Tuesday, September 2, 2014

မိုးပေါ်သို့ ချောင်းကြည့်ခြင်း



 မေမြတ်မွန်အသံနဲ့ ပြောရရင်.... (ပြောရုံပဲ ပြောမှာ.. သူ့လို ပြစရာတော့ ရှိဘူး..)

သူငယ်ချင်းတို့ရေ...... ကြယ်တွေ၊ နက္ခတ်တာရာတွေ၊ နေတွေ၊ လတွေ၊ ကောင်းကင်က လက်လက်လက်လက်လေးတွေကို စိတ်ဝင်စားသော်ငြား ဘာမှ နားမလည်တဲ့ ငပိန်းလေးတစ်ကောင်ရဲ့ တယ်လီစကုတ်တစ်လုံး ဝယ်တဲ့အကြောင်းကိုနားထောင်ကြမလား။ နားမထောင်ချင်လည်း အတင်းပြောပြမှာပါပဲနော်။

စင်ကာပူက အရုပ်ဆိုင်တွေမှာ ကလေးတွေရဲ့ သိချင်တတ်ချင်စူးစမ်းချင်တဲ့စိတ်ကို နှိုးဆွပေးတဲ့ ကစားစရာလေးတွေ အများကြီး ရောင်းပါတယ်။ Anti-Gravity အကြောင်း စမ်းသပ်တာ၊ မော်တာနဲ့ အရုပ်လေးတွေဆင်တာ၊ ပုရွက်ဆိတ်လေးတွေ အိမ်ဖွဲ့တာ၊ တိမ်အတု ဖန်တီးတာ စသဖြင့် ကစားရင်း ပညာရစေမဲ့ ကစားစရာတွေ အမျိုးမျိုးကို ရနိုင်ပါတယ်။ တချို့ကစားစရာတွေက အဆင့်မြင့် နည်းပညာကို ကလေးဆော့တဲ့အဆင့် ဖြစ်အောင် ဖန်တီးထားတာကို အံ့သြစရာ တွေ့ရမှာပါ။ ပြီးတော့ တယ်လီစကုတ်တွေ၊ မိုက်ခရိုစကုတ်တွေပါ ရောင်းပါတယ်။ ကလေးဆော့တဲ့ဟာရယ်လို့ ပေါ့ပေါ့တော့ မထင်လိုက်ပါနဲ့။ အခြေခံကနေ အလယ်အလတ်အဆင့်လောက်ထိ သုံးလို့ရတဲ့ အဆင့်မီ equipment တွေပါ။


ကစားရင်း သင်၊ သင်ရင်း ကစားနေသော ကလေးငယ်များ

သူတို့လေးတွေရဲ့ ဘဝတွေကို မြှင့်နိုင်မှ....  
Anti-Gravity Magnetic Levitation ဖြင့် လုပ်ထားသော အိမ်အလှဆင်ပစ္စည်းလေးတစ်ခု

ကလေးများ ဆော့ကစားရင်း Anti-Gravity သဘော ကို လေ့လာနိုင်သည်
ကစားရင်း ကလေးများ စူးစမ်းလေ့လာချင်စိတ် ပိုမိုတိုးပွားလာစေသည်

 အဲဒီမှာ VIVITA telescope တွေ၊ Microscope တွေကို ကလေးတွေအတွက် ရောင်းပါတယ်။ Star Theatre ဆိုတဲ့ 3D နဲ့ ကလေးတွေ ကြည့်ချင်အောင် လုပ်ထားတဲ့ နက္ခတ်တာရာမြေပုံ လိုမျိုးတွေလည်း ရှိပါတယ်။ ငယ်ငယ်က ဒါမျိုးတွေ မတွေ့ဖူး၊ မကြုံဖူးခဲ့တဲ့ ကျွန်တော်တို့လို လူကြီးတွေအတွက်လည်း ကလေးပြန်ဖြစ်ချင်စိတ် ပေါက်လောက်ပါရဲ့။ ဒါနဲ့ပဲ ကလေးဘဝပြန်ရောက်သွားတဲ့ ကျွန်တော့လို လူကြီးကလေးတွေလည်း အရုပ်ဆိုင်မှာ မနည်းဘူးခင်ဗျ။ မကြီးမငယ် RC Remote နဲ့ ကစားတဲ့ ဟယ်လီကော်ပတာတွေ၊ ကားတွေ၊ လေယာဉ်ပျံတွေ၊ စက်ရုပ်တွေ ဝယ်ဆော့ကြတာပေါ့ခင်ဗျာ။ ဘေးလူတွေ မြင်ရင်တော့ အိမ်က ကလေးအတွက် ဝယ်တယ် ထင်တာပေါ့။ အမှန်ကတော့ ငယ်ငယ်က တစ်ခါမှ မဆော့ဖူးခဲ့တာလေးတွေ ဒီအသက်အရွယ်ကျမှ ဝယ်ဆော့ကြရတဲ့ ကျွန်တော်များခင်မျာ သနားစရာလေးတွေပါဗျာ။ အသက် ၄၀ နားနီးမှ ကလေးကစားစရာတွေမြင်ပြီး စူးစမ်းလေ့လာချင်စိတ်တွေ တဖွားဖွားပေါ်နေကြတာ သနားစရာမကောင်းဘူးလားခင်ဗျ။

နည်းနည်းဇာတ်နာအောင် ငယ်ကျိုးငယ်နာ ပြောရပြီး ကိုယ့်အရှက် ကိုယ်ခွဲလိုက်ဦးမယ်။ ပြီးခဲ့တဲ့ ၅ နှစ်လောက်တုန်းကလည်း အဲဒီလိုပဲ အရုပ်ဆိုင်မှာ တရုတ်ကလာတဲ့ တယ်လီစကုတ် အသေးလေးတွေ (Discount) ဈေးချရောင်းတာတွေ့တော့ ခပ်ယားယားရှိတာနဲ့ ဝယ်ဆော့ဖူးသေးတယ်ဗျ။ S$19 လား ပေးရပါတယ်။ ဇာတာက မကောင်းချင်တော့ ဈေးပေါပေါနဲ့ ဝယ်လာတဲ့ အဲဒီ တယ်လီစကုတ်က ကြည့်လို့တော့ရတယ်။ ဒါပေမဲ့ ပြောင်းပြန်ကြီး ပေါ်သဗျ။ ကြည့်လို့ရတာကလည်း ရှေ့ မီတာ ၅၀ လောက်ပဲ ကောင်းကောင်း (ပြောင်းပြန်ကြီး) မြင်ရပါတယ်။ အံမာ… အချဉ်တော့ မထင်နဲ့။ Eyepiece က ၂ ခု ပါသေး။ ဒါပေမဲ့ နောက် Eyepiece တစ်ခုက ဘယ်လိုမှ ကြည့်လို့ အဆင်မပြေပါဘူးဗျာ။ ဒါနဲ့ပဲ သူငယ်ချင်းတစ်ယောက်က သူ့ကလေးဆော့ချင်တယ်ဆိုတာနဲ့ လက်ဆောင် ပေးလိုက်ပါတယ်။

အခုလည်း ကျွန်တော့ရဲ့ တစ်ဦးတည်းသော ချစ်သမီးလေးအတွက် အရုပ်ဆိုင်မှာ အရုပ်လေးတွေ သွားရှာရာက ဒီဇာတ်လမ်း စ ပါတယ်။

အဲဒီမှာတင် ငယ်ငယ်က ရောဂါဟောင်းကိုဆွတဲ့ ပစ္စည်းတစ်ခု တွေ့ပါရော။ မျက်စိရှေ့မှာ 70mm/700mm Vivitar Telescop တစ်ခု။ မျက်စိက အဲဒီဟာကနေ ခွာမရဘူး။ Diameter က 70mm၊ အရှည်က 700mm ဆိုတော့ ဒါတော်ရုံ ကမြင်းတဲ့အဆင့်တော့ မဟုတ်လောက်ဘူးဆိုတာတော့ သဘောပေါက်တယ်။ ဈေးကလည်း S$249 ဆိုကိုးဗျ။ Tripod ပါ ပါတယ်။ Set လိုက်ပေါ့လေ။ လိုချင်တယ်ဆိုပေမဲ့ စိတ်ထဲမှာ အရင်တစ်ခါလို မှားမှာလည်း ကြောက်တယ်။ ဒီတစ်ခါမှားရင် S$249 ဆိုတော့ နည်းနည်းတော့ တွန့်တာပေါ့ဗျာ။ နောက်တစ်ခုက ဒါမျိုးပစ္စည်းဆိုတာ ကိုယ်လိုအရူးမျိုးကသာ တန်ဖိုးထားမှာကိုး။ မကြိုက်လို့ ပြန်ရောင်းချင်ရင် အလွယ်တကူ ပြန်ရောင်းလို့ ရတဲ့ ပစ္စည်းမျိုးမှ မဟုတ်တာ။ ပြီးတော့ စိတ်ထဲမှာလည်း ပိုက်ဆံဖြုန်းပြီး ကမြင်းတာ ဒီလောက်ထိ ကမြင်းသင့်သလား ဆိုတာ ချင့်ချိန်နေတာလည်း ပါတာပေါ့။



စင်ကာပူ ကလေးကစားစရာဆိုင်များတွင် ရောင်းချလေ့ရှိသော တယ်လီစကုတ်တစ်ခု

အဲဒါနဲ့ ဒီအကြောင်းတွေ လေ့လာဦးမှ ပါလေဆိုပြီးတော့ စိတ်ထဲမှာ တေးလာခဲ့တယ်။ ငယ်ငယ်ကတည်းက ကြယ်တံခွန်တွေ အကြောင်း၊ ဥက္ကာပျံတွေအကြောင်း၊ စင်္ကြာဝဠာအကြောင်း၊ ဘာမြူဒါတြိဂံအကြောင်းတွေကို ထမင်းမေ့ဟင်းမေ့ ဖတ်နေတတ်တဲ့ ကလေးတစ်ယောက် ကြီးပျင်းလာလို့ လူကြီးတစ်ယောက်ဖြစ်လာတော့ ငယ်ငယ်က စွဲလန်းခဲ့တဲ့ အရာတချို့ကို ပြန်ပြီး အသက်သွင်းတာပါပဲ။ အင်တာနက်ခေတ်ကြီးဆိုတော့ ကိုယ်စိတ်ဝင်စားရာ အကြောင်းအရာတွေကို စိတ်ကြိုက်မွှေနှောက် ဖတ်ရှုနိုင်တာတော့ စိတ်ထဲက ဆာနေတာလေးတွေ အဆာပြေပေမဲ့ တချို့ကိစ္စတွေက စားပြီးရင်းစားချင် မတင်းတိမ်တဲ့ လူ့သဘောကို မဆန့်ကျင်နိုင်လေတော့ လူပီပီ၊ ပုထုဇဉ်ပီပီ ရူးချင်ရာကို ရူးပါတယ်ခင်ဗျာ။ ကြယ်တွေကြည့်ပြီး ဘာလုပ်မလို့တုန်း ဆိုတော့ ဘာမှ မလုပ်ပါဘူး။ ကြည့်ချင်လို့ ကြည့်တယ်။ ဒါပါပဲ။ ကြည့်တော့ မြင်တယ်။ မြင်တော့ ဘာဖြစ်လဲ။ ပိုမြင်ချင်တယ်။ ပိုမြင်တော့ ဘာဖြစ်လဲ။ ဘာဖြစ်လဲတော့ မသိဘူး။ မြင်ရရင် စိတ်ထဲမှာ ကျေနပ်နေတာတော့ အမှန်ပဲ။

အိမ်ပြန်ရောက်တော့ အင်တာနက်မှာ တယ်လီစကုတ်တွေအကြောင်း ဝင်မွှေရော ဆိုပါတော့။ Google မှာကြည့်၊ Yahoo မှာ ကြည့်၊ Qoo10 တို့၊ Aliexpress တို့၊ EBay တို့ လို Online Shop တွေမှာ ပက်ပက်စက်စက် မွှေတော့တာပေါ့။ ဈေးနှုန်းပါ ခန့်မှန်းလို့ ရတာကိုး။ FB ပေါ်မှာလည်း ဘယ်နေလိမ့်မလဲ။

MASES - Myanmar Astronomy & Science Enthusiasts Society ရဲ့ wall ပေါ်တက်ပြီး ယူပါကယ်ပါဦး နည်းနည်းအော်လိုက်တယ်။ ကိုယ့်ဆရာဟောင်း ဘော်ဒါတစ်ယောက်ကလည်း အဲဒီမှာ ရှိတာကိုး။ ဒင်းဆီကိုလည်း message ကနေ ဝင်ပြီး အကြံဉာဏ်လေးဘာလေး မ စ ပါမည့်အကြောင်း အသနားခံရတာပေါ့ခင်မျာ။ ဒါပေမဲ့ အဲဒီ ငနာဆီက အခု ဝယ်ပြီးတဲ့အထိ ဘာအကြံဉာဏ်မှ ရောက်မလာပါဘူး။ အဲဒီမှာ မထင်မှတ်ဘဲ ကိုမင်းဇော်မိုးဆိုတဲ့ တစ်ယောက်ဆီက အကြံဉာဏ်ရပါတယ်။ သူကတော့ beginner အဆင့်အနေနဲ့ Newtonian ထဲက ဈေးသက်သက်သာသာ ဝယ်သင့်တယ်လို့ အကြံပေးပါတယ်။ သူ ကိုယ်တိုင်လည်း US ကနေ မိတ်ဆွေတစ်ယောက်က တစ်ဆင့် မှာထားတယ်လို့ ပြောပါတယ်။ သူမှာထားတဲ့ Telescope ပုံလည်း ပြပါတယ်။ ဖတ်ရမဲ့ link လေးတွေလည်း ပေးပါတယ်။ ဒီကကောင်ကလည်း ဆရာကြီးဆိုတော့ Newtonian ကို Brand မှတ်လို့ လိုက်ရှာရင်းနဲ့မှ ဒါ Type ကို ပြောတာထင်တယ်လို့ ခပ်ရေးရေးသဘောပေါက်တာခင်ဗျ။

Yahoo ရဲ့ Beginner တွေအတွက် အကောင်းဆုံး တယ်လီစကုတ်များ စာရင်းမှာ ဝင်ကြည့်။ Specification တွေ ဝင်ကြည့်။ သိပ်နားလည်လို့ မဟုတ်ပေမဲ့ ဘယ်အချက်ကွာရင် ဈေးကွာတယ်ဆိုတာကို analyze လုပ်တာပေါ့လေ။ ကျန်တာအကုန်တူပြီး ဒီတစ်ချက်တည်းကွာတာနဲ့ ဈေးက ဒီလောက်တောင်ကွာသွားတယ်ဆိုရင် ဒီအချက်ဟာ အရေးကြီးလို့ပေါ့။ အဲဒီတော့မှ အဲဒါဘာလဲလို့ ရှာဖတ်ရတာပေါ့။ ပြီးတော့ ကိုယ့်လိုချင်တဲ့အချက်တွေ ချရေးပြီး မှတ်ထားရတယ်။ ပြီးတော့ အမျိုးအစားအလိုက် မော်ဒယ်အလိုက် အသုံးပြုသူတွေရေးထားတဲ့ မှတ်ချက် (Review) တွေ ရှာဖတ်ရတာပေါ့။ ကျွန်တော့ရဲ့ အဓိက လိုချင်တဲ့အချက်က ပေါ့ပေါ့ပါးပါးနဲ့ သယ်သွားချင်တာ။ ကျွန်တော့ အလုပ်သဘောကလည်း ခန့်မှန်းရသလောက်တော့ ဟိုနိုင်ငံဒီနိုင်ငံတွေ လျှောက်သွားရဖို့ရှိတာရယ်၊ အင်ဒိုနီးရှားကို ၄-၅ ရက်လောက် အနားယူတဲ့သဘော စိတ်ပြေလက်ပျောက် သွားချင်တဲ့ဆန္ဒကလည်း ရှိသေးသကိုး။ အဲဒီလိုတွေသွားရင်လည်း သယ်သွားချင်သေးတာ။ တော်တော်ကြာ တယ်လီစကုတ်တစ်လုံးပဲပါပြီး ကျန်တာတွေ မသယ်နိုင်ရင်လည်း မဖြစ်သေးဘူး။
ကြည့်ရသလောက် တယ်လီစကုတ်တွေကလည်း အလေးချိန်က သိပ်ပေါ့ပေါ့ပါးပါး ရှိပုံမရ။ ဈေးလည်းသိပ်မဆိုး၊ အသုံးလည်းများပြီး နာမည်ရှိတဲ့ Brand တွေအနေနဲ့  သတိထားမိလာတာက Celestron, Orion, Zhumell, Barska စတာတွေပေါ့။

Aliexpress ကရောင်းတာတွေကျတော့ ဈေးလည်းပေါပေါပဲပဲကနေ တော်တော်လေး ဈေးကြီးတဲ့ ဒေါ်လာထောင်ကျော်တွေအထိ ပါတယ်။ ဒီဇိုင်းတွေကလည်း လှမှလှ၊ ဒါပေမဲ့ အကုန်လုံးနီးပါး China Brand တွေချည်းပဲ။ အင်တာနက်မှာလည်း ဘာ Review မှ ရှာမရဘူး။ အမှတ် (Rating) ပေးထားတဲ့ထဲမှာလည်း အဲဒီ Brand တွေ ရှာမရဘူး။ တော်တော်ကြာ ဝယ်ပြီးမှ တစ်ခုခုဖြစ်ရင် အပိုပစ္စည်းရှာမရ၊ ကြည့်ရတာ အချိုးမပြေ ဖြစ်ရင် ဘယ်သူမှလည်း မသုံးဖူးတဲ့ Brand တွေဆိုတော့ ဘယ်သူမှလည်း အကြံပေးတတ်မှာ မဟုတ်တော့ မဝယ်တာကောင်းပါတယ်လေဆိုပြီး မဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တရုတ်ပစ္စည်းကလည်း သိတော်မူတဲ့ အတိုင်းပဲလေ။ ဒါပေမဲ့ ဒီ Online shop က US တို့ ကနေဒါတို့လို ဥရောပနိုင်ငံတွေကို အဓိက ပို့တာဆိုတော့ သိပ်အဆိုးကြီးတွေတော့ မဖြစ်လောက်ဘူးလို့တော့ ထင်ရတာပါပဲ။
အင်တာနက်မှာ နေ့နေ့ညည အလုပ်က ပြန်လာတာနဲ့ တယ်လီစကုတ်တွေချည်း လျှောက်ကြည့်နေတော့ မိန်းမကလည်း သိပ်စိတ်မရှည်တော့ဘူး ထင်ပါတယ်။ ဒီလောက်တောင် လိုချင်ရင်လဲ ဝယ်သာဝယ်လိုက်တော့… လို့ ပြောပါတယ်။
 Aliexpress Online Shop တွင် ရောင်းချသော US$210 တန်ကြေးရှိ Visionking တံဆိပ် Reflector type telescope. Singapore သို့ ပို့ပေးခ US$74 ပါလျှင် စုစုပေါင်း US$285 မျှ  ကျသင့်မည် ဖြစ်သည်။

  နောက်တော့ Online က ကြည့်ရတာ အားမရတာနဲ့ အပြင်မှာ မြင်ဖူးအောင်ဆိုပြီး စင်ကာပူထဲက တယ်လီစကုတ် အရောင်းဆိုင်တွေ လျှောက်ရှာဖြစ်တယ်။ တနင်္ဂနွေတစ်ရက်ကျတော့ Singapore Science Centre ကို သွား၊ ပြီးတော့ အဲဒီနားက တယ်လီစကုတ်ဆိုင်ကို ဝင်ကြည့်ပါတယ်။ အင်တာနက်မှာ တွေ့နေတဲ့ တယ်လီစကုတ်တွေက ပုံထဲမှာတော့ လှလှ ရွရွ တွေလို့ ထင်တာ အပြင်မှာ တကယ်လည်းတွေ့ရော သောက်ကျိုးနဲ အကြီးကြီးနဲ့ အလေးကြီးတွေဗျ။ Focal length 900mm ဆိုတာ တစ်မီတာနီးပါး ရှိတယ်ဗျ။ ၃ ပေလောက် ရှိတဲ့ဟာကြီးတွေ။ ဒါ့ကြောင့် တယ်လီစကုတ် Tripod တွေက ကင်မရာ Tripod နဲ့ မတူဘဲ Equatorial Tripod ဆိုပြီး Counter weight တွေပါ ပါနေတာကိုး။ သဘောတော့ ပေါက်သွားပြီ။ ဒါကြီးတွေကတော့ တကယ့်ကို အချိန်ပေး၊ ငွေကုန်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေမှ ကိုင်ဖြစ်မဲ့ ဟာကြီးတွေမှန်း သဘောပေါက်သွားတယ်။ ကိုယ့်ကားလေးနဲ့ ကိုယ် ဒါကြီးတွေ ဟိုဟိုဒီဒီ လျှောက်သယ်ပြီး ကြည့်နိုင်ရင်တော့ မဆိုးဘူးပေါ့။ ဒါမှမဟုတ် ရုပ်ရှင်ထဲကလို တောင်ကုန်းပေါ်မှာ ကိုယ်ပိုင်အိမ်လေးနဲ့ ခေါင်မိုးပေါ်မှာ အသေတပ်ထားနိုင်ရင်လည်း အဟုတ်။
 
 Telescope များ၏ အရွယ်အစားနှင့် တည်ဆောက်ပုံ နည်းပညာပေါ် မူတည်၍ ပုံရိပ်ချဲ့နိုင်စွမ်းလည်း ကွဲသည်။

  ကိုယ့်လို ကြယ်မမြင်၊ လမမြင် စင်ကာပူ တိုက်ခန်းလေးထဲ နေတဲ့သူအတွက်တော့ ဒါကြီးတွေနဲ့ ကိုက်ဘူးလေ။ ပြီးတော့ ကိုယ့်အားကိုယ်ကိုး သယ်ရမှာ။ ဒါကြီးနဲ့တင် 10kg, 15kg လောက် ဖြစ်နေရင် သေပြီဆရာပဲ။ အဲဒါနဲ့ ဆိုင်ထဲမှာ ဟိုဟိုဒီဒီ ငေးနေတုန်း အဖိုးကြီးတစ်ယောက် အနားရောက်လာပြီး ဘာကူညီပေးရမလဲ… လို့ မေးတယ်။ ငါ တယ်လီစကုတ်တွေ စိတ်ဝင်စားလို့ ဆိုတော့ ဘယ်လိုဟာမျိုး လိုချင်လဲ..တဲ့။ Orion Shortube 80D လိုချင်တယ်လို့ ပြောလိုက်တော့ အဖိုးကြီးက မျက်ခုံးပင့်ကြည့်တယ်။ ပြီးတော့ ဒါတွေကြည့်တာ ကြာပြီလား…တဲ့။ တစ်ခါမှ အပြင်မှာ မတွေ့ဖူးလို့ အခု လာကြည့်တာ….ဆိုတော့ အဲဒါကို Orion Shortube 80D ဝယ်မလို့လားတဲ့။ Beginner level တယ်လီစကုတ်တွေထဲမှာ Orion က နည်းနည်း ဈေးခပ်လတ်လတ်ထဲမှာ ပါတယ်ထင်တယ်လို့တော့ သိလိုက်တယ်။
 
Orion Shortube 80D ကို Equatorial Tripod တွင် တပ်ဆင်ပြီး တွေ့ရစဉ်
အဖိုးကြီးက ကောင်တာကို ခေါ်လာပြီး သေသေချာချာ အေးအေးဆေးဆေး ရှင်းပြ ပြောပြတယ်။ Celetron သုံးမလားလို့ မေးပါတယ်။ ကိုယ်ကလည်း အင်တာနက်မှာ ဖတ်ထားတာ အလွတ်ရနေပြီလေ။ Celetron Powerseeker 50 က ဈေးသင့်ပေမဲ့ မကောင်းဘူးတဲ့။ ဝယ်မိတဲ့သူတွေရဲ့ Complain ၃-၄ ခုလောက် ဖတ်ထားတာကိုး။ ပြီးတော့ လေးတယ်လေ။ Orion Short tube 80 က အထိုင်ပေါ်မူတည်ပြီး 80D နဲ့ 80T ဆိုပြီး model ကွဲ ၂ မျိုးလောက် ရှိသဗျ။ ရိုးရိုးကင်မရာ tripod နဲ့ တပ်လို့ရတဲ့ဟာရယ် Equatorial Tripod နဲ့မှ တပ်လို့ရတဲ့ဟာရယ် ဆိုပြီး ကွဲပါတယ်။
 
Accessories အစုံအလင်နှင့် Orion Shortube 80D
Tripod တွေကလည်း အမျိုးမျိုးရယ်။ Motor Drive နဲ့ Computerize လည်း ရှိပါသေးတယ်။ Motor Drive မှာလည်း Compass နဲ့ Water level ကို သုံးပြီး အရပ်မျက်နှာကို ကြည့် Tripod ကို သေသေချာချာ အထိုင်ချ၊ ပြီးမှ Remote ကနေ နံပါတ်စဉ်နဲ့ ကိုယ်ကြည့်ချင်တာကို ရိုက်လိုက်ရင် အလိုအလျှောက် မော်တာနဲ့ လှည့်ပြီး တယ်လီစကုတ်ကို ချိန်ပေးတဲ့ အမျိုးအစား၊ နောက်တစ်မျိုးက GPS စံနစ်ပါ ပါပြီး level ပဲ ချိန်ရုံနဲ့ ကျန်တာ 360 degree ကြည့်လိုရာကို အလိုအလျှောက် ရှာပေးတဲ့ အမျိုးအစားဆိုပြီး ကွဲပါသေးတယ်။ Computerize ကတော့ ကွန်ပျူတာကနေ tripod ကို ထိန်းချုပ်ပြီး ကြည့်ချင်ရာကို ကွန်ပျူတာထဲက Starchart မှာ ကလစ်လုပ်ရုံနဲ့ အလိုအလျှောက် လည်ပြီး ချိန်ပေးတဲ့ Tripod မျိုးပေါ့။ Motor Drive Tripod မတတ်နိုင်ရင်တော့ Star Chat ကို လေ့လာပေါ့ဗျာ။ ကျွန်တော်ကတော့ Star Chat ကို လေ့လာဖို့ အချိန်လည်း မရှိသလို ပျင်းတာလည်း ပါတာပေါ့လေ။ Motor Drive Tripod ကျတော့လည်း မတတ်နိုင်ဆိုတော့ ခေါင်းထဲမှာ အပြေးအလွှား စဉ်းစားရတာပေါ့။ လက်ထဲက Hand Phone ကို ကြည့်ရင်း ပြုံးလိုက်တယ်။ ဟဲ..ဟဲ… Hand Phone မှာ GPS ပါတယ်လေ။

နည်းနည်းရှင်းပြပြီးတော့မှ အဖိုးကြီးက သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။ လား…လား…. ကျွန်တော် စကားပြောနေတဲ့ အဖိုးကြီးက Astronomical Society of Singapore
က President Mr.Albert ကြီးကိုး ခင်ဗျ။ သူရေးထားတဲ့ စာအုပ်တွေလည်း ပြတယ်။ သူရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း ပြတယ်။ မင်းဖာသာမင်း ဝယ်တာ မဝယ်တာ အရေးမကြီးပါဘူးတဲ့။ စိတ်ဝင်စားတယ်ဆိုရင် ငါက ရှင်းပြချင်တာပါပဲ..တဲ့။ မင်း သိချင်တာ ရှိရင်လည်း မေးပါ…တဲ့။ ပြီးတော့ Orion Shortube 80T ကို ပြတယ်။ အဲဒီထဲက Finder Scope ကို ထုတ်ပြီး မင်းစမ်းကြည့်လေ….တဲ့။ Finder Scope တောင် တော်တော်ကောင်းနေပြီဗျ။ မီတာ ၁၀၀ လောက်ကို ကြည့်ရတာ ရှင်းပြီး ပြတ်နေရော။ ပြီးတော့ မီတာ ၅၀ လောက်ကို ထပ်ကြည့်တယ်။ ဘာမှ ထွေထွေထူးထူး ချိန်ညှိနေစရာ မလိုဘူး။ တကယ့်ကို Simple ပဲ။

ကျွန်တော့ တယ်လီစကုတ်လေးပါ။ ၃ ပေါင်ခွဲပဲ လေးပါတယ်။ Pakage မှာ ပါတဲ့ပစ္စည်းတွေက Optical tube assembly 10mm (40x) Sirius eyepiece တစ်ခု၊ 25mm(16x) Sirius eyepiece တစ်ခု၊ 45 degree correct-image diagonal 1.25" တစ်ခု၊ 6x26 correct-image Finder scope တစ်ခု၊ Finder scope bracket with O-ring တစ်ကွင်း၊ Objective lens cap တစ်ခု တို့ ပါ ပါတယ်။ Specification တွေက Objective lens: Achormatic doublet, air-spaced; Objective lens coatings: Fully multi-coated; Aperture: 80mm; Focal length: 400mm; Focal ratio: f/5; Focuser: Rack-and-pinion, 1.25", accepts camera T-ring; Optical tube length: 15"; Weight: 3lbs. 7oz.




အဲဒါနဲ့ နောက်ဆုံးတော့ ဇနီးသည်ရဲ့ ခွင့်ပြုချက်နဲ့ ကင်မရာ Tripod နဲ့ သုံးလို့ရတဲ့ Orion Shortube 80t ပဲ ဝယ်လာခဲ့ပါတယ်။ Tripod နဲ့ Accessories တော့ နောက်မှပဲ ဝယ်တော့မယ်လို့ စဉ်းစားပါတယ်။ ပိုက်ဆံက ကိုယ်ခန့်မှန်းထားတာထက် ၂ ဆလောက် ကုန်သွားတာကိုး။ ဒီနေရာမှာ မွေးတဲ့နိုင်ငံပေါ် မူတည်ပြီး လူတွေရဲ့ အခွင့်အရေးများ ကွာပုံလေးကို ပြောပြပါရစေဦး။

စင်ကာပူ လောက် ဈေးဝယ်လို့ ကောင်းတဲ့ နိုင်ငံမှာတောင် တယ်လီစကုတ် ပီပီပြင်ပြင် ရောင်းတဲ့အရောင်းဆိုင်က ၅ ဆိုင်လောက်ပဲ ရှိပါတယ်။ Online မှာ ကြည့်တဲ့အခါ US က ဆိုင်တွေပဲ များပါတယ်။ Telescope.Com, Orion.Com, Yahoo Telescope Market စတာတွေကလည်း အကုန် us မှာချည်းပါပဲ။ ဈေးကလည်း မတရားကွာပါတယ်။ သူတို့ဆီမှာ Equtorial Tripod ပါ အပါ US$299 ပဲရှိတဲ့ Orion Shortube ဟာ စင်ကာပူမှာ Tripod မပါ S$490 ပါ။
ကိုယ်ကလည်း လူလည်ပဲ။ Online ကမှာမယ်ပေါ့။ ဟုတ်ကဲ့… အဲဒီ ဆိုင်တွေအားလုံး စင်ကာပူကို မပို့ပေးပါဘူးခင်ဗျာ။ ဒါတောင် US နဲ့ စင်ကာပူ နော်။ ကျွန်တော်တို့နဲ့ ဘဝပေး အခွင့်အလမ်းချင်း မွေးကတည်းက မတူဘူးလို့ ပြောနိုင်မယ်ထင်ပါတယ်။
 ပုံရဲ့ ညာဘက်အစွန်ဆုံးက ပုဂ္ဂိုလ်က Mr Albert ပါ။

 ဒါနဲ့ International ပို့တတ်တဲ့ Ebay ကို ဝင်ကြည့်ပါတယ်။ တခြားပစ္စည်းတွေ စင်ကာပူကနေ ဝယ်လို့ရပေမဲ့ အဲသဟာတွေ အတော်များများက စင်ကာပူကို မပို့ပေးပါဘူးတဲ့။ ဒါနဲ့ ကြားခံဝယ်ပေးတဲ့ service တော့ ရှိမှာပဲဆိုပြီး ရှာတော့….. စင်ကာပူပဲဗျာ… Service မှန်သမျှ အကုန်ရှိပါ့။ စင်ကာပူကနေ credit card နဲ့ ဝယ်… လိပ်စာကို သူတို့ရဲ့ US မှာရှိတဲ့ ရုံးခန်းလိပ်စာကို ပေးလိုက်။ ပြီးရင် သူတို့က တစ်ဆင့် ပြန်ပို့ပေးတယ်။ ဘယ်လောက်ကျမယ်ဆိုတာကို တွက်လို့ရတဲ့ program ပါ ပေးထားပါတယ်။ ဘာကြေးညာကြေားတွေ၊ tax တွေလည်း တွက်ပြီးရော ကျွန်တော်လိုချင်တဲ့ ပစ္စည်းဈေးက မူရင်းထက်၂ ဆနီးပါး လောက် များသွားပါရောဗျ။ အခုလည်း ကျွန်တော်လိုချင်တဲ့ orion  က အဲဒီ online ဈေးနဲ့ အခု ဆိုင်ကဈေးကို ယှဉ်ကြည့်လိုက်တော့ S$20 လောက်ပဲ များတော့တယ်ဗျ။ အဲဒီတော့ ဟိုကိုမှာရင် စောင့်ရမှာနဲ့၊ ဇယားရှုပ်တာနဲ့ တွက်ကြည့်လိုက်တော့ စင်ကာပူမှာပဲ ဝယ်လိုက်တာက ခေါင်းစားလည်း သက်သာ၊ ချက်ချင်းလည်း ရတာပေါ့လေဆိုပြီး ဝယ်လိုက်တာပါပဲ။

ဒါပေမဲ့ ဇာတာက မှိန်ချင်တော့ အဲဒီ ရက်ပိုင်းတောက်လျှောက် အလုပ်ကလည်းများတော့ ပင်ပန်းလွန်းတာကြောင့် အိမ်ပြန်လာရင် တန်းအိပ်တာပါပဲ။ အလုပ်ငရဲခန်းက မထွက်ရမချင်း စိတ်တွေ ရှုပ်ထွေးနေတာလည်းပါသလို စင်ကာပူမိုးကလည်း ညနေတိုင်းလိုလို ရွာသဗျ။ ပြီးတော့ ကိုယ်နေတဲ့ တိုက်ပတ်ချာလည်ကလည်း အထပ်မြင့်တွေချည်းပဲမို့ ဝယ်လာပြီး တစ်လနီးပါး ဘာမှ ကြည့်လို့မရဘူး။ စင်ကာပူမှာ သာတဲ့လ ကလည်း စင်ကာပူရဲ့ အလင်းရောင်တွေနဲ့ တိုက်တွေကြားမှာ အတော် ရှာရခက်ပါတယ်။ အဲဒီတော့ ကြည့်ချင်ရင် တောင်ကုန်းတွေ ကွင်းတွေ ရှိတဲ့ နေရာကို သွားမှ ဖြစ်မှာ။ ပြီးတော့ စ လုံး က လူတွေက သိတဲ့အတိုင်းပဲ။ တော်တော်ကြာ သူတို့တိုက်ကို Spy လုပ်ပါတယ်ဆိုမှ ပြဿနာ။

တစ်ညတော့ အချိန်က သန်းခေါင်ကျော် ၁၂း၄၅။ ကျွန်တော် အိပ်မလို့ မီးပိတ်ပြီးတော့မှ သတိရလို့ ခန်းဆီးကို မ ပြီး ကြည့်လိုက်တယ်။ တိမ်ပါးပါး အုပ်ထားတဲ့ လမင်းကြီးဟာ မပြည့်တပြည့်အနေအထားနဲ့ ကျွန်တော့တိုက်ခန်း ပြူတင်းပေါက်ကို ရောက်နေပါတော့တယ်။ ဇနီးသည် မနိုးအောင် အသာထပြီး Orion ကို ဆွဲပါတယ်။ ပြူတင်းပေါက်က ဝင်နေတဲ့ လရောင်အောက်မှာပဲ Orion ကို 10mm Eyepiece နဲ့ ဆင်ပါတယ်။ ပြီးတော့ မှ ဆွဲမပြီး လမင်းကြီးကို ချိန်လိုက်ပါတယ်။ အသေးစိတ် ချိန်ညှိတာကို အလွယ်တကူပဲ နည်းနည်းညှိလိုက်ရုံနဲ့ လင်းနေတဲ့လရောင်အစပ်နားက ချိုင့်ခွက်တွေကို ထင်ထင်ရှားရှား မြင်ရပါတော့တယ်။ Tripod ထောင်ဖို့ မလွယ်တဲ့ အိပ်ယာပေါ်ကနေ လက်နဲ့ အသာ မ ပြီး ကြည့်လို့ရတဲ့ Shortube ကို ဝယ်ထားမိတာ မမှားဘူးလို့လည်း ကိုယ့်ကိုယ်ကို တွေးမိပြီး ကုန်သွားတဲ့ ပိုက်ဆံအတွက် ကျေနပ်တွေးလေး တွေးလိုက်ပါတယ်။ 


ကျွန်တော် မြင်ရသော ဖိုးရွှေလ

တိမ်ပါးပါး အုပ်နေလို့ သာမာန်မျက်စိနဲ့ အရမ်းကြီး မလင်းဘူးလို့ ထင်ရတဲ့ ဖိုးရွှေလဟာ တယ်လီစကုတ်ထဲမှာတော့ လမင်းအသစ် ကြပ်ချွတ်ကြီးကို မြင်နေရသလို တောက်ပလွန်းနေပါတယ်။ မှန်ဘီလူးတွေကြောင့် ထင်ပါတယ်။ အဲဒီတော့မှ Online မှာ တွေ့တဲ့ Moon Filter တို့ Sun Filter တို့ကို သတိရပါတော့တယ်။ သြော်… ဒါကြောင့် ဒီ Filter တွေ လိုတာကိုးလို့ သဘောပေါက်လိုက်ပါတယ်။ ပြီးတော့ ကိုယ်မြင်ရတဲ့ ပုံရိပ်ကို သိမ်းချင်တဲ့ စိတ်က ဖြစ်လာပါရော။ ဒါကြောင့် တယ်လီစကုတ်နောက်မှာ ကင်မရာနဲ့ ဖုန်း တပ်တဲ့ Kit တွေ၊ Digital Eyepiece တွေ လိုကြတာကိုးလို့ နောက်ထပ် ကုန်စရာတွေကို တွေးမိပါတယ်။ Cannon 60D လို Long Exposure နဲ့ ပရော်ဖက်ရှင်နယ်ကင်မရာလေး တစ်လုံးလောက်လည်း ရှိမယ်ဆိုရင် အတိုင်းထက် အလွန်ပေါ့လေ။ ဒါဆိုရင်တော့ Mikey way တို့ Aurora တို့ရဲ့ အလှအပတွေပါ ခံစားနိုင်မှာပေါ့။

ပြောရမယ်ဆို ကျနော့အခန်းကနေ မီတာ ၂၀၀ လောက် ဝေးတဲ့တခြားတိုက် ကော်ရစ်ဒါမှာ တပ်ထားတဲ့ မီးချောင်းက စကူပေါက်တွေ၊ အခန်းအပြင်တွေမှာ တပ်ထားတဲ့ Air con outdoor ရဲ့ Brand တွေပါ လှမ်းဖတ်လို့ ရပါသေးတယ်။ (တလွဲသုံးချင်လည်း ရတယ်ဆိုတဲ့ သဘောပေါ့လေ..... )

အခု လောလောဆယ်ကိုပဲ Tripod က ဝယ်ရဦးမယ်။ Tripod ကလည်း အိမ်မှာရှိတဲ့ ကင်မရာ Tripod နဲ့ ရမယ်မှတ်တာ မရဘူးဗျ။ တယ်လီစကုတ်ကို မနိုင်ဘူး။ နိုင်တဲ့ တယ်လီစကုတ် တောင့်တောင့်တွေကလည်း ဈေးတွေက s$100 အထက်မှာချည်းပဲ။ အဲဒါနဲ့ နေ့ရွေ့ညရွေ့လုပ်နေတာ ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်က Challenger မှာ Discount ချလို့ S$44 နဲ့ ရလို့ဆိုပြီး အားရဝမ်းသာ ဝယ်လာခဲ့ပါတယ်။

အဲဒီမှာတင် ဒုက္ခအသစ်က စ ပါတော့တယ်။ ဝယ်ချင်တာကို ကောင်းကောင်းကန်းကန်း တစ်ခါတည်းဝယ်လိုက်ရင် တစ်ခါပဲကုန်ပေမဲ့ စိတ်ချမ်းသာတယ်။ နှပ်ချီးကျပြီး အဲလို ချိုးချိုးခြံခြံ သွားကပ်သပ်လိုက်တာနဲ့ ခဏခဏဒုက္ခရောက်တတ်တဲ့ ကျနော် ဒီတစ်ခါလည်း မှားပြန်ပါတယ်။ ဝယ်လာတဲ့ tripod က အကောင်ကြီးသာကြီးတာ.... ကြီးပေါကြီး ခင်ဗျ။ ကျနော့ စကုတ်ကို နိုင်ပေမဲ့ တိတိကျကျ ငြိမ်အောင် ချိန်လို့ မရဘူးဗျ။ ကိုယ်က စကုတ်ကိုဆွဲ အသေးစိတ်လေး ချိန်ပြီး လက်လွှတ်လိုက်တာနဲ့ ရွေ့သွားပါလေရော။ နောက်ဆုံးတော့ မျက်လုံးပျက်ဖို့ သေချာနေတာနဲ့ နောက် manfrotto လို tripod ကောင်းကောင်းပဲ ထပ်ဝယ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။


Universal Mount Connector Adapter

အရေးကြီးတဲ့ Star Chart ကိစ္စ ပြောလိုက်ဦးမယ်။ Go To လို Auto Motor Drive Tripod မတတ်နိုင်တဲ့ သူတွေအတွက် ပုံမှန်ဆိုရင်တော့ Star Chart လို့ခေါ်တဲ့ ကောင်းကင်မြေပုံကို ကြည့်ပြီး လေ့လာရပါတယ်။ ကျွန်တော်ကတော့ ဖုန်းထဲမှာ Star Tracker ဆိုတဲ့ Application လေး ထည့်ထားလိုက်ပြီး အရာရာပြည့်စုံသွားပါတယ်။ ဖုန်းကို ထောင်ပြီး လျှောက်ကြည့်လိုက်တာနဲ့ ကိုယ်ကြည့်နေတာ ဘာကြယ်၊ ဘာတာရာ ဆိုတာတွေကို အလိုအလျှောက် ပြပေးပါတယ်။ gps တော့ ဖွင့်ထားဖို့လိုပါလိမ့်မယ်။ စင်ကာပူမှာကတော့ Internet က အမြဲဖွင့်ထားတာ ဖြစ်လေတော့ ပြောဖို့မလိုပေမဲ့ မြန်မာပြည်က သူငယ်ချင်းတွေ အတွက်တော့ Internet အတွက် ဖုန်းကတ်လေးထဲ ပိုက်ဆံဖြည့်ထားပါလို့..နော်။
တယ်လီစကုတ်နောက်က ဖုန်းဖြစ်ဖြစ် ကင်မရာဖြစ်ဖြစ် တပ်လို့ရတဲ့ Universal Kit ကတော့ Aliexpress ကနေ မှာလိုက်ပါတယ်။ အဲဒါလည်း Discount နဲ့မို့ S$25 လောက်နဲ့ ရလိုက်ပါတယ်။ အဲဒါတွေကတော့ ဆိုင်မှာဝယ်ရင် S$100 လောက် ရှိတဲ့ဟာတွေပါ။

Star Tracker application for android

 
with motor drive tripod

ပြောချင်တာက တယ်လီစကုတ်တစ်လုံးရဲ့ နောက်မှာ ကုန်စရာလေးတွေ ရှိပါသေးတယ်။ ပုံရိပ်ကို ၂ ဆ ၃ ဆ ထပ်ချဲ့နိုင်ဖို့ eyepiece ရှေ့မှာ တပ်ရတဲ့ Barlow lens တွေ ရှိပါသေးတယ်။ Motor Drive နဲ့ Goto Tripod တွေဘာတွေ ပါရင် ကုန်ကျစားရိတ် ပိုကြီးဦးမှာပါ။ အဲဒါတွေရဲ့ အကြမ်းဖျင်းဈေးတွေ အောက်မှာ ပေးလိုက်ပါတယ်။ ပြီးတော့ Shortube ကို သုံးတဲ့အတွက် နည်းနည်းဈေးများပေမဲ့ ဝန်ကျဉ်းကျဉ်းနဲ့ လွယ်လွယ်ကူကူ သယ်နိုင်တာရယ်၊ ချိန်ရ ညှိရ အရမ်းလွယ်တာရယ်၊ Equotorial Tripod မသုံးဘဲ ရိုးရိုး Tripod နဲ့ သုံးလို့ရတဲ့အတွက် Tripod ဖိုး သက်သာသလို Tripod အတွက်လည်း သယ်ရပိုးရ သက်သာတာရယ် အပြင် ရှုခင်း Scope အနေနဲ့လည်း သုံးနိုင်တဲ့အတွက် ကြယ်တွေ လတွေ ကြည့်ရုံတင်မဟုတ်ဘဲ ဟိုးသစ်ပင်မြင့်မြင့်ကြီးက တေးဆိုနေတဲ့ ငှက်ကလေးတွေ၊ ပန်းပင်တွေ၊ တိမ်တွေရဲ့ သဘာဝကိုလည်း ခံစားနိုင်ပါသေးတယ်။ Sport scope အနေနဲ့ သုံးဖို့ကျတော့ အများစုက Focal length 300mm အထက်ဆို ခွင့်မပြုတာကြောင့် နည်းနည်းကြီးနေပါတယ်။



နောက်များ ဒီစကုတ်လေးနဲ့ မကျေနပ် မတင်းတိမ်နိုင်တော့တဲ့အဆင့်ကို ရောက်လာခဲ့ရင်လည်း စကုတ်အကြီးတွေနဲ့ တွဲပြီး finder အဖြစ် သုံးနိုင်ပါသေးတယ်။ deep sky ကြည့်တဲ့အခါပေါ့။ အောက်က ပုံမှာ ဂျပန်က ထုတ်တဲ့ Vinxen ED 80sf (Net US$ 749) နဲ့ တွဲထားတဲ့ပုံကို ကြည့်နိုင်ပါတယ်။

တယ်လီစကုတ် အကြီးများနှင့် တွဲဖက်၍ Finder အဖြစ် သုံးနိုင်သည်။

အဲဒီတော့ အခုမှ Astonomy ကို စ လေ့လာတဲ့ Beginner လို့ခေါ်တဲ့ Astonomy ငပိန်းလေးတစ်ကောင်အနေနဲ့ ကျန်တဲ့ Professional Telescope တွေကို မသိပါဘူး။ ဝယ်ဖူး သုံးဖူးတာလည်း ဒီ Orion Shortube လေး တစ်ခုပဲ ရှိတာမို့ အများကြီး နှိုင်းယှဉ်မပြောတတ်ပါဘူး။ ကျန်တာတွေကတော့ ကျွန်တော့ရဲ့ Online Knowledge ကို ဝေမျှရင်း Telescope တစ်လုံး ဝယ်ဖို့ စိတ်ကူးယဉ်နေတဲ့ ဝါသနာတူ သူငယ်ချင်းတွေကို ကျွန်တော့ရဲ့ စဉ်းစားပုံအတိုင်း ပြောပြတာပါပဲ။ နည်းနည်းလောက် အထောက်အပံ့ဖြစ်တယ်ဆိုရင် ကျွန်တော်လက်ညောင်းခံရကျိုး နပ်ပါတယ်။ တမင် Data တွေ တန်းစီ ရေးမပြဘဲ ဖတ်ရင်း တစ်ခါတည်း စဉ်းစားမိအောင် ရေးထားတဲ့အတွက် စာ(လျှာ)ရှည်ခြင်းကို ခွင့်လွှတ်တော် မူကြပါမည့်အကြောင်း တောင်းပန်အပ်ပါတယ်ဗျ။
ကျွန်တော်ကတော့ လာမဲ့ စနေနေ့ ညနေ ကျရင် ဇနီးသည်နဲ့ East Coast ကို သွားပြီး အနားယူရင်း Orion လေးကို လက်တွေ့စိတ်တိုင်းကျ စမ်းသပ်လိုက်ပါဦးမယ်ခင်ည…. လမင်းကြီးအတွက် 10mm Eyepiece နဲ့ ရေကူးနေတဲ့ ကောင်မလေးတွေအတွက် 25mm Eyepiece ပေါ့။

ဘော်ဒါတွေ လိုက်ကြဦးမလားလို့ …. အာ့လာပြောဒါ……

(25mm Eyepiece ပါလာတာ မိန်းမကို သွားပြောပြနဲ့ နော်….)

 
(ရုပ်ပုံ အများစုကို Google နှင့် ကိုယ်တိုင်ရိုက် ပုံတချို့ကို သုံးပါသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...