Monday, July 13, 2020

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၄)


(၃) Political Entrepreneurs Approach
 
ရုတ်ခြည်းနိုင်ငံရေးပြောင်းလဲမှုကနေ ပေါ်ထွက်လာတဲ့ မတည်ငြိမ်မှုနဲ့ မရေရာမှု အခြေအနေတွေ၊ လူမျိုးစုများအကြား ဆက်ဆံရေးကို ကောင်းမွန်စွာ ဖော်ဆောင်နိုင်ခြင်းမရှိသေးတဲ့ အင်စတီကျူးရှင်း ဆိုင်ရာ အားနည်းချက်တွေ ရှိနေတဲ့ အခြေအနေတွေကို အမြတ်ထုတ်ပြီး၊ နိုင်ငံရေးအရ ပါဝါတည်ဆောက်လိုတဲ့ နိုင်ငံရေးဇာတ်ကောင်တွေ ရှိလာခဲ့ရင် လူမျိုးစုရေးရာ ပဋိပက္ခတွေ ကြီးထွားလာတတ်ပါတယ်။ အတိတ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ၊ အာဃာတတွေကနေ လူမျိုးစုများ အကြား အမုန်းတရားတွေ ဖြစ်ပွားလာအောင် လုပ်ဆောင်မှုတွေ ပေါ်ထွက်လာတဲ့အခါ inter-ethnic security dilemma ဖြစ်လာတတ်ပါတယ်။
 
နိုင်ငံရေးပညာရှင် Stuart Kaufman ဆိုသူက နိုင်ငံရေး၊ လူမျိုးရေးအစွန်းရောက်နေတဲ့ ခေါင်းဆောင် တွေက သူ့ရဲ့ လူမျိုးစုတွေအကြားမှာ တင်းမာခက်ထန်မှုတွေ ရှိလာအောင် အားပေးအားမြှောက် ပြုလုပ်ပြီး၊ လူမျိုးစုတွေကလဲ ဒီလို စစ်သွေးကြွခေါင်းဆောင်ကို ထောက်ခံအားပေးနေခဲ့မယ်ဆိုရင် ဒီခေါင်းဆောင်တွေနဲ့ လူမျိုးစုတွေက အခြားလူမျိုးစုများကို ခြိမ်းချောက်လာပြီး၊ security dilemma တခု ဖြစ်လာတတ်ကြောင်းနဲ့ ဒီလိုဖြစ်လာတဲ့အခါ အခြား လူမျိုးစုများ အတွင်းမှာလဲ တင်းမာမှုများ ထပ်မံ ပေါ်ထွက်လာပြီး စစ်ပွဲတွေ စတင်လာလေ့ရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
 
ကြောက်ရွံ့မှု၊ အပြစ်ဖို့မှုနဲ့ အမုန်းတရားတွေကို အချို့သော နိုင်ငံရေးစွန့်ဦးတီထွင်သူများက ခွဲခြားထိန်းချုပ်ရေး လက်နက်အဖြစ် အသုံးပြုတတ်ကြပါတယ်။ နိုင်ငံရေးပညာရှင် Zupanov ဆိုသူက လူမျိုးစုအကြား အမုန်းတရားများဖြစ်စေတတ်သော နိုင်ငံရေးခေါင်းဆောင်တွေဆီမှာ မီဒီယာ ထုတ်လုပ်ရေးကိုပါ စွမ်းဆောင်နိုင်ရည်ရှိနေခဲ့ရင် အကြမ်းဖက်မှုများ ပေါ်ထွက်လာစေရန် ပိုမိုအားကောင်းစေတတ်ကြောင်း ဆိုထားခဲ့ပါတယ်။
 
political entrepreneurs approach ဟာ institutional approach နဲ့လဲ နီးကပ်စွာ ဆက်နွယ်မှု ရှိပါတယ်။ လူမျိုးစုရေးရာ ပဋိပက္ခများကို ငြိမ်းချမ်းစွာ မဖြေရှင်းပဲ အကြမ်းဖက်အနိုင်ယူသော နည်းလမ်းများနဲ့ ဖြေရှင်းလိုသော နိုင်ငံရေးခေါင်းဆောင်များသာ အစိုးရအုပ်ချုပ်ရေးယန္တရားထဲ ရောက်ရှိနေခဲ့ရင် ပဋိပက္ခဖြစ်ပွားနိုင်ချေက ပိုမိုမြင့်မားလာတတ်ပါတယ်။ နိုင်ငံရေးပညာရှင် Morris ဆိုသူကလဲ နိုင်ငံရေးဦးဆောင်မှုနဲ့ အင်စတီကျူးရှင်းများအကြားက ဆက်နွယ်မှုများကို လေ့လာခဲ့ရာမှာ အင်စတီကျူးရှင်းများကို နိုင်ငံရေးခေါင်းဆောင်များက အမုန်းတရားများ ပြန့်ပွားရေး၊ ခွဲခြားဆက်ဆံမှုများ အားပေးဖော်ဆောင်ရေး တို့အတွက် အသုံးချသွားခြင်း မရှိအောင် သတိပြုသင့်ကြောင်း ရေးသားဖော်ပြထားခဲ့ပါတယ်။ 
 
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၀၁၃)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...