Sunday, February 16, 2014

ရန်ကုန်မှတ်စု

ရန်ကုန်မှတ်စု (၁)


ပုစ္ဆာတစ်ပုဒ်မှာ ပေးထားချက်ဆိုတာ ရှိတယ်။ အဲဒီပေးထားချက်ကို မူတည်ပြီး အဖြေပေးရတယ်။ ဥပမာအားဖြင့် ပန်းသီး ၁ဝလုံးရှိတယ်။ ၇ လုံး ပိုးကိုက်သွားတယ်။ ဘယ်နှစ်လုံး ကျန်မလဲ… ၃ လုံး ကျန်ပါတယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ အခုပြဿနာက ပုစ္ဆာကို ပေးခွင့်ရှိတဲ့လူတွေက ပေးတာမဟုတ်ဘဲ ဖြေရမဲ့လူက ပြန်ပြီး မေးခွန်းထုတ်သလို ဖြစ်နေတာဗျ။ အခုဟာက ပုစ္ဆာကို သူတို့ဖါသာသူတို့ စိတ်ကြိုက်ရေး၊ မသိကိန်းတွေ အကုန် သူတို့လက်ထဲမှာ ထားပြီး ဆရာကြီးအထာနဲ့ မေးခွန်းထုတ်တာကို ကျွန်တော်တို့က ၃ လုံး ကျန်ပါတယ်လို့ ကိုယ့်ဖါသာတွက်ပြီး ဖြေနေကြရတာ။ ၇ လုံး ပိုးကိုက်သွားတယ် ပြောတာလည်း သူတို့ပဲ။ ၁၀ လုံး ရှိတယ် ပြောတာလည်း သူတို့ပဲ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက သူတို့မေးတာ ဖြေရမဲ့အဆင့်လားဗျ။ တကယ်ဆို ပြည်သူတွေရဲ့ အခက်အခဲတွေ၊ ပုစ္ဆာတွေကို ဖြေရှင်းရမှာ ဘယ်သူတွေတုန်း။ မေးခွန်းက ဘယ်သူထုတ်ရမှာတုန်း။…..
ဆရာ apk နဲ့ ပြောဖြစ်သည်များကို မှတ်မိသ၍ ချရေးသည်။

ရန်ကုန်မှတ်စု (၂)

 

 “လည်တဲ့ Taxi သမားဆို ဒီအပေါ်ထိ တက်လာလို့ ရပါတယ်ဗျာ။”
“သြော်… Taxi တွေ ဒီအပေါ် တက်လို့ မရဘူးလား။”
“ဟုတ်တယ်လေ… အစ်ကိုက ဘယ်က ပြန်လာတာလဲ… စ လုံးလား…”
“အင်း… ဟုတ်ပါတယ်…”
“ကျွန်တော့်ကိုပေး… ကျွန်တော်သယ်ပေးမယ်….”
“အာ… မလိုပါဘူး… ကိုယ့်ဖါသာ သယ်ပါ့မယ်…”
တားချိန်မရလိုက်။ အထုတ်ကို အတင်းဆွဲပြီး ကျွန်တော့ကို လာကြိုသော ကားဆီသို့ ဆွဲပြေးသည်။ ၄ မီတာမျှသာ ဝေးသော ကားဆီကို ရောက်တော့….
“ကျွန်တော့်ကို စ လုံး ပိုက်ဆံလေး… အမှတ်တရပေါ့.. ပေးခဲ့ပါဦး…”
ရန်ကုန်လေဆိပ်မှာ ဖြစ်သည်….

ရန်ကုန်မှတ်စု (၃)

 “ငါတို့ ဋ္ဌာနကို ကြက်ဆူပင် စိုက်ခိုင်းတယ်ကွ… ငါကတော့ မစိုက်ပါဘူး… ဘယ့်နှယ်… အဓိပ္ပါယ်မှ မရှိတာကွာ… အာ…. စာအုပ်ထဲမှာ အစိုက်ပြတာပေါ့ကွ… လာစစ်တယ်လေ.. ပြောပြလိုက်တယ်… အမှန်အတိုင်းပဲ… ကျွန်တော် မစိုက်ထားဘူး.. လို့။ နောက်တော့ ကြက်ဆူဆီကထွက်တဲ့ Biodiesel နဲ့ မောင်းပါတယ်ဆိုပြီး စက်ကိုမောင်းပြရတယ်….. အထဲမှာ သုံးထားတာလား…. ဒီဇယ်ပေါ့ကွ… ဆီတိုင်ကီကို ၂ ကန့်ခွဲ၊ သူတို့ရှေ့မှာ ကြက်ဆူပင်ကို ကြံကြိတ်သလို ကြိတ်ပြ၊ ရှေ့အကန့်ထဲထည့်၊ နောက်တစ်ကန့်မှာ ဒီဇယ်ထည့်ထားပြီးသား.... ဒီဇယ်နဲ့ မောင်းပြပြီး ကြက်ဆူဆီနဲ့ မောင်းတယ်လို့ ပြောရတာပေါ့…..... အာ… မင်းကလည်း အစကတည်းက ဘာမှ မှ မသိတဲ့ လူတွေပဲဥစ္စာ… ယုံတာပေါ့ကွ…”

တကယ်တော့ Biodiesel ထုတ်ဖို့ဆိုတာ အဆင့်တွေ အများကြီးကို ဖြတ်သန်းရသည် ဆိုခြင်းကို သာမာန်ဗဟုသုတလောက်ဖြင့်ပင် စဉ်းစားနိုင်ပါသည်။ သို့သော် မြန်မာပြည်က ကြက်ဆူလောင်စာကတော့ ဂင်းနစ်စံချိန် အရည်အသွေးမျိုး ဖြစ်ပါလိမ့်မည်။

ဝန်ကြီးဋ္ဌာနတစ်ခုမှာ အရာရှိကြီး ဖြစ်နေသော သူငယ်ချင်းတစ်ယောက်နဲ့အတူ ရယ်မောဖြစ်ခဲ့သည့် ဖြစ်ရပ်မှန် ဟာသတစ်ခုပါ…။

ရန်ကုန်မှတ်စု (၄)

 “အခုလို ဆီထုတ်ရောင်းတဲ့ ခေတ်ကုန်ပြီး ကြိုက်သလောက် ဝယ်လို့ရတော့ ကောင်းတာပေါ့ကွာ…”
“မကောင်းဘူးဟ… အရင်က ဆီထုတ်ရောင်းလို့ရတော့ ကားဖိုးပဲပေးရတာ… ကျန်တာ အလကားစီးရသလိုပဲ.. အခုဟာက ကားဖိုးရော..ဆီဖိုးရော ပေးနေရတာပေါ့ကွ… မကောင်းဘူး..”
ကားအရောင်းအဝယ်၊ အိမ်အရောင်းအဝယ် လုပ်နေသည့် သူငယ်ချင်းတစ်ယောက်ရဲ့ ကားနဲ့ သွားရင်းလာရင်း ပြောမိသည်များပါ။

ရန်ကုန်မှတ်စု (၅)



 “Taxi meter တွေက မရှိတော့ဘူးလား….”
“မရှိတော့ဘူးလေ… ဘယ်သူမှလည်း မသုံးကြပါဘူး…ခဏပဲ အသံထွက်လာပြီး လုပ်စားသွားတာပါ… အခုတော့ ဘာမှ မဟုတ်တော့ပါဘူး…”
“ကားနံပါတ်တွေကလည်း မြန်မာလိုရော အင်္ဂလိပ်လိုရောနော်….”
“ဟုတ်တယ်ဗျ… လိုင်စင်ဝင်ရင် အင်္ဂလိပ်လို ပြောင်းရတော့မှာ…. ကိုယ့်ဖါသာကိုယ် ပြောင်းချင်ရင်လည်း ပြောင်းလို့ရတယ်… နံပါတ်ပြားဖိုး တစ်သောင်းတော့ ပေးရတယ်..”
(စိတ်ထဲမှ စင်ကာပူဒေါ်လာဈေးနှင့် စားကြည့်လိုက်သည်… မဆိုးဘူးဟ… တန်သား…)
“ဒါ့ထက် နတ်ပေးကတ် ဆိုတာဂျီးကရော… ဘာကြီးဒုန်း… ရှိသေးလို့လား.. ဒဂုံဘက်သွားရင်း ကားမှတ်တိုင်မှာ ကြော်ငြာထားတာ တွေ့မိလို့….”
“ဟား..ဟား..ဟား… ဟာသပါဗျာ… ဒါလည်း လုပ်စားတာပါပဲ…”
Taxi ငှားစီးရင်း Taxi ဆရာနဲ့ ပြောမိတဲ့ ထူးဆန်းထွေလာ ပြည်မြန်မာအကြောင်း တချို့ပါ။ ပြည်သူ (public) ကို ချပြမည့် စီမံကိန်းအတွက် ဘာမှ သေသေချာချာ စစ်ဆေးခြင်းမရှိ၊ ပြင်ဆင်မှု မရှိ၊ ပြည်သူတွေ နစ်နာမှာကို ခေါင်းထဲ လုံးဝ(လုံးဝ) မရှိ၊ တာဝန်ယူမှု မရှိ၊ ဘာကွန်ပလိန်းမှ တက်ခွင့်မရှိ၊ လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်စေသော Free Style (ကိုယ်ထင်ရာကိုယ်လုပ်) ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေသော အစိုးရ၏ ထူးဆန်း၍ ပြောင်မြောက်သော လုပ်ဆောင်ချက် တချို့အကြောင်း ဧဝံ မေသုတံ.. ဤသို့လျှင် ကြားနာခဲ့ရပါသတည်း။

ရန်ကုန်မှတ်စု (၆)
“လူနေရပ်ကွက် အလယ်ခေါင်ကြီးက ကားလမ်းဘေးမှာ ကတ္တရာတွေကို ဒီလိုကြီး ပက်ပက်စက်စက် မီးရှို့တာမျိုးတွေတော့ မရှိသင့်တော့ဘူး ထင်တယ်နော်…”
“နင့်အမေလင်တွေက ဘယ်တုန်းကရော လူတွေအတွက် ထည့်စဉ်းစားလို့တုန်း…”
“အု…..ဝု…. (ဘာပြောရမှန်းမသိတော့ပါဘူး အမေရာ….)”
မြို့ဟောင်းကြီးပုံ ပေါက်နေသော ဒဂုံမြို့သစ်က အဖွားဆီသွားရင်း ကားလမ်းဘေးက မြင်ကွင်းကို ကြီးကြီးကျယ်ကျယ် ဝေဖန်မိ၍ အပြောခံလိုက်ရတာ ကျွန်တော်ပေါ့ဂျာ…

ရန်ကုန်မှတ်စု (၇)

 “ဒီမှာ ညီလေး… ကောင်မလေး တစ်ယောက်ပဲ လိုချင်တယ်.. ချောဖို့ လှဖို့ မလိုဘူး.. ခလုတ်ကောင်းကောင်းနှိပ်တတ်ဖို့ပဲ လိုတယ်….”
“ဟုတ်ကဲ့…. ခဏစောင့်နော် အစ်ကို….”
“ညီမလေး… ဝိုင်ဝိုင်းသီချင်း သူငယ်ချင်း ရှာပေး…”
“သူငယ်ချင်း… ရှေ့ဆက်မင်းဘဝမှာ…. ကွီ…ဂွီ….ဝူ…..”
“အစ်ကိုရေ… အဲဒီခလုတ်လေး နှိပ်လိုက်ပါနော်…”
“…… ညီလေး…. မင်းတို့ စက်တွေက ချိန်လို့လည်း မရဘူး… ဆိုလို့ မကောင်းဘူးကွာ…”
“ရော့… ညီမလေး… မုန့်ဖိုး… သွားတော့မယ်… ဆိုရတာ အခုမှ တစ်နာရီဆိုတော့ သွေးပူလေ့ကျင့်ခန်းပဲ ရှိသေးတယ်… ဒီကောင်တွေ သွားချင်ပြီ ဆိုလို့…..”
“ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ်… နောက်ကျရင် စီးရီးထုတ်နော်….”
…………..
“တကယ်တော့ မင်းသိတဲ့အတိုင်းပဲ… ဒီကောင်မလေးတွေက ငါတို့ဘာလုပ်လုပ်… ရပါတယ်ကွာ… ဒါပေမဲ့ ဘာမှ မလုပ်ပါဘူး… မုန့်ဖိုးပဲ ပေးခဲ့တယ်… သနားလို့ကွ…”
“အေးနော်… မင်းတို့ငါတို့လို ယောကျင်္ားကောင်း ယောကျင်္ားမြတ်တွေနဲ့ တွေ့ပေလို့ပေါ့….. ဟီး…ဟီး…”
“@#%&$$%......”
ည ၁၂ နာရီကျော်မှ သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် လိုက်ခေါ်ပြီး သဝေထိုးခဲ့တဲ့ KTV တစ်ခုက အတွေ့အကြုံပေါ့….
“ဗိုက်ဆာပြီကွ… ဘယ်သွားမလဲ….”
“SS သွားမယ်ကွာ… ထမင်းကြော်လေးဘာလေး စားရင်းပေါ့…”
……………………………
“ဟ… မင်းတို့ SS က ညဉ့်နက်သန်းခေါင်ကြီး စည်လှချေလား…”
“အာ…. ငါတို့ အခုရောက်တာ အရမ်းစောနေတာကွ…
“ဟေ… ဘယ်အချိန် အစည်ဆုံးတုန်း… ဘယ်လိုလူတွေ လာတီးနေကြတာတုန်း..”
“KTV တွေ Club တွေက ပြန်ချိန်က အစည်ဆုံးပေါ့ကွ… ကြိတ်ကြိတ်ကို တိုးနေတာ….”
“တီ……..တီ…………………………………………”
“ဟာ… စားတုန်းသောက်တုန်း ဘယ်ကောင်တုန်းကွာ… ကားဟွန်းကို အကျယ်ကြီးတီးနေတာ… သန်းခေါင်ကျော်နေပြီကွ.. နားလည်မှပေါ့…”
“သူထွက်မဲ့လမ်းကို ပိတ်ရပ်ထားလို့ သူ့ကားထွက်မရလို့ပါကွာ… ထားလိုက်ပါ… ဟေ့…ညီလေး… မုန့်ဟင်းခါး ဘူးသီးကျော်နဲ့ ပေးကွာ….”
…………………….. ဟဲ..ဟဲ… အရင်အတိုင်းပဲ… မိုက်တယ်……………….

ရန်ကုန်မှတ်စု (၈)

 “မင်းအခု စင်ကာပူမှာ Construction လုပ်နေတာဆိုတော့ ဒီပြန်လာရင်ရော… ဘာလုပ်မလဲ….”
(ပါးစပ်ထဲတွေ့ရာ ... သူငယ်ချင်းတစ်ယောက် ပြောဖူးတာ သတိရသဖြင့်) "ကရိန်းကား ထောင်ရင် ကောင်းမလားလို့…”
“ဟေ့ရောင်…. ဒီမှာ ဆောက်ရတာ မင်းတို့ဆီမှာလို မှတ်လို့လား…. အခု ဒီတိုက်ကိုကြည့်… ဘေးက တိုက် ၂ လုံးကြားမှာ အတောင့်လိုက်ကြီး ဆောက်ရတာ… မင်း ကရိန်းကားက ဘယ်နားမှာ ရပ်မှာလဲ… မှတ်ထား… ဒါမြန်မာပြည်ကွ… Manpower ပဲ ကောင်းကောင်းသုံးရတယ်… ဟိုမှာ နေတယ်ဆိုပြီး မျက်ခြေမပြတ်စေနဲ့… ကြားလား…”
“အင်………” 

ရန်ကုန်မှတ်စု (၉)


 

ကျွန်တော့အဒေါ်က ကျွန်တော်လာလည်သည်ဆိုတော့ ထူးထူးခြားခြား မှော်ဘီကို ကားငှား၍ လိုက်ပို့ဖို စီစဉ်ထားသည်ဟု ဆိုလာသည်။
“ထူးထူးဆန်းဆန်း… မှော်ဘီကို ဘာလုပ်ဖို့တုန်း…….”
“သားမသိသေးဘူးလား….. ရှေးဟောင်းဘုရား ၃၀၁ ဆူ ဂျပန်ကနေ ပြန်ကြွလာပြီး အပူဇော်ခံနေတယ်…”
“ဟင့်အင်း… မသိသေးဘူး…”
“အဲဒီ ဂျပန်ကြီးက ရှေးဟောင်းဘုရားတွေ ပစ္စည်းတွေ စုတာ ဝါသနာပါတယ် ထင်ပါရဲ့…. အဲဒါ စုဆောင်းပြီး လှောင်ထားမှာပေါ့…. အဲဒီမှာ ဘုရားဆင်းတုတော်တွေ ကြားထဲက မျက်နှာကြီးတစ်ခုက သူ့ကို အမြဲလိုက်ကြည့်နေတာ..တဲ့။ ဘယ်သွားသွား လျှောက်လိုက်နေပြီး အိပ်မက်တွေလည်း ပေးတယ်တဲ့… အဲဒါနဲ့ ကြောက်ပြီး မထားရဲတော့လို့ မြန်မာပြည်ကို ပြန်ပင့်လာရတာ… ပြီးတော့ သင့်တော်တဲ့ ပုဂ္ဂိုလ်ကိုရှာရင်း ဒီဆရာတော်ကို လျှောက်ထားပြီး လှုချင်တယ်ဆိုလို့ ဆရာတော်က လိုက်ကြည့်တာ… ဆရာတော်လည်း အစ ကတော့ နည်းနည်းပါးပါးမှတ်လို့… ရောက်တော့မှ ကြည့်လိုက်တော့ ၃၀၁ ဆူတောင် ဖြစ်နေတာ….”
“ဒါဆို လက်ရင်းက မြန်မာပြည်ပေါ့….”
“ဟုတ်ပ…. ပုဂံခေတ်လက်ရာမျိုးတွေ ပါတယ်…. မုဒြာတွေ၊ ထုဆစ်ထားပုံတွေကတော့ တစ်ခါမှ မမြင်ဖူးတဲ့ ပုံတော်မျိုးတွေပါတယ်… အရင် ဘုရင်တွေ လက်ထက်ကဆိုတော့ ယတြာဒီဇိုင်းတွေ အများကြီးတွေ့ရတယ်….”
“နို့… ဒီရှေးဟောင်းဆင်းတုတွေက ဘယ့်နှယ်ကြောင့် ဂျပန်ကို ဒီလောက်အများကြီး ရောက်နေရတာတုန်း…”
“သားရေ…ဟုတ်မဟုတ်တော့ မသိဘူး…. ကြားတာကတော့ ရွှေတိဂုံဘုရားမှာလည်း တချို့ဆင်းတုတော်တွေ အတော်များများက အစစ်မဟုတ်တော့ဘူးလို့ ပြောကြတယ်…. လက်ညှိးသာထိုးလိုက်…. ပုံစံတူ ပို့လိုက်တယ်…. ပြီးရင် အစစ်ကို မ သွားတာပဲ.. အခုရှိတာ အင်တွေက အများကြီး….. တဲ့”

“မြတ်စွာဘုရား…..”

မည်သို့ပင်ဆိုစေ… အဒေါ့်ကျေးဇူးဖြင့် မှော်ဘီကို ရောက်ခဲ့ပါသည်။ ရှေးဟောင်းဆင်းတုတော်များကို ဖူးခွင့်ရခဲ့ပါသည်။ အမှန်တကယ်လည်း ထူးခြားသော ဆင်းတုတော်များ ဖြစ်ပါသည်။ ခေတ်တစ်ခေတ်တည်း မဟုတ်လောက်သော လက်ရာ အမျိုးမျိုးကို ထူးထူးခြားခြား ဖူးတွေ့ခဲ့ရသည်။ ဓါတ်ပုံရိုက်ခွင့် မရှိပါ။ မိန်းကလေးများ ထမီနှင့်သာ ဖူးခွင့်ရပါသည်။ ဘောင်းဘီ၊ စကတ်နှင့် လာသူများ အပေါက်ဝမှာ ခါးဝတ်ပိတ်ကလေးများ ဆီးပေး၍ ထမီလို စည်းပြီးမှ ဝင်ရပါသည်။ အလှုငွေ လှုဒါန်းပြီး DVD ခွေတော့ ယူလာခဲ့သည်။ နောက်မှ အေးအေးဆေးဆေး ကြည့်ရှုလေ့လာ ကြည်ညိုရပါဦးမည်။

မှော်ဘီမှ အပြန်တော့ မည်သို့ပင် အတုတွေဆိုဆို…. ဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ရည်မှတ်၍ ရွှေတိဂုံဘုရားသို့ ဝင်ရောက်ဖူးမျှော်ခဲ့ရပါသည် ခင်ဗျား။ ဘုရားရှင်ကိုပင် မခန့်လေးစား ရောင်းစားဝံ့သော ဗုဒ္ဓဘာသာ အမည်ခံများ၏ သတ္တိကိုတော့ အံ့သြမိသည်။ သို့သော်…. ….. အင်း… သိပ် အံ့သြစရာတော့ မရှိတော့ပါဘူးလေ…… ဒေဝဒတ်လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ် ဆိုသူများရဲ့ ခေတ်ကြီးပေကိုး….. တို့ကို ပါးရိုက်တာ၊ ဗိုက်လှန်ပြတာလောက်ကတော့ စာဖွဲ့နေစရာ မလိုတော့ပါဘူးလေ….

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...