ကျွန်တော်က Singapore သင်္ဘောကျင်းမှာ ၁၁ နှစ်ကျော်လောက် Electrician ဘဝကနေ Snr. Engineer အဆင့်အထိ လုပ်ခဲ့ပြီးမှ ဆောက်လုပ်ရေးဘက်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ပါတယ်။ တစ်နှစ်လောက်တော့ ရှိပြီဆိုပါတော့။ အဲဒီမှာ လုပ်ငန်းသဘောသဘာဝ ကွာခြားမှုလေးတွေကို မှတ်တမ်းတင်တဲ့သဘောနဲ့ရော၊ နောက်များ ကိုယ့်ဖာသာကိုယ်ပြန်ဖတ်တဲ့အခါ ဒီသင်ခန်းစာတွေကို မမေ့ချင်တဲ့သဘောနဲ့ရော၊ လုပ်ငန်းအတွေ့အကြုံ ဗဟုသုတလေးတွေ လိုချင်တဲ့သူ၊ စိတ်ဝင်စားတဲ့သူတွေအတွက်လည်း ဝေမျှတဲ့သဘောနဲ့ ဒီစာကို ရေးပါတယ်။ သင်ခန်းစာတချို့၊ အတွေ့အကြုံတချို့နဲ့ ဒိုင်ယာယီ post လေးတစ်ခုပေါ့။
အရင်ဆုံး ပြောချင်တာက Keppel Shipyard ဆိုတာ ဝန်ထမ်းဦးရေ အကြမ်းဖျင်း ၅၀၀၀ ကျော်ရှိတဲ့ Singapore ရဲ့ အကြီးဆုံးကုမ္ပဏီကြီးတွေထဲမှာ ပါပါတယ်။ ကျွန်တော် နောက်ထပ်ပြောင်းလိုက်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ၁ နှစ်သားကျော်ကျော် ဝန်ထမ်းအင်အား ၂၀ ကျော်ပဲရှိတဲ့ မြန်မာပိုင် ကုမ္ပဏီသေးသေးလေးပါ။ သင်္ဘောကျင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသဘာဝ ကွာဟရုံတင်မဟုတ်ဘဲ ကုမ္ပဏီကြီးနဲ့ ကုမ္ပဏီအသေးရဲ့ ကွာခြားမှုကိုပါ လက်တွေ့ကြုံခဲ့ရတာပါပဲ။
စည်းကမ်းပိုင်းနဲ့ ပတ်သက်ရင်လည်း တင်းကြပ်ပါတယ်။ အလုပ်ချိန် ၇ နာရီခွဲ ကို အချိန်မီရောက်ဖို့ မနက် ၆ နာရီဆိုတာနဲ့ ဖယ်ရီကားပေါ် အရောက်တက်ရပါတယ်။ ၆ နာရီခွဲဆို အလုပ်ထဲ ရောက်နေပါပြီ။ မနက်စာစားရင်း ပြင်ကြဆင်ကြပေါ့လေ။ နည်းနည်းဝေးတဲ့ နေရာတွေဆို မနက် ၅ နာရီလောက်ကတည်းက ဖယ်ရီပေါ် ရောက်ရပါတယ်။ ကျွန်တော်တို့ သင်္ဘောကျင်းက ကြိုပို့ဘတ်စ်တွေကလည်း Singapore တစ်နိုင်ငံလုံး မရောက်တဲ့နေရာ မရှိသလောက်ပါပဲ။ အလုပ်ချိန်က ၇ နာရီခွဲမှာ စ တယ်လို့ ဆိုပေမဲ့ ၇ နာရီ မိနစ် ၂၀ ဆိုတာနဲ့ Take Five လို့ ခေါ်တဲ့ Safety meeting လုပ်ရပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ Take Five အကြောင်း ဗဟုသုတလေး ပြောချင်ပါတယ်။ တကယ်တော့ Take Five ဆိုတာ Safe Work Procedure လို့ခေါ်တဲ့ လုပ်ငန်းတစ်ခုကို အစ ကနေ အဆုံးထိ အန္တရာယ်ကင်းကင်းနဲ့ ပြီးမြောက်အောင် လုပ်ရမဲ့ နည်းစံနစ်အဆင့်တွေကို အတိုချုံးပြီး မှတ်ရလွယ်အောင် ဖန်တီးထားတာ ဆိုပါတော့။ Take Five meeting မှာ အဆင့် ၅ ဆင့်ရှိပါတယ်။ မြန်မာလို လွယ်လွယ်ပဲ ရေးပါ့မယ်။
၁။ နှုတ်ဆက်ခြင်း (Greeting)
Take Five ကို ဦးဆောင်ပြောတဲ့သူဟာ ပထမဆုံးအနေနဲ့ အလုပ်သမားတွေ၊ နားထောင်နေသူတွေကို နှုတ်ဆက်ရပါတယ်။ ပဋိသန္ဓာရစကား နည်းနည်းပြောနိုင်ပါတယ်။ ညက ဘောလုံးပွဲ ဘယ်အသင်းနိုင်သွားလဲ ဆိုတာမျိုးပေါ့။ ရည်ရွယ်ချက်ကတော့ အပြင်ကို ပျံ့လွင့်နေတဲ့ အလုပ်သမားတွေရဲ့ စိတ်ကို လုပ်ငန်းခွင်ထဲ ဆွဲခေါ်လိုက်တာပါပဲ။ ပြီးတော့ လန်းလန်းဆန်းဆန်းလဲ ဖြစ်အောင်ပေါ့။
၂။ လုပ်ငန်းတာဝန်ခွဲဝေခြင်း (Work through task)
နှုတ်ဆက်ပြီး၊ စကားစမြည်လေး တစ်မိနစ်လောက် ပြောပြီးတော့မှ မနေ့က ဘယ်သူက ဘာလုပ်လို့ ဘယ်လောက်ပြီးတယ်။ ဒီနေ့ ဘယ်သူက ဘာလုပ်မယ် ဆိုတာမျိုးတွေ ပြောဆို တာဝန်ခွဲဝေရပါတယ်။
၃။ အန္တရာယ်ဖြစ်နိုင်ချေများကို မှန်းဆခြင်း (Identify the Hazard)
တာဝန်ခွဲပေးပြီးတာနဲ့ ပေးလိုက်တဲ့ အလုပ်တစ်ခုချင်းစီနဲ့ ပတ်သက်လို့ အန္တရာယ်ဖြစ်နိုင်ချေတွေကို သတိပေးပြောပြရပါတယ်။ ဥပမာအားဖြင့် အလုပ်လုပ်မဲ့နေရာက မြင့်တဲ့နေရာ ဖြစ်နေခဲ့ရင် ပြုတ်ကျနိုင်တယ်။ လက်ကို ထိခိုက်နိုင်တယ်။ ဓါတ်လိုက်နိုင်တယ် ဆိုတာမျိုးတွေပေါ့။
၄။ ကြိုတင်ကာကွယ်ခြင်း (Preventive measure)
အဲဒီ ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်မှုတွေ လုပ်ပြီး အန္တရာယ်ကို လျှော့ချဖို့ ကြိုးစားရပါတယ်။ ဥပမာအားဖြင့် အမြင့်တက်မယ်ဆိုရင် ရိုးရိုး Safety Belt နဲ့ ရ မရ။ သိပ်မြင့်ရင် Body Hardness လို့ ခေါ်တဲ့ ချိတ် ၂ ချိတ်ပါတဲ့ Safety Belt ကို စီစဉ်သင့် စီစဉ်ရပါတယ်။ တစ်ချိတ်ဖြုတ်ပြီး နောက်တစ်နေရာကို လှမ်းချိတ်တဲ့အခါ တစ်ခုက ချိတ်ရက်သား ရှိနေသေးတော့ ပြုတ်မကျနိုင်တော့ဘူးပေါ့။ နောက်တစ်နေရာကို ချိတ်ပြီးမှ ကျန်ခဲ့တဲ့ ချိတ်တစ်ခုကို ဖြုတ်ရပါတယ်။ နည်းနည်းတော့ သွားရလာရ လုပ်ရတာ ကသိကအောင့်ဖြစ်ပေမဲ့ အန္တရာယ်နည်းသွားပါတယ်။ လက်ကို ထိခိုက်နိုင်တဲ့ အလုပ်ဆို လက်အိတ်ဝတ်ပေါ့။ ဓါတ်လိုက်နိုင်တဲ့ အလုပ်ဆို လျှပ်စစ်ကိုစမ်းသပ်ဖို့ ပစ္စည်းပစ္စယ စုံစုံလင်လင်နဲ့ သင့်လျှော်တဲ့ လက်အိတ် စတာမျိုးတွေ Supervisor က စီမံပေးရပါတယ်။
၅။ သန့်ရှင်းရေး (Housekeeping)
ကိုယ်လုပ်တဲ့ အလုပ်တစ်ခု ပြီးသွားတာနဲ့ ဗြဲလရမ်းတမ်း ပွစာကျဲပြီး မထားခဲ့ရပါဘူး။ ကိုယ့်အမှိုက် ကိုယ်သိမ်းရပါတယ်။ဒါ Take Five ရဲ့ သဘောသဘာဝ အကျဉ်းချုပ်ပါ။
ကျွန်တော်တို့ နိုင်ငံနဲ့ မတူတာက Singapore မှာ အလုပ် လုပ်ရတာက တာဝန်ယူမှု (Responsibilities) ရှိပါတယ်။ Role ဆိုတဲ့ ရာထူး (Position) ရဲ့ နောက်မှာ သူနဲ့ သင့်လျှော်တဲ့ Responsibility ဆိုတဲ့ တာဝန်ယူမှုက တစ်ပါတည်း ပါ ပါတယ်။ အဲဒီအတွက် လုပ်ငန်းခွင် မတော်တဆ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ နောက်ထပ်ဒါမျိုး ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို နည်းလမ်း ရှာကို ရှာရပါတယ်။ တာဝန်ရှိတဲ့သူတွေက Action တစ်ခုခု မဖြစ်မနေ ယူရပါတယ်။ အလုပ်သမားကြောင့်လား၊ Supervisor ကြောင့်လား…. ဘယ်သူကြောင့်လဲ….. ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို စုံစမ်းစစ်ဆေးပြီး အရေးယူသင့်တာယူရပါတယ်။ ပြီးရင် ဒီသင်ခန်းစာကနေ ကြိုတင်ကာကွယ်နိုင်မဲ့ နည်းလမ်းကို ရှာရပါတယ်။ မြန်မာပြည်မှာလို ရူးချင်ယောင်ဆောင်ပြီး သေတဲ့သူကပဲ ဇာတာမှိန် အကုသိုလ်တက်ပြီး သေသလိုလို၊ ရိုးရာကိုင်သလိုလို၊ ကိုယ်နဲ့ ဘာမှ မပတ်သက်သလိုလို၊ ဟိုလူ့အပြစ်ပုံချ၊ ဒီလူ့ ထိုးကျွေးလုပ်လို့ မရပါဘူး။
တကယ်တော့ Singapore မှ မဟုတ်ပါဘူးလေ။ တိုးတက်တဲ့နိုင်ငံတိုင်းမှာ ဘာကြောင့်တိုးတက်သလဲလို့ စမ်းစစ်ကြည့်ရင် အဆင့်ဆင့် တာဝန်ယူမှု ရှိကြခြင်းဟာ တိုးတက်ခြင်းရဲ့ အဓိကအခြေခံအကြောင်းတစ်ခု ဖြစ်နေတာကို တွေ့ရမှာပဲ။ ကျွန်တော်တို့ မြန်မာပြည်မှာကတော့ ဟိုးအစဉ်အဆက်က စ လို့ အခုထိ အာဏာရသူတွေဟာ အာဏာကိုယစ်မူးပြီး အလွဲသုံးစားလုပ်၊ တိုင်းပြည်ကို ရောင်းစား အိတ်ထဲထည့်ဖို့နဲ့ ထိုင်ခုံမြဲဖို့ကိုသာ လုပ်ခဲ့ကြလေတော့ အာဏာဆိုတာ မက်မောစရာ၊ ရာထူးဆိုတာ အခွင့်အရေးလို့ မြင်နေကြတာက အရိုးစွဲသလို ဖြစ်နေတော့တာကိုး။ တာဝန်ယူမှုမရှိဘဲနဲ့ ရာထူးနဲ့ အခွင့်အရေးပဲ ယူမဲ့လူတွေအတွက်တော့ အာဏာဆိုတာ မက်စရာ၊ ရူးသွပ်ချင်စရာကြီး ဖြစ်နေမှာပေါ့ဗျာ။ နိုင်ငံခြားမှာ လာလုပ်ကြည့်ပါလား။ သူများနိုင်ငံရောက်တော့ ရာထူးရဲ့နောက်၊ လုပ်ပိုင်ခွင့်ရဲ့ နောက်မှာ တာဝန်ယူမှုဆိုတာကြီးက မလွဲမသွေ ပါမယ်မှန်းသိတော့ ရာထူးပေးတိုင်း မယူတဲ့ ရွှေမြန်မာတွေ အများကြီးခင်ဗျ ။ စင်ကာပူလုပ်ငန်းခွင်က မြန်မာတွေကြားမှာ “ဘာလုပ်မှာလဲ…. ရာထူးတိုးရင် ခေါင်းပိုစားမှာ….. လစာတိုးတာနဲ့ ခေါင်းစားတာနဲ့ မကာမိဘူး….” လို့ ပြောတတ်ကြတာ ကြားဖူးပါလိမ့်မယ်။ ဟုတ်တာပေါ့ခင်ဗျာ….. တာဝန်ယူရတဲ့နောက်တော့ ခေါင်းစားပြီပေါ့။
ကျွန်တော်တို့ဆီမှာ ဝန်ကြီးလုပ်ပြီး ပေါက်ကရတွေ အဆင့်မရှိ အတန်းမရှိ လျှောက်လျှောက်ပြောတဲ့ ဝန်ကြီးပေါတွေ သူများဆီမှာလိုသာ တာဝန်ယူစိတ်ရှိမယ်ဆိုရင် ရှက်လွန်းလို့ ရာထူးက ထွက်ရုံတင်မဟုတ်ဘူး…. လူကြားထဲ မျက်နှာတောင် ပြဝ့ံမယ် မထင်ဘူး။ ဂျပန်က လူကြီးတွေလိုဆို ရှက်တာနဲ့ ကိုယ့်ကိုယ်ကို သတ်သေသွားလိမ့်မယ်။ အခုတော့ တာဝန်ယူမှုဆိုတာ မကြားဖူးရှာလေတော့ ခပ်ပြောင်ပြောင်နဲ့ ဆက်ပြီး ဝန်ကြီးလုပ်နေကြတာပေါ့လေ။ မရှက်ဘူးလားဆို မရှက်ပါဘူး ဆိုတော့ ဘာမှ ပြောစရာ မရှိတော့ပါဘူး။
ထားပါတော့။ ဒီဆရာတွေအကြောင်း ပြောရင် တစ်ထောင့်တစ်ညထက် ဆိုးသွားမယ်။
အခုဆက်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်က Tool Box Meeting အကြောင်းလေး ဆက်ပါရစေဦး။ သင်္ဘောကျင်းမှာ Take Five Meeting ရှိသလို Construction မှာလည်း မနက် အလုပ်မစခင် လုပ်ရတဲ့ Tool Box Meeting ရှိပါတယ်။ ထုံးစံအတိုင်း Safety အကြောင်း၊ အလုပ်အကြောင်း ပြောကြတာပါပဲ။ ဒါပေမဲ့ သင်္ဘောကျင်းလို အဆင့်တွေ စံနစ်တွေ တိတိကျကျ သိပ်မရှိလှသလို အလုပ်ကိုသာ ဦးစားပေးပြောပြီး Safety First.... Safety First....Safety First... သုံးကြိမ်အော်ပြီး ပြီးသွားတာပါပဲ။ အော်သာအော် မပေါ်ဘူး ကိုယ့်လူရေလို့ ပြောရလောက်အောင် Safe ဖြစ်အောင် ဘယ်လို အလုပ်လုပ်ရမယ် ဆိုတာကို သေသေချာချာ ပြောတာမျိုး နည်းပါးပါတယ်။ Safety ကို တကယ်ပြင်းပြင်းထန်ထန် ဂရုစိုက်တဲ့ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေ ရှိပေမဲ့ အများစုကတော့ ကုမ္ပဏီအငယ်စားနဲ့ အလတ်စားလေးတွေ ဖြစ်လေတော့ အလုပ်ပြီးဖို့ အမြတ်ရဖို့လောက်သာ ကြည့်တာ များပါတယ်။ လုပ်ငန်းတကယ် အမြန်တွန်းလာပြီဆိုရင် Tool Box Meeting တောင် နပ်မမှန်တော့ဘဲ ကြိုကြားကြိုကြားလောက်ပဲ လုပ်တတ်ကြပြီး အများအားဖြင့်တော့ Safety အကြောင်း တစ်ခွန်းစ နှစ်ခွန်းစလောက် ဝတ္တရားကျေလုပ်ပြီး အလုပ်တာဝန်ခွဲဖို့လောက်ပဲ လုပ်ကြတာပါ။
ဒီနေရာမှာ စကားစပ်မိလို့ ပြောရရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက လူကြီးတွေက ဆုံးမတဲ့အခါ လိမ်လိမ်မာမာ နေလို့ ပြောတတ်ကြပါတယ်။ လိမ်မာတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုတော့ တိတိကျကျ သေသေချာချာ ရှင်းပြတာမျိုး သိပ်နည်းပါတယ်။ အခုလည်း ဒီလိုပါပဲ။ Construction က Toolbox meeting က အန္တရာယ်ကင်းအောင် အလုပ်လုပ်ကြလို့ ပြောပေမဲ့ အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြတဲ့နေရာမှာ သင်္ဘောကျင်းက Take Five လောက် လေးလေးနက်နက် မရှိလှပါဘူး။ လုပ်ငန်းခွင် မတော်တဆဖြစ်နှုန်းကလည်း တကယ်တမ်းမှာ များပါတယ်။ ဒါပေမဲ့ လူသေတာမျိုးမဟုတ်ရင် သင်္ဘောကျင်းလောက် အကြီးအကျယ်မဖြစ်ဘဲ ပြီးပြီးပျောက်ပျောက် ဖြစ်သွားတာပါပဲ။
Project တွေရဲ့ တန်ဖိုးနဲ့ သဘောသဘာဝကလည်း အများကြီး ကွာပါတယ်။ Keppel တို့ Sembawang တို့ Jurong Shipyard တို့လို သင်္ဘောကျင်းကြီးတွေမှာ လာပြီးတည်ဆောက်တဲ့ Project တစ်ခုရဲ့ တန်ဖိုးက ဒေါ်လာ ၇ သန်းကနေ သန်း ၆၀၀ လောက်အထိ ရှိတတ်ပါတယ်။ Project ကာလကလည်း ၁ နှစ်ကနေ ၃ နှစ်လောက်အထိ ရှိတတ်ပါတယ်။ တချို့ အလုပ်သမားလေးတွေဆို Singapore မှာ ၂ နှစ် အလုပ်လုပ်သွားတာ Project တစ်ခုပဲ ကြုံဖူးသွားရှာပါတယ်။ သင်္ဘောတစ်စီးနဲ့တင် Permit သက်တမ်း ပြည့်သွားရတာကလား။
Project တန်ဖိုး မြင့်သည်နှင့် အမျှ Quality တောင်းဆိုမှုကလည်း မြင့်ပါတယ်။ ကျွန်တော် Keppel Shipyard ကို ၂၀၀၂ ခုနှစ်မှာ စ ရောက်ပါတယ်။ အဲဒီအချိန်တုန်းက လုပ်တဲ့ Project တွေနဲ့ ၂၀၀၅ နောက်ပိုင်းက စ လို့ တဖြည်းဖြည်းနဲ့ Quality တောင်းဆိုမှုက ပိုပိုပြီး များ များ လာတာကို သတိထားမိပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် Competitors တွေ များလာပြီဆိုတဲ့ သဘောပါပဲ။
ဈေးကွက်အခြေအနေက အရည်အသွေးကို ပိုတောင်းလာပေမဲ့ ပြိုင်ဘက်တွေများလာသည်နှင့်အမျှ ဈေးချိုဖို့ပါ လိုလာပါတယ်။
အရည်အသွေးကောင်းရင်တော့ ဈေးကြီးမှာပေါ့ဆိုတဲ့ ပုံစံနဲ့ သွားလို့မရတော့ပါဘူး။ အရင်က Keppel Shipyard ရဲ့ market အခြေအနေဟာ Quality ကို အဓိကထားတဲ့ Shipyard market မှာ ဈေးကြီးကြီး Quality ကောင်းကောင်းဆိုတဲ့ ပုံစံမျိုးနဲ့ ထည်ထည်ဝါဝါ နေရာယူထားနိုင်ရာကနေ တဖြည်းဖြည်းနဲ့ လှုပ်ခတ်လာပါတော့တယ်။
Quality ပိုလိုလာလေတော့ ဝန်ထမ်းတွေအတွက် Training စားရိတ်ကို တိုးပြီးသုံးလာရပါတယ်။ ဒါပေမဲ့ ပြန်ရတဲ့ Project တန်ဖိုးကတော့ အရင်လိုရဖို့တောင် မလွယ်လေတော့ ကုမ္ပဏီရဲ့ ယိုပေါက်တွေကို ပိတ်ရပါတယ်။ ဥပမာအားဖြင့် Accident တွေကြောင့် ကုန်ကျရတဲ့ ဆုံးရှုံးမှုတွေကို ကာဖို့ Safety နဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို တိုးမြှင့်ကြပ်မတ်ရပါတယ်။ ဝန်ထမ်းတွေဘက်က ကြည့်မယ်ဆိုရင်တော့ အလုပ်လုပ်ရတာ ပိုပြီးတင်းကြပ်လာတယ်။ ဖိအားတွေ ပိုများလာတယ်။ တစ်ဖက်မှာတော့ ကျွမ်းကျင်မှုလည်း တိုးလာပါတယ်။ ဒါပေမဲ့ ခံစားခွင့်တော့ တိုးမလာတော့ပါဘူး။
ဝန်ထမ်းတွေကို ကျွမ်းကျင်မှုတိုးအောင် လုပ်တာဟာ Quality အတွက်တင်မဟုတ်ဘဲ အချိန်တိုမြန်ဆန်လာခြင်းဆိုတဲ့ အကျိုးကျေးဇူးကိုပါ တစ်ပါတည်း ရနိုင်ပါတယ်။ Keppel Shipyard ဟာ သူ့ရဲ့ ကျဉ်းကြပ်လာတဲ့ ဈေးကွက်အခြေအနေကို အပြောင်းအလဲတချို့နဲ့ စံနစ်တကျ ဖြေရှင်းနိုင်အောင် ကြိုးစားတာပါပဲ။ ကုမ္ပဏီကြီး ဖြစ်တာနဲ့အညီ Brain storming လုပ်တဲ့ အဖွဲ့တွေ စံနစ်တကျရှိထားတာမို့ ဆိုးဆိုးရွားရွား မဖြစ်အောင် အပြောင်းအလဲတွေကို တွန်းထိုးပြီး လုပ်ပါတယ်။
(ဆက်ပါဦးမည်…)
(ရုပ်ပုံများကို Google နှင့် ကိုယ်တိုင်ရိုက်ထားသော လုပ်ငန်းခွင်ပုံများကို သုံးပါသည်။)
No comments:
Post a Comment