သင်တန်းမှာ ပထမတစ်ရက် Trainer နဲ့ တွဲပြီး အဖွဲ့တွေခွဲလို့ သင်္ဘောကျင်း (yard) ထဲမှာ လိုက်စစ်ရပါတယ်။ Safety မျက်စိနဲ့ ကြည့်တတ်အောင် သင်တာပါပဲ။ Safe မဖြစ်တာတွေ့ရင် ဝန်ထမ်းကတ်ကို ဓါတ်ပုံရိုက်၊ မှတ်သား၊ သတိပေးတန်ပေး အရေးယူတန်ယူ လုပ်ရပါတယ်။ အရေးယူစရာရှိတဲ့အခါ အဖမ်းခံရတဲ့ ဝန်ထမ်းကို နေ့ခင်းထမင်းစားချိန် Safety Office ကို လာဖို့ ခေါ်ရပါတယ်။ ပြီးရင် အရေးယူခံရတဲ့ ဝန်ထမ်းကို သူ့အမှားကိုသူ နားလည်ပြီး အရေးယူတာကို သဘောပေါက် ကျေနပ်သည်အထိ သေသေချာချာ ရှင်းပြရပါတယ်။ Counseling လုပ်တယ်လို့ ခေါ်ပါတယ်။ ငါအရာရှိ၊ ငါဖမ်းချင်လို့ ဖမ်းတယ်…. ပေး ဒဏ်ကြေး ၅၀ ဆိုပြီး အနိုင်ကျင့်လို့ မရပါဘူး။ အရေးယူခံရတဲ့ ဝန်ထမ်းက အရေးသာ အယူခံလိုက်တယ်.... ဘာကြောင့်မှန်းမသိ ဖြစ်လို့ မရပါဘူး။
အဲဒီမှာ တခြားအဖွဲ့တွေက ဖမ်းလာတဲ့အမှုတွေကို စစ်တဲ့အခါ အဗန်းက ဖမ်းလာတဲ့ အရာရှိကို အရင် သေသေချာချာ မေးပါတယ်။ ဥပမာ… အမြင့်မှာလုပ်ပြီး Safety belt မချိတ်လို့ ဖမ်းတယ် ဆိုပါတော့။ သင်္ဘောကျင်းမှာ အမြင့်က အလုပ်လုပ်တဲ့အခါ Safety belt မသုံးဘဲ အလုပ်လုပ်တာ တကယ့်ဧရာမ အမှုကြီး ခင်ဗျ။ Yard ထဲဝင်ခွင့် ၂ နှစ်ထိ ပိတ်ပစ်လိုက်လို့ ရပါတယ်။ အမြင့်ဆိုတာလည်း အရမ်းမြင့်မှ မဟုတ်ဘူးခင်ဗျ။ ၂ မီတာ လောက်ဆိုရင်ကို ခါးပတ်ကချိတ်နဲ့ အမြင့်တစ်နေရာမှာ ချိတ်ရပါတယ်။ ဒီ့ထက် မြင့်လို့ လိုအပ်ရင် Body Hardness လို့ ခေါ်တဲ့ ချိတ် ၂ ချိတ် ပါတဲ့ Safety belt မျိုး သုံးရပါတယ်။
အဗန်းက ဖမ်းတဲ့အရာရှိကို ဘယ်နေရာမှာ ဘယ်လိုဖြစ်တယ်ဆိုတာ သေသေချာချာ မေးပါတယ်။ ခါးပတ် မချိတ်ဘူးဆိုတော့ ချိတ်စရာရော ရှိရဲ့လား…. အမြင့်က ဘယ်လောက် မြင့်သလဲ…. ဆိုတာမျိုးတွေ မေးပါတယ်။ တစ်ခါတစ်ရံ သိပ်လည်း မမြင့်သလို ချိတ်စရာ ဘာမှ မရှိတဲ့ နေရာမျိုးတွေ ရှိတတ်တာကိုး။ သိပ်မမြင့်တော့ အန္တရာယ်သိပ်မများဘူးလေ။ စည်းကမ်းအရ ချိတ်ရမယ်ဆိုပေမဲ့ တစ်ခုခု ဖြစ်ရင်တောင် နည်းနည်းပါးပါး နာရုံကျင်ရုံ ဖြစ်နိုင်မဲ့နေရာမျိုး၊ ချိတ်စရာ မရှိတဲ့နေရာမျိုးဆို သတိပေးပြီး ပြန်လွှတ်လိုက်တာပါပဲ။
ဒါပေမဲ့ တချို့က မှားလည်းမှားသေး၊ ဖမ်းရင် ပြောရင်လည်း ရန်လုပ်သေးတာခင်ဗျ။ ဒါမျိုးဆိုရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ။ ကိုယ်အမှားကိုယ် နားမလည်တဲ့လူစားမျိုးအတွက် သင်္ဘောကျင်းဟာ အန္တရာယ်များလှပါတယ်။
သင်တန်းတစ်ရက်.... အဗန်း ဦးဆောင်တဲ့ အဖွဲ့မှာ လိုက်ပါ စစ်ဆေးရင်း တစ်နေရာရောက်တော့ အလုပ်သမားတစ်ယောက် အမြင့်တစ်နေရာမှာ အလုပ် လုပ်နေတာ တွေ့ပါတယ်။ Safety belt လည်း ချိတ်ထားပါတယ်။ အဗန်းက အဲဒီ အလုပ်သမားကို မေးဆတ်ပြရင် ကျနော့ကို မေးပါတယ်။ ဘာမှားနေသလဲ တဲ့။ ကျနော်လည်း အမျိုးမျိုး စဉ်းစားကြည့်ပေမဲ့ ဘာမှားနေမှန်းကို မသိတာခင်ဗျ။ ကျနော် ပုခုံးတွန့်ပြတော့ သူကပြောတယ်။ သူ ဘယ်လို အဲဒီအပေါ်ကို တက်သွားတာလဲ သိလား…တဲ့။ တည့်တည့်ပြောမှ ရိပ်မိတဲ့ ကျနော် ငတုံးကလည်း အဲဒီတော့မှ စဉ်းစားမိတယ်။ ဟုတ်ပါ့…. ဒီ ငတိ တက်စရာ လှေခါးလည်း မတွေ့…. အဆင့်ရယ်လို့လည်း သေသေချာချာ မရှိဘဲ ဘယ်လို အပေါ်ရောက်နေပါလိမ့်လို့…။
အဗန်းက မင်းဖုန်းထုတ်…. ကင်မရာနဲ့ ချိန်ထား… လို့ ပြောပြီး အဲဒီအလုပ်သမားကို လှမ်းခေါ်လိုက်ပြီး ဆင်းလာခဲ့ဖို့ ပြောပါတယ်။ မှတ်မှတ်ရရ ပြည်ကြီးတရုတ် အလုပ်သမားပါ။ အဲဒီတော့မှ ကိုယ်တော်က မိကျောင်းနဲ့ မျောက်လွှဲကျော် နည်းပညာတွေ ပေါင်းစပ်ပြီး Mission Impossible ထဲက တွမ်ခရုစ်စတိုင်နဲ့ ဆင်းလာပါတော့တယ်။ ကျနော်လည်း ဘယ်နေလိမ့်မလဲ… ရုပ်သေရော၊ ဗွီဒိယိုရော အကုန် မှတ်တမ်းတင်ထားလိုက်ပါတယ်။ အနားရောက်တော့ ပေါက်ဖေါ်က အင်္ဂလိပ်လို နားမလည်တဲ့ အထာနဲ့ ဟမ်…ဟမ်…. လုပ်ပြီး တရုတ်လိုတွေချည်း ပြောပါတော့တယ်။ ဒါနဲ့ Supervisor ကိုခေါ်တော့ Supervisor က အိန္ဒိယလူမျိုး။ ဒီအလုပ်သမားက အင်္ဂလိပ်လို မတတ်ဘူးဆိုတော့ မင်းသူနားလည်အောင် ဘယ်လိုပြောသလဲဆိုတော့ နည်းနည်းနားလည်ပါတယ် တဲ့။ ဒါဖြင့် ပြောစမ်း… ဆိုတော့မှ ကိုရွှေတရုတ်က အင်္ဂလိပ်လို မတတ်တတတ်နဲ့ ပြောပါတော့တယ်။ အမှုက ပိုကြီးတာပေါ့ခင်ဗျာ။ နားလည်ရဲ့သားနဲ့ နားမလည်ချင်ယောင်ဆောင်တဲ့ အမှုပါ ထပ်တိုးတာပေါ့။
Shipyard မှာလည်း ပြည်ကြီးတရုတ်တွေကို သတိထားရတယ်ခင်ဗျ။ စကားပြောရိုင်းတာက တစ်ချက်၊ နားမလည်တာနဲ့ နားမလည်ချင်ယောင် ဆောင်တာနဲ့၊ ကသမ်းကရမ်း ထင်ရာမြင်ရာ စွတ်လုပ်တာနဲ့၊ စင်ကာပူက သူတို့လို တရုတ်နိုင်ငံမို့ အင်္ဂလိပ်လို တတ်စရာမလိုဘူးဆိုတဲ့ ပုံစံက ပါသေးတဲ့အပြင် တရုတ်မို့လို့ ဘယ်လူမျိုးမှ ဂရုမစိုက်ဘူးဆိုတဲ့ အဆင့်အတန်းမရှိတဲ့ ငပိန်းတွေးက တွေးသေးတာဆိုတော့ ကိုယ်အလုပ်လုပ်နေတဲ့နားမှာ တရုတ်တွေ လာအလုပ်လုပ်နေရင် သတိထားရပါတယ်။
Safety ဆိုတာက ကိုယ့်လုပ်လို့ ကိုယ် ခံ ရတာက တစ်မျိုး၊ ကိုယ့်လက်ချက်နဲ့ သူများအန္တရာယ်ဖြစ်တာက တစ်မျိုး၊ သူများလက်ချက်နဲ့ ကိုယ် ခံ ရတာက တစ်မျိုးရယ်လို့ ဖြစ်နိုင်ရာချေ ၃ မျိုး ရှိသကိုး။ ၃ မျိုးလုံး ကြောက်ရပါတယ်။ အခန့်မသင့်ရင် သေတတ်တယ်ဗျ။
စောစောက ပေါက်ဖေါ်ဇာတ်လမ်း နောက်ဆက်တွဲကတော့ သိတော်မူတဲ့အတိုင်းပေါ့လေ။ မလွှဲမရှောင်သာ အရေးယူရလေသတည်းပေါ့။ Supervisor ပါ တာဝန် မကင်းသမို့ Supervisor ကိုပါ အရေးယူလိုက်ရပါတယ်။
အဲဒါက Fair & Firm တဲ့။ Firm ဆိုတာက Confirm ကို ဆိုလိုတာပါ။
တရားမျှတရမယ်၊ သေချာရမယ်ပေါ့ ခင်ဗျာ။ ပြီးတော့ ကိုယ်အပါအဝင် အလုပ်သမားတွေကို တကယ် အန္တရာယ်ကင်းစေချင်တဲ့ စိတ်ကို အခြေခံရ မတဲ့။ ဖမ်းချင်စိတ်၊ အမှု ပြည့်ချင်စိတ်နဲ့ ပြီးပြီးရော မလုပ်ရဘူး တဲ့။ အမှုပြည့်ချင်စိတ်ဆိုတာ ဒီလိုပါ။ Shipyard မှာလည်း Safety တာဝန်ယူရတဲ့သူတွေမှာ ကျနော်တို့ဆီက ယဉ်ထိန်းရဲတွေလို တစ်ရက်ဘယ်နှစ်မှုရှာရမယ် ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ကြည့်တတ်သူအတွက် အမှုက မပြည့်စရာကို မရှိတာခင်ဗျ။ မ တစ်ထောင်သားတွေ အလုပ်လုပ်နေကြတာဆိုတော့ ထောင်ချီနေတဲ့ ဒီ အလုပ်သမားတွေထဲမှာ အမှု ၅ မှုလောက် ရှာရတာ သိပ်မခက်လှပါဘူး။ ဒါပေမဲ့ အမှုတိုင်း အပြစ်ပေးရမယ်လို့ မဟုတ်ပါဘူး။ ပညာပေးကိုသာ အဓိက လုပ်ရပါတယ်။
ဘာကြောင့်လည်းဆိုတော့ အဲဒီလို တင်းကြပ်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် တချို့ အလုပ်သမားတွေမှာ သူတို့အသက်ထက် Safety ပြဿနာ မဖြစ်ရေးက အဓိက လို ဖြစ်လာတတ်လို့ပါ။
ဖြစ်ရပ်တစ်ခုကို ပြောပြရမယ်ဆိုရင် တစ်ခါတော့ ကျနော့ရှေ့တင် ဘင်္ဂလားအလုပ်သမားတစ်ယောက် ငြမ်းပေါ်က ပြုတ်ကျပါတယ်။ ငြမ်းက သိပ်မမြင့်ပေမဲ့ ကျလာတဲ့ အရှိန်က နည်းနည်းပြင်းတာကြောင့် ကျနော်တို့လည်း ပြာပြာသလဲ ပြေးကြည့်ပါတယ်။ သူက ချက်ချင်းပဲ ထ လာပြီး ပြုံးပြရင်း ဘာမှ မဖြစ်ပါဘူးလို့ ပြောပါတယ်။ မင်းလမ်းလျှောက်ပြစမ်းဆိုတော့ ပုံမှန်ပဲ လျှောက်ပြပါတယ်။ ကျနော်တို့လည်း အဲဒီအချိန် ကိုယ့်တာဝန်နဲ့ ကိုယ် အလုပ်ရှုပ်နေချိန်ဆိုတော့ ခပ်ပေါ့ပေါ့ပဲ တစ်ယောက်တစ်ပေါက် သတိပေး ပြောဆိုပြီး ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ကြပါတယ်။ ဒါပေမဲ့ အဲဒီနေ့ည ၂ နာရီလောက်မှာတော့ အဲဒီ အလုပ်သမားဟာ ဆေးရုံကို အရေးပေါ်တင်လိုက်ရပါတော့တယ်။ ဆေးရုံရောက်လို့ စစ်လိုက်တော့ နံရိုး ၂ ချောင်း ကျိုးသွားပါတယ် တဲ့။
ဒါကြောင့် ဖမ်းဟယ်ဆီးဟယ်နဲ့ အရေးယူတာမျိုးတွေ မဖြစ်မနေ လုပ်ရပေမဲ့ တစ်ခါတစ်ရံ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေ ဖြစ်တတ်ပါတယ်။ Safety ကို တင်းကြပ်ခါမှ Accident တွေ တိုးတိုးလာတတ်တာ ဒီသဘောပါပဲ။ အလုပ်သမားတွေ အလုပ်မှာ အာရုံမရှိ်တော့ဘဲ အဖမ်းမခံရရေးကိုသာ သတိထားတဲ့အဆင့် ဖြစ်လာရင် အဲဒီပြဿနာမျိုး တက်လာတတ်ပါတယ်။ စိတ်ဝင်တစား လုပ်တဲ့အလုပ်မှာ Accident ဖြစ်နိုင်ချေ နည်းပါတယ်။ အလုပ်ဖိအားကတော့ ပုံမှန်ရှိတဲ့ကိစ္စပေမဲ့ အလုပ်ဖိအားအပြင် မလိုအပ်တဲ့ အပိုဖိအားတွေ များလာတဲ့အခါမှာလည်း Accident တွေ တိုးလာတတ်ပါတယ်။
ရှေ့မှာ ပြောခဲ့သလို အလုပ်သမားတစ်ဦးချင်းရဲ့ နောက်မှာ မိသားစုတွေ၊ သူ့ကို မှီခိုနေသူတွေ ရှိပါတယ်။ ချေးငှားပြီး ပေးခဲ့ရတဲ့ အေးဂျင့်ကို ပေးရတဲ့ ပိုက်ဆံတောင် မကျေသေးဘူး၊ အလုပ်ပြုတ်တာတို့၊ ပိုက်ဆံဖြတ်ခံရတာတို့ ဖြစ်ရင် သူတို့ရဲ့ နောက်ဆက်တွဲ ဒုက္ခတွေက မသေးကြရှာဘူးကိုး။ ဘင်္ဂလားတွေဆို အေးဂျင့်ကို ပေးရတာ ကျနော်တို့ မြန်မာတွေထက် ၃ ဆ လောက် ($6000~$7000) များတယ် ခင်ဗျ။ ပြီးတော့ ကြွေးမဆပ်နိုင်ရင် ဂိုဏ်းစတားတွေနဲ့ ခြိမ်းခြောက် သတ်ဖြတ်ခံရတာမျိုးတွေ ရှိပါတယ်။
ဒါပေမဲ့ ကျနော့အတွေ့အကြုံအရ အဲဒီလိုတွေရှိလို့ အလုပ်ကို ကြိုးစားလုပ်မယ်၊ Safety ဂရုစိုက်မယ်လို့တော့ မထင်လိုက်ပါနဲ့။ ကြုံသလို ခိုတဲ့ကောင်နဲ့၊ ခိုးအိပ်တဲ့ကောင်နဲ့၊ ပြီးပြီးရော ငါ့လက်ကလွတ် ဗြွတ် လုပ်တဲ့ကောင်နဲ့။ အဲ.... အဖမ်းခံရပြီဆိုရင်တော့ ခြေသလုံးဖက်တာတို့၊ ရှိုက်ကြီးတငင် ငိုတာတို့၊ အမေအိုကြီးက ရောဂါဖြစ်နေတာတို့၊ မိန်းမနဲ့ ကလေး ၁၀ ယောက် ဒုက္ခဖြစ်နေတာတို့ ဇာတ်စုံခင်းပြပါလိမ့်မယ်။
သူတို့ကို အပြင်မှာ တွေ့တဲ့အခါ သူတို့ကြိုက်တဲ့ တမီးလ်မင်းသားတွေ ဟန်ပန်အတိုင်း ဝတ်ဆင်ပြောဆိုတတ်ကြတာကို မကြာခဏတွေ့ရပါတယ်။ အိမ်း... မင်းတို့ မင်းသားတွေလည်း Shipyard ထဲ လာလို့ကတော့ ကျိုးရင်ကျိုး၊ မကျိုးရင်သေ၊ မသေရင် မသေမရှင်ဖြစ်၊ အဲဒါမှ မဟုတ်ရင် Safety က ဖမ်းမှာပဲ ဆိုတာ မကြာခဏ သတိပေးရပါတယ်။ မင်းသားစတိုင်နဲ့ ပြောဆိုတတ်သလို အပြင်ထွက်ရင် လက်မောင်းကို ဖေါ်ပြီး အကျီအကြပ်နဲ့ သူ့အပေါင်းအသင်းတွေက မင်းသားနဲ့ တူတယ်ပြောရင် သဘောတွေကျနေတတ်တဲ့ ဘင်္ဂလားတစ်ယောက်တော့ ငြမ်းပေါ်မှာ ဇာတ်လိုက်လို ခုန်ကူးမှုနဲ့ ကျနော်ကိုယ်တိုင် ဖမ်းဖူးပါသဗျ။ ပြီးတော့ အမြဲအပြင်ထုတ်ပြထားရမဲ့ ဝန်ထမ်း ID ကို အိတ်ထဲထည့်ထားလို့ သတိပေးအံ့ဆိုပြီး သူ့အိတ်ထဲက ဆွဲထုတ်လိုက်ခါမှ အကျီအိတ်ထဲက မီးခြစ်နဲ့ ဆေးလိပ်ပါ ထွက်လာလို့ အမှုတွဲက ကြီးပြီးရငး် ကြီးပါတော့တယ်။ ဇာတ်လိုက်ကြီး ငိုယိုအသေအလဲ တောင်းပန်လို့ သတိပေးစာထုတ်၊ ဒဏ်ကြေးဆောင်ခိုင်းလိုက်ရုံနဲ့ ပြီးသွားပါတယ်။ အမှန်ကတော့ Yard ကနေ မောင်းထုတ်ရမဲ့ အမှုမျိုးခင်ဗျ။
ကဲ…. Shipyard ရဲ့ Safety အကြောင်း ပြောရင်တော့ ဆုံးမှာ မဟုတ်တော့လို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပြီး အပိုင်း ၅ က စလို့ Construction ဆောက်လုပ်ရေး လုပ်ငန်းခွင်နဲ့ နိုင်းယှဉ်ပြီး ရေးပြပါ့မယ်။
(သရုပ်ဖေါ်ပုံများကို ကိုယ်တိုင်ရိုက်ကူးထားသော တကယ့်လုပ်ငန်းခွင်ပုံများကို သုံးထားပါသည်။)
No comments:
Post a Comment