Friday, January 24, 2014

ခေတ်မိဘ (သို့) သံသရာစမ်းရေ (အပိုင်း ၁၁)




ကျွန်တော်ငယ်ငယ်တုန်းကပေါ့။ ကျောင်းက ဆရာမက ကျေးဇူးကြီးလှ မိနှင့်ဘ ဆိုတဲ့ စာစီစာကုံးတစ်ပုဒ်ရေးခိုင်းတော့ အချက်အလက်တွေ ရှာရင်း ကျွန်တော့ မေမေရဲ့အဖေ ကျွန်တော့ ဘဘနဲ့ စကားပြောမိတယ်။ ကျွန်တော်က "တကယ်တမ်းကျတော့ လောကမှာ ဘုရား၊ တရား၊ သံဃာ (အရိယာသံဃာ) ကသာ စိတ်ချရတဲ့ သဘောရှိပြီး မိဘနဲ့ ဆရာကတော့ ပုထုဇဉ်သဘောထဲမှာ ပါလို့ အခန့်မသင့်ရင် အပါယ်ကို ပို့နိုင်တဲ့ အန္တရာယ်ရှိတယ်၊ သိပ်စိတ်မချရဘူးထင်တယ်နော် ဘဘ".... လို့ ပြောမိတယ်။ (ကျွန်တော်ကလည်း အလယ်တန်းကျောင်းသား ဘဝလောက်ကတည်းက အဲဒီလို လူအမြင်ကတ်အောင် ပြောတတ်ပါသဗျ။) ကျွန်တော် ဆိုလိုတာက ဒီလိုပါ။ အဇာတသတ်လို ဒေဝဒတ်ကို ဆရာတင်မှားလို့ အပါယ်ရောက်ရတာနဲ့ အခုခေတ်မိဘတွေ သားသမီးအပေါ် ဆိုဆုံးမမှု မဟုတ်တဲ့ အတွက် သားသမီးတွေ လမ်းလွဲပြီး ဒုက္ခရောက်ကြရတာတွေကို ဆက်စပ်တွေးရင်း ပြောမိတာပါ။ ပြီးတော့ ကိုယ့်ကလေးကိုယ် အဆိပ်ခပ်သတ်တဲ့မိဘ၊ ကိုယ့်သားသမီးကို ဆေးလိပ်မီးနဲ့ ထိုးတဲ့ အဖေ၊ ကိုယ့်သားသမီးကို ဓါးနဲ့ထိုးသတ်တဲ့ အမေ… စသဖြင့်ပေါ့… ဖေါက်လွဲဖေါက်ပြန် မိဘတွေအကြောင်းကလည်း ကြားဖူးနေတာကိုး။
 အဲဒီမှာ အဘပြောလိုက်တာက ဒေဝဒတ်မြေမြိုခံရပြီး ငရဲပြည်ရောက်တာ ဘုရားကြောင့်ပေါ့ကွ…. တဲ့။ ကျွန်တော်က အံ့အားသင့်သွားပြီး ဘာဖြစ်လို့လဲ ဖိုးဖိုးရဲ့.. ဆိုတော့ မင်း စဉ်းစားကြည့်လေ… ဘုရားကို စော်ကားမိလို့သာ အဲဒီလို ဖြစ်တာပေါ့ကွ… တခြား သာမာန်လူကို စော်ကားမိရင် အဲဒီလောက် ဖြစ်ချင်မှ ဖြစ်မှာပေါ့… ဆိုပြီး ရယ်ပါတော့တယ်။ ကျွန်တော်လည်း ရယ်တာပေါ့။
ဒါပေမဲ့ ဖိုးဖိုးရဲ့ အဲဒီဟာသလေးဟာ ကျွန်တော်ဘဝတလျှောက်လုံးမှာ တွေးစရာတွေ အများကြီးကို ပေးပါတယ်။ ဘုရားရှင်ဟာ လူတွေကို လမ်းမှန်ပြဖို့ ပွင့်တော်မူခဲ့တယ်။ အတ္တကြီးစိုးတဲ့ လောကမှာ အနတ္တကို ရဲရဲဝံ့ဝံ့ ထင်ထင်ရှားရှား ပြတော်မူခဲ့တယ်။

ဘုရားရှင်ကို အမှီပြုပြီး မရေမတွက်နိုင်လောက်တဲ့ သတ္တဝါတွေ ကျွတ်တမ်းဝင်ခဲ့ကြတယ်။ မရေမတွက်နိုင်လောက်တဲ့ သတ္တဝါတွေ ချမ်းသာရာ ရခဲ့ကြရတယ်။ ဒါပေမဲ့ ဒေဝဒတ်ကတော့ အပါယ်ကို ကျသွားခဲ့တယ်။ ဒေဝဒတ်လိုပဲ ဘုရားရှင် လက်ထက်မှာပဲ ဘုရားပွင့်တာနဲ့ ကြုံပါလျက် အကျိုးနည်းခဲ့သူတွေလည်း အများကြီး ရှိခဲ့တာပဲ။

အဲဒါ ဘာကြောင့်လဲဆိုတဲ့ အတွေးက မကြာခဏတွေးမိတယ်။ အဖြေရှာတာ မဟုတ်ပါဘူး။ သူ့စေတနာနဲ့ သူဖြစ်တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဘုရားရှင်ကို အကြောင်းပြုပြီး ခံယူပုံ၊ ချဉ်းကပ်ပုံပေါ် မူတည်လို့ ရလာဒ်ကွဲပြားသွားရတာကို တွေးမိနေတာပါ။ ဘုရားကတော့ ဒီဘုရားပါပဲ။

သတိပြုစရာတစ်ခုက ဒေဝဒတ်မှာလည်း နောက်လိုက်နောက်ပါတွေ ရှိနေခဲ့တယ်။ ဒိဋ္ဌိတက္ကတွန်းတွေမှာလည်း မနည်းလှတဲ့ နောက်လိုက်နောက်ပါတွေ ရှိနေခဲ့တယ် ဆိုတာကိုပါ။ ဆိုလိုတာက ဓမ္မဟာ အဓမ္မကြောင့် ပိုမို ထင်ရှားတဲ့ သဘောရှိသလို အဓမ္မဟာလည်း ထိုနည်းတူပါပဲ။ ဒါပေမဲ့ ဓမ္မဟာ ဘယ်လောက်ပဲ စင်ကြယ်စင်ကြယ်၊ ဘယ်လောက်ပဲ နှစ်လိုဖွယ်ကောင်းကောင်း အဓမ္မကိုမှ နှစ်သက်သူတွေ လူ့သမိုင်းတလျှောက် ခေတ်အဆက်ဆက် ရှိခဲ့ကြတာဟာ အမှန်တရားပါ။ ဓမ္မကို ထင်ရှားတွေ့ပါလျက်နဲ့ အဓမ္မကိုမှ အဟုတ်ထင် အဓမ္မနောက်မြီးဆွဲ လုပ်ကြသူတွေ မြန်မာပြည်မှာ ပေါလှပါရောဗျ။ ဂျပန်ခေတ် ကင်ပေတိုင်က စ လို့ အခုခေတ် ကြံ့ဖွတ်၊ စွမ်းအားရှင် အဆုံး ဒါမျိုးချည်းပဲ မဟုတ်လားလေ။
ဓမ္မကို မနှစ်သက်သူအဖို့ ဓမ္မဆိုတဲ့ အသံကြားရုံနဲ့ မနှစ်မြို့တဲ့ စိတ်က ဖြစ်လာတာပါပဲ။ ရှာဖွေပြီး အပြစ်ပြောနေမှာပါပဲ။ ဓမ္မကို နှစ်သက်သူတွေ ဘာကြောင့်များရတယ်ဆိုတာကို အဓမ္မသမားဟာ မသိပါဘူး။ သိလည်း မသိချင်ပါဘူး။ တကယ်တော့ သူဟာ သူ့ကိုယ်သူ လှည့်စားရင်း သူကိုယ်တိုင်က သူ့ရဲ့ ရန်သူဖြစ်လာတာကို သူမသိတာပါ။ စကားတတ်တဲ့ အဓမ္မသမားတွေဆို ပိုဆိုးပါတယ်။ စကားပြောရာမှာ လိမ္မာပါးနပ်ပြီး အပြောအဟောကောင်းသူတွေ အဓမ္မနောက်လိုက် ဖြစ်ပြီဆို သူ့အပြော သူ့အဟောကို နှစ်သက်မိသူတွေကိုပါ အပါယ်ကို တစ်ပါတည်း ခေါ်ချသွားတော့တာပါပဲ။

ပြောရင်းနဲ့ လိုရင်းပျောက်တော့မှာပဲ။ ပြောချင်တာက ဘုရားရှင်ကိုသော်မှ အမှီပြုပြီး အကျိုးရှိသူတွေရှိကြသလို ဘုရားကို အကြောင်းပြုပြီး အကျိုးမဲ့ဖြစ်ကြရသူတွေလည်း ရှိနိုင်တယ်ဆိုတာပါ။ မိုးကတော့ ရွာတာပါပဲ။ ခံယူသူက ခွက်ကောင်းကောင်းနဲ့ခံရင် သောက်ရေဖြစ်မှာပေါ့။ ဖင်ဆေးခွက်နဲ့ ခံရင် ဖင်ဆေးဖို့ ဖြစ်မှာပေါ့လေ။ ခံယူသူပေါ် မူတည်တယ်လို့ ပြောလိုတာပါ။ တကယ်တော့ ဘုရားရှင်ကြောင့်မဟုတ်သလို သူ့စေတနာ သူ့အကျိုးပေး၊ သူ့သမိုင်း သူရေးသွားကြတာပါပဲ။ အချိန်တန်လို့ နောင်တတွေ ရစေဦးတော့၊ သမိုင်းတွေက ဖျောက်လို့ မရတော့ဘူး။ ကံတွေက ပြီးခဲ့ပြီ။ ကံကြွေးတွေက တင်ခဲ့ပြီ။ ကိုယ်ပြုခဲ့တဲ့ ကံတွေက ကျိန်းသေ ကိုယ့်ဆီပြန်လာဖို့ အဆင်သင့် ဖြစ်နေကြပြီဆိုတာကို အထိတ်တလန့် သိကြရတဲ့ အချိန်ကျတော့ အားလုံးဟာ လွန်ခဲ့ပြီပေါ့။ ဒါကြောင့် ပစ္စုပ္ပန်ကောင်းဖို့ လိုတယ်လို့ ပြောတာပါပဲ။

အခုခေတ်မှာတော့ တွေ့နေရတဲ့ ကိစ္စက သားသမီးနဲ့ မိဘ ကိစ္စပါ။ အခုခေတ်ရဲ့ မိသားစုဘဝတွေက အားလုံးသိတော် မူကြတဲ့အတိုင်း မိသားစုထဲမှာ တစ်ယောက်မဟုတ် တစ်ယောက်တော့ နိုင်ငံခြားရောက်နေတတ်ကြတာ ထုံးစံလို ဖြစ်နေပါပြီ။ အဲဒီတစ်ယောက်က ကြိုးစားရင် ကြိုးစားသလောက်၊ ဖြစ်ထွန်းရင် ဖြစ်ထွန်းသလောက် နိုင်ငံရပ်ခြားမှာ အခြေတွေကျ၊ နောက်ကလူတွေ ပြန်ခေါ်၊ မိသားစုတွေပါ နိုင်ငံခြားကို အိမ်ဦးနဲ့ ကြမ်းပြင် သွားလိုက်ကြ လာလိုက်ကြပေါ့လေ။ အိမ်ထောင်တွေပြုကြ၊ သားသားမီးမီးတွေ ပွားစီးကြပေါ့ခင်ဗျ။

ပြဿနာက အဖေတွေ အမေတွေ ခေတ်ကလို တစ်ယောက်တည်းရှာပြီး မိသားစု ထိုင်စားလို့ မရလေတော့ အကုန်လုံး နေ့စဉ်နေ့တိုင်း အချိန်တန် အလုပ်ကိုပြေးကြရပါရော။ အဲဒီမှာတင် ကိုယ်ပိုင်ဘဝနဲ့ စီးပွားရေးဟာ ပဋိပက္ခဖြစ်ပါတော့တယ်။ အလုပ်လုပ်တယ်ဆိုတာ ရည်ရွယ်ချက်အမျိုးမျိုးတော့ ရှိနိုင်ပါတယ်။ ဘဝတိုးတက်ဖို့ ကြိုးစားရတာကိုက မိသားစုအဆင်ပြေပြေ နေနိုင်ဖို့ လိုရင်းဆိုပေမဲ့ တကယ့်တကယ်ကျတော့ အလုပ်နဲ့ ငွေက မောင်းလိုက်တာ မိသားစုဘဝ၊ ကိုယ်ပိုင်ဘဝက နောက်ရောက်သွားပါတော့တယ်။

နောက်ဆုံးတော့ ဘဝအောင်မြင်ရေးနဲ့ မိသားစုဘဝကို လိုတိုးပိုလျော့တွေ လုပ်ကြတဲ့အခါ ပြည့်စုံတဲ့ အဖြေတစ်ခုရဖို့ ခဲယဉ်းလာတော့တယ်။ ဒီမှာတင် အဖေ အမေတွေဘက်ကို မလွွှဲမရှောင်သာ အားကိုးကြရပြန်ပါတယ်။ ဒီလိုနည်းနဲ့ ၂၁ ရာစု အဖိုးအဖွားအများစုဟာ မြေးထိန်းရတဲ့ အလုပ်တစ်ခုကို လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ယူကြရပြန်ပါတယ်။

ကျွန်တော်တို့မိဘတွေဟာ သားသမီးတွေကို လူလားမြောက်အောင် ပြုစုစောင့်ရှောက်၊ ပညာတွေသင်ပေးချိန်မှာလည်း ပင်ပန်းကြရပါတယ်။ ပညာတတ်ပြန်တော့ ဘဝတိုးတက်မြင့်မားဖို့၊ လူတန်းစေ့နိုင်ဖို့အရေး ယဉ်ကျေးမှုလို ဖြစ်လာတဲ့ နိုင်ငံရပ်ခြားကို လွှတ်နိုင်ဖို့ ကြွေးမြီအတင်ခံပြီး ကြိုးစားတွန်းတင်ပေးကြရပြန်တယ်။ သားသမီးတွေ နိုင်ငံရပ်ခြားမှာ အခြေမကျမခြင်း ဒုက္ခကြီးစွာ ပူပန်ကြောင့်ကြရပါတယ်။ အခြေကျပြီဆိုတော့ အချိန်ကလည်းတန် အရွယ်ကလည်းရောက်လာပြီမို့ ကြင်ယာလေးတွေနဲ့ အခြေသစ်တစ်ခု တည်လို့ ဘဝကို တစ်ဆစ်ချိုးကြပြီပေါ့။ အဲဒီခဏသာ အရင်အချိန်တွေထက်စာရင် စိတ်သက်သာရာ နည်းနည်းရတဲ့ ရှားရှားပါးပါးအချိန်လို့ ဆိုရမှာပါ။ ဒါကလည်း သားသမီးတွေက လိမ်မာပါမှ၊ သိတတ်ပါမှ ပါ။ မသိတတ်တဲ့ သားသမီးမျိုးဆို အဲဒီအချိန်လည်း မသက်သာရပြန်ပါဘူး။





ဒီလိုနဲ့ မောနေတဲ့အမောဟာ သားသမီးတွေ နိုင်ငံခြားမှာ အခြေအနေကျပြီမို့ အမောဖြေမယ် ကြံကာရှိသေး၊ မျိုးဆက်သစ် မြေးလေးတွေက ဘဝထဲကို ဝင်လာကြပြန်ပါတယ်။ နိုင်ငံခြားမှာ နေရထိုင်ရတယ်ဆိုတာ အိုးမကွာ အိမ်မကွာ နေလို့ရတာမဟုတ်။ အိမ်ပဲဝယ်ဝယ်၊ အခန်းပဲငှားငှား တကယ်တော့ အိပ်ချိန်လေးအတွက်သာ အိမ်ဆိုတာ အသုံးဝင်တာ။ မိသားစုနဲ့ နေချိန်ဆိုတာ ရှာမှရှား။ အဖေနဲ့ အမေ အလုပ်သွားကြတော့ မွေးထားတာလေးတွေ ထိန်းဖို့ လူကလိုလာပါရော။ အဲဒီတော့ အိမ်ဖေါ်ငှားပေါ့လို့ လွယ်လွယ်ပြောချင် ပြောကြမှာပေါ့။ တကယ်တမ်း စဉ်းစားကြည့်တော့ အိမ်ဖေါ်ဆိုတာ ကိုယ့်မိသားစုဝင်လိုတော့ ကလေးအပေါ် သဘောထားချင်မှ ထားမှာ။ ကိုယ်တောင် ကိုယ့်ကလေးကို တစ်ခါတစ်ရံ စိတ်အခန့်မသင့်တဲ့ အချိန်ရှိသေးတာ မဟုတ်လား။ ကိုယ်အလုပ်သွားနေတုန်း အိမ်ဖေါ်က ကလေးကို နှိပ်စက်ထားမလား။ အိပ်များနေမလား။ အိမ်ဖေါ်အိပ်နေတုန်း ကလေးတစ်ခုခု ဖြစ်သွားရင် ဒုက္ခ။ ဒီကိစ္စမျိုးက အလျော်တောင်းလို့ ရတာမျိုးလည်း မဟုတ်။ အလုပ်ကနေ ပြန်လာရင် ကလေးကိုယ်မှာ ဒဏ်ရာဒဏ်ချက် ရှာရတာအမော။ နင့်အဖေတွေ အမေတွေကို ပြန်ပြောပြရင် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး ချိန်းခြောက်ထားသလားလို့ ကလေးရဲ့ အမူအယာကိုလည်း အကဲခတ်ရသေးတယ်။ စကားကလည်း အစ်ရအောက်ရသေးတာကလား။

ဒါက အိမ်ဖေါ်ဒုက္ခတစ်မျိုး။ နောက်တစ်မျိုးကျပြန်တော့ ကလေးအလိုကျ ပေးထားပြီး ကလေးအသံတိတ်ရင် ပြီးရော ထားတဲ့ အိမ်ဖေါ်မျိုး။ ကလေးအတွက် သင့်၏ မသင့်၏ သူမစဉ်းစားတတ်ဘူး။ အမှန်ကတော့ အဲဒီလောက် ပညာတွေတတ် အတွေးအခေါ်တွေ ရှိနေရင်လည်း အိမ်ဖေါ်ဘယ်လုပ်စားမလဲဗျာ။ ဘဝအခြေအနေအရ ဘွဲ့ရပညာတတ်တွေကို စော်ကားတာတော့ မဟုတ်ရပါဘူးဗျာ။ ယေဘူယျကို ပြောပြတာပါ။ ကလေးကို Tom & Jerry ပြထားပြီး သူ့ဟာသူ သက်သာသလို နေတဲ့အိမ်ဖေါ်တွေလည်း အများကြီး တွေ့ဖူးပါ့ဗျာ။ ဒါလည်း အပြစ်တော့ မဆိုသာပါဘူး။ အိမ်ဖေါ်အလုပ်ဆိုတာက ၂၄ နာရီ standby လို ဖြစ်နေတာမျိုးဆိုတော့ အခွင့်အရေးရရင် ရသလို နေချင်ရှာမှာပေါ့ဗျာ။

ဒီလိုနဲ့ နောက်ဘိတ်ဆုံး ကိုယ့်ကလေးကို ဟိုလူနဲ့ စိတ်မချ၊ ဒီလူနဲ့ စိတ်တိုင်းမကျရာကနေ ကိုယ့်အပေါ် မေတ္တာရှိတာသေချာတဲ့ မိဘတွေဘက်ကို လှည့်ကြတာပေါ့ခင်ဗျာ။ ဒါကတော့ ကိုယ့်ကို ထိန်းခဲ့တဲ့မိဘကိုးခင်ဗျ။ တခြားလူထက်စာရင်တော့ စိတ်ချရသပေါ့။ ဒီလိုနဲ့ မိဘတွေခင်မျာ အသက်တွေကြီးခါမှ အေးအေးဆေးဆေး တရားလေးဖက်ပြီး မနေနိုင်ရှာဘဲ မြေးထိန်းဖို့ နိုင်ငံခြားကို လိုက်ခဲ့ကြရပါရောတဲ့ကွယ်။

ကျွန်တော်တို့ မိဘများခေတ်က အများစုဟာ ကိုယ့်အိမ်ထောင်ကို ကိုယ့်ဖါသာထိန်းသိမ်း၊ ကိုယ့်မိသားစုကိစ္စ ကိုယ့်ဖါသာ ရှင်းကြရတာပါ။ ကျွန်တော်တို့ အဖိုးအဖွားများကလည်း တစ်ခါတစ်ရံ ဝင်ရောက်ထိန်းကျောင်း ဆုံးမရုံကလွဲလို့ သိပ်အများကြီး မပါကြပါဘူး။ ကျွန်တော်တို့ ခေတ်ကျတော့မှ မိဘတွေထက် ပညာတွေလည်း ပိုတတ်ကြပါရဲ့။ ပိုက်ဆံတွေလည်း ရှာနိုင်ကြပါရဲ့။ ရာထူးဌာန္တရတွေလည်း ကြီးကြီးမားမား ထွန်းပေါက်ကြပါရဲ့။ သို့ပေမဲ့ ကိုယ့်တာဝန်ကိုယ်မယူနိုင်ကြတဲ့ မျိုးဆက်တွေ ဖြစ်နေတော့တာပါပဲ။ 
အဲဒီမှာတင် အမြင်မတော်တာတွေ စ တင်လာတော့တာပါပဲ။ နံပါတ် ၁ ရှင်းရှင်းလင်းလင်း သဘောပေါက်သင့်တာက ကိုယ့်တာဝန် ကိုယ်မယူနိုင်လို့ ကိုယ့်ပြဿနာကိုယ်မရှင်းနိုင်လို့ မိဘတွေကို အကူအညီတောင်းကြရတယ်။ ဒါဆိုရင် မိဘကလည်း မေတ္တာနဲ့ ကိုယ့်သားသမီးရဲ့ မျိုးဆက်လေးတွေကို ကူညီစောင့်ရှောက်ပေးပါတယ်။ ဒီလောက်ဆို တော်သင့်ပါပြီ။ အဲဒီထက်ပိုပြီး မိဘကို အိမ်ဖေါ်ခိုင်း ခိုင်းတဲ့ သဘောမျိုးတွေကို မြင်လာရတော့ ကျွန်တော်ရင်ထဲ မကောင်း။ ကိုယ့်မိဘဟာ ကိုယ့်ကို ကူညီနေတာဆိုတဲ့ အမြင်မျိုးထက်ကျော်ပြီး ကိုယ့်ဝေယျာဝိစ္စအတွက် ခေါ်ထားတဲ့ အိမ်ဖေါ်လို သဘောပေါက်လာတာဟာ မိဘကို အရင်းပြုပြီး အ ကုသိုလ်အိုး တုတ်နဲ့ ထိုးတာပါပဲ။ လူတွေကလည်း အလုပ်မှာကျ အရာရှိတွေကိုး ခင်ဗျ။ ကိုယ့်ကိုကို ထင်လေးကလည်း ရှိသပေါ့။ ဒါပေမဲ့ ဒီ ထင်တစ်လုံးတွေဟာ မိသားစုနဲ့ မိဘနဲ့ ဆက်ဆံတဲ့အခါ သယ်လာလို့ မဖြစ်ဘူးဆိုတာကို သိချပ်ရပါမယ်။

ချွေးမက၊ သားမက်က အိမ်ဖေါ်လို ခိုင်းတဲ့အခါလည်း မိဘခင်မျာ ကိုယ့်သားသမီး အိမ်ထောင်ရေး
ကိုယ့်ကြောင့်အထစ်အငေါ့မဖြစ်ရလေအောင် အောင့်အည်းကြိတ်မှိတ်မျိုချရပြန်ပါတယ်။ အဆိုးဆုံးပြောရရင် ချွေးမ၊ သားမက်က မဟုတ်ဘဲ ကိုယ့်သားသမီးအရင်းက အိမ်ဖေါ်ခိုင်း ခိုင်းတဲ့ ကိစ္စပါ။ မိဘတွေရဲ့ ရင်ထဲက နာကျင်မှုကို ဘယ်လိုဖေါ်ပြရမယ်ဆိုတာ ကျွန်တော်မသိပါဘူး။

မြေးကလေးတွေကလည်း အရမ်းငယ်တုန်းက ငယ်သေးလို့ ပိုးမွေးသလို ဂရုစိုက်ရသလို တစ်ဖြည်းဖြည်းနဲ့ သန်မာလာတဲ့အခါ ထိန်းကျောင်းရတဲ့ အဖိုးအဖွားတွေအတွက် မနိုင်မနင်း မသက်မသာတွေ ဖြစ်လာပါတော့တယ်။ မြေးကလေးက ကလေးဘာသာဘာဝ ကန်ကျောက်ရုန်းကန်လိုက်တဲ့အခါမှာတောင် အသက်ကြီးလို့ အရိုးအဆစ်တွေ ထိလွယ်ခိုက်လွယ် ဖြစ်နေပြီဖြစ်တဲ့ အဖိုးအဖွားတွေခင်မျာ ခါးနာရင်အောင့် ဖြစ်ကြရပါတယ်။ ဒါ့အပြင် သားသမီးတွေ အလုပ်ကပြန်လာတဲ့အခါ စားဖို့သောက်ဖို့ ချက်ရပြုတ်ရ အိမ်အလုပ်တွေ လုပ်ထားရပါသေးတယ်။

ဒါပေမဲ့ သားသမီး သို့ ချွေးမ သားမက်တွေက အလုပ်က ပြန်လာတဲ့အခါ သူတို့သားသမီးကို အဖိုးအဖွားက ရိုက်ထားနှက်ထားသေးလားဆိုတဲ့ သံသယနဲ့ မေးတာမြန်းတာ အစ်တာအောက်တာတွေ လုပ်တဲ့အခါ၊ မသင်္ကာစိတ်နဲ့ ကလေးရဲ့ တစ်ကိုယ်လုံးကို စစ်ဆေးတဲ့အခါ အဖိုးအဖွားအရင်းရဲ့ ရင်ထဲမှာ ဘယ်လိုခံစားရမယ်ဆိုတာ တွေးကြည့်စေချင်ပါတယ်။ သူတို့ကို မွေးလာတဲ့ မိဘပဲဗျာ။ သားသမီး ဘယ်စကားထွက်ရင် ဘာ၊ ဘယ်အမူအယာက ဘာ ဆိုတာ မသိဘဲ နေမလားဗျာ။ ကိုယ်တွေက ခုမှ လူဖြစ်တာ။ ကိုယ့်မိဘက လူလောကမှာ ကျင်လည်လာတာ ကြာပေါ့ဗျာ။ သူတို့ကို ထိန်းကျောင်းလာတဲ့ မိဘက သူတို့သားသမီးကို ထိန်းကျောင်းတဲ့အခါ အမျိုးကောင်းသားသမီးများက စိတ်တိုင်းကျတော် မမူသေးပါဘူး။ အမေက ဘာသိလို့လဲ… ကလေးကို ဟိုလို မလုပ်ရဘူး… ဒီလို မလုပ်ရဘူး… ဆိုပြီး ငြူစူကြသေးတာပါ။ မှန်ပါတယ်.. တိုးတက်ခေတ်မီလာကြသည်နှင့်အမျှ ခေတ်အလိုက် အမြင်တွေက ပြောင်းလဲနေမှာပါ။ မိဘတွေရဲ့ အမြင်တွေ ခေတ်နောက်ကျနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ပြောတဲ့အခါ ကိုယ့်မိဘဟာ ကိုယ့်ကို ကူညီနေတာ၊ ကိုယ့်အိမ်ဖေါ် မဟုတ်ဘူး ဆိုတာလေးတော့ သတိပြုရပါ့မယ်။

ကိုယ့်သားသမီးကို ကူညီထိန်းကျောင်းပေးတာနဲ့တင် ကျွန်တော်တို့ တော်တော်လွန်နေပါပြီ။ ဒါဟာ သူတို့တာဝန် မဟုတ်ပါဘူး။ ကျွန်တော် ထပ်ပြောပါဦးမယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ကိုယ့်တာဝန် ကိုယ်မယူနိုင်လို့ သူတို့ဝင်ကူညီတာပါ။ အဆုံးမဲ့တဲ့ အနန္တမေတ္တာနဲ့ပေါ့။ မဖြစ်မနေ အကူအညီယူရတာကို နားလည်ပေးနိုင်ပေမဲ့ ကျန်တဲ့ ကိုယ့်ဗာရီဟတော့ ကိုယ့်ဖါသာပဲ ရှင်းသင့်ပါတယ်။ မိဘကို ကိုယ်တိုင်က သိသည်ဖြစ်စေ၊ မသိဘဲ ကိုယ့်အိမ်ထောင်ဘက်က ပြုမူသည်ဖြစ်စေ၊ မိဘကို အိမ်ဖေါ်လို မဆက်ဆံ မပြုမူဖို့ လိုပါတယ်။ ပိုက်ဆံရှိတဲ့ မိဘဆို နည်းနည်းတော်ပါလိမ့်ဦးမယ်။ သားသမီးကျွေးတာ စားနေရတဲ့ မိဘဆိုရင် ကျွန်တော်တို့ ပိုတောင် ဂရုစိုက်သင့်ပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့ အခုချိန်မှာ သားသမီးကို မှီခိုနေရပါတယ်ဆိုမှ အဲဒီသားသမီးက လူလိုနားမလည်ရင် ခင်ဗျားကျွေးတဲ့ ထမင်းလုတ်ဟာ ဒီမိဘရဲ့ လည်ချောင်းထဲမှာ လျှောလျှောလျူလျူ ဖြစ်နိုင်ပါ့မလား။ အဲဒီ ထမင်းလုတ်မျိုး ခင်ဗျားတို့ စားချင်မလား။

စာရှုသူ….



မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်
အတတ်သင်စေ၊ ပေးဝေနှီးရင်း
ထိမ်မြားခြင်းလျှင်၊ ဝတ်ငါးအင်
ဖခင်မယ်တို့တာ....
ဆိုတဲ့ မိဘဝတ်ထဲမှာ မြေးထိန်းတာ မပါပါဘူး။ ထိမ်းမြားပြီးရင် မိဘဝတ် ပြီးပါတယ်။



ကျွန်တော်ကတော့ မိဘဆိုရင် ဘယ်သူ့မိဘကိုမဆို ငါ့မိဘသာဆိုရင် ဆိုတဲ့ ခံစားမှု ရှိပါတယ်။ ကျွန်တော့်ရှေ့မှာတင် သားသမီးတွေ မသိအောင် ကြိတ်ငိုရတဲ့ မိဘတွေ အများကြီး တွေ့ခဲ့ဖူးပါတယ်။ အခုလည်း တွေ့နေတာပါပဲ။ ကျွန်တော်ကိုယ်တိုင် မကြည့်ရက်ပေမဲ့ သူတစ်ပါး မိသားစုကိစ္စမို့ ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရတာပါပဲ။ မကြည့်ချင်လည်း မျက်နှာလွှဲနေရုံပဲ ရှိပါတယ်။ သိပ်ရင်းနှီးရင်တော့ အရိပ်အမြွက် သတိပေးတာလောက်ပဲ လုပ်နိုင်ပါတယ်။

ကျွန်တော်တို့လည်း သားသမီးတွေ ရလို့ မိဘနေရာ ရောက်လာကြပါပြီ။ မသေသေးရင်တော့ တစ်နေ့ အဖိုးအဖွားနေရာ ရောက်ကြရဦးမှာပါ။ စွမ်းနေတဲ့အချိန်မှာတော့ မာန်တွေ၊ မာနတွေ၊ ဇ တွေနဲ့ လုပ်တိုင်း တင့်တယ်နေဦးမှာပါ။ ခင်ဗျားတို့ မစွမ်းတော့တဲ့ တစ်နေ့ကျမှ ခင်ဗျားတို့ မိဘတွေကို ကိုယ်ချင်းစာတတ်မယ်ဆိုရင် သိပ်နောက်ကျသွားပါပြီ။ ဒါ့အပြင် အဲဒီမိဘဟာ တရားအားထုတ်နေတဲ့ မိဘ၊ သီလရှိတဲ့ မိဘ ဖြစ်နေခဲ့တယ်ဆိုရင်တော့ ခင်ဗျားတို့ လွန်ကျူးသမျှတွေဟာ ကျွန်တော့ဘဘ ပြောခဲ့သလိုပါပဲ… သာမာန်ထက် အပြစ်ကြီးပါလိမ့်မယ်။ မိဘ ဖြစ်နေတာက တစ်ကြောင်း၊ သီလရှိတဲ့ သူတော်ကောင်းဖြစ်နေတာက တစ်ကြောင်းမို့ အခန့်မသင့်ရင် မာဂ်တားဖိုလ်တားအထိ အန္တရာယ်ကြီးပါတယ်။ သူတော်ကောင်းမိဘကို မျက်ရည်ကျစေဦးမယ်ဆိုရင်တော့ ဆိုဖွယ်ရာမရှိတော့ပါဘူး။ အကုသိုလ်ကြွေး၊ ကံကြွေးတွေကို သံသရာအတွက် မသယ်မိအောင်
သတိထားကြရင် ကောင်းမှာပါပဲ။ ကိုယ်ကိုယ်တိုင်လည်း မိဘနေရာ ရောက်လာတာမို့ ကာရန်မသင့်ရင် ဝဋ်ကလည်း လည်ဦးမှာပါ။ အဲဒီအခါ ဖြစ်သူအဟောင်းက ကိုယ်ဖြစ်ပြီး ပြုသူအသစ်က ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ သားသမီးရင်းချာတွေပါ ဆိုတာလေးကိုပါ ကြပ်ကြပ်သတိထားသင့်လှပါတယ်။
ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် ကုသိုလ်၊ အ ကုသိုလ်ဆိုတဲ့ အခြေခံကိုတော့ ကျေညက်ဖို့ လိုပါတယ်။ 

မိဘက မွေးလို့ လူဖြစ်၊  တစ်သက်လုံး မိဘက စောင့်ရှောက်ခဲ့လို့ ဒီအရွယ်ရောက်၊ မိဘက ပံ့ပိုးပေးခဲ့လို့ လူတန်းစေ့လာခဲ့တဲ့ ခင်ဗျားတို့ ကျွန်တော်တို့က မိဘတွေကို တစ်ကြိမ်ပြန်ပြီး စောင့်ရှောက်ခွင့်ရတယ်ဆိုတာ ဘုရားပွင့်တာနဲ့ တိုးနေသလိုပဲလို့ သဘောပေါက်လိုက်ပါ။ 

မြတ်စွာဘုရားကို အကြောင်းပြုပြီး သတ္တဝါတွေ ကျွတ်တမ်းဝင် ချမ်းသာရခဲ့တယ်။ ဒါပေမဲ့ ဒေဝဒတ်ကိုတော့ မြေမြိုသွားခဲ့တယ် မဟုတ်လား.....

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...