Tuesday, September 30, 2014

Shipyard vs Construction (အပိုင်း-၂)



 အပိုင်း (၁) မှာ Keppel Shipyard ရဲ့ Take-5 လို့ ခေါ်တဲ့ Safe Work Procedure ကို အကျဉ်းသဘော ရှင်းပြခဲ့ပါတယ်။ အဲဒီ Safe Work Procedure ကို အကောင်အထည်ဖေါ်ဖို့ Safe Work Method ဆိုတာကို နည်းနည်းလောက် ပြောပြပါရစေဦး။ သဘောကတော့ ကလေးတစ်ယောက်ကို လိမ်မာပါလို့ ပြောရုံနဲ့ မပြီးပါဘူး။ လိမ်မာတယ် ဆိုတာဘာလဲ…. ဘယ်လို နေတာထိုင်တာကို လိမ်မာတယ် ခေါ်သလဲဆိုတာကိုပါ ရှင်းပြမှသာ ထိရောက်မှာ ဖြစ်ပါတယ်။ ဟော်တယ်လုပ်ငန်းမှာဆိုရင် Hygiene & Sanitation ဆိုပြီး ရှိသလိုပါပဲ။ သန့်ရှင်းခြင်းနဲ့ သန့်ရှင်းအောင် ပြုလုပ်ခြင်းပေါ့။ အခုလည်း ဒီလိုပါပဲ။ Safe ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ… ဒီအတွက် ဘယ်လို စံနစ်တွေနဲ့ ထိန်းချုပ်ထားသလဲ…. ကြည့်ရအောင်ပါ။

ပထမအချက်အနေနဲ့ Shipyard မှာ ဘာအလုပ် လုပ် လုပ်၊ ခွင့်ပြုမိန့် (Permit) လျှောက်ရပါတယ်။ ဒါကို PTW (Permit to Work System) လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောတစ်စီးမှာ အလုပ် လုပ်နေတဲ့ ကန်ထရိုက်တာတွေ၊ အဖွဲ့တွေက အများကြီး ခင်ဗျ။ တချို့ အလုပ်တွေက အကြောင်းအမျိုးမျိုးကြောင့် သူလုပ်နေရင် ကိုယ်လုပ်လို့ မရ…. ကိုယ်လုပ်နေရင် သူလုပ်လို့ မရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးသုတ်တဲ့ လုပ်ငန်းနဲ့ ဝရိန်ဆော်တဲ့ လုပ်ငန်းမျိုးကို တစ်နေရာတည်းမှာ သွားလုပ်ခိုင်းလို့ မရပါဘူး။ မီးလောင်မှု ကျိန်းသေ ဖြစ်မှာ ဖြစ်ပါတယ်။ ပါမစ်ကို လျှောက်တဲ့အခါ ဒီအလုပ်ကို လုပ်ဖို့ တာဝန်ကျတဲ့ အနည်းဆုံး Supervisor/ Technician အဆင့်က VSCC လို့ ခေါ်တဲ့ Vessel Safety Coordination Committee အစည်းအဝေးမှာ လက်မှတ်ထိုး လျှောက်ရပါတယ်။

VSCC meeting ကတော့ မနက်တိုင်း မဖြစ်မနေ လုပ်ရတဲ့ အစည်းအဝေးတစ်ခု ဆိုပါတော့။ သင်္ဘော ပိုင်ရှင်တွေ၊ Shipyard Department တိုင်းက သင်္ဘောအတွက် တာဝန်ကျ Supervisor တွေ၊ အရာရှိတွေ၊ ကန်ထရိုက်တာ ခေါင်းဆောင်တွေ တက်ရပါတယ်။ ပြီးရင် ဒီနေ့ ဘာတွေလုပ်မယ် ဆိုတာကို ပြောကြ ဆွေးနွေးကြရတဲ့ အစည်းအဝေးပါပဲ။ အစည်းအဝေးမှာ ပါမစ်တွေကို အတည်ပြုပေးသူတွေကတော့ တာဝန်ကျ Safety Officer နဲ့ Project Manager တွေ ပဲပေါ့။ ပြီးသွားတဲ့အလုပ်တွေရဲ့ ပါမစ်တွေကိုလည်း တစ်ပါတည်း ဖျက်ကြရပါတယ်။

နောက်ထပ် အရေးကြီးတာက ပါမစ်နဲ့အတူ RA (Risk Assessment) ဆိုတာ တွဲတင်ရပါတယ်။
အဲဒီ RA ဆိုတာလည်း စာရွက်စာတမ်းတစ်ခုပါပဲ။ ဒါပေမဲ့ RA ဟာ တကဲ့တကယ်တော့ စာရွက်စာတမ်းတစ်ခု ဆိုတာထက် ပိုပါတယ်။ RA မှာ ပါတဲ့အချက်တွေက အခုလုပ်မဲ့အလုပ်ရဲ့ လုပ်ရမဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်၊ လုပ်ငန်းအဆင့်အလိုက် ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေ၊ အဲဒီ အန္တရာယ်တွေရဲ့ ဖြစ်နိုင်ရာချေ (Likelihood) နဲ့ ပြင်းထန်နိုင်မှု (Severity) ပေါ် မူတည်ပြီး အန္တရာယ်များနိုင်မှု အဆင့် (Risk level) ကို သတ်မှတ်ပါတယ်။ ပြီးတော့ ဘယ်လို ကာကွယ်မလဲဆိုတာကို တိတိကျကျ ရေးထားပါတယ်။ ကာကွယ်မှုတွေ လုပ်လိုက်ရင် အန္တရာယ်အဆင့်က လျော့ကျသွားပါတယ်။ ဘယ်လောက်ထိ လျော့သွားနိုင်တယ် ဆိုတာကို ထပ်ပြီး ဆုံးဖြတ်ပါတယ်။ ပြီးတော့မှ လုပ်ငန်းစဉ် တစ်ဆင့်ချင်းစီအပေါ် တာဝန်ရှိသူ ဘယ်သူဆိုတာကို ဖေါ်ပြထားပါတယ်။

Risk Matrix ခေါ် အန္တရာယ်အဆင့် သတ်မှတ်သော ဇယား

 သဘောကတော့ အလုပ်တစ်ခုကို မလုပ်ခင်မှာ ခေါင်းအေးအေးနဲ့ သေသေချာချာ စဉ်းစားပြီး အန္တရာယ်မဖြစ်အောင် ပြင်ဆင်ထားတဲ့ အင်မတန်တန်ဖိုးရှိတဲ့ Document တစ်ခုပါ။ တကယ်တမ်းမှာ ပြောရမယ်ဆိုရင် RA ဟာ လုပ်ငန်းခွင်အတွက်သာ မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ ဘဝမှာပါ လက်တွေ့ အသုံးကျပါတယ်။ စီးပွားရေးတစ်ခု လုပ်မယ်ဆိုပါစို့။ ကျွန်တော်တို့ ဆုံးရှုံးသွားနိုင်တဲ့ အချက်တွေကို လုပ်ငန်းမစခင် သေသေချာချာ ပြင်ဆင်ပြီး RA တစ်စောင် ချရေးထားမယ်ဆိုရင် ဖြစ်လာတဲ့အခါ အဆင့်အလိုက် အဖတ်ဆည်ဖို့ အခွင့်အလမ်းများပါလိမ့်မယ်။ ဒါ့အပြင် လူဆိုတာ ပြဿနာတကယ်ကြုံလာတဲ့အခါ ထူပူပြီး အမှားတွေ ဆုံးဖြတ်လုပ်ကိုင်မိတတ်တဲ့ ဘေးမှလည်း သက်သာရာ ရပါလိမ့်မယ်။ ပြီးတော့ ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ အစကတည်းက သတ်မှတ်ထားပြီးဖြစ်လို့ ဘယ်သူ့ဘယ်သူကိုမှ လွှဲချ ပုံချ လို့ မရတော့ပါဘူး။ တာဝန်ယူမှုဆိုတာ RA မှာ တစ်ပါတည်း ပါပြီးသားပါ။

အဲဒီတော့ အလုပ်တစ်ခု လုပ်မယ်ဆိုတိုင်း Permit နဲ့ RA ဆိုတာ ဘာကြောင့်လိုအပ်တယ် ဆိုတာကို ရိပ်စားမိလောက်ပြီ ထင်ပါတယ်။ အလုပ်မစခင် တာဝန်ပေးမဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာ RA နဲ့ ပါတ်သက်ပြီး သေသေချာချာ ရှင်းပြပြောပြ ရပါတယ်။ နားလည်သည်အထိ ရှင်းပြဖို့ Supervisor သို့မဟုတ် အရာရှိမှာ တာဝန်ရှိပါတယ်။ ပြီးရင် အလုပ်သမားတွေကို သိရှိနားလည်ကြောင်းအနေနဲ့ RA မှာ လက်မှတ်ထိုးခိုင်းတာ အကောင်းဆုံးပါပဲ။

အလုပ်သမားတွေအတွက်တော့ RA ဟာ ကောင်းလည်းကောင်းသလို မကောင်းတာလည်း မကောင်းဘူးလို့ ပြောနိုင်ပါတယ်။ ကောင်းတာကတော့ အလုပ်မစခင် ဘာတွေလုပ်ရမယ်၊ ဘာတွေ ဖြစ်နိုင်တယ်၊ ဘာတွေ ပြင်ဆင်ရမယ် ဆိုတာကို သိတဲ့အတွက် ကောင်းပါတယ်။ မကောင်းတာက မတော်တဆ (Accident) တစ်ခု ဖြစ်ပြီဆိုရင် RA ကို အရင် ကြည့်ပါတယ်။ RA ထဲမှာ သတိပေးထားပါရက်နဲ့ RA ကို မလိုက်နာလို့ ပဲဖြစ်ဖြစ်၊ မေ့လျော့ပေါ့ဆ လို့ပဲဖြစ်ဖြစ် တစ်ခုခု ဖြစ်တယ်ဆိုရင် လျော်ကြေးရမှာ မဟုတ်တဲ့အပြင် အရေးယူခံရနိုင်ပါတယ်။ RA ထဲမှာ မဖေါ်ပြထားတဲ့ ပြဿနာမျိုးဆိုရင်တော့ ရနိုင်ပါတယ်။ ဒါပေမဲ့ RA ဆိုတာက ခေါင်းအေးအေးနဲ့ သေသေချာချာ စဉ်းစားပြီး ရေးထားတာဖြစ်လေတော့ အများအားဖြင့် အဲဒီထဲကအချက်တွေနဲ့ ပြေးမလွတ်ပါဘူး။ အဲဒီတော့ RA ဟာ တာဝန်ယူရတဲ့ အရာရှိအတွက်တော့ အကာအကွယ်ဖြစ်ပေမဲ့ အလုပ်သမားအတွက်တော့ အကောင်းအဆိုးလို့ ပြောရမှာပါပဲ။

အချို့ သင်္ဘောကြီးများကို နှစ်နှင့်ချီ၍ တည်ဆောက်ရသည်။

တကယ့်လက်တွေ့မှာတော့ ပြောထားပြီးပြီပဲ…. ဖြစ်ရင် သူတို့အပြစ်ပေါ့ လို့ အလုပ်သမားတွေကို လွယ်လွယ်ကူကူ ပုံမချရက်ပါဘူး။ ရူးနေတာ မဟုတ်ရင် ဘယ်သူမှတော့ တမင်သက်သက် Accident မဖြစ်ချင်ပါဘူး။ Accident ဆိုကတည်းက မတော်တဆ ဖြစ်တာခင်ဗျ။ တမင် လုပ်တာ မဟုတ်ဘူးလို့ အဓိပ္ပါယ်ပေါက်ပါတယ်။ လုပ်ငန်းခွင်ဆိုတာမျိုးက တကယ်အလုပ်ဇော ကပ်လာတဲ့အခါပဲ ဖြစ်ဖြစ်၊ အရေးကြီးနေရင်ပဲ ဖြစ်ဖြစ်၊ အလုပ်မှာ စိတ်ဝင်စားလွန်းလို့ ဖြစ်ဖြစ်၊ မိသားစု ပြဿနာလို တစ်ခုခုကြောင့် စိတ်ပျံ့လွင့်နေရင်ပဲ ဖြစ်ဖြစ် Accident ဆိုတာ ဖြစ်နိုင်တာချည်းပါပဲ။ Speed နဲ့ Safety ဟာ ပြောင်းပြန် အချိုးကျပါတယ်။ တစ်ခါတစ်ရံ အရမ်းတွန်းထိုးပြီး လုပ်လာတဲ့အခါ Safety ဟာ အလိုလိုနေရင်း နောက်ရောက်လာပါတော့တယ်။ အလုပ်ပြီးဖို့ပဲ အတင်းတွန်းတဲ့အခါ ဒါဟာ ဖြစ်တတ်တဲ့ သဘာဝပါ။ ဖြစ်လာမှသာ စာရွက်စာတမ်းတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ဘောင်တွေ၊ သက်သေတွေနဲ့ ရှုပ်ကြရတာပါ။ အဲဒီအခါကျရင် အလုပ်ပြီးဖို့ အတင်းတွန်းထိုး ဖိအားပေးခဲ့သူတွေကလည်း ဝန်ခံကြတော့မှာ မဟုတ်ပါဘူး။ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။

အလုပ်သမားတွေထဲမှာလည်း ယေဘူယျပြောရရင် ပညာတတ်တဲ့သူနဲ့ မတတ်တဲ့သူ အတော်ကွာပါတယ်။ ပညာတတ်တဲ့သူက ပညာတတ်မာန်ကြောင့် ပြောရင်ဆိုရင် သိပ်မကြိုက်ပါဘူး။ အများအားဖြင့်တော့ အပြောအဆို မခံရအောင် အလုပ်လုပ်တတ်သလို အမှားအမှန်ကို အနည်းနဲ့ အများ ပိုင်းခြားတတ်လေတော့ သူ့ကိုယ်သူလည်း တန်ဖိုးထားပါတယ်။ ပြီးတော့ သူတို့မှာ ရည်မှန်းချက်ရှိပါတယ်။ ဒါကြောင့် သူ့ Safety ကို သူဂရုစိုက်ပါတယ်။

ပြောရမယ်ဆိုရင် ကျနော် Keppel Shipyard ကို စ ရောက်စဉ်တုန်းက $450 စား Ship Electrician ဘဝ နဲ့ပါ။ တကယ်တော့ ရန်ကုန်မှာတုန်းက GTI ဆင်း Assistant Engineer အဖြစ် တာဝန်ယူခဲ့တဲ့ ကျနော် ခေတ်ကာလ အနေအထားအရ Work Permit နဲ့ သင်္ဘောကျင်း အလုပ်သမားဘဝ ရောက်လာတဲ့အခါ ခံစားရတဲ့ ခံစားမှုကို နည်းနည်း ပြောပြပါရစေ။ ကျနော်တို့ လာစဉ်က မြန်မာပြည်မှာ ဘာကျောင်းပဲ ပြီးလာလာ၊ Work Permit လျှောက်တဲ့အခါ Secondary (အလယ်တန်း) အဆင့် နဲ့ပဲ လျှောက်ကြရပါတယ်။ Work Permit ထဲမှာ Secondary ပါပဲ။ ပြီးတော့ ၁၀ တန်းအောင်ရော၊ မအောင်ရော၊ GTI တွေ၊ ဘွဲ့ရတွေ အားလုံး လစာ $450၊ ပညာအရည်အချင်း Secondary ဆိုတဲ့ အဆင့်တစ်ခုနဲ့ တန်းအညှိခံလိုက်ရတာပါပဲ။

အဲဒီမှာတင် ကိုယ့်စိတ်ကို ကိုယ်အရင် ပြင်ဆင်ရပါတယ်။ အရင်က ရာထူးနဲ့ တာဝန်အရ ကိုယ့်ကို လေးစားသမှုနဲ့ ဆက်ဆံခဲ့ရတဲ့ ကိုယ့်မျက်စိထဲမှာ ချာတိတ်လို့ သဘောထားတဲ့ ကလေးတွေရဲ့ ဆက်ဆံပုံကို လက်ခံနိုင်ဖို့ အရင် ကြိုးစားရပါတယ်။ ပြီးတော့ ပညာတတ် အရာရှိဆိုတဲ့ မာန်လေးကို ချပြီး အလုပ်ကြမ်းသမားတစ်ယောက်ရဲ့ ဘဝကို အမှန်အတိုင်း ရင်ဆိုင်လက်ခံနိုင်ဖို့ ကြိုးစားရပါတယ်။ သူတစ်ပါး တိုင်းပြည်မှာ လာလုပ်ရတဲ့ လစာအနိမ့်ဆုံး Shipyard အလုပ်သမားဘဝဆိုတာ ကိုယ့်အောက်မှာ သင်္ဘောကြမ်းခင်းပဲ ရှိတော့တာမို့ ဇာတိပုည ဂုဏ်မာနတွေ၊ ပညာမာနတွေ အကုန်လုံးကို ချပစ်လိုက်ရပါတယ်။ ဒါပေမဲ့ ဒါတွေဟာ အခိုက်အတန့် အားဖြင့်သာ ငုတ်လျှိုးနေတာဖြစ်ပြီး ရင်ထဲမှာတော့ ကိုယ်ဘာကောင်ဆိုတဲ့ တန်ဖိုးလေးကို ငြိမ်းမသွားအောင် မီးထိုးပေးနေရတာပါပဲ။ ဒါဟာ အခိုက်အတန့်သာ ဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ့်ကိုယ်ကို အားပေးခဲ့ရတာပါပဲ။

ရည်မှန်းချက် ရှိတဲ့သူဆိုတာ ကိုယ့်အရည်အချင်းကို ပြဖို့ ဘယ်နားကနေ အခွင့်အလမ်းပေါ်လာမလဲဆိုပြီး အမြဲ အဆင်သင့်ဖြစ်နေသူမျိုးတွေပါ။ ဒါကြောင့် ရည်မှန်းချက် မပေါက်မြောက်ခင်၊ ကိုယ့်ရဲ့ သိမ်းဆည်းထားရတဲ့ ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေ အကောင်အထည် မပေါ်မချင်း ကိုယ့်ကိုယ်ကို ဘာမှ အဖြစ်မခံနိုင်ပါဘူး။ ဘာမဟုတ်တဲ့ ဘဝတစ်ခုနဲ့ အသေမခံနိုင်ပါဘူး။ ဒါဟာ ပညာတတ်တွေ၊ ရည်မှန်းချက် ရှိသူတွေရဲ့ သဘောထားပါ။ ဒါကြောင့် ယေဘူယျအားဖြင့်တော့ အဲဒီလို လူတွေက Safety ကို အဖမ်းခံရမှာစိုးလို့ မဟုတ်ဘဲ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် လိုက်နာတတ်ကြတာမို့ Accident ဖြစ်ဖို့ အခွင့်အလမ်း နည်းပါတယ်။

ပြဿနာက ပညာသိပ်မတတ်တဲ့ ဝန်ထမ်းတွေပါ။ အထူးသဖြင့် ဘင်္ဂလားအလုပ်သမားတွေပါ။ ပြောရင်လည်း နားလည်ချင်ယောင်ဆောင်ပါတယ်။ ပြီးရင် လစ်ရင်လစ်သလို ခိုတာကပ်တာ လုပ်ပါတယ်။ ဖမ်းမိပြီဆိုရင် အကြီးအကျယ် ငိုချင်းချပါတော့တယ်။ မြန်မာပြည်က မြင်ဖူးတဲ့ လိုင်းကားသမားတချို့နဲ့ တူပါတယ်။ ကသမ်းကရမ်းမောင်းမယ်၊ ဆဲဆိုရိုင်းစိုင်းမယ်၊ အခန့်မသင့်ရင် တုတ်ဆွဲဓါးဆွဲ ရိုက်မယ် နှက်မယ်။ အဲ… ပြဿနာတက်ပြီဆိုရင်တော့ စောစောက ပြောသလိုပါပဲ။ သူ့မှာ အမေအိုကြီးနဲ့ပါတို့ ကလေး ၁၀ ယောက် ရှိတာတို့ လုပ်ပါတော့တယ်။ အလုပ်ကိုတော့ စေတနာထား ကောင်းကောင်းမလုပ်ပါဘူး။

အလုပ်သမားဆိုတာ သူတို့ရင်ထဲမှာ ? တွေ အမြဲ သိမ်းထားတတ်ပါတယ်။ နားမလည်ရင် မေးဖို့ ဘယ်လောက်ပြောပြော အမြဲ ပြန်မေးနေလိမ့်မယ်လို့ ယူဆလို့ မရပါဘူး။ ပြန်မမေးတိုင်း နားလည်မှာပဲလို့ တရားသေ မှတ်လို့ မရပါဘူး။ ဘာသာစကားမတူတဲ့အခါ ပိုလို့တောင် ဆိုးပါသေးတယ်။

တကယ်တမ်းမှာလည်း အရာရှိအများစုဟာ အမေးအမြန်းထူရင် သိပ်မကြိုက်ကြပါဘူး။ တစ်ခါက နှစ်ခါဆို ဟောက်ကြ ဟိန်းကြတော့တာပါပဲ။ ဒီလိုနဲ့ပဲ အဆင့်ဆင့် မပြည့်စုံတဲ့ နားလည်မှုတွေနဲ့ လုပ်ကြရတာပါ။ လုပ်ရင်း နားလည်မှာပေါ့လို့ပဲ တွေးရတော့တာပါပဲ။ တကယ်လည်း လုပ်ရင်းနဲ့ ရှင်းသွားရတာပါပဲ။ သဘောကတော့ လက်တွေ့မှာ တချို့ သီအိုရီတွေ ရာနှုန်းပြည့် မမှန်နိုင်ဘူး ဆိုတဲ့သဘောပါပဲ။ မြန်မာတွေဆို သာတောင် ဆိုးပါသေးတယ်။ နဂိုကတည်းက ပြန်မေးခွင့်မရှိတဲ့ စံနစ်အောက်မှာ နေလာခဲ့တော့ အများစုက လူတောမတိုးပါဘူး။ မေးခွန်း ဆင်းရဲပါတယ်။ မေးခွန်းတစ်ခု မေးဖို့ သူတို့မှာ အတော်အားယူရရှာပါတယ်။

ကိုယ်မေးလိုက်တဲ့ မေးခွန်းဟာ ကြောင်လိုက်တာလို့ မြင်ကြမလား…. သူများတွေ အကုန်သိနေတဲ့ဟာ၊ သိကို သိရမဲ့ ဟာကို မသိဘဲ ဖြစ်နေတာများလား….. စိတ်မရှည်တဲ့ မျက်လုံးတွေ၊ လှောင်ပြောင်ချင်တဲ့ အကြည့်တွေကို ရင်ဆိုင်ရမလား…… အထင်များ သေးသွားမလား….. စသဖြင့် သူတို့ရင်ထဲမှာ မရှင်းလင်းတဲ့ အရာတစ်ခုကို ပွင့်ပွင့်လင်းလင်း မေးဖို့ ဝန်လေးတုန့်ဆိုင်းနေတဲ့အတွက် မေးခွန်းအများစုဟာ သူတို့ ရင်ထဲကနေ နှုတ်ဖျားကို ထွက်မလာကြတော့ပါဘူး။ သူများတွေများ သူသိချင်တာကို မေးပေးမလားလို့ ရင်ထဲက တိတ်တခိုးလေး မျှော်လင့်ပါတယ်။ ဘယ်သူမှ မမေးကြတဲ့အခါ သူ့မေးခွန်းလေးကို မျိုချလိုက်ပါတော့တယ်။ သနားစရာ မကောင်းဘူးလားခင်ဗျာ။


Training Center တွင် Safety Officer တစ်ဦးမှ အလုပ်သမားသစ်များကို Safety အကြောင်း ရှင်းပြနေစဉ် တွေ့ရပုံ ဖြစ်သည်။
 
ဒါပေမဲ့ တစ်ယောက်ယောက်က မေးရင်လည်း မြန်မာတွေ အကျင့်က ရှည်ရန်ကောဆိုတဲ့ သဘောနဲ့ မေးခွန်းမေးသူအပေါ် စိတ်မရှည်တဲ့ပုံ လုပ်တတ်ကြသလို သူသိချင်တာကို သူများက မေးတဲ့အခါလည်း သိပြီးသားပုံစံမျိုးနဲ့ ဒါလေးများ မျက်နှာပေးမျိုး လုပ်တတ်ကြပါသေးတယ်။
တချို့က ပြောပါတယ်။ မေးတယ်ဆိုတာ မေးသင့်တဲ့ မေးခွန်း၊ မမေးသင့်တဲ့ မေးခွန်း ရှိတယ်..တဲ့။ ဟုတ်ပါတယ်။ ကျနော် လက်ခံပါတယ်။

ဒါပေမဲ့ဗျာ… အဲဒီ အယူအဆဟာ သိပ် ယေဘူယျဆန်တယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကလေးတွေ စကား စ ပြောတတ်တဲ့ အချိန် မေးတဲ့ မေးခွန်းတွေကို ကြည့်ပါ။ ဘာဖြစ်လို့ ကျောင်းတက်ရတာလဲ။ ဘာဖြစ်လို့ အိပ်ရတာလဲ။ စတာမျိုးတွေပါ။ ဒါတွေကို လူကြီးမိဘတွေက နည်းမှန် လမ်းမှန် ကလေးနားလည်အောင် ကြိုးစားပြီး ရှင်းပြလို့ သူတကယ် နားလည်သွားရင် နောက်ထပ် မမေးတော့ပါဘူး။ ထပ်မေးသေးတယ်ဆိုရင် သူတကယ် နားမလည်သေးတာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သိတော်မူကြတဲ့အတိုင်း ကျနော်တို့ဆီက လူကြီးတွေရော၊ ကလေးတွေရော အားလုံးလိုလိုဟာ ငယ်စဉ်ကတည်းက မေးခွန်းတွေကို အသတ်ခံထားရတာပါ။ မေးခွန်းမေးတာ မကောင်းမှုတစ်ခု၊ ရှက်စရာတစ်ခုလို လှောင်ပြောင်ခံခဲ့ရတာပါ။ ကျနော်တို့အားလုံးဟာ မေးခွန်းတွေ အများကြီးကို မျိုချပြီး ပါးစပ်ပိတ်ကြီးပြင်းလာခဲ့ကြရတာပါ။ ခင်ဗျားတို့ ကျနော်တို့ အားလုံး မညာတမ်းဝန်ခံရရင် ကျနော်တို့ရင်ထဲမှာ ကလေးဘဝကတည်းက မရှင်းမလင်းသေးတဲ့ မေးခွန်းလေးတွေ အများကြီး ရှိနေတယ်ဆိုတာ မြင်ရမှာပါ။ ဥပမာအားဖြင့် မြေကြီးအောက်မှာ ငရဲဆိုတာ ရှိတယ်။ ဒယ်အိုးကြီးနဲ့ ထည့်ကြော်တယ်။ ကျောင်းနေတော့ ကျောင်းက သင်တယ်။ ကမ္ဘာ့အတွင်းပိုင်းမှာ ကျောက်ရည်ပူတွေ ရှိတယ်။ ကမ္ဘာမြေကြီးမှာ အလွှာတွေ ရှိတယ်။ အရင်သိထားတဲ့ knowledge နဲ့ နောက်ထပ်ရတဲ့ knowledge က ပဋိပက္ခ (Conflit) ဖြစ်တယ်။ ဒါပေမဲ့ မမေးမိတော့ဘူး။ မေးရင်လည်း လူကြီးတွေက သေသေချာချာ မဖြေဘူး (သို့မဟုတ်) သူတို့ကိုယ်တိုင် သေသေချာချာ မသိဘူုး။ သူတို့လည်း ဒီပဋိပက္ခတွေကို ဒီအတိုင်းပဲ လက်ခံထားခဲ့တာ။ အများစုက သေသည်အထိ ဖြေရှင်းဖို့ မကြိုးစားကြဘူး။ ဒါ့အပြင် အပြစ်ရှိတဲ့သူကို သိကြားမင်းက မိုးကြိုးနဲ့ ပစ်တယ်လို့ ဆိုတယ်။ နောက်တော့ လျှပ်စစ်ရုံးက မီတာဘောက်စ်ကို မိုးကြိုးပစ်တော့ မီတာဘောက်စ်ကြီးက ဘာအပြစ်တွေ လုပ်ပါလိမ့်လို့ ကျနော်တွေးဖူးတယ်။

ကျနော်ပြောချင်တာက နှစ်ခွသော knowledge တွေကို မဖြေရှင်းဘဲ ဒီအတိုင်းလက်ခံကြတဲ့ ထုံးစံကို ပြောချင်တာ။ ကျနော်ကတော့ ဖြေရှင်းဖို့ အာရုံရှိသမို့ ခုတော့ ကျနော်လက်ခံနိုင်တဲ့ အဖြေမျိုး ရခဲ့ပြီးပြီ။ ငရဲ ဆိုတာကို လက်ခံနိုင်ခဲ့ပြီ။ ကျောက်ရည်ပူတွေ အကြောင်းလည်း သိခဲ့ပြီ။ ဒါတွေ ပြောရင် ရည်ရွယ်ရာ မရောက်တော့မှာမို့ ထားခဲ့ပါတယ်။ ဆိုလိုချင်တာကတော့ ကျနော်တို့ မေးသင့်တယ်။ ဖြေတဲ့သူကလည်း ဖြေသင့်တယ်။

(သိပ်မကြာခင် အပိုင်း-၃ ကို တင်နိုင်ဖို့ ကြိုးစားပါ့မယ်။ သရုပ်ဖေါ်ပုံလေးတွေကို Google နဲ့ ကိုယ်ပိုင်ပုံလေးတွေကို သုံးထားပါတယ်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...