Wednesday, November 19, 2014

လူယုတ်မာ၊ လူမိုက်၊ လူလိမ်၊ လူရိုး၊ လူအေး နှင့် လူအ



လူမိုက်သည် လူယုတ်မာ၏ နောက်လိုက် (သို့) အောက်ဆွဲ ဖြစ်သည်။

လူအေးသည် လူယုတ်မာအတွက် ကစားစရာအရုပ် ဖြစ်သည်။

လူယုတ်မာသည် ဉာဏ်များသည်။ မာယာများသည်။ အမှန်အမှားကို ဝေဝါးရှုပ်ထွေးအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်သည်။ သို့မှသာ သူယုတ်မာသည်များကို ဖုံးကွယ်နိုင်မည်။ လူတွေ မျက်စေ့လည်မည် ဖြစ်သည်။

အဆောက်အဦးတစ်ခုကို တည်ဆောက်ရာ၌ နည်းပညာသုံးရသည်။ စံနစ်ကျရသည်။ နည်းမှန် လမ်းမှန် တည်ဆောက်ရသည်။ လှပအောင် တည်ဆောက်ရသည်။ ကြံ့ခိုင်အောင် တည်ဆောက်ရသည်။ ထို့အတွက် ရက်ပေါင်း လပေါင်းများစွာ ကြာအောင် ဆောက်ရသည်။ သို့သော်….
ဖျက်ဆီးချင်လျှင် ဗုံးတစ်လုံးတည်းနှင့် မိနစ်ပိုင်းအတွင်း ပြားပြားဝပ်သွားအောင် ဖျက်ဆီးပစ်လို့ရသည်။ လေယာဉ်ဖြင့် ဝင်တိုက်ဖျက်ဆီးခံရသော အမေရိကန် World Trade Center သည် ထင်ရှားသော ဥပမာတစ်ခုဖြစ်သည်။


လူဖြစ်လာလျှင် လူနှင့် လူ့ပါတ်ဝန်းကျင် မပါတ်သက်လို့ မရ။ လူတွေထဲမှာ လူလိမ် လူကောက်တွေ ပါမည် ဆိုသည်ကို လူတိုင်း နားလည်သည်။ တကယ်တမ်းမှာ လူလိမ်လူကောက်က လူတွေအားလုံးထဲမှာ လူနည်းစုဖြစ်သည်။ ထို့ကြောင့် လူတိုင်းကို လူလိမ်လူကောက်လို သဘောထားပြီး ဆက်ဆံလို့ ဖြစ်သည်မဟုတ်။ ဤအချက်က ပြုပြင်ဖို့ မဖြစ်နိုင်သည့် အမှန်တရားဖြစ်သလို လူလိမ်လူကောက်များအတွက် အခွင့်အရေးလည်း ဖြစ်သည်။ လိမ်မည့်သူက စတင် ချဉ်းကပ်ကတည်းက လိမ်ဖို့ ရည်ရွယ်ရင်း ရှိပြီးဖြစ်၍ အလိမ်ခံရမည့်သူထက် တစ်ပန်းသာပြီးသား ဖြစ်သည်။ လိမ်ဖို့ ဗျူဟာ အခင်းအကျင်းကို ကြိုတင်တွက်ဆ စဉ်းစားပြီးသား ဖြစ်သည်။ လူလိမ်လူကောက်များတွင် ဂျို(ချို) ပါသည် မဟုတ်သဖြင့် အတွေ့အကြုံရင့်သော လူလိမ်ကို ကြိုတင်သိဖို့ အခွင့်အလမ်းနည်းသည်။

လူလိမ်သည်လည်း အကွက်ကျကျ ဉာဏ်များသည် ဖြစ်သောကြောင့် လူယုတ်မာနှင့် သဘောတရားတူသည်ဟု ဆိုနိုင်သည်။ ကွာခြားသည့် အချက်မှာ လူလိမ်က လိမ်ဖို့ကြိုးစားရုံ သက်သက်ဖြစ်၍ လိမ်၍မရလျှင် လက်လျှော့သွားမည် ဖြစ်သော်ငြား လူယုတ်မာကတော့ မရမချင်း ဆက်လက်၍ နည်းလမ်းအမျိုးမျိုးနှင့် ယုတ်မာနေဦးမည်သာ ဖြစ်သည်။ လိုအပ်လျှင် လူမိုက်ကို သုံးပါလိမ့်မည်။ ဉာဏ်နည်းသောကြောင့် လူမိုက်ဖြစ်လာသည်ဖြစ်၍ လူယုတ်မာအယုံသွင်းသလောက် မစဉ်းမစားလုပ်မည်သာ ဖြစ်သည်။

အမတ်ကြီး ဦးပေါ်ဦး ပြောသလို ဘုရင်နှင့် လူမိုက်တွင် ဘုရင်က သတ်သင့် မသတ်သင့် စဉ်းစားဦးမည် ဖြစ်၍ လူမိုက်လောက် ကြောက်စရာမကောင်း။ လူမိုက်ကား စဉ်းစားနေမည် မဟုတ်။ စဉ်းစားတတ်လျှင် လူမိုက်ပင် ဖြစ်လာမည် မဟုတ်။ စဉ်းစဉ်းစားစား မိုက်သည်ဆိုလျှင်လည်း လူမိုက်မဟုတ်တော့ဘဲ လူယုတ်မာဟုသာ ဆိုရပေတော့မည်။

ဆိုလိုသည်က အဖျက်သမားများနှင့် တည်ဆောက်သူများယှဉ်လျှင် အဖျက်သမားသည် အမြဲတစ်ပန်းသာနေသည်။ အဖျက်သမား တစ်ခုဖျက်လျှင် တည်ဆောက်သူများက ၃-၄ ခု ပြန်လည်တည်ဆောက်နိုင်မှသာ အဖျက်သမားကို နှိမ်နင်းနိုင်မည်ဖြစ်သည်။ သိပ်လွယ်သည့်ကိစ္စတော့ မဟုတ်။
  
ကြမ်းတိုက်ဝတ်အတွက် ညစ်ပတ်ပေကျံခြင်းသည် ပုံမှန်သာဖြစ်သည်။ မည်မျှပင် ထပ်မံညစ်ပတ်သော်ငြား ထူးခြားလာမည် မဟုတ်။ ဝတ်ကောင်းစားလှ အဖြူတစ်ထည်တွင် ဆီကွက်တစ်ကွက်၊ အစွန်းအထင်းတစ်ခုသည် ဧရာမပြဿနာဖြစ်သည်။ ကြမ်းတိုက်ဝတ်နှင့် ဝတ်ကောင်းစားလှ ရန်ဖြစ်ကြလျှင် ကြမ်းတိုက်ဝတ်က တစ်ပန်းသာသည်မှာ အဆန်းမဟုတ်။ သူက ဝင်လုံးဖို့ ဝန်လေးနေမည် မဟုတ်။ ဝတ်ကောင်းစားလှကို သူ့နည်းတူ ညစ်ပတ်သွားအောင် လုပ်ဖို့နည်းလမ်းရှာဖို့သာ ရှိသည်။ သူလည်းညစ်ပတ် ကိုယ်လည်းညစ်ပတ် ဖြစ်သွားသည်နှင့် လူတွေမျက်စေ့ထဲတွင် အားလုံးအတူတူ ဖြစ်သွားမည်မှာ သေချာသည်။ ထို့ကြောင့် သူ့ကိုဝင်လုံးအောင် အနုနည်းဖြင့် ချဉ်းကပ်မည်။ အကြမ်းနည်းဖြင့် ဝင်လုံးမည်။ ပို၍ပညာပါသော ကြမ်းတိုက်ဝတ်သည် သူ့ဖါသာ ဝင်လုံး၍ ညစ်ပတ်သည့် သဘောရောက်အောင် ရန်စမည်။ မခံမရပ်နိုင်၍ ပြန်လည်တိုက်ခိုက်သည်နှင့် ရည်ရွယ်ချက် အောင်မြင်ပြီဖြစ်သည်။ တစ်ချက်လောက် ပွတ် လိုက်သည်နှင့် အမြတ်ထွက်သူက ကြမ်းတိုက်ဝတ်သာဖြစ်သည်။

လူအများစု၏ သဘောကလည်း အဝတ်ဖြူပေါ်က ဆီကွက်ကိုသာ ပုံကြီးချဲ့ကြမည်သာ။ တစ်သက်လုံး ဘယ်လောက်ကောင်းခဲ့သည် ဖြစ်စေ တစ်ချက်မှားသည်နှင့် ကောင်းခဲ့သမျှ ရေစုန်မျောပေရော့။ ဝါးကူထိုးဖို့ စောင့်နေသူများကလည်း အုံနှင့်ကျင်းနှင့်။ တစ်သက်လုံး ဆိုးခဲ့သောအရက်သမားကြီး အရက်ကလေးတစ်ပတ်လောက် ဖြတ်လိုက်သည်နှင့် ဝိုင်းဝန်းချီးကျူးကာ ဘုရားဒကာစာရင်းသွင်းလျက် ကောင်းချီးသြဘာပေးကြသည်မှာ ကိုယ်တွေ့။ တစ်ပတ်လောက်ကြာပြီး ပြန်သောက်မြဲ၊ ဆိုးမြဲ ဖြစ်တော့လည်း ပြန်ဖြတ်နို်းနို်းနှင့် ချော့မော့ပြောကြဦးမည်မှာ မုချ။

ဆိုခဲ့သည့်ထဲတွင် လူရိုး၊ လူအေးနှင့် လူအ က တစ်မျိုးဖြစ်သည်။ ရိုးလွန်းတော့ အေးသည်။ အေးလွန်းတော့ အ သည်ဟူသည့် မြန်မာစကားရှိပါသည်။ သို့သော် ရိုးသားမှုကို ထိပါးပုတ်ခတ်သည့်သဘော သက်ရောက်သည်ဟု ယူဆသဖြင့် နှစ်သက်လှသည်တော့ မဟုတ်ပါ။ သို့သော် ဤအဆိုကို အစားထိုးစရာ မရှိသေးသဖြင့် နဂိုအတိုင်း လက်ခံထားပါသည်။ ရိုးသားမှုသည် လူသားတစ်ယောက်အတွက် ပစ္စပ္ပုန်နှင့် သံသရာအတွက်ပါ တန်ဖိုးအရှိဆုံး အခြေခံစိတ်ထားဖြစ်သည်။ ရိုးသားလျှင် ဖြူစင်သည်ဟုသာ ဆိုချင်သည်။ သို့သော် ကြမ်းတိုက်ဝတ်အတွက် အသုံးချခံ ကစားစရာမဖြစ်အောင်တော့ သတိထားရလိမ့်မည်။ 




တကယ်တော့ လူယုတ်မာ၊ လူမိုက်၊ လူလိမ်၊ လူရိုးနှင့် လူအေးသည် တစ်ယောက်တည်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်းလည်း ဖြစ်နိုင်သည်။ အခြေအနေ အချိန်အခါပေါ်လိုက်ပြီး လူတစ်ဦးတည်းက အမျိုးမျိုး ပြောင်းလဲနေသည်လည်း ရှိသည်။ တကယ့်လောကတွင် အကောင်းအဆိုးသည် သီးသန့်ကွဲပြားနေတာမျိုး မဟုတ်ပါ။ ဒွေးရောယှက်တင် ရှိနေသည်ကိုသာ အတွေ့ရများပါသည်။ ဤအချက်ကို ဉာဏ်ကောင်းကောင်းနှင့် ပိုမိုရှုပ်ထွေးအောင် ဖန်တီးလိုက်သောအခါ အမှားအမှန်ကို အကန့်ခွဲဖို့ ခက်လာသဖြင့် ရာခိုင်နှုန်းမည်မျှ မှန်သည် မှားသည် ဆိုသည့်အပေါ်တွင် အငြင်းအခုန် ဖြစ်ကြ၊ စိတ်ဝမ်းကွဲတတ်ကြပါသည်။

လူအ ကတော့ လူယုတ်မာအတွက် လူမိုက်ကုန်ကြမ်းသာ ဖြစ်သည်။

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)


No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...