အနုပညာဆိုတဲ့ စကားလုံးက စာလုံးလေး ၄ လုံးထဲပေမဲ့ သူ့အကြောင်းပြောရင် အတော်ကျယ်ပြန့်တဲ့ ကိစ္စပါ။ အနုပညာတွေ အမျိုးမျိုး ရှိတဲ့ထဲကမှ စိတ်ထဲမှာ ရှိသမျှနဲ့ ကျွန်တော့ကိုယ်ပိုင် ခံစားမိသမျှ စိတ်ကူးပေါက်ရာ အနုပညာအကြောင်း နည်းနည်းတို့ထိချင်တာနဲ့ ဒီစာကို ရေးပါတယ်။
ကျွန်တော်ငယ်ငယ် ကျောင်းသားဘဝလောက်တုန်းက နွေရာသီကျောင်းပိတ်ရက်တိုင်း သင်တန်းတစ်ခုမဟုတ်တစ်ခု တက်ရပါတယ်။ တစ်ခုသော နွေကျောင်းပိတ်ရက်မှာ ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတဲ့ ကျွန်တော့ကို အမေက YMCA မှာဖွင့်တဲ့ ပန်းချီသင်တန်းကို ပို့ပါတယ်။ အခု ပန်းချီဆရာမလေး ချောအိသိမ်းရဲ့ အဖေ ဦးမောင်မောင်သိမ်းက ကျွန်တော်တို့ ဆရာပေါ့။ အဲဒီကတည်းက ဆရာ့ကျေးဇူးနဲ့ အလင်းအမှောင်၊ အနီးအဝေးသဘော၊ မျဉ်းတွေရဲ့ အလှ၊ ကောက်ကြောင်းတွေရဲ့ အလှကို ခံစားတတ်ခဲ့ပါတယ်။
ကျွန်တော့သမီးရဲ့ ငါးကြော် (၃) ကောင် |
ဒါပေမဲ့ ဝါသနာပါရာ စိတ်ဝင်စားရာကို အဲဒီနွေရာသီပန်းချီသင်တန်းလေးက နည်းစံနစ် အခြေခံလေးနည်းနည်း ထိတွေ့ခွင့်ရခဲ့တာမို့ သာမာန်သူများတကာထက်တော့ နည်းနည်းပိုပြီး အနုပညာကို ခံစားတတ်တဲ့စိတ်၊ အလှအပကို ခံစားတတ်တဲ့ စိတ်နဲ့ အကောင်းမြင်တတ်တဲ့စိတ်ကလေး ရခဲ့တယ်ဆိုရင် မမှားပါဘူး။ ဆရာဦးမောင်မောင်သိမ်းတို့ နိုင်ငံခြားမှာ ပန်းချီပညာလေ့လာကြတော့ အမျိုးသမီးကိုယ်ဟန်ပြမယ်တွေရဲ့ မိမွေးတိုင်းဖမွေးတိုင်းပုံတွေ လက်တွေ့ရေးကြရတယ်ဆိုတော့ ကျွန်တော်တို့ ရယ်ကြပါတယ်။ ရှက်စရာကြီးပေါ့လေ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ အလှဆုံးကောက်ကြောင်းတွေဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာပဲရှိတယ်ဆိုတဲ့ စကားကိုတော့ အဲဒီတုန်းကတည်းက ရင်းနှီးခဲ့တာပါ။ သိပ်တော့ နားမလည်ခဲ့ပါဘူး။
ကျွန်တော် ၉ တန်းနှစ်လောက်အရောက်မှာ ယဉ်ကျေးမှုတက္ကသိုလ်မှာ ပန်းချီအဓိကနဲ့ တက်နေတဲ့ အစ်မတစ်ယောက်ကို ရင်းနှီးခွင့် ရခဲ့ပါတယ်။ သူတို့က အမေတစ်ခု သမီးတစ်ခု နေကြတာပါ။ သူတို့ သားအမိက တကယ့်ကို ဆင်းဆင်းရဲရဲ တဲသာသာ အိမ်လေးနဲ့ နေရပေမဲ့ စိတ်ဓါတ်ရေးရာ အတော်မာကျောတဲ့ သားအမိတွေပါ။ ဒါပေမဲ့ ခံစားလွယ်တဲ့နေရာမှာလည်း အတော်ပြင်းထန်တယ်လို့ ဆိုရပါမယ်။ မာကျော အကဲဆတ်တဲ့ မာနနဲ့ ထိရှ ခံစားလွယ်ခြင်း ဆိုတဲ့ ဆန့်ကျင်ဘက်သဘော ၂ ခု ပေါင်းနေတာဟာ အနုပညာရှင်တွေရဲ့ ပင်ကိုယ်သဘောပါလားလို့ သေသေချာချာ နားလည်ခဲ့ရပါတယ်။ သူတို့သားအမိကို အနုပညာရှင် စစ်စစ်တွေလို့ ကျွန်တော်က သတ်မှတ်ပါတယ်။ သူတို့ကို စံ ထားလို့ တွေးကြည့်တဲ့အခါ အနုပညာရှင်စစ်စစ်တွေဟာ သူတို့ရဲ့ စိတ်အခြေခံကိုက လွတ်လပ်မှု၊ ချုပ်တည်းမှု၊ ထိရှလွယ်မှု၊ မာကျောမှု၊ ပျော့ပြောင်းမှု၊ ထိုးထွင်းမှု၊ ရှေးရိုးဆန်မှု၊ အစွဲအလန်းကြီးမှု၊ နားလည်မှု စတဲ့ ဆန့်ကျင်ဘက်တွေ ပေါင်းစပ်ထားတဲ့ နှလုံးသားမျိုး….. တစ်နည်းအားဖြင့် သူတို့ရဲ့ စိတ်နှလုံးသားကိုက အရောင်စုံ အသွေးစုံနဲ့ အနုပညာမြောက်နေတော့တာ။ သူတို့ကိုယ်တိုင်က ပန်းချီကား တစ်ချပ်လို့ကို စိတ်ထဲမှာ ထင်မိပါရဲ့။
Contour line များရဲ့ အလှ |
အဲဒီလိုပဲဗျ။ ပန်းအိုးတွေ၊ ခွက်တွေကို ကွန်တိုနဲ့ ဆွဲထားတယ်။ ပြီးတော့ လူပုံ။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကွန်တိုနဲ့ဆွဲထားတာ။ ကျွန်တော် အံ့အားသင့်သွားတယ်။ တစ်ခုလုံး မျဉ်းတွေချည်းပဲ။
ကွန်တိုတွေဟာ တောတောင်ချိုင့်ဝှမ်းတွေ၊ ပထဝီပုံတွေမှာပဲ အသုံးဝင်တယ်လို့ထင်ထားတာ။ အခုလို
လူပုံကို ကွန်တိုနဲ့ဆွဲတဲ့အခါ အမို့မဖောင်းအကောက်အဝိုက်တွေဟာ ကွန်တိုကောက်ကြောင်းတွေနဲ့ လှနေလိုက်တာ။ ပုံက ကြွနေသလိုကို ထင်ရတယ်။ ဒါ 3D တွေ ဘာတွေ မဟုတ်သေးဘူး။ ပုံကလည်း လူတစ်ယောက်ပုံ ပီပီကြီး ဆွဲထားတာ မဟုတ်ဘဲ ကွန်တိုတွေ သက်သက်ပါ။ ဘာ တဏှာရာဂစိတ်မှ မဖြစ်စေတဲ့ တကယ့်ခဲခြစ်ပုံ။
ကွန်တိုများနဲ့ အမျိုးသမီး |
မိုနာလီဇာ |
ခံစားရတဲ့ခံစားမှုကို သူ့အနုပညာနဲ့ ဖန်တီးဖေါ်ပြပြီး ကျန်တဲ့သူတွေကို ဝေမျှပေးတယ်။ ဒါကြောင့် ဖန်တီးမှုကို အခြေခံတဲ့အတွက် အနုပညာသည်တွေဟာ လွတ်လပ်မှုကို မြတ်နိုးကြတယ်။ ပန်းချီကားတွေကို ဆွဲတဲ့အခါ တချို့သော ဆရာတွေဟာ ပန်းချီကားကို ဘောင်မထားချင်ဘူး။ ဘောင်ပေါ်အထိ တက်ဆွဲတဲ့ဆရာတွေ ရှိတယ်။ ဒါတွေအားလုံးကို အနုပညာစိတ်နဲ့ မကြည့်တတ်ရင်၊ မခံစားတတ်ရင် မိုနာလီဇာပန်းချီကား ဘာကြောင့်ကမ္ဘာကျော်တယ်ဆိုတာကို ခင်ဗျားနားလည်မှ မဟုတ်ဘူး။ တချို့ပန်းချီဆရာတွေ ဘာကြောင့် ဘောင်ကျော်ပြီး ဆွဲတယ်ဆိုတာ နားလည်ဖို့ ဝေးပါသေးရဲ့။
နောက်တစ်ခုုက အနုပညာဆိုတာ ယဉ်ကျေးသူတို့ရဲ့ အရာဗျ။ ဒါကြောင့် တချို့ချမ်းသာသူတွေဟာ အနုပညာလက်ရာတွေကို သူတို့ ဧည့်ခန်းမှ ဈေးကြီးပေးဝယ်ပြီး ပြထားတတ်တယ်။ တစ်ခါတစ်ရံ ဘာမှ နားမလည်ဘဲ ဈေးကြီးပြီးရော ဝယ်ပြထားသူတွေလည်း ရှိရဲ့။ တကယ်နားလည်ခံစားတတ်တဲ့ သူဋ္ဌေးတွေကို မဆိုလိုပေမဲ့ နားမလည် ပါးမလည် ကြွားဝါတဲ့သဘော ဝယ်ထားတဲ့ သူဋ္ဌေးတွေရဲ့ သဘောကတော့ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို ကြွားဝါလိုခြင်းက တစ်ချက်၊ နောက်တစ်ချက်က သူတို့ဟာ အနုပညာကို ခံစားတတ်တဲ့ လူယဉ်ကျေးတွေပါလို့ အထင်ကြီးခံလိုခြင်းက တစ်ချက်ပါ။
အနုပညာကို ခံစားတတ်ဖို့ဆိုတာ ဆင်းရဲတာ ချမ်းသာတာနဲ့ သိပ်တော့ မဆိုင်လှဘူးလို့ ပြောနိုင်တာပေါ့ဗျာ။ ဘာကြောင့်လည်းဆိုတော့ အနုပညာသည် အတော်များများက မအောင်မြင်သေးခင် ဆင်းဆင်းရဲရဲ ကြိုးစားခဲ့ရတဲ့ ဇာတ်လမ်းတွေ ခင်ဗျားလည်း ကြားဖူးမှာပေါ့။ ဒါပေမဲ့ဗျ…. အနုပညာစားသုံးသူ လို့ သုံးရင်ရမလားဘဲ…. ဥပမာ ကျွန်တော့လိုပေါ့။ ကိုယ်တိုင်တော့ ကျကျနန မဖန်တီးတတ်ဘူး။ ဒါပေမဲ့ ဖန်တီးထားတဲ့ အနုပညာတစ်ခုကို ခံစားတတ်တယ်။ အဲဒီလို လူမျိုးအတွက်ကျတော့ အနုပညာကို ခံစားဖို့ အခြေအနေ အချိန်အခါ ရှိတယ်ဗျ။ Project ကအရမ်း အလုပ်များနေချိန်မှာ၊ ဒီလောက် ဖုန်းတဂွမ်ဂွမ်နဲ့ စိတ်ရောလူရော ပင်ပန်းကြီးစွာ လုပ်နေရတဲ့အချိန်မှာ အလုပ်ဇောနဲ့ ကပ်ပြီး ဘာအနုပညာကိုမှ သတိမရတတ်ပါဘူး။ ဒါပေမဲ့ Facebook ပေါ်ကို တက်လာတဲ့ ပန်းချီကားလေး တစ်ချပ်တစ်လေကိုတော့ အချိန်ခိုးပြီး ယစ်မူးကြည့်တတ်ပါတယ်။ မူးစရာ ပန်းချီလေးတစ်ကားလောက် တွေ့ရင် စိတ်ထဲမှာ refresh ဖြစ်တာတော့ အမှန်။
ဆရာကြီး ဦးငွေကိုင်ရဲ့ လက်ရာ နာဂအမျိုးသမီးငယ် (၁၉၅၀-ခုနှစ်) |
အခုတလော Facebook မှာ တက်လာတဲ့ post တွေနဲ့ Comment တွေထဲက တချို့ကို ကြည့်ရင်း Celebrities တချို့ရဲ့ ဖေါ်ချွတ်ကြတဲ့အပေါ် မြန်မာ့ယဉ်ကျေးမှုနဲ့ မညီလို့ ရေးကြသားကြတာတွေ တွေ့ပါတယ်။ ဟုတ်ပါတယ်။ ပြောလည်း ပြောချင်စရာပါ။ ဒီလောက ကတော့ အနုပညာလို့သာ ပြောရတာပါ။ စစ်စစ်မှန်မှန်တော့ မတွေ့ရသလောက်ပါပဲ။ ကျွန်တော်ပြောချင်တဲ့ အနုပညာက ဒီရုပ်ရှင်လောကကို မဆိုလိုပါဘူး။ အဲဒီတော့ ဒါကိုတော့ ခဏဖယ်ထားပါ့မယ်။
ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုဆိုတာကတော့ တိတိကျကျ အဓိပ္ပါယ်ဖွင့်ရင် ပိုကောင်းမယ်လို့ ကျွန်တော်ထင်တယ်။
ကြိုက်သလိုသာ ခံစား၊ အဲဒါ စင်ကာပူက ပုံ |
ကျွန်တော်တို့ သာမာန်လူတွေရဲ့ မျက်စိထဲမှာ ရုပ်ချောချာ ကိုယ်လုံးကိုယ်ပေါက် လှလှနဲ့ မိန်းကလေးတစ်ယောက်ကို လှတယ်လို့ ထင်ပေမဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ မျက်စိထဲမှာ ရုပ်ဆိုးဆိုး၊ ဗိုက်ခေါက်အကြီးကြီး၊ တင်ပါးအကြီးကြီး၊ အဆီအခေါက်တွေ အလိပ်လိုက် အလိပ်လိုက် ဖြစ်နေတဲ့ မိန်းမကြီးကိုမှ လှတယ်ထင်ချင် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါမျိုးကြီးရဲ့ပုံကို အလင်းအမှောင်ကောင်းကောင်းလေးနဲ့ဆွဲမှ အဲဒီအထပ်ထပ် အလိပ်လိပ် အခေါက်ကြီးတွေရဲ့ အဝန်းအချိုင့်တွေ၊ အဝိုက်အမောက်တွေကို သေသေချာချာ ရေးနိုင်မှာကိုး။ အလင်းအမှောင်ကြောင့် အရိပ်တွေကလည်း လှလှပပ ရနိုင်ဦးမှာလေ။ လှလှပပ ကောင်မလေးပုံကို ဆွဲတာက သာမာန်ပုံလှလှ တစ်ပုံပဲ ဖြစ်နိုင်မှာ ဖြစ်ပေမဲ့ ဒီလို ဝ ဝ ပုံပျက်ကြီးတွေရဲ့ အလှအပကို သာမာန်လူတစ်ယောက်ရဲ့ ခံစားမှုနဲ့ ခံစားတတ်ဖို့ မလွယ်ပါဘူး။
စင်ကာပူမှာတော့ ဘယ်နေရာသွားသွား ဘာမှန်းမသိတဲ့ အနုပညာလက်ရာတွေ ရှိပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုရယ်လို့ မရှိရှာတော့ နိုင်ငံတကာက လက်ရာတွေကို တုပထားတဲ့ လက်ရာတွေ စင်ကာပူမှာ များပါတယ်။
Singapore City Hall မြစ်ဘေးက ငှက်ကြီးတစ်ကောင် |
Singapore အနုပညာပြတိုက်ရှေ့က ယုန်ကလေး |
အချိန်ကာလတော့ ကျွန်တော်မမှတ်မိတော့ပါ။ ရမ်းသမ်းမှန်းသမ်း ပြောရမယ်ဆိုရင်တော့ ၁၉၈၇ ခုနှစ် ဝန်းကျင်လောက် ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ငယ်ငယ်က ရန်ကုန်မြို့လယ် ရုပ်ရှင်ရုံ မှတ်တိုင်နားမှာ ကြော်ငြာဘုတ်တွေ စိုက်ထားတဲ့ ပန်းခြံအသေးလေးတစ်ခု ရှိပါတယ်။ ပိုစတာပန်းခြံလို့ပဲ ခေါ်ကြပါတယ်။ ပန်းခြံကို သေးစားပြင်ဆင်မှုတချို့ လုပ်တော့ ရေကန်လေးတစ်ခုနဲ့ ရေကန်အလယ်မှာ ထူးထူးခြားခြား ရေသူမရုပ်ထုလေးတစ်ခု ပါလာပါတယ်။ ရေသူမရုပ်က တကယ့်လူတစ်ယောက်ရဲ့ အရွယ်အစားအတိုင်းရှိပြီး ဘာအရောင်မှ မပါဘဲ ဆွတ်ဆွတ်ဖြူ ပလတ်စတာ အရုပ်လေးပါ။ အမှတ်တမဲ့ကြည့်ရင် ကျောက်ဖြူသားနဲ့ ထုဆစ်ထားသလိုပါပဲ။ ထူးထူးခြားခြားလို့ ပြောရတာက အပေါ်ပိုင်းက ဘာမှမဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အချိုးအဆစ်ကျတဲ့ ခန္ဓာကိုယ်ပါ။ အောက်ပိုင်းကတော့ ငါးကိုယ်လုံးလေးပေါ့။ ဆံပင်ရှည်ရှည်လေးနဲ့ မျက်နှာကျလေးကလည်း အရမ်းကို လှပပြီး ကိုယ်လုံးလေးကို ထုဆစ်ထားတာကလည်း အချိုးအစား အရမ်းပြေပြစ်လွန်းတဲ့ လက်ရာမြောက် ပန်းပု လက်ရာ တစ်ခုပါ။ ကျွန်တော်က ငချွတ်ပဲရှိသေးပေမဲ့ ပန်းချီ၊ ပန်းပုနဲ့ ပတ်သက်ရင် ခံစားတတ်နေပြီ။
အဲဒီ ဆွတ်ဆွတ်ဖြူ ရေသူမလေးကြောင့် ပိုစတာပန်းခြံမှာ ညနေပိုင်းဆို အနားယူ အပန်းဖြေသူတွေ များလာခဲ့တယ်ဆိုရင် မမှားပါဘူး။ ကွမ်းယာရောင်းသူတွေ၊ ရေသူမလေးကို ထိုင်ငေးသူတွေနဲ့ စည်ကားခဲ့တာပေါ့။ ကျွန်တော် တကယ်ပြောတာပါ။ အဲဒီ ရေသူမလေးဟာ ဘာအရောင်မှ မပါပဲ ဖြူဖြူဆွတ်ဆွတ်လေး ဖန်တီးထားတာဟာ ဖန်တီးသူ အနုပညာရှင်ရဲ့ ရင်ထဲက ပေါက်ဖွားလာတဲ့ idea တစ်ခုပါ။ အနုပညာမှာ ဈာန် ဆိုတာ ရှိတယ်ဗျ။ ဝင်စားမှု လို့ အတိုချုံးပြောရင် နီးစပ်မယ် ထင်ပါရဲ့။ အဲဒီ ဈာန် နဲ့ ကျွမ်းကျင်မှုနဲ့ အချိုးညီညီ ပေါင်းစပ်ထားရင် အဲဒီအနုပညာဟာ အသက်ဝင်တော့တာပါပဲ။
အခုခေတ်လို ဆိုရင်တော့ ဒီရေသူမလေးဟာ Facebook မှာ နေရာအတော်များများ ယူမဲ့ အရုပ်ကလေးလို့ ကျွန်တော်ပြောရဲပါတယ်။ အဲဒီ ပန်းပုဆရာဟာလည်း ဂျာနယ်အင်တာဗျူးတွေမှာ ဝေဝေဆာနေလောက်ပြီလို့ ကျွန်တော်တွေးမိတယ်။ ဒါပေမဲ့ အဲဒီတုန်းကတော့ ပန်းပုဆရာ ဘယ်သူမှန်းတောင် မကြားဖူးလိုက်ပါဘူး။ ပန်းခြံထဲမှာ ရေသူမလေးကို ကြည့်မဝသူတွေ အများကြီးထဲမှာ ဒီဆရာ ပါမှာပဲလို့ ကျွန်တော် တွေးဖူးတယ်။ သူကျေနပ်နေမှာပဲလို့ ကျွန်တော်ထင်တယ်။
ဒါပေမဲ့ဗျာ… သိပ်မကြာခင်မှာပဲ မဂ္ဂဇင်းတွေ၊ ကာတွန်းတွေ၊ သတင်းစာတွေမှာ ပြဿနာက စ လာပါတော့တယ်။ ရေသူမရုပ်ဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး ဖြစ်လာပါတော့တယ်။ တကယ်ပါ။ ကလေးပဲ ရှိသေးတဲ့ ကျွန်တော်ဟာ ရေသူမလေးအတွက် စိတ်ပူသွားခဲ့ပါတယ်။ ဖန်တီးသူရဲ့ ရင်ထဲမှာ ဘယ်လိုနေမလဲလို့ အခု ပြန်စဉ်းစားမိပါတယ်။ အဲဒီနောက်တော့ မြို့တော်စည်ပင်က စဉ်းစားဆင်ခြင်ဉာဏ်နုံနဲ့တဲ့ အရူးတွေက ယဉ်ကျေးမှုလို့ နာမည်တပ်ထားပြီး ရိုင်းစိုင်းတဲ့ လုပ်ရပ်အဖြစ် ရေသူမလေးကို ဆေးရောင်တွေ ခြယ်လိုက်ပါတော့တယ်။ ရင်သားနေရာမှာ ဘရာဇီယာပုံ အနက်ရောင်ပေါ့။ မျက်ခုံး မျက်လုံးတွေကိုလည်း အနက်ရောင်ပေါ့။ ဆံပင်တွေလည်း အနက်ရောင်ပေါ့။ ငါးကိုယ်လုံးလေးလည်း အစိမ်းရောင်ပေါ့။ တန်ဖိုးရှိတဲ့ အနုပညာတစ်ခုဟာ မခံစားတတ်သူ၊ တန်ဖိုးနားမလည်သူ၊ အရိုင်းအစိုင်းတွေရဲ့ လက်ထဲမှာ ပျက်စီးသွားခဲ့ပါတော့တယ်။
ဘာမှ ဝတ်မထားတဲ့ ရေသူမလေးက ရိုင်းတာ မဟုတ်ဘူး။ အနုပညာတစ်ခုကို မခံစားနိုင်လောက်အောင်၊ နားမလည်လောက်အောင်၊ တန်ဖိုးမထားတတ်တဲ့ သူတွေ၊ သူတစ်ပါးက ရင်နဲ့ ဖန်တီးထားတဲ့ အနုပညာတစ်ခုကို ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာနဲ့ ယဉ်ကျေးမှုကို ဗန်းပြ ဖျက်ဆီးပစ်တဲ့ ခင်ဗျားတို့က ရိုင်းတာ။ အရိုင်းအစိုင်းတွေ။
နောက်ဆုံးတော့ ပိုစတာပန်းခြံထဲက အနုပညာတစ်ခုဟာ အပြီးသတ်လုံးလုံးလျားလျား ဖယ်ရှားဖျက်ဆီးခံလိုက်ရပါတော့တယ်။ နှမျောလိုက်တာ။ ကျွန်တော် ဘယ်လောက်အထိ တန်ဖိုးထားခဲ့တယ်ဆိုတာ အဲဒီတုန်းက နားမလည်ခဲ့ဘူး။ အခုလို ကျွန်တော့မှာ ပြောစရာစကားတွေ မကြွယ်သေးဘူး။ အခုထိ ဒီရေသူမလေးကိစ္စကို ကျွန်တော့်ရင်ထဲမှာ ရှိနေသေးတာကို စဉ်းစားမိတော့မှ ကျွန်တော် အနုပညာတစ်ရပ်ကို ဘယ်လောက်ထိ စွဲလန်းခံစားခဲ့တယ်ဆိုတာကို သတိထားမိတာ။ ဒီကိစ္စကို ကျွန်တော့ရင်ထဲမှာ မကျေနပ်ခဲ့တာ အခုထိပဲ ဆိုပါတော့။
Singapore Botanic Garden |
နောက်တီးနောက်တောက် ပြောချင်ရင်တော့ မင်းကြိုက်တာ ရေသူမလေးက ကိုယ်တုံးလုံးလေးမို့ ကြိုက်တာလို့ ပြောနိုင်ပါတယ်။ ဒါဆို ဆေးတွေခြယ်လည်း ကြိုက်ရမှာပေါ့…. ဆေးတွေ ခြယ်တော့ အပြင်က
လူပုံနဲ့ ပိုမတူသွားဘူးလားလို့ မေးစရာရှိပါတယ်။ အမှန်ပြောတာပါ။ ပျက်ဆီးသွားတယ်လို့ပဲ ခံစားခဲ့ရတယ်။ ဒီရေသူမလေးကိုကြည့်ပြီး နှာထနေတဲ့ တဏှာရူးတွေလည်း ရှိမှာပေါ့။ ကျွန်တော်တို့ လူမျိုး (အထူးသဖြင့် အမျိုးသားတွေ) ရဲ့ အကျင့်တစ်ခုကို ပြောရရင် အဲဒါမျိုး မိန်းကလေးတစ်ယောက်ရဲ့ ရင်တွေ တင်တွေကို မြင်တဲ့အခါ အငမ်းမရ ငတ်ငတ်ပြတ်ပြတ် မျက်လုံးမျိုးတွေနဲ့ အိန္ဒြေပျက်လောက်အောင်ကြည့်၊ မျက်နှာတွေဘာတွေ နီလာအောင် ကြည့်ပါတယ်။ အဲ… ကြည့်လို့ ဝပြီဆိုတာနဲ့ စ တင်ပြီး ရစရာ မရှိအောင် ပြောပါတော့တယ်။ အရှက်မရှိဘူးတို့၊ ယဉ်ကျေးမှု မရှိဘူးတို့၊ အမျိုးဂုဏ် ဇာတိဂုဏ်တို့နဲ့ နှစ်ပြားမတန်အောင် ပြောပါတော့တယ်။
တကယ်တမ်း အရှက်မရှိ ဖေါ်ချွတ်နေတာမျိုးနဲ့ အနုပညာကို ခွဲခြားမမြင်တတ်တာ မြန်မာအများစုပါ။ တကယ်တမ်း အဲဒီလို မကွဲပြားပဲ နေရာတကာ အရိုင်းကြည့်ပဲ ကြည့်တတ်၊ မြင်တတ်၊ ရိုင်းရိုင်း ပြပြ ပြောဆို ဆဲရေး ကဲ့ရဲ့ နေတာကသာ ရှက်စရာ ကောင်းတာပါ။ အောက်တန်ကျတဲ့ စိတ်ဓါတ်တွေလို့ပဲ ဆိုပါရစေ။
ထိုင်း အမျိုးသမီးတစ်ယောက် ပြောသလိုပါပဲ။ မင်းတို့ မြန်မာတွေရဲ့ သိက္ခာကို တကယ်ချနေတာ မြန်မာအမျိုးသမီးတွေ မဟုတ်ပါဘူး…တဲ့။ အဲဒီလို အိန္ဒြေမရှိ သိက္ခာမရှိ မစောင့်စည်း မထိန်းသိမ်းတတ်တဲ့ မြန်မာအမျိုးသားတွေကြောင့်ပါ..တဲ့။ တကယ်တမ်း ထိန်းသိမ်းတယ်ဆိုတာ အမျိုးသမီးတွေကိစ္စချည်းပဲ မဟုတ်ပါ။ အမျိုးသားတွေကရော… ဘာတွေ ဘယ်လောက် ထိန်းသိမ်းနိုင်ကြ ပါသလဲ။ ထိန်းသိမ်းတာရဲ့ နောက်မှာ စောင့်ရှောက်တယ်ဆိုတာ ပါ ပါသေးတယ်။ ဘာတွေ ဘယ်လောက် စောင့်ရှောက် ကြပါသလဲ။ ငါတို့ အမျိုးသမီးတွေ သူများစော်ကားတာတော့ မခံဘူး….. ငါတို့ပဲ စော်ကားမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေနဲ့တော့ ...... ခက်ပဲ ခက်ရချည်သေးရဲ့ဗျာ…….။
No comments:
Post a Comment