Friday, May 1, 2020

အကြံပြုစာ (သို့) မိဘတ‌ယောက်ရဲ့ ပညာရေးမျှော်လင့်ချက်

မင်္ဂလာပါ ခင်ဗျာ။ ကျနော်တို့ရဲ့ အကြံပြုချက်လေးကို တခြားဖေဖေ မေမေတွေလည်း ဖတ်လို့ရအောင် ဝေမျှပါရစေ။

ပထမဆုံး အနေနဲ့ မိဘများ၏ အကြံပြုချက် တောင်းခံသည့် အစီအစဉ်အတွက် ကျေးဇူးတင်ကြောင်း အရင်ပြောပါရစေ။ တခြား ဖေဖေ မေမေ တွေလိုပဲ ကျနော်တို့မှာလည်း အပြုသဘော အကြံပြုစရာလေးတွေ ရှိပါတယ်။ အခု အောက်မှာ ပြောသွားမဲ့ အချက်ကလေးတွေကို ပြုပြင်လိုက်ရင် ပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ် ဆရာမတို့ ခင်ဗျား။ အတတ်နိုင်ဆုံး လက်တွေ့အလုပ်ဖြစ်နိုင်မဲ့ အချက်လေးတွေကို ဂရုတစိုက် အကြံပြုလိုက်ပါတယ်။


ပညာရေးစံနစ် အပြောင်းအလဲမှာ စံနစ်ဟောင်းနဲ့ မတူကွဲပြားတဲ့ အချက်က ကျောင်းသားကို ဗဟိုပြုရတာ ဖြစ်တဲ့အတွက် ကျောင်းသားတွေကို အကဲဖြတ်တဲ့ ဆရာတွေရဲ့ အရည်အချင်းက အင်မတန် အရေးကြီးတဲ့ လိုအပ်ချက် ဖြစ်လာပါတယ်။ စံနစ်သစ်ကို စံနစ်ဟောင်းစံနဲ့ အကဲဖြတ်လို့ မရပါဘူး။

ဒါကြောင့် ဆရာတွေကို သင်ကြားရေးနဲ့ ပတ်သက်တဲ့ Training တွေ၊ Workshop တွေ၊ Seminar တွေ များများ လုပ်ပေးစေချင်ပါတယ်။ တဖက်မှာလည်း အရည်အချင်းရှိပြီး ခေတ်နဲ့အညီ ပညာရေးကို အမီလိုက်နိုင်နေတဲ့ ဆရာတွေကို အလုပ်မထွက်အောင် ထိန်းထားဖို့နဲ့ တန်ဖိုးထားဖို့ သတိပြုစေချင်ပါတယ်။
နောက်တစ်ချက်က စံနစ်သစ်ရဲ့ ဆရာနဲ့ ကလေးတွေရဲ့ ဆက်ဆံရေးအရ ဆရာတွေက ကလေးတွေရဲ့ Role Model ဖြစ်တယ်ဆိုရာမှာ စံနစ်ဟောင်းထက် ပိုပြီး သက်ရောက်မှု များတယ်လို့ ထင်မိပါတယ်။ ဒါကြောင့် စာသင်ဖို့ချည်း မဟုတ်ဘဲ ကလေးတွေရဲ့ Behaviour နဲ့ Attitude ကိုပါ တတ်နိုင်သမျှ ထိန်းကျောင်းပေးစေချင်ပါတယ်။ ဆရာတွေက ကလေးတွေရဲ့ Role Model ဖြစ်ခြင်းဟာ စံနစ်သစ်မှာ ပိုပြီးအရေးပါနေတာကိုလည်း သတိပြုစေချင်ပါတယ်။


STLC မှာ တက်ရောက် သင်ကြားနေတဲ့ ကလေးတွေရဲ့ ဖေဖေ မေမေ အများစုက International အဆင့်ကို ရည်မှန်းကြတာပါ။ ၁၁ တန်း ပြီးတာနဲ့ တခြားနိုင်ငံတခုခုကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လွှတ်ချင်ကြတာ အများစုပါ။ ကျနော်တို့ အတွက်တော့ STLC ကို ရွေးချယ်ရခြင်းမှာ အင်္ဂလိပ်နဲ့ မြန်မာ ၂ ဘာသာ သင်ကြားပေးတာက အဓိကအချက်တစ်ခုပါ။ သမီးကို ဘယ်နိုင်ငံ ရောက်သည်ဖြစ်စေ မြန်မာစာ၊ မြန်မာ့ ယဉ်ကျေးမှု မပျောက်သွားစေချင်တာကြောင့် ဆိုပါတော့။

ကျနော်တို့ရဲ့ အတွေ့အကြုံအရ သမီးတို့နဲ့ ကျနော်တို့ကြားက မျိုးဆက်တစ်ခုမှာ ကိုယ့်ကိုယ်ကို လေးစား တန်ဖိုးထားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတဲ့ စိတ်ဓာတ်တွေ အတော်အားနည်းတာကို ကြုံရပါတယ်။ ပြောရမယ် ဆိုရင်တော့ ပညာရေးစံနစ် နိမ့်ကျခဲ့ရတဲ့ အကျိုးဆက်တွေပါ။ ဒါကြောင့် အကျင့်စာရိတ္တကောင်းမွန်ဖို့နဲ့ ကိုယ့်ကိုယ်ကိုရော သူတပါးကိုပါ လေးစားတတ်တဲ့၊ တာဝန်ယူတတ်တဲ့ မျိုးဆက် ဖြစ်လာဖို့ ကျောင်းမှာရော ကျနော်တို့ မိဘတွေမှာရော တာဝန်ရှိနေတာပါ။ တတ်နိုင်သမျှ သင်ကြားပေးပါ ခင်ဗျား။ နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုး မဖြစ်တဲ့ မျိုးဆက် ဖြစ်စေချင်ပါတယ်။

အနိမ့်ဆုံးအနေနဲ့ ကိုယ့်ရဲ့ ဗာရီဟကိစ္စတွေ ကိုယ့်ဖါသာ ရှင်းတတ်၊ တာဝန်ယူတတ်တာမျိုး ဖြစ်စေချင်တာပါ။ ဥပမာအားဖြင့် မိမိကိုယ်ကို သန့်သန့်ရှင်းရှင်း နေတတ် စားတတ်တဲ့ အပြင် သူ့ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်း ဖြစ်အောင် ဂရုစိုက်တတ်တာမျိုးပါ။ ကျနော်တို့တော့ ကိုယ့်သန့်ရှင်းရေး၊ ကိုယ့်ဝန်းကျင် သန့်ရှင်းရေးကို လုပ်ရကောင်းမှန်းကို မသိတဲ့ လူငယ်တွေ အများကြီးကို ကြုံခဲ့ရ ကြုံနေရတုန်းပါပဲ။
အားလုံးကြားကြ သိကြတဲ့အတိုင်း အမှိုက်ကို စည်းကမ်းတကျ မစွန့်ပစ်တတ်တာ ကျနော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို တက်နေတဲ့ ပြဿနာတစ်ခုပါ။ ကျနော့ အမြင်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင် ပညာရေး စံနစ်အပြင် ကျောင်းတွေရော မိဘတွေမှာပါ တာဝန်ရှိတာပါ။ ဂျပန်က ကျောင်းတွေမှာ ကလေးတွေကို သန့်ရှင်းရေး လုပ်တတ်အောင်၊ အိမ်သာဆေးတတ်အောင် သင်ကြားပေးတာကို ကျနော်တို့ကတော့ အင်မတန် လုပ်သင့် လုပ်ထိုက်တဲ့ သင်ကြားပေးမှုလို့ မြင်ပါတယ်။

အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဆိုတာ ကျနော်တို့ဆီမှာတော့ ဆောင်ပုဒ်ပဲ ရှိပြီး ဘာမှ အရာမရောက်ခဲ့တာ မြင်တဲ့အတိုင်းပါပဲ။ အဲဒါတွေကို သင်ခန်းစာယူပြီး ကျနော်တို့ သားသားမီးမီးတွေကို အခုကတည်းက လေ့ကျင့်ပေးစေချင်တာပါပဲ။ သားသားပဲ ဖြစ်ဖြစ်၊ မီးမီးပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာဝင် ဖြစ်ဖြစ် တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးစားတတ်ဖို့လည်း အခုကတည်းက လေ့ကျင့်သင်ကြားပေးစေချင်ပါတယ်။
ဒါက အကျင့်စာရိတ္တပိုင်းနဲ့ ပတ်သက်လို့ သမီးအတွက် STLC ကနေ ကျနော်တို့ မျှော်လင့်တဲ့ သင်ကြားမှု ပုံစံတစ်ခုပါ။

နောက်ထပ် မျှော်လင့်ချက်တစ်ခုကတော့ ကျူရှင် မလိုတဲ့ စာသင်နည်းမျိုး ဖြစ်စေချင်ပါတယ်။
ဒီနေရာမှာ ကြွားဝါလိုခြင်းကြောင့် မဟုတ်ဘဲ ကျနော် သင်ယူခဲ့ရတဲ့ ကျောင်း ၂ ကျောင်းရဲ့ ကွာခြားမှုကို ပြောပြချင်ပါတယ်။ မြန်မာပြည်မှာ GTI တက်တုန်းက Engineering လို အသက်မွေးဝမ်းကျောင်း အတတ်ပညာမျိုးကို စာအုပ်အထူကြီးတွေနဲ့ အလွတ်ကျက် သင်ကြားရတာမျိုးတွေ အများကြီး လုပ်ခဲ့ရပါတယ်။

နောက် Singapore Poly တက်တဲ့အခါကျတော့ သူတို့ရဲ့ သင်ရိုးညွှန်းတမ်းစာအုပ်က ပါးပါးလေးတွေ များပါတယ်။ ဒါပေမဲ့ အထဲမှာ စာအုပ်အညွှန်းတွေနဲ့ Website လိပ်စာတွေက အများကြီးပါ ပါတယ်။ ပထမဆုံးတက်တဲ့နေ့မှာပဲ ဆရာမ က ပြောပါတယ်။ ဆရာတွေက ကျောင်းသားတွေ အခက်အခဲ ဖြစ်တာကို ကူညီဖြေရှင်းပေးဖို့နဲ့ Guideline အတွက်ပါပဲ.. တဲ့။ ဒါကြောင့် မေးချင်ရာကို အားမနာတမ်း မေးဖို့ ပြောပါတယ်။

တကယ် လေ့လာသင်ယူဖို့က ကျောင်းသားရဲ့ တာဝန်ပါ.. တဲ့။ ကျောင်းမှာ အဓိက လေ့ကျင့်ပေးတာက Self Study ကို ဘယ်လို လုပ်ရမယ် ဆိုတာပါပဲ။ ဒါမှ ဒီကျောင်းက ပြီးသွားလည်း ဘယ်လို ဆက်ပြီးလေ့လာရမယ်ဆိုတဲ့ တသက်တာ အလေ့အကျင့်ကို လေ့ကျင့် သင်ကြားပေးလိုက်တဲ့ သဘောပါပဲ။ ဟင်းစားပေးတာထက် ကွန်ချက်ကို ပြတဲ့ ပညာရေး မော်ဒယ်ပါ။
ဒါကြောင့် ကျနော်ပြောတဲ့ ကျူရှင်မလိုတဲ့ ပညာရေးဆိုတာ Self Study ပါပဲ။ သမီးတို့ကို အဲဒီလို အလေ့အကျင့်ကောင်းမျိုး သင်ကြားပေးစေချင်ပါတယ် ခင်ဗျား။ ဆရာတွေနဲ့ မိဘတွေရဲ့ Communication ကလည်း email လို မြန်ဆန်ထိရောက်တဲ့ ဆက်သွယ်မှုပုံမျိုး ဖြစ်စေချင်ပါတယ်။ တကယ်တော့ ဖြစ်ကို ဖြစ်သင့်နေပါပြီ။

ပြောလက်စနဲ့ ရပ်မရလို့ ပြောပါရစေဦး။

ပြီးခဲ့တဲ့ တလပိုင်း အကုန်လောက်က ထင်ပါရဲ့။ သမီးရဲ့ ကျောင်းအခြေအနေမေးရင်း သူ့စကားထဲမှာ ဆရာမလေး တယောက် ပြောတဲ့စကားတခု ပါလာပါတယ်။ စကားလုံး အတိအကျတော့ ကျနော် မမှတ်မိပေမဲ့ သူ့ဆရာမ ပြောချင်တဲ့ သဘောက တတန်းလုံးမှာ ဒီ ကျောင်းသား ၃-၄ ယောက် သူသင်တာ နားမလည်တဲ့ကိစ္စ သူ့အလွန် မဟုတ်ဘူး ဆိုတဲ့ သဘောမျိုး ပြောတာပါ။
အမှတ်တမဲ့ဆို မှန်နေသလိုလိုပါပဲ။ အများစု အဆင်ပြေပြီး ဒီ ၃-၄ ယောက်လောက်တော့ အဖိတ်အစင် ရှိချင်ရှိမှာပေါ့ ဆိုတဲ့ logic ပါ။

ဒါနဲ့ သမီးရဲ့ မေမေကို...
ဪ.. ဆရာမနှယ်... ကျန်တဲ့ကလေးတွေအများကြီးကိုတောင် ငါ ရအောင် သင်နိုင်တယ်.. ဘာကြောင့် ဒီကလေး ၃-၄ ယောက်ကို ပါအောင် မသင်နိုင်ရမှာလဲဆိုတာမျိုး သူတွေးသင့်တာလို့ .. ပြောမိတယ်။

တကယ်ဆို ဒီကလေး ၃-၄ ယောက်ဟာ သူ့အတွက် စိတ်ဝင်စားစရာကောင်းတဲ့ challenges လေးတွေ မဟုတ်ဘူးလား။ တကယ်တော့ တတန်းလုံးမှာ ကလေး တယောက်တည်း နားမလည်ပါစေ။ ဒါကို အဖြေရှာရပါ့မယ်။ ကလေးတယောက်ဆိုတာ ဘဝတခု၊ မျိုးဆက်တခုကို ကိုယ်စားပြုနေတာပါ။
ဒါကို ဘယ်လိုဆွဲခေါ်ရမလဲလို့ စဉ်းစားအဖြေရှာ ကြိုးစားကြည့်လို့ အောင်မြင်သွားရင် ကလေးတွေ အတွက်တင်မက ဆရာမအတွက်လည်း ပျော်စရာ ကောင်းသလို confidence တွေတိုးလို့ အတွေ့အကြုံသစ်တွေပါ ရမှာပါ။

နောက်တခု ကြုံဖူးတာက STLC က မဟုတ်ပါဘူး။ သမီး အရင်တက်ခဲ့တဲ့ ကျောင်းက သင်္ချာဆရာမ ပါ။
တနေ့ သမီးစာအုပ်ကို သူ့အမေက စစ်ရင်းနဲ့ အမှားတွေကို အမှန်ပေးထားတာတွေ့ပါလေရော။ ကျနော့်ကို ပြတော့ ကျနော်လည်း သူဘာကြောင့် အမှန်တွေ ခြစ်ထားမှန်း သဘောကို မပေါက်တာ။ သမီးကလည်း ကလေးတွေ ထုံးစံအတိုင်း ဆရာမက မှန်တယ်ဆိုရင် ဘုရားဗျာဒိတ် ပေးတဲ့အတိုင်း.. သူ့ဆရာမက မှန်လို့ အမှန်ခြစ်ပေးထားတာ။ ဘာမှ လာရှင်းပြ မနေနဲ့ ဆိုတာမျိုး။

ဒါနဲ့ ဆရာမကို မေးရတယ်။ အဲဒီမှာ သူပြောတာက စံနစ်သစ်ပုံစံအရ ကလေးတွေကို မှားတယ်လို့ မပြောရဘူး.. တဲ့။ မှားလည်း မှန်၊ မှန်လည်း မှန်ပဲ ပေးခွင့်ရှိသတဲ့။

ဒီတခါ ခေါင်းကုပ်တာက ကျနော်။ ကျနော် နားလည်သလို ပြောရရင် စံနစ်က ကလေးတွေကို မှားနေတယ်တို့၊ အသုံးမကျဘူးတို့ ဆိုတဲ့ Negative နည်းနဲ့ မသင်ရဘူးလို့ ဆိုလိုဟန် ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလိုတွေ ဖိနှိပ်ပြီး သင်တာမျိုးက ကလေးရဲ့ confidence နဲ့ ကိုယ်ရည်ကိုယ်သွေးပေါ်မှာ ထိခိုက်စေလို့ပါ။ ဒီလိုကြီး မှားနေတာကို အမှန်ခြစ်ခိုင်းတာတော့ မဟုတ်လောက်ဘူး ထင်ပါရဲ့။

နောက်တခုက ဆရာမ အနေနဲ့ မှားနေတာကို ကြက်ခြေမခတ်ချင်ရင် ဒီအတိုင်းထား၊ အမှန်ကို ပြန်ပြောပြပြီးမှ အမှန်ခြစ်ပေးရင်လည်း ရတာပါပဲ။ အခုတော့ ကလေးကို ကြက်ခြေမခတ်ရ၊ မှားတယ် မပြောရ ဆိုတဲ့အပေါ်မှာ ကလေး ဘာလုပ်လုပ် အမှန်ပေးရမယ်လို့ အကောက်အယူ လွဲတာနေမယ် လို့ နောက်ဆုံး ဖြည့်တွေးလိုက်ရတယ်။

ပြောရရင် သမီးနဲ့ သူ့မေမေ အဲဒီ မှားနေတဲ့ အမှန်ခြစ်ကြီးကိစ္စကို စားပွဲဝိုင်းမှာ အတော်လေး အခြေအတင် ဒူးတိုက်ဆွေးနွေးပြီးမှ သဘောတူညီမှု ရသွားတာပါ။ ဒီခေတ် သားသား မီးမီးတွေကလည်း သိပ်လွယ်လှတာတော့ မဟုတ်။ သမီးရဲ့အဖွား ကျနော့အမေလည်း သမီးကို သင်္ချာ သင်ပေးပါတယ်။ အဲဒီတုန်းက သမီးအတော်ငယ်ငယ်ပဲ ရှိသေးတာပါ။ အဲဒါကို ဖွားဖွားက ဆရာမလောက် သိလို့လားချည်း လုပ်နေလို့ သူ့အဖွားခင်မျာ သိမ်းထားတဲ့ ဘွဲ့လက်မှတ် ထုတ်ပြရတဲ့ အဆင့် ရောက်ပါတယ်။ အဲဒီတော့မှ အဖွားပြောတာကို လက်ခံတော်မူပါတယ်။

စံနစ်သစ်ရဲ့ သဘောကို စံနစ်ဟောင်းနဲ့ ဖြတ်သန်းလာတဲ့ တချို့တီချယ်တွေ နားလည်မှုလွဲတယ်လို့ ယူဆမိပါတယ်။ ဒါကြောင့်လည်း တီချယ်တွေကို Training များများပေးဖို့ လိုတယ်လို့ ကျနော် ပြောတာပါ။
သင်္ချာလိုဟာမျိုးက တကယ်တမ်းမှာ အတွက်အချက် ဆိုတာထက် ပိုပါတယ်။ အိုင်းစတိုင်းရဲ့ ထူးခြားချက်က ပြဿနာတွေကို သင်္ချာနဲ့ သက်သေပြ၊ သင်္ချာနဲ့ပဲ အဖြေပေးတာပါတဲ့။ သင်္ချာကို Language တခုလို သုံးနိုင်တယ်လို့ ပြောရင် မမှားပါဘူး။ အရာခပ်သိမ်းကို အကြောင်းအကျိုး ဆက်စပ် စဉ်းစားတတ်ဖို့ သင်္ချာက အထောက်အကူ ပေးပါတယ်။ သင်္ချာ မရရင် Physics, Chemistry လည်း အော်တို မရတော့ပါဘူး။
သင်္ချာ အခြေခံ မကောင်းတဲ့ကလေးကို Excel သင်လည်း ဘာမှ ထူးလာမှာ မဟုတ်ပါ။ ဆွဲဆန့်ပြီး ပြောရရင် ကလေးရဲ့ ဘဝတလျှောက်လုံးမှာ သင်္ချာ အခြေခံ မကောင်းခဲ့ခြင်းက အကြီးအကျယ် ဒုက္ခပေးပါတယ်။ ဒီအကြောင်း အလျဉ်းသင့်တဲ့အခါ ရေးပါဦးမယ်။ တီချယ်တို့ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိ အရေးကြီးတယ် ဆိုတာလေးကို သတိပြုမိစေချင်တာပါ။

တခါတလေ ကိုယ့်ကလေးတောင် ကိုယ်စိတ်မရှည်တာ တီချယ်တို့အလုပ်က စိတ်မရှည်ချင်စရာကောင်းအောင် စိတ်ရှည်ရတယ် ဆိုတဲ့အပေါ်မှာ အပြည့်အဝ ကိုယ်ချင်းစာ နားလည်ပါတယ် ခင်ဗျာ။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားပေးဖို့ ပြောတာပါ။
နောက်လည်း ကြုံတဲ့အခါ မြင်သမျှလေးတွေ မျှဝေပါရစေဦး။

နောက်ဆုံးအနေနဲ့ကတော့ တချို့ ပုဂ္ဂလိကကျောင်းတွေမှာ မိဘတွေက Complaint တက်ရင်တောင် အရေးမစိုက်သလိုလို ဝန်ဆောင်မှုပေးနေကြချိန်မှာ STLC က အခုလို Feedback တောင်းတဲ့အပေါ်မှာ မိဘတစ်ဦးအနေနဲ့ အမှန်တကယ်ကို ကျေနပ်အားရ ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျာ။
ဆရာမကြီးနဲ့ တကွ ဆရာ ဆရာမအားလုံး ကျန်းမာရွှင်လန်းပြီး STLC အဓွန့်ရှည်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။


(ဓါတ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...