက်ခံရတဲ့ အဖြစ်ကို ရေးခဲ့ဖူးပါတယ်။ စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ ရှိသမို့ အခု တစ်ခါ မှတ်မိတဲ့ ထူးထူးဆန်းဆန်းလေးတွေကို ထပ်ပြီး ရေးလိုက်ပါတယ်။


တစ်ခေတ်တစ်ခါက ကျနော့ အဖေအပါအဝင် အမျိုးတွေထဲက ယောကျ်ားလေးတွေ အတော်များများ နိုင်ငံခြားသင်္ဘော လိုက်ကြတယ်ဗျ။ အဲဒီခေတ်က နိုင်ငံခြားသွားအလုပ် လုပ်ကြတယ်ဆိုတာ ဒီခေတ်ထက် အများကြီး ပိုဆိုးတဲ့ ဒုက္ခတွေနဲ့ လုပ်ကြကိုင်ကြရတာကလား။ Show Job နဲ့ ထွက်သွားပေမဲ့ စာရွက်အတုတွေနဲ့ သင်္ဘောပေါ်ရောက်လိုရောက်၊ Seaman နဲ့ ထွက်လာပြီးမှ ကုန်းပေါ်ရောက်ပြီး ယက်ကန်ယက်ကန် ဖြစ်သူကဖြစ်နဲ့ တကယ့် ခေတ်ဆိုးကြီးဗျ။ မဆလ လက်ထက်မှာ သွင်းကုန်တွေက ပိတ်ထား၊ နိုင်ငံခြားပစ္စည်းဆိုတာ သင်္ဘောသားတွေ၊ မှောင်ခိုတွေဆီကတစ်ဆင့်မှ တွေ့ကြကိုင်ကြရတာ။


မှတ်မိသေးတယ်။ Walkman ကက်ဆက်လေးတွေ စတွေ့ဖူးတာ သင်္ဘောသားတစ်ယောက်ဆီက။ နားကြပ်နဲ့ နားထောင်ရတဲ့ ကက်ဆက်သေးသေးလေးဟာ အဲဒီတုန်းက အထူးအဆန်းပေါ့။





ကျနော့ ဆွေမျိုးနီးစပ်ထဲက ကိုယ်ဆွေကိုယ်မျိုး ၂ ယောက်လည်း သင်္ဘောသားတွေပေါ့ဗျာ။ ကျနော့ ဖါးသားကြီးလည်း သင်္ဘောလိုက်နေတဲ့ အချိန်ပေါ့။ သူတို့က တစ်စီး၊ အဖေက တခြားသင်္ဘောတစ်စီး တဲ့ဗျ။ ကံမကောင်းချင်တော့ အမျိုးတစ်ယောက်က သင်္ဘောပေါ်ရောက်ပြီး မကြာခင်မှာပဲ အက်ဆီးဒင့်ဖြစ်ပြီး လက်ကျိုးသွားပါရော။ အဲဒါနဲ့ လက်ကို ပတ်တီးနဲ့ လည်ပင်းမှာ ဆွဲထားရတာပေါ့။

တစ်နေ့တော့ မုန်တိုင်းသတင်းကို သင်္ဘောတွေအားလုံး ရကြတယ်။


သင်္ဘောတွေဟာ မုန်တိုင်းလမ်းကြောင်းက ဝေးရာကို ပြေးကြရတာပေါ့။ အဖေတို့ သင်္ဘောက ဘယ်လိုကြောင့်လည်းတော့ မသိဘူး။ သတင်းပဲ မှားတာလား။ ဘာကနေ ဘယ်လို လွဲတယ်တော့ မသိနိုင်ဘဲ သူများသင်္ဘောတွေ ပြေးလာတဲ့ဘက်ကို ဆန့်ကျင်ဘက် တည့်တည့်ကြီး မောင်းနေခဲ့သတဲ့ဗျ။ နောက်မှ သူတို့ပြောင်းပြန်ကြီး မောင်းနေခဲ့မှန်း သိရတာတဲ့။ ဒါပေမဲ့ ကံကောင်းချင်တော့ မုန်တိုင်းက လမ်းကြောင်းပြောင်းပြီး အဖေတို့ သင်္ဘောဟာ မိုးနည်းနည်း လှိုင်းနည်းနည်းကလွဲရင် မုန်တိုင်းကို လုံးဝ မတွေ့လိုက်ရပါဘူး။


ကျနော် အမှတ်မမှားရင် အဲဒီ မုန်တိုင်းဟာ ၁၉၈၉-ခုနှစ်မှာ တိုက်ခဲ့တဲ့ Hugo ဆိုတဲ့ ဟာရီကိန်းမုန်တိုင်း ဖြစ်မယ် ထင်ပါရဲ့။ အဲဒီမုန်တိုင်းဟာ သင်္ဘော ၂၆ စီးလား ၃၆ စီးလား ကျနော် မမှတ်မိတော့ဘူး။ သင်္ဘောတွေ အတော်များများကို ရေအောက်ရောက်စေခဲ့ပါတယ်။ ကိုယ်ဆွေကိုယ်မျိုး သင်္ဘောကတော့ ဇာတာမှိန်ပြီး မုန်တိုင်းနဲ့ တည့်တည့် တိုးသွားလို့ နစ်တဲ့ထဲ ပါခဲ့ပါတယ်။ သင်္ဘောနစ်တဲ့ အချိန်မှာ ကယ်ဆယ်ရေး ရဟတ်ယဉ်တွေ ရောက်လာတော့ တစ်ယောက်က အဲဒီ ရဟတ်ယဉ်ပေါ် အချိန်မီရောက်ပြီး လွတ်မြောက်ခဲ့ပေမဲ့ လက်ကျိုးနေတဲ့ တစ်ယောက်ကတော့ Deck ပေါ်ကို တက်အလာ ရဟတ်ယဉ်ကို စောင့်နေတုန်းမှာပဲ ပုတ်ချလိုက်တဲ့ လှိုင်းလုံးတစ်လုံးနဲ့အတူ ပင်လယ်ထဲရောက်ပြီး ပျောက်ဆုံးသွားခဲ့ပါတော့တယ်။


အဲဒီသတင်းကို ရန်ကုန်အိမ်မှာ ရှိတဲ့ မောင်နှမတွေ ရကြတဲ့အခါ သူတို့ အမေကို ပြောမပြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အမေက လွဲရင် အိမ်သားတွေ အကုန်သိပြီး တိုးတိုးတိတ်တိတ် ကြိတ်ကြိတ်ကြိတ်ကြိတ် ဖြစ်နေကြတာပေါ့လေ။ ကျနော်က အဲဒီအချိန်မှာ ကလေးသာသာ လူပျိုပေါက်ပေါ့။ ဒီလိုနဲ့ ၁၀ ရက်ကျော်လောက်အကြာ တစ်နေ့တော့ သူတို့ အိမ်မှာ ကျနော့ ညီဝမ်းကွဲတွေနဲ့ ဆော့နေကြတဲ့ အချိန် သူတို့အမေရဲ့ ဘော်ဒါ အဖွားကြီးတစ်ယောက် အိမ်လာလည်ပါတယ်။ ဧည့်သည် အဖွားကြီးနဲ့ သူတို့အမေ စကားပြောနေကြရင်း ဧည့်သည်အဖွားကြီးဟာ ရုတ်တရက် အသံရော မျက်နှာအမူအယာပါ ပြောင်းသွားပြီး “အမေ….” ဆိုပြီး ခေါ်လိုက်ပါတော့တယ်။

အဲဒီတော့မှ ဟဲ့…. ဘယ်သူလဲ…. ဘယ်ကလဲ…. ဘာညာနဲ့ မေးတော့

သားပါ အမေရဲ့…. xxxxx ပါ…. ဆိုပြီး ဟီးးးး….ဟီးးးး နဲ့ ငိုပါလေရော။ (မိသားစုဝင်တွေကို အားနာလို့ နာမည် မတပ်ခြင်းကို ခွင့်လွှတ်တော် မူကြပါခင်ဗျာ။)


ဘာပြောကောင်းမလဲ။ တစ်အိမ်လုံးလည်း ပျာယာခတ်၊ ငိုသံတွေကို စီကနဲ။ တက်တဲ့သူကတက်၊ နှာနှပ်တဲ့သူက နှပ်နဲ့ ဗြောင်းဆန်ကုန်တော့တာပါပဲ။ ကျန်တဲ့ စီကာပတ်ကုံးတွေတော့ ကျနော်လည်း မမှတ်မိတော့ဘူး။ ဒါပေမဲ့ နောက်တစ်နေ့ကျတော့ ဆွမ်းသွပ်အမျှဝေ လုပ်ကြရပါတယ်။

အဲဒါတော့ ဘဝမှာ မှတ်မှတ်ရရထဲက တစ်ခုပါပဲ။



နောက်ဇာတ်လမ်းတစ်ခုက ကျနော်ခပ်ငယ်ငယ်တုန်းက ကျနော့ အဖွားအိမ်မှာ  ဘတ်စ်ကားကြီးတွေဝယ်ပြီး လိုင်းဆွဲသဗျ။ ဘတ်စ်ကားကြီးတွေ ဆိုလို့ အများကြီးတော့ မဟုတ်ပါဘူး။ မှတ်မှတ်ရရ ဘတ်စ်ကား ၂ စီးထိ ရှိဖူးတယ်။ ဂီယာတုတ်ထောက် စစ်ကျန်ဘတ်စ်တွေပေါ့ဗျာ။ တစ်စီးက နည်းနည်းသေးလို့ ကားလေးလို့ ခေါ်တယ်။ ကြီးတဲ့ အစီးက ကားကြီးပေါ့။


ကားလေးကို အရင်ဝယ်ပြီး နောက်ပိုင်း စီးပွားဖြစ်လာတော့မှ ကားကြီးကို ဝယ်တာ။ ကားတွေရဲ့ နံပါတ်တွေတောင် ကျနော် မှတ်မ်ိပါသေးတယ်။ ထားပါတော့။ အခု ကားလေးတစ်စီးတည်း ရှိတုန်းကအကြောင်းကို အရင်ပြောပြမယ်။


ကျနော့အဖွားက အဲဒီတုန်းက နတ်တွေ ကိုးကွယ်သဗျ။ ကားပေါ်မှာ မင်းကြီးမင်းလေး နတ်စင်ရှိတယ်။ စက်နဲ့ ဝက်နဲ့ အတူတူပဲဆိုပြီး ကားထောင်ကတည်းက တစ်အိမ်လုံး ဝက်သား မစားရတော့ဘူးဗျ။ အဖွားက မွေးထားတာ ကျနော့ အမေက လွဲရင် ယောက်ျားလေးချည်း ၆ ယောက်မို့ ကျနော့မှာ ဦးလေး ၆ ယောက်တောင် ချမ်းသာသဗျ။ အဲဒီ ကားကို မောင်းတာလည်း ဦးလေးတစ်ယောက်၊ ယာဉ်နောက်လိုက် (စပါယ်ယာ) အတွက် ငှားထားတဲ့သူတွေ ရှိသလို ဦးလေးတွေလည်း အလှည့်ကျ ကားနောက်လိုက်ကြတာပေါ့။


အဲဒီတုန်းက ပြည်ထောင်စုနေ့ဆို အိမ်တိုင်းက အနည်းဆုံးတစ်ယောက်ထွက်ပြီး ကျိုက္ကဆံကွင်းကို ချီတက်ကြရတယ်။ သိပ်ဝေးရင် ချောဆွဲလာတဲ့ ဘတ်စ်ကားတွေနဲ့ သွားကြရတယ်။ ချောကတော့ ယာဉ်ပိုင်ရှင်တွေ မဖြစ်မနေ လိုက်နာရတဲ့ ကိစ္စတွေပေါ့။ ပြီးတော့ အိမ်တိုင်းက ချီတက်သူတွေစားဖို့ ထမင်းထုပ်တွေ လှုုရတယ်။


အဖွားတို့ကားလည်း ချောပါတာပေါ့။ အဲဒီတုန်းက တရုတ်ကားထဲကလို ပြောရရင် နံပါတ် ၃ ဦးလေးက မောင်းတယ်။ အငယ်ဆုံး ဦးလေးက စပါယ်ယာသဘောမျိုး လိုက်ကြရတယ်။ အဲဒီမှာ ထမင်းထုပ်တွေ ရလို့ ဖွင့်လိုက်တော့ ဦးလေးအငယ်ဆုံးရတဲ့ ထမင်းထုပ်မှာ ဝက်သားတွေ ပါလာပါရော။ ကျနော့ဦးလေးတွေက နဂိုကတည်းက ဝက်သား ခပ်ကြိုက်ကြိုက်တွေ။ အဖွားက မစားနဲ့ ဆိုလို့သာ မစားရတာကိုး။ အခုလို မျက်စိရှေ့ရောက်လာတော့ ကျနော့ဦးလေးလည်း စိတ်မထိန်းနိုင်ဘဲ တွယ်လိုက်ပါရော။

အဲ…. ပြဿနာက ညဘက်လည်းရောက်ရော ရပ်ထားတဲ့ ကားက တချို့မီးတွေ လင်းနေသဗျ။


ကားပေါ်မှာလည်း ဘယ်သူမှ မရှိ။ ခလုပ်မပိတ်ကြဘူးလား ဘာလားတော့ မမှတ်မိတော့ဘူး။ နတ်က လျှပ်စစ်အကြောင်း နားလည်သလားလည်း မသိဘူး။ လာမမေးနဲ့။ အဲဒီတုန်းကလည်း ချာတိတ်ပဲ ရှိသေးတာ။ ဒီကားက ရှေ့မှာလည်း ရာဇဝင် ရှိဖူးတယ်။ စပါယ်ယာတစ်ယောက် အဲသလိုပဲ ဝက်သားခိုးစားတာ ကားက အကြောင်းရေရေရာရာ မရှိဘဲ ပျက်ပျက်နေလို့ အဖွားက အမွှေးတိုင်နဲ့ ကားရှေ့သွားပြီး စားတဲ့သူကို လုပ်ပါ ဘာညာနဲ့ သွားပွားတာ တိုက်ဆိုင်တာလားတော့မသိ။ အဲဒီ စပါယ်ယာ အကြီးအကျယ် ဝမ်းလျှောဖူးသဗျ။


အခုလည်း ကားက ထူးခြားတယ်ဆိုပြီး ထုံးစံအတိုင်း အဖွားက အမွှေးတိုင်လေးနဲ့ ကားရှေ့သွားပြီး အမိုက်အမဲလေးမို့ ခွင့်လွှတ်ပါ ဘာညာ လုပ်ပြန်တာပေါ့။ အဲဒီမှာတင် ရုတ်တရက် အဖွားရဲ့ လက်က ကားဂျမ်းတုံးကြီးကို သူ့ဖါသာကိုင်ပြီး သူ့နဖူးနဲ့ သူ့ဖါသာ ဆောင့်ပါလေရောဗျ။ ဖုံးကနဲ ဒိုင်းကနဲပေါ့ ခင်ဗျာ။ ဒါပေမဲ့ အဖွားက ပါးစပ်က ဒဏ်ရာမထားခဲ့ပါနဲ့ …. ဒဏ်ရာ မထားခဲ့ပါနဲ့ လို့ အော်ပြောသဗျ။ ကျနော့ အဖိုးက အဖွားလက်ကို ဝင်ဆွဲပြီး ချုပ်တယ်။ အဲဒီမှာတင် အဖိုးကို ကိုင်ပစ်ထည့်လိုက်တာ အဖိုးလည်း မထနိုင်တော့ဘူး။ နည်းနည်းကြာတော့ သူ့ဟာသူ ရပ်သွားတယ်။ အဖွားကတော့ လက်ကိုပဲ စီးတာလို့ ပြောတာပဲ။ အံ့သြစရာကတော့ အဖွားမှာ ဘာဒဏ်ရာမှ မကျန်ခဲ့တာပဲ။ ဂျမ်းတုံးက သစ်ပွမို့လို့လားတော့ မသိဘူး။ ခုမှ စဉ်းစားမိတာပါ။ ပြီးတော့ ကားမီးတွေလည်း ပုံမှန် ပြန်ဖြစ်သွားရော။


ပြဿနာက အဲဒီမှာ မပြီးဘူးခင်ဗျ။ ကျနော့ဦးလေးအငယ်က သူ့အမေကို အင်မတန်ချစ်တာလား။ သူစားတာ သူ့အမေကို လုပ်ရပါ့မလားဆိုပြီး နောက်တစ်နေ့ကျတော့ အဖွား မသိအောင် ကားပေါ်ကိုတက်၊ နတ်စင်ရှေ့သွားပြီး မကျေနပ်ရင် သူ့ကိုလာလုပ်လှည့်၊ အမေ့ကို ဘာမှ ထိစရာ မလိုဘူး။ နောက်တစ်ခါ အမေ့ကို ထိလို့ကတော့ နတ်သောဘာသော ချမ်းသာပေးလိမ့်မယ် မထင်နဲ့…. အကုန် ဓါးနဲ့ခုတ်ချမယ် ဆိုပြီး ကလော်ပါလေရော။


ပြီးတော့ စိတ်တိုတိုနဲ့ ကျနော်တို့ အိမ်မှာလာပြီး ဝက်သားဟင်းနဲ့ ကြုံတိုင်းတီးပါတော့တယ်။ လူကြမ်းတော့ နတ်ကြမ်းမခံနိုင် ဆိုသလို ကိုယ်တော်ကြီး ကိုယ်တော်လေးလည်း သူတို့ထက်ကြမ်းတဲ့ ကျနော့ဦးလေးကို ကျွတ်ကျဲရှာတယ် ထင်ပါတယ်။ အခြားလူတွေ စားရင်သာ ဝမ်းလျှောရတာနဲ့၊ နေမကောင်း ဖြစ်ရတာနဲ့။ ဦးလေးအငယ်စားရင်တော့ ဘာဆိုဘာမှ မဖြစ်တော့တာ နောက်ဆုံး ကားပြန်ရောင်းလိုက်တဲ့အထိပါပဲ။


အဲဒီကား ပြန်မရောင်းခင် နောက်ထပ် ဘတ်စ်ကားကြီးတစ်စီး ထပ်ဝယ်ပါတယ်။ ထူးဆန်းတာက အဲဒီကားကြီးကျတော့ နတ်စင်တော့ တင်ထားတာပဲ။ ဒါပေမဲ့ ဘုရားတရားလုပ်ရင် အလွန်ပျက်တယ်ဗျ။ အရင် ကားလေးနဲ့ အဲဒီကားကြီးကို ရပ်တဲ့အခါ ဖင်ချင်းပေါက်ပြီး ရပ်ရပါတယ်။ ခေါင်းချင်းဆိုင်ထားရင် ကားလေးရဲ့ ရှေ့ဘီးတွေ လေလျော့တာ၊ ပေါက်တာတွေ ဖြစ်သတဲ့ဗျ။ ခဏခဏဖြစ်တော့ လန့်ပြီး မရပ်ရဲကြတော့ဘူး။ နောက်တစ်ခုက အဲဒီ ကားကြီးဟာ ကျောင်းစိမ်းဝတ်စုံနဲ့ မြင်ရင် အလွန်တိုက်ချင်သတဲ့။ ဘရိတ်ကို အတင်း ဖိနင်းထားရသတဲ့။ အဲဒါတောင် ရုန်းသတဲ့ဗျ။


အဲဒီကားကြီးကိုတော့ ဦးလေးတွေ မမောင်းဘူး။ ယာဉ်မောင်းတစ်ယောက် ငှားထားတယ်။ အဲဒီ ပုဂ္ဂိုလ်က အင်မတန်အရက်သောက်တဲ့သူ။ သူနဲ့တော့ အဲဒီကားကြီးက အကောင်းပဲ။ တိုးတိုးတိ်တ်တိတ် ကြားတာတော့ အဲဒီယာဉ်မောင်းက ကားကြီးရဲ့ ရေတိုင်ကီထဲကို အရက်နည်းနည်း ထည့်ထည့်ပေးသတဲ့ဗျ။ ကားကြီးကို အရက်တိုက်ရတယ်လို့ သူကဆိုတယ်။ ပြီးတော့ ညဘက် အဲဒီကားကြီးပေါ်မှာ ဘယ်သူမှ မအိပ်ရဲကြဘူး။ တခါတရံ ကားရှေ့မှာ ထိုင်နေတာ တွေ့ရသတဲ့ဗျ။ ကျနော်တော့ မမြင်ဖူးလိုက်ပါဘူး။ နောက်ဆုံးတော့ ကားလေးထက်အရင် ပြန်ရောင်းလိုက်ပါတယ်။


ကျနော်တို့ မိသားစု ကိုယ်တိုင်လည်း လိုင်းကားထောင်ဖူးပါတယ်။ ဒိုင်နာလို ကားမျိုးတွေပါ။ အဲဒီမှာလည်း ကားမိတ်ဆွေ အသိတစ်ယောက်ရဲ့ ကားဖြစ်အင်က အဆန်းဗျ။ အဲဒီ ကားပေါ်မှာလည်း မကျွတ်မလွတ်တဲ့ တစ်ကောင် ရှိသတဲ့။ ကားကလည်း ချူချာသလားမမေးနဲ့။ တသွပ်သွပ် ပျက်နေတော့တာ။


ညဘက်တွေဆို ကားပေါ်မှာ မည်းမည်းအကောင်ကြီးတစ်ကောင် မြင်ရတတ်သတဲ့။ ကားပျက်တာ ဒီကောင်ကြီးကြောင့် ခိုက်တာနေမှာဆိုပြီး ဘုန်းကြီးပင့် ပရိတ်ရွတ်ကြတယ်။ ပြဿနာက ပရိတ်ရွတ်ရင် အဲဒီအကောင်က အောက်ဆင်းနေသတဲ့ဗျ။ ပြီးရင် ပုံမှန် နေမြဲတမ်း ဆက်နေပါသတဲ့။

အဲဒါနဲ့ နောက်တစ်ခါ ဘုန်းဘုန်းတွေပင့်ပြီး ပရိတ်ရွတ်ကြပြန်ရော။ လုပ်ဖန်များတော့ အဲဒီ သရဲက စပါယ်ယာလေးကို ဝင်ပူးပြီး ပြောရှာတာက…


“ကားက သူ့ဟာသူ မကောင်းလို့ ပျက်တာပါ။ သူလုပ်လို့ မဟုတ်ရပါဘူး……” တဲ့ဗျား။


သရဲခင်မျာလည်း မတရားစွပ်စွဲခံရပါတယ်ဆိုပြီး စိတ်လေသွားရှာတယ် ထင်ပါရဲ့ဗျာ။ သရဲစိတ်ညစ်တယ်။

ကဲ…. နောက်တစ်ခါကျမှ ဆွေမျိုးအရင်းကြီးထဲက အိမ်တစ်အိမ်ကို ပုဏ္ဏက တိုက်တဲ့အကြောင်း ရေးပါဦးမယ်။


ယုံချင်ယုံ မယုံချင်နေ…. နီးနီးစပ်စပ်ထဲမှ ကြုံဖူး ကြားဖူးသမျှကို ရေးပါတယ်။ တကယ်တော့ ဒါတွေဟာ တဏှာ၊ ဥပါဒါန်၊ စတဲ့ အစွဲအလန်းတွေကြောင့်ပဲလို့ တွေးမိပါရဲ့…..


(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။ ကျနော်ပြောသော သင်္ဘောများ ကားများသည် ပုံထဲမှ သင်္ဘောများ၊ ကားများ မဟုတ်ပါကြောင်း....)


1 comment:

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...