Monday, July 13, 2020

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁)

  (ကျေးဇူးတင်လွှာ။            ။ အမ ခင်မမမျိုး၏ Facebook မှ လေးစားစွာ ကူးယူဖော်ပြပါသည်။)

ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။
 
multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေ (conditions) တွေနဲ့ ဒါတွေရှိအောင် ပြုလုပ်ဖန်တီးထားရတဲ့ ကွန်စတီကျူးရှင်းတွေ၊ စစ်မှန်သော ပြည်ထောင်စုစနစ် စတာတွေ ရှိရပါတယ်။
 
ဒါတွေမရှိရင် ဘာတွေဖြစ်လာနိုင်မလဲလို့ မေးလေ့ရှိကြပါတယ်။ သမိုင်းအဆက်ဆက် နိုင်ငံပေါင်း များစွာရဲ့ သင်ခန်းစာတွေကတော့ nationalism ဆိုတဲ့ အမျိုးသားရေး ဝါဒအပေါ်မှာ အခြေခံတဲ့ လူမျိုးစုရေးရာ ပဋိပက္ခ (ethnic conflict) တွေ ဖြစ်လာနိုင်တာပါပဲ။ ဒီလိုတွေဖြစ်လာရင် နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးအသွင် ကူးပြောင်းမှုတွေနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွေမှာ အခက်အခဲတွေ ရှိလာတတ်ပါတယ်။
 
အမျိုးသားရေးဝါဒ (Nationalism)
 
political doctrine အရဆိုရင် အမျိုးသားရေးဝါဒဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူအများဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရတွေရှိနေတဲ့ nation states ဆိုတဲ့ နိုင်ငံတော်တွေမှာ သီးခြားနေထိုင်ကြတယ်လို့ ဆိုနိုင်ပါတယ်။ Culture ideal အရ ဆိုရင်ကျတော့ identities များစွာ ကွဲပြားခြားနားတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို နိုင်ငံတော်တရပ်အနေနဲ့ primary form of belonging ပံ့ပိုးပေးတဲ့ ဝါဒတရပ်အနေနဲ့ မြင်ကြတယ်။ moral ideal အနေနဲ့ကျတော့ ပြည်တွင်းပြည်ပ အန္တရာယ်တွေကနေ တိုင်းပြည်ကို ကာကွယ်ပေးတဲ့ သူရဲကောင်းတွေရဲ့ အနစ်နာခံပေးဆပ်မှု ကျင့်ဝတ်တွေကို မီးမောင်းထိုးပြတတ်ကြတယ်။
 
ဒီလို ကမ္ဘာ့သမိုင်းအဆက်ဆက်က အမျိုးသားရေးဝါဒတွေကို လေ့လာပြီး၊ နိုင်ငံရေးသိပ္ပံပညာရှင် Ignatieff က civic nationalism နဲ့ ethnic nationalism ဆိုတဲ့ အမျိုးအစားနှစ်မျိုးကို ခွဲခြားရှင်းပြ ဖော်ထုတ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုဟာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဘာသာစကား ဆိုတာတွေအပေါ်မှာ လုံးဝခွဲခြားမှုမရှိတော့ပဲ နိုင်ငံတော်ရဲ့ နိုင်ငံရေးမူဝါဒ (nation’s political creed) အပေါ်မှာပဲ တညီတညွတ်တည်း လက်ခံကျင့်သုံး ယုံကြည်ချက်ရှိနေတာကို civic nationalism လို့ခေါ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် အများစုမှာ ဒီ civic nationalism ကို အခြေခံပါတယ်။
 
ethnic nationalism က လူတဦးချင်းရဲ့ ရင်းနှီးဆက်နွယ်မှုတွေဟာ inherited ဖြစ်တယ်ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံပါတယ်။နိုင်ငံတော်ဆိုတာဖြစ်လာပြီးမှ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုမဟုတ်ပဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ဆိုတာကို လူမျိုးစုအချင်းချင်း နားလည်မှုတည်ဆောက်ပြီးမှ နိုင်ငံတော်ဆိုတာ ဖြစ်တည်လာတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒီလိုအယူအဆအပေါ်မှာ အခြေခံတဲ့ လူ့အဖွဲ့အစည်း တွေအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေးဆိုတဲ့ အချက်တွေအပေါ်မှာ နားလည်မှုတည်ဆောက်ပြီးမှ နိုင်ငံတော်ဖြစ်တည်မှုရှိရပါတယ်။
 
ဒီလိုမဟုတ်ရင် လူမျိုးရေးပဋိပက္ခ (ethnic conflict) တွေ ဖြစ်လာတတ်ပြီး၊ ပြည်တွင်းစစ် (Civil Wars) တွေဖြစ်လာတတ်ပါတယ်။ အဆိုးဆုံးအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) တွေအထိ ဖြစ်လာနိုင်ပါတယ်။ ပဋိပက္ခတွေဖြစ်ပွားလာတဲ့အခါ စစ်တပ်ရဲ့ အခန်းကဏ္ဍတွေ မြင့်တက်လာပြီး စစ်အာဏာရှင်စနစ်တွေ ဆက်တိုက်ထွန်းကားလာတတ်ပါတယ်။ ဒါကြောင့်လဲ ပဋ္ဋိပက္ခ အမျိုးအစား တွေထဲမှာ လူမျိုးရေးပဋိပက္ခ (ethnic conflict) ဟာ ဖြေရှင်းရအခက်ဆုံးနဲ့ အရှည်ကြာဆုံး ပဋ္ဋိပက္ခပုံစံ တမျိုးဖြစ်တယ် လို့ ပညာရှင်တွေက သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်။
 
လူမျိုးစုရေးရာ ပဋိပက္ခ ဖြစ်ပွားစေတတ်သော အကြောင်းရင်းများ
လူမျိုးစုရေးရာ ကွဲပြားခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ ပဋိပက္ခဖြစ်ပွားနိုင်တဲ့ ဒီဂရီ အနိမ့်အမြင့်တွေ ရှိတတ်ပါတယ်။ ကွဲပြားမှုခံစားချက်တွေနဲ့ သမိုင်းအစဉ်အလာအရ ရှိလာခဲ့တဲ့ အာဃာတတွေကလဲ ပဋိပက္ခဖြစ်ပွားနိုင်စွမ်းကို မြှင့်တင်ပေးတတ်ပါတယ်။ Donald Horowitz ဆိုသူက လူမျိုးစုဆိုသော သဘောတရားမှာ အုပ်စုရဲ့ အကျိုးစီးပွားကို ထိခိုက်လာချိန်မှာ စုပေါင်းကာကွယ်ရေး ဆိုတဲ့ emotional intensity ပါဝင်နေကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
 
ရုတ်တရက်ဖြစ်ပွားလာတဲ့ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုများ (ဥပမာ– ကိုလိုနီနယ်ချဲ့စနစ်မှ လွတ်လပ်ရေး ရခြင်း၊ ကွန်မြူနစ်စနစ်နှင့် စစ်အာဏာရှင်စနစ် စသော အင်အားကြီးမားသည့် စနစ်များ ပြိုလဲသွားခြင်း) စတာတွေဟာ ရှိပြီးသား နိုင်ငံရေးအင်စတီကျူးရှင်းများကို ပြိုလဲသွားစေတတ်ပါတယ်။ ဒီအခါမှာ နိုင်ငံရေးနဲ့ စီးပွားရေး အသွင်ကူးပြောင်းမှုတွေ ဖြစ်ပွားလာပါတယ်။ ဒီလို အသွင်ကူးပြောင်းမှုတွေမှာ စနစ်ဟောင်းကလဲ အလုပ်လုပ်မှု မရှိတော့ပဲ၊ စနစ်သစ်ကလဲ ပြည့်စုံတဲ့ အင်စတီကျူးရှင်းသဏ္ဍာန်ကို မဖန်တီးပေးနိုင်သေးတဲ့အတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားတွေမှာ မတည်ငြိမ်မှုနဲ့ မရေရာမှုတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခြေအနေကို နိုင်ငံရေးပညာရှင် Lake နဲ့ Rothchild တို့က အနာဂတ်ရေးရာ စုပေါင်းစိုးရိမ်ထိတ်လန့်မှု (collective fears of the future) အဖြစ် သတ်မှတ်ထား ကြပါတယ်။
 
အသွင်ကူးပြောင်းကာလတွေမှာ လူမျိုးစုတွေအကြား emotional antagonisms တွေ ဖြစ်ပွားလာ တတ်ပါတယ်။ နိုင်ငံရေးရာ စွန့်ဦးတီထွင်သူတွေ (Political entrepreneurs) ကလဲ လူမျိုးစုများရှိရာ မဲဆန္ဒနယ်တွေမှာ လူမျိုးစုရေးရာ လှုပ်ရှားဆောင်ရွက်မှုတွေ ပြုလုပ်လာတတ်ပါတယ်။ ဒီအခါမှာ အရင်းအမြစ်များနဲ့ အခွင့်အရေးများအတွက် လူမျိုးစုများအကြား ပြိုင်ဆိုင်မှု (inter-ethnic competition) ဖြစ်ပွားလာတတ်ပါတယ်။ ဒီလိုပြိုင်ဆိုင်မှုတွေနဲ့အတူ ethnification (ethnic identities များ၏ လူမှုရေးရာ၊ စိတ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးရာ အရေးပါမှုများ မြင့်တက်လာခြင်း) နဲ့ ethnic intolerance (အခြားလူမျိုးစုများအား အရင်းအမြစ်နှင့် အခွင့်အရေးများ မရရှိအောင် ပိတ်ဆို့ တားဆီးခြင်း) စတဲ့ အခြေအနေတွေလဲ ပေါ်ထွက်လာပါတယ်။ 
 
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၀၁၃)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...