Wednesday, December 3, 2014

Shipyard vs Construction (အပိုင်း-၃)




 (လုပ်ငန်းနှင့် ပတ်သက်သော ဆောင်းပါးဖြစ်သဖြင့် လုပ်ငန်းအမျိုးအစား မတူသူများအတွက် သဘောပေါက်ရန် အနည်းငယ် ခက်ပါလိမ့်မည်။)

ဝန်ထမ်းတွေကို ကျွမ်းကျင်မှုတိုးအောင် လေ့ကျင့်ပေးခြင်းဟာ အလုပ်ကို ပိုကောင်းစေရုံသာ မကဘဲ အချိန်တိုတိုနဲ့ ပြီးမြောက်စေတဲ့အတွက် Quality effect ရော၊ Time effect ရော ရပါတယ်။ ဒါ့အပြင် အလုပ်သမားတစ်ဦးချင်းစီ အနေနဲ့လည်း သူတို့ကိုယ်သူတို့ ယုံကြည်မှု ရစေပါတယ်။ ဒီနေရာမှာ အလုပ်သမားတွေကို ကြီးကြပ်ရတဲ့ Supervisor တွေ၊ Foreman တွေ၊ Technician တွေ၊ Engineer တွေ၊ Manager တွေရဲ့ အရည်အသွေးက အရမ်းပဲ အရေးကြီးပါတယ်။ ကုမ္ပဏီတစ်ခု အောင်မြင်ဖို့ ဆိုတာ အခြေခံလမ်းကြောင်း (Policy) နဲ့ ရည်ရွယ်ချက် (Target) က ရှင်းရှင်းလင်းလင်း ရှိရပါတယ်။ ခုလို အပြောင်းအလဲတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ဟာ ဘာကိုပဲလုပ်လုပ် အပြောင်းအလဲ အတွက် တစ်ပါတည်း အဆင်သင့် ဖြစ်နေဖို့ လိုပါတယ်။

 

ပြောင်းလဲသင့်ချိန်မှာ ပြောင်းလဲနိုင်ခြင်းဟာ ဒီနေ့ခေတ်ရဲ့ အောင်မြင်မှု သော့ချက်ပါ။ တစ်ဦးချင်းစီ အနေနဲ့ ပြောင်းလဲတာက အကြောင်းမဟုတ်ပေမဲ့ အဖွဲ့အစည်းလိုက် အချိန်တိုအတွင်း ပြောင်းလဲဖို့ဆိုတာ အခြေအနေတွေကို Member တွေ အားလုံးက အတတ်နိုင်ဆုံး အချိန်နဲ့ တပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ သိနေဖို့ လိုပါတယ်။ ဒါမှသာ ပြောင်းလဲရတော့မယ်ဆိုတဲ့ အချိန်မှာ သိပ်အများကြီး ရှင်းပြနေစရာ မလိုဘဲ သူတို့အသိစိတ်ဓါတ်နဲ့ သူတို့ လိုက်လျောညီထွေ လိုက်ပါ ပြောင်းလဲ ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အချင်းချင်းကြားထဲမှာလည်း အခြေအနေတွေကို ပြောပြဆွေးနွေးကြရင်း အပြောင်းအလဲ အတွက် အဆင်သင့် ဖြစ်နေနိုင်ပါတယ်။ အဲဒီအချိန်မှာ ဘယ်လိုပြောင်းမယ်၊ ဘယ်လမ်းသွားမယ် ဆိုတာကို ချပြလိုက်ရုံပါပဲ။

Policy making ဆိုတဲ့ နေရာမှာ စေတနာ ဆိုတဲ့ ကိစ္စက အရင်အရေးပါ ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ်စံနစ်တွေ ဘယ်လိုပြောင်းပြောင်း၊ ဈေးကွက် စီးပွားရေး ဘယ်လိုရှိရှိ အခြေခံက စေတနာမှန်ဖို့ပါ။ စီးပွားရေး လုပ်တယ်ဆိုတဲ့နေရာမှာ အလုပ်ရှင်နဲ့ အလုပ်သမား ဖက်စပ်လုပ်ကြတယ်လို့ပဲ ပြောရမှာပါ။ အရင်းရှိတဲ့သူနဲ့ အလုပ်လုပ်ရတာမို့ အရင်းရှင်သဘောကတော့ မပျောက်ပါဘူး။ ဒါပေမဲ့ ဥပမာအားဖြင့် အမြတ်ငွေကို အလုပ်သမားနဲ့ အလုပ်ရှင် ခွဲဝေတဲ့အခါ အလုပ်ရှင် ၆၀% ၊ အလုပ်သမား ၄၀% ဆိုပြီး ခွဲတာနဲ့ အလုပ်ရှင် ၄၀%၊ အလုပ်သမား ၆၀% ဆိုတာမျိုးပါ။

ဒါက လက်တွေ့ကို ပြောတာမဟုတ်ဘဲ သဘောတရားအရ ပြောချင်တာပါ။ အရင်းတည်ပြီး အမြတ်စားတယ် ဆိုပေမဲ့ အမြတ်ကြီးစားပြီး၊ ကိုယ်ရဖို့အတွက် အလုပ်သမားကို ရသမျှအရည်ညှစ်မယ်ဆိုတဲ့ အလုပ်ရှင်နဲ့ သင့်တင့်မျှတအောင် တွေးခေါ်ပြီး ကိုယ်လည်း ထိုက်သင့်တဲ့ အမြတ်အစွန်းရ၊ အလုပ်သမားတွေလည်း စိတ်ချမ်းသာစေချင်တဲ့ အလုပ်ရှင် မတူပါဘူး။ အလုပ်သမား ဆိုတာကလည်း လူအမျိုးမျိုးပါ။ ဒါပေမဲ့ ယေဘူယျအားဖြင့်တော့ လုပ်ငန်းနဲ့ အလုပ်သမားတွေအပေါ် စေတနာမှန်တဲ့ အလုပ်ရှင်ဆီမှာ အလုပ်သမားကောင်းတွေ မြဲပါတယ်။ စေတနာဆိုတာ ရောင်ပြန်ဟပ်တာမျိုး ခင်ဗျ။ စေတနာမှန်တယ်၊ စီမံခန့်ခွဲမှု ကောင်းတယ်၊ Planning ကောင်းတယ်၊ အလုပ်သမားတွေအပေါ် နားလည်မှုပေးတယ် ဆိုရင် အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ဖို့ အခြေခံတွေ အတော်ပြည့်စုံနေပြီလို့ ဆိုရမှာပါ။

Keppel Shipyard မှာကျတော့ Policy maker တွေဟာ အတွေ့အကြုံ အရမ်းရင့်သလောက် သွေးအေးအေး၊ တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်ချက်တွေ ချတတ်ကြပါတယ်။ အဲဒီလို စိတ်အေးအေးနဲ့ တွေးတတ် ဆုံးဖြတ်လုပ်ကိုင်တတ်ဖို့ကိုလည်း သင်ကြားပေးပါတယ်။ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်စေ၊ ပျာယာခပ်ပြီး ကြောက်လန့်တကြား အိန္ဒြေမရ လုပ်တာ ပြောတာမျိုးကို မကြိုက်ပါဘူး။ တစ်ယောက်ယောက် အဲဒီလိုဖြစ်တာ မြင်ရင်လည်း သတိပေးပါတယ်။ အတွေ့အကြုံလေးတစ်ခုလောက် ဥပမာအနေနဲ့ ပြောပြပါရစေ။

သေဘၤာတစ္စီး၏ Main Switchboard
 FPSO သင်္ဘောတစ်စီး Conversion လုပ်ကြတုန်းကပါ။ သင်္ဘောရဲ့ Main Switchboard မှာ Cable ၉ ချောင်း တပ်ဖို့ ရှိပါတယ်။ သင်္ဘောပေါ်မှာ သင်္ဘောသားတွေလည်း ရှိနေကြတာမို့ သင်္ဘောရဲ့ Galley နဲ့ မီးဖိုချောင် (Kitchen) ကို power ဖြတ်လို့ မရပါဘူး။ ဒီကြိုး ကိုးချောင်းတပ်ဖို့အတွက် Switchboard ရဲ့ အဲဒီအပိုင်းကို power ဖြတ်လိုက်ရင် Galley နဲ့ မီးဖိုချောင် မဖြစ်မနေ ပါနေမှာ ဖြစ်ပါတယ်။ အဲဒီ အလုပ်ကိုလုပ်ဖို့ ထုံးစံအတိုင်း ပါမစ်လျှောက်တော့ သင်္ဘောပိုင်ရှင်က ညနေ ၃ နာရီအထိပဲ ခွင့်ပြုနိုင်မယ်လို့ ဆိုပါတယ်။ ညနေ ၃ နာရီဆို Galley နဲ့ Kitchen က သင်္ဘောသားတွေအတွက် ချက်ရပြုတ်ရတော့မှာကိုး။

ဒါနဲ့ ကျနော်လည်း အဲဒီအလုပ် လုပ်မဲ့ အလုပ်သမားတွေကို စီစဉ်စရာရှိတာ စီစဉ်ခိုင်းပြီး အသင့်ပြင်၊ ပါမစ်က ခွင့်ပြုတာ နေ့လည် ၁၂ နာရီကနေ ညနေ ၃ နာရီဆိုတော့ ထမင်းစားချိန်က စ လို့ မီးဖြတ်၊ အလုပ် စ ကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းဆိုတာမျိုးက ကြိုတွေးလို့ မရနိုင်တဲ့ အခက်အခဲလေးတွေ ရှိတတ်စမြဲမို့ ၃ နာရီထိုးခါနီးအထိ အပြီးမသတ်နိုင်သေးပါဘူး။ ၃ နာရီလည်း ကျော်ရော Walkie talkie ကတစ်ဆင့် ကျနော့ကို စ တင်ပြီး လောပါတော့တယ်။ သင်္ဘောပိုင်ရှင်က ကွန်ပလိန်းတက်တော့ မန်နေဂျာကလည်း မပြီးရကောင်းလားဆိုပြီး ဆူသံပူသံတွေ ထွက်လာပါတော့တယ်။ အလုပ်လုပ်နေတဲ့ အနားမှာလည်း ဆိုင်တဲ့သူရော၊ မဆိုင်တဲ့သူရော ကျွတ်စီကျွတ်စီနဲ့ ဝိုင်းအုံနေပါတော့တယ်။ ကြိမ်းတဲ့ မောင်းတဲ့ သူကလည်း ကြိမ်းလို့ မောင်းလို့ ကျနော့မှာ တကယ်ကို ဘေးကြပ်နံကြပ် အခြေအနေပါ။

အလုပ်သမားတွေလည်း ပြူးပြူးပြာပြာနဲ့ လုပ်နေကြရပါတယ်။
ကျန်နေတဲ့ အပိုင်းဟာ Switchboard busbar တွေရဲ့ အောက်ဖက်တန်းဖြစ်ပြီး အပေါ်ပိုင်း busbar တွေနဲ့ ဆိုင်တဲ့ကြိုးတွေက တပ်ပြီးသွားပါပြီ။ အဲဒီမှာတင် ပူထူနေတဲ့ ကျနော်ဟာ မိုက်မဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလို ချလိုက်ပါတယ်။ အဲဒါကတော့ အပေါ် busbar နဲ့ အောက် busbar ကြားထဲကို အထပ်သားပြားတစ်ခု ထိုးထည့်ပြီး အပေါ်ပိုင်းကို ပါဝါပြန်တင်ပေးဖို့ပါပဲ။ အပေါ် busbar တွေထဲမှာ Galley နဲ့ Kitchen အတွက် ပါဝါလိုင်းတွေ ပါတာကိုး။ အဲဒါနဲ့ အထပ်ပြားတစ်ခု ထိုးထည့်၊ အပေါ်ပိုင်းကို ပါဝါတင်ပေးလိုက်ပါတော့တယ်။ Galley နဲ့ Kitchen ကို ပါဝါရသွားတော့ မောင်မင်းကြီးသားများလည်း ပါးစပ်ပိတ်သွားသမို့ နည်းနည်းတော့ နားသက်သာသွားပါတယ်။

အဲဒီအချိန်မှာ ဘင်္ဂလား အလုပ်သမားလေးက ကြိုးတွေ တပ်ပြီးလို့ ကြိုးဝင်တဲ့ အပေါက်ကို Compound နဲ့ ပိတ်နေပါပြီ။ Compound ထိုးတဲ့ Gun က နောက်မှာ ချိတ်ကောက်တစ်ခုပါတဲ့ သံနဲ့ လုပ်ထားတာပါ။ သူက အဲဒီအပေါက်ကြီးကို ပျာပျာသလဲ ပိတ်နေပါတယ်။ အလုပ်က သတ်မှတ်ချိန်ထက်ကြာသွားလို့ ဆူကြဆဲကြတာတွေလည်း ခံထားရတော့ ကြောက်တာလည်း ပါတာပေါ့လေ။ ရုတ်တရက် ကျနော့မျက်စိထဲမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျနော့ခေါင်းကြီး ပုတ်လောက်ကြီးသွားတယ်လို့ကို ထင်လိုက်ပါတယ်။ ခေါင်းမွေးတွေတောင် ထောင်သွားသလိုပါပဲ။ ကျနော် အထပ်သားပြားထိုးထည့်ပြီး ကာထားတဲ့ အပေါ်ဘက် လျှပ်စစ်စီးနေတဲ့ busbar ဟာ ၉၀ ဒီဂရီ ချိုးပြီး အောက်ဖက်အပေါက်ထဲကို ဆင်းထားတာ အစောပိုင်းက ထူပူနေတဲ့ ကျနော် သတိမထားမိခဲ့ပါဘူး။ မြင်လိုက်ရတာက ဘင်္ဂလားလေးရဲ့ Compound Gun က သံချိတ်ကြီးဟာ အဲဒီ busbar နဲ့ ၅ မီလီမီတာ အကွာလောက်ကနေ လှုပ်ယမ်းနေတာကို တွေ့လိုက်ရတာပါပဲ။ တကယ်လို့များ နည်းနည်းလေး ချော်ပြီး ထိလိုက်တာနဲ့ စီးဝင်နေတဲ့ ၄၄ဝဗို့ ပါဝါအပြည့် လျှပ်စစ်ဟာ အလုပ်သမားလေးရဲ့ အသက်ကို တခဏချင်း မာလကီးယားသွားစေနိုင်ပါတယ်။

Switchboard နောက်ကျောဘက်ကို ဖွင့်လျှင် တွေ့ရသော Busbar များ
Safety device တွေ တပ်ထားပေမဲ့ အခုလို Main Switchboard မှာ တပ်ထားတဲ့ device တွေက High Ampere တွေပါ။ တော်ရုံနဲ့ ချက်ချင်းမပြုတ်ပါဘူး။ လန့်သွားတဲ့ ကျနော်ဟာ ပါးစပ်က လန့်မအော်မိအောင် သတိထားရင်း ချက်ချင်း စိတ်ကိုအေးအောင် ကြိုးစားရပါတယ်။ တော်တော်ကြာ ကျနော်အော်လိုက်တော့မှ လန့်ပြီး ယမ်းလိုက်လို့ ထိသွားရင် ပွဲပြီးသွားပြီလေ။ ကျနော့ လက်စာမိပြီး အလုပ်သမားလည်းသေ၊ ကျနော်လည်း ရှင်းလိုက်ရမယ် ဖြစ်ချင်း။ အခန့်မသင့်ရင် ထောင်နန်းစံရမဲ့ကိန်း။ စိတ်အေးအေးထားပြီး ဘေးက ဝိုင်းနေတဲ့ သူတွေကို ကဲ..ကဲ.... ပြီးလည်း ပြီးတော့မယ်…. အားလုံးသွားတော့… ကိုယ့်အလုပ်ကိုယ်လုပ်…. ဆိုပြီး မောင်းထုတ်လိုက်ပါတယ်။ ပြီးတော့မှ အလုပ်သမားလေးကို Friend!!!.... လို့ ခပ်တိုးတိုး ခေါ်ပြီး တော်တော့…. ထားလိုက်တော့…. မင်းလက်ထဲက gun ငါ့ကိုပေးလို့..... တောင်းလိုက်ပါတယ်…..။ ပျာယာခတ်နေတဲ့ အလုပ်သမားလေးကလည်း ဟာ… နေပါ…. ငါပြီးအောင် ဆက်လုပ်ပါ့မယ်…. ဆိုပြီး ငြင်းနေပါသေးတယ်။ 

ကျနော်က ခပ်အေးအေး ပြုံးပြလိုက်ပြီး ရပါတယ်…. မင်းတခြားဟာ သွားလုပ်တော့…. ဒီဟာ ငါလုပ်လိုက်မယ်.... လို့ ပြောတော့မှ အားနာပါးနာနဲ့ Gun ကို လက်ထဲ ထည့်ပေးပါတယ်။ အဲဒီ Gun ကြီး လက်ထဲရောက်တော့မှ ဟင်း…. ကနဲ သက်ပြင်းတစ်ခု တိုးတိုးလေးချလိုက်တာ ကုလားလေး သိမသွားပါဘူး။ ဘေးက လူတွေ ဘယ်သူမှလည်း မသိလိုက်ပါဘူး။ ကုလားလေး ထွက်သွားတော့မှ ကျန်နေတဲ့ အပေါက်ကို သတိထားပြီး နည်းနည်းပါးပါး ဆက်ပိတ်၊ ပြီးတော့ Switchboard Cover တွေ ပြန်တပ်ပြီး ကံကောင်းလေစွ… ၃ ကြိမ် ရွတ်လို့ သင်္ဘောပေါ်က ပြန်ဆင်းလာခဲ့ပါတော့တယ်။ ကံကောင်းလို့ မသေတယ်... သံချောင်းတို့ အဖေရယ် ပေါ့ ခင်ဗျာ။

ယခင်က switchboard အောက်ခြေ cable entry များကိုလည်း ဤနည်းဖြင့် ပိတ်ရသည်။ ယခုမူ MCT များဖြင့် ပိတ်သောနည်းကို သုံးနေပြီ ဖြစ်သည်။
 
အဲဒီက စ လို့ ဘယ်အလုပ်ကိုလုပ်လုပ် ဘယ်လောက်ပဲ တွန်းတွန်း Safety ကိုသာ ဦးစားပေးပါတော့တယ်။ ဟုတ်တယ်လေ။ အဲဒီတုန်းက ကျနော် အလုပ်မပြီးလို့ နောက်ကျရင် အများဆုံး သင်္ဘောသားတွေ ထမင်းစားနောက်ကျရုံ၊ ကျနော်လည်း အဆူအဆဲ ခံရရုံပါပဲ။ တကယ်လို့သာ Accident ဖြစ်ခဲ့ရင် ဖြစ်လာမဲ့ အကျိုးဆက်တွေဟာ ဘယ်လောက်ထိ ဆိုးရွားသွားမယ်ဆိုတာ တွေးကြည့်ရုံနဲ့ ကျက်သည်း ထ မိပါရဲ့။ စင်ကာပူမှာ အလုပ်လုပ်တယ်ဆိုတာ Responsibility (တာဝန်) ရှိတယ်။ Accountability (တာဝန်ခံမှု) ရှိတယ် ခင်ဗျ။ မြန်မာပြည်မှာလို လာဘ်ထိုးပြီး အရူးကွက် နင်းလို့ မရဘူး။ နောက်တစ်ချက်က ကျနော်လည်း ငါ့ပေါ့ဆမှုကြောင့် လူတစ်ယောက် သေသွားရတယ်ဆိုပြီး တစ်သက်လုံး ယူကြုံးမရ ဖြစ်နေရတော့မှာ။

ဒါကတော့ Shipyard မှာ ရခဲ့တဲ့ Safety သင်ခန်းစာတစ်ခုပါ။ ကျနော် ဒါတွေကို ပြောပြနေတာဟာ အကြောင်းမဲ့  မဟုတ်ပါဘူး။ Construction လောကထဲ ရောက်သွားတဲ့အခါ ကျနော့စိတ်အခြေခံကို နားလည်စေချင်တာရယ်၊ Shipyard နဲ့ Construction ဘယ်လို ကွာခြားတယ်ဆိုတာကို ပိုပြီး သဘောပေါက််စေချင်လို့ပါပဲ။

အပိုင်း ၄ ကျရင် Safety နဲ့ ပတ်သက်ပြီး အမှုစစ်ရတဲ့ အတွေ့အကြုံလေးတချို့ကို ပြောပြပါဦးမယ်။

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...