Saturday, December 27, 2014

The Day the Earth Stood Still (2008)




၁၉၈၂-ခုနှစ်။ အိန္ဒိယနိုင်ငံ၏ နှင်းများဖုံးနေသော ကာရာကိုရမ် တောင်ပေါ်မှ တောင်တက်သမားတစ်ယောက်သည် အာကာသမှ ကျလာသော တောက်ပသည့် စက်လုံးကြီးတစ်လုံးကို တွေ့ခဲ့လေသည်။ ထိုစက်လုံးကြီးကို စိတ်ဝင်စားလှုပ်ရှားစွာနှင့် ရေခဲခွဲတူဖြင့် ရိုက်ပြီး လက်ဖြင့်တို့ထိကြည့်လိုက်သည့်ခဏတွင် ရုတ်တရက် သတိမေ့လဲကျသွားတော့သည်။ သတိရလာသည့်အချိန်တွင် စက်လုံးကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး သူ့လက်တွင် အနာရွတ်ကဲ့သို့ အမှတ်အသားတစ်ခုသာ ကျန်ခဲ့တော့သည်။
 
 မျက်မှောက်ခေတ်။ ၂၀၀၈-ခုနှစ်၊ ။ အမေရိကန်အစိုးရသည် နယ်ပယ်အသီးသီးမှ ပညာရှင်ပေါင်းစုံပါဝင်သော သိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ကို အရေးပေါ်ဖွဲ့စည်းလိုက်သည်။ ပရင်စတန်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဒေါက်တာဟယ်လင်ဘက်ဆန် (Dr. Helen Benson) လည်း ထိုအဖွဲ့တွင် မဖြစ်မနေပါဝင်ခဲ့ရသည်။ အကြောင်းမှာ အာကာသအတွင်းမှ အမျိုးအမည်မသိသော အရာဝတ္ထုတစ်ခုသည် အလင်း၏ အလျင် ၁ဝပုံ တစ်ပုံနှုန်းဖြင့် ကမ္ဘာသို့ ဦးတည်ပျံသန်းလာပြီး မက်ဟက်တန်မြို့သို့ ကျရောက်လာမည် ဖြစ်သောကြောင့် မည်သို့ပြင်ဆင် အရေးယူဆောင်ရွက်ရမည်ဆိုသည့် အစီအစဉ်ကို အပူတပြင်းချမှတ်ရန် လိုအပ်နေသောကြောင့်ဖြစ်သည်။




 အဆိုပါ အရာဝတ္ထုသည် မြို့လယ်ပန်းခြံ (Central Park) ထဲသို့ အရှိန်လျော့ ဆင်းသက်လာသည့်အခါ ကြီးမားသော စက်လုံးပုံ အာကာသယာဉ်တစ်စင်းဖြစ်ကြောင်း သိသာလာသည်။ အမေရိကန်ကာကွယ်ရေးတပ်များမှ အသင့်အနေအထားနှင့် ဝိုင်းထားသည့်ကြားမှ ဂြိုလ်သားတစ်ယောက် အာကာသယာဉ်ထဲမှ ထွက်လာခဲ့သည်။ စိတ်လှုပ်ရှားနေသော ကာကွယ်ရေးတပ်စစ်သားတစ်ယောက်ထံမှ သေနတ်သံတစ်ချက် ထွက်လာခဲ့ပြီး ဂြိုလ်သားကို ထိမှန် လဲကျသွားခဲ့သည်။ ထိုအခါ ဂြိုလ်သား၏နောက်မှ အလွန်ကြီးမားသော စက်ရုပ်ကြီးတစ်ရုပ် လိုက်ပါထွက်လာကာ ဂြိုလ်သားကို ကာကွယ်ရန် စွမ်းအင်မြင့်မားသော လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည့်ခဏတွင် ဝိုင်းထားသော ကာကွယ်ရေးတပ်အပြင် အနီးရှိ ပညာရှင်များအားလုံး တစ်ကိုယ်လုံး အကြောသေသကဲ့သို့ဖြစ်ကာ လှုပ်ရှား၍မရ ဖြစ်ကုန်သည်။ လျှပ်စစ်နှင့် အီလက်ထရွန်းနစ် စံနစ်သုံး ပစ္စည်းများ၊ လက်နက်များအားလုံးလည်း အကုန်ရပ်ဆိုင်းသွားတော့သည်။ ဂြိုလ်သားဆီမှ Klaatu barada nikto ဆိုသော အမိန့်ပေးသံကိုကြားရသောအခါမှ စက်ရုပ်ကြီး၏ တိုက်ခိုက်မှုက ရပ်သွားတော့သည်။ လူများလည်း ပုံမှန်ပြန်ဖြစ်ပြီး လက်နက်များလည်း ပုံမှန်ပြန်ဖြစ်သွားသည်။

ဒဏ်ရာရသွားသော ဂြိုလ်သားကို စစ်ဆေးရုံသို့ အမြန်ပို့ဆောင်ပြီး ထိမှန်ထားသော ကျည်ဆံကို ထုတ်ယူရန် ခွဲစိတ်ကြသည်။ ထိုအခါ ဂြိုလ်သားသည် လူသားများအာကာသဝတ်စုံဝတ်သကဲ့သို့ ဝတ်စုံတစ်ခုကို ဝတ်ထားသည်ကို တွေ့ကြရသည်။ အပေါ်ယံဝတ်စုံအလွှာ ကွာကျသွားပြီးနောက် အတွင်းခန္ဓာကိုယ်သည် အချင်းကဲ့သို့သော အရာများဖုံးအုပ်လျက် မွေးဖွားပြီးကာစ လူသားကလေးငယ်ကဲ့သို့ ဖြစ်နေသော်လည်း အရွယ်မှာလူကြီးတစ်ယောက်အရွယ် ဖြစ်နေလေသည်။ အချင်းကဲ့သို့သော အရာများကို ဖယ်ရှားပြီးနောက် အနည်းငယ် အားနည်းနေသလို ဖြစ်နေသည်မှ အပ သူ၏ခန္ဓာကိုယ်သည် အချိန်တိုအတွင်း လျှင်မြန်စွာ ရင့်ကျက်လာပြီး လူသားယောက်ျားတစ်ဦးအသွင် ဖြစ်လာခဲ့သည်။ ထိုအချင်းများကိုလည်း ဖန်ပုလင်းငယ်များဖြင့် သုတေသနပြုရန် သိမ်းဆည်းထားလိုက်ကြသည်။



  ဂြိုလ်သား၏ အမည်မှာ Klaatu ဟု ခေါ်ပြီး အစပိုင်းတွင် ဖေါ်ပြခဲ့သည့် ကာရာကိုရမ်တောင်ပေါ်မှ တောင်တက်သမား၏ DNA ကို ဆင့်ပွားဖန်တီးထားသော လူသားခန္ဓာကိုယ်နှင့် ဂြိုလ်သားတစ်ဦးသာ ဖြစ်သည်။ Klaatu သည် ကမ္ဘာသုံး အမေရိကန်အင်္ဂလိပ်စကား ပြောတတ်နေသည်ကိုလည်း တွေ့ရသည်။ Klaatu က အမေရိကန်ကာကွယ်ရေး အတွင်းရေးမှုး Regina Jackson ကို သူသည် ဂြိုလ်သားမျိုးနွယ်စုတစ်စု၏ ကိုယ်စားလာရောက်ခြင်းဖြစ်ပြီး အမေရိကန်ခေါင်းဆောင်များကို သတင်းစကားပါးစရာ ရှိသည်ဟု ဆိုသည်။

သူသည် ကမ္ဘာကြီးကို ကယ်တင်ရန် လာခြင်းဖြစ်သည်ဟု ပြောသော်လည်း စိတ်ရှုပ်ထွေးနေသော Jackson က Klaatu ကို လုံခြုံရေးတင်းကြပ်သောနေရာတွင် ထားရှိပြီး စုံစမ်းစစ်ဆေးရန်သာ အမိန့်ထုတ်လိုက်သည်။ သို့သော် Klaatu က Helen ၏ အကူအညီဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။ ဖန်ပုလင်းများဖြင့် သိမ်းဆည်းထားသော Klaatu ၏ အချင်းများထဲမှ တစ်ပုလင်းကို Helen က ခိုးယူလာခဲ့သည်။ ဤအချင်းများသည် ဒဏ်ရာများကို အံ့သြဖွယ် ပျောက်ကင်းစေသည်ကို တွေ့ရသည်။ Klaatu ၏ ကိုယ်မှ သေနတ်ဒဏ်ရာကိုလည်း အချင်းအနည်းငယ်မျှ သုတ်လိမ်းရုံဖြင့် ချက်ချင်းပင် အနာကျက်သွားသည်ကို Helen တွေ့ရသည်။

တစ်ချိန်တည်းမှာပင် မည်သည့်လက်နက်နှင့်မျှ ဖျက်ဆီး၍ မရသော စက်လုံးပုံ ယာဉ်ပျံများသည် ကမ္ဘာတစ်ဝန်း နေရာအနှံ့အပြား ကျရောက်လာသည့် သတင်းများကို တွေ့နေရသည်။ အမေရိကန်စစ်ဘက်မှလည်း Klaatu ၏ စက်ရုပ်ကြီးကို Central Park မှ ဗာဂျီးနီးယားပြည်နယ် မြေအောက်တွင် အမေရိကန်အစိုးရမှ တည်ဆောက်ထားသော
GORT (Genetically Organized Robotic Technology) သို့ သယ်ယူလာလျက် အမျိုးမျိုး စမ်းသပ်စစ်ဆေးကြသည်။ စက်လုံးပုံ ယာဉ်ပျံများကို ဖျက်ဆီးရန် ကြိုးစားကြသော်လည်း မအောင်မြင်ပေ။

Klaatu သည် MR. Wu ဆိုသော လူသားအသွင်ယူထားသည့် ဂြိုလ်သားဟောင်းကြီးနှင့် McDonalds ဆိုင်တွင် တွေ့ဆုံသည်။ Mr Wu သည် ကမ္ဘာပေါ်တွင် လူသားများနှင့်အတူနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ မျှပင် ရှိနေပြီဖြစ်ရာ လူသားများ၏ သဘောထားကို ကောင်းစွာသိနေသည်။ လူသားများသည် ကမ္ဘာကို ဖျက်လိုဖျက်ဆီးလုပ်တတ်ကြပြီး သူတို့၏ အကျင့်နှင့် သဘောထားကို ပြောင်းလဲလိုစိတ်မရှိကြဟု Wu က ပြောပြသည်။ ထို့ကြောင့် စကြ်ာဝဠာကြီး မပျက်ဆီးစေရန် လူသားများ၏ စားနပ်ရိက္ခာအတွက် ထောက်ပံ့နေသော အမျိုးမျိုးသော သက်ရှိများကို ကယ်တင်သိမ်းဆည်းဖို့ လိုသည်ဟု Wu က ပြောသည်။ သို့သော် Wu က လူသားများ၏ မစ္ဆရိယစိတ်နှင့် ဖျက်လိုဖျက်ဆီးစိတ်များကို မကြိုက်သော်လည်း လူသားများအပေါ် ချစ်သည်ဟု ဆိုသည်။ သို့အတွက် လူသားများနှင့် သေသည်အထိ အတူနေဖို့ ဆုံးဖြတ်ထားသည်ဟု ပြောသည်။ Klaatu က ရှုပ်ထွေးသော်လည်း စကြ်ဝဠာကြီးအတွက် ရောဂါပိုးကဲ့သို့ ဖြစ်နေသော လူသားမျိုးနွယ်ကို ရှင်းလင်းပစ်ရန် အဆင်သင့်ဖြစ်နေပြီဟု ပြန်ပြောသည်။

 
Klaatu က စက်လုံးယာဉ်အငယ်စားများကို ကမ္ဘာပေါ်တွင် ပုန်းအောင်းနေပြီး တိရိစ္ဆာန်မျိုးစိတ်များကို စတင်စုဆောင်းရန် သူအမိန့်ပေးထားသည်ဟု ပြောပြသည်။ Helen သည် Klaatu သွားလိုရာသို့ သေဆုံးသွားပြီဖြစ်သော သူ့ခင်ပွန်းဘက်မှ ပါလာသော သားနှင့် အတူ လိုက်လံပို့ပေးရင်း Klaatu ၏ စက်လုံးယာဉ်ငယ်များ တိရိစ္ဆာန်မျိုးစိတ်များ စုဆောင်းနေခြင်းကို တွေ့ရှိခဲ့သည်။ Helen က Klaatu ကို အကျိုးအကြောင်းရှင်းရှင်းလင်းလင်း ပြောပြရန်ပြောသည်။ နောက်ဆုံးတွင် Klaatu က ကမ္ဘာကြီးကို ကယ်တင်မည်ဆိုခြင်းမှာ လူသားများလက်မှ ကယ်တင်ရန် ဆိုလိုကြောင်း၊ အမှန်အားဖြင့် ကမ္ဘာကြီးအတွက် အန္တရာယ်မှာ လူသားများပင်ဖြစ်ကြောင်း Helen သိသွားတော့သည်။

Klaatu ပျောက်ဆုံးနေသည့်သတင်းကလည်း သတင်းမီဒီယာများတွင် ကျယ်ပြန့်စွာ ပါနေပြီ ဖြစ်သည်။ ထိုအချိန်မှာပင် Klaatu နှင့် Helen တို့ရှိရာသို့ ရဲကားတစ်စီးရောက်ရှိလာရာ အလိုရှိသည်ဟု ကြေငြာနေသော Klaatu နှင့်အတူ Helen တို့ သားအမိကိုပါ တွေ့သွားတော့သည်။
ကမ္ဘာကြီးကို ဆေးကြောပစ်မည့် Klaatu ၏ အစီအစဉ် အောင်မြင်မည်လား။ မည်သို့သောနည်းဖြင့် ဆေးကြောပစ်မည်နည်း။ Klaatu ၏ အစီအစဉ်ကို Helen က ဟန့်တားနိုင်မည်လား။ Klaatu ၏ စက်ရုပ်ကြီးသည် ကမ္ဘာကြီးကို ဆေးကြောမည့် လက်နက်ပေလော။

၁၉၅၁-ခုနှစ်က ရုပ်ရှင်ကို ပြန်လည် ဆန်းသစ်ထားခြင်း ဖြစ်ပြီး သဘာဝပါတ်ဝန်းကျင်နှင့် ကမ္ဘာကို ဖျက်ဆီးနေသော လူသားများ၏ လုပ်ရပ်များကို သတိပေးထားသော ဒါရိုက်တာ Scott Derrickson ၏ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်သည်။ Helen ၏ သား Jacob Benson အဖြစ် Will Smith ၏ သား Jaden Smith က သရုပ်ဆောင်ထားပါသည်။ Klaatu အဖြစ်သရုပ်ဆောင်သော Keanu Reeves နှင့် Dr Helen အဖြစ် သရုပ်ဆောင်သော Jennifer Connelly ၏ သဘာရင့်သရုပ်ဆောင်ချက်များနှင့် တန်ဆာဆင်ထားသော The Day the Earth Stood Still သည် အမှတ်တရဖြစ်အောင် ကောင်းသော ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်သည့်အပြင် ဘာသာရေးစာပေလာ အနှစ်တစ်သိန်းကြိုဖြစ်သော ကမ္ဘာပျက်ကောလဟာလများထဲမှ တစ်ခုပေလောဟု စဉ်းစားနေမိပါသည်။

အင်တာနက်မှ တိုက်ရိုက်ကြည့်လိုသူများ အောက်ပါ link တွင် 144p မှ 1080p HD Quality အထိ မိမိလိုင်းနှင့် အဆင်ပြေရာရွေးချယ်၍ ကြည့်နိုင်ပါသည်။

https://www.youtube.com/watch?v=Mco2Ma08KDI


ဤဇာတ်ကားကို ကြည့်ပြီး ကြိုက်သည်က အကြောင်းမဟုတ်သော်လည်း ပြန်လည်ရေးသားဝေမျှလိုသောအခါ စိတ်ထင်သလို လျှောက်ပြော၍ မရသဖြင့် အချက်အလက်များကို အင်တာနက်မှ ရှာဖွေဘာသာပြန်ရပါသည်။ အချို့စကားလုံးများကို အဓိပ္ပါယ်အတိအကျမဟုတ်ဘဲ ဆီလျှော်အောင် ဘာသာပြန်ထားသော်ငြား အောက်ပါ စကားလုံးများသည် ကျနော် ဘာသာပြန်ရာတွင် အဘိဓါန်တွင် ရှာဖွေခဲ့သော စကားလုံးအချို့ ဖြစ်ပြီး ဝေါဟာရတိုးစေခြင်း အလို့ငှာ မှတ်သားထားခြင်း ဖြစ်ပါသည်။


Hastily           = (adv) ကတိုက်ကရိုက်။
Glowing         = (n) အပူရှိန်ပြင်းလွန်းခြင်း။ တောက်ပခြင်း။
Encounter      = (n) တွေ့ဆုံခြင်း။ တွေ့ကြုံခြင်း။
Determine      = (v.t) သတ်မှတ်ပိုင်းခြားသည်။ သရုပ်ပေါ်လွင်စေသည်။
Rare             = (n) rarity ရှား-ပါး-ခြင်း။ (adj) ပါးသော။ မသိပ်သည်းသော။ ပါးရှားသော။
Sustain          = (v.t) အသက်ရှင် စေသည်။ စားနပ်ရိက္ခာပေးသည်။ ကျွေးမွေးထားသည်။ ပင့်ထားသည်။
Despite         = (n) စက်ဆုပ်မုန်းတီးခြင်း။ မစ္ဆေရစိတ်။ သို့ဖြင့်လင့်ကစား။ (prep) စက်ဆုပ်မုန်းတီးခြင်း။ မစ္ဆေရစိတ်။
Humanity       = (n) လူဖြစ်ခြင်း။ လူ့ဇာတိ လူ့သဘာဝ။
Destructive    = (adj) ဖျက်ဆီးစေတတ်သော။
Tendencies    = (n) ယိမ်းယိုင်မှုများ။
Perplex          = (v.t) ရှုပ်ထွေးစေသည်။ ရှုပ်အောင်လုပ်သည်။
Species         = (n) မျိုးစိတ်။

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...