Monday, July 13, 2020

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၂)

(ကျေးဇူးတင်လွှာ။            ။ အမ ခင်မမမျိုး၏ Facebook မှ လေးစားစွာ ကူးယူဖော်ပြပါသည်။)

လူမျိုးစုရေးရာ ပဋိပက္ခများ ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို ပညာရှင်များက ချဉ်းကပ်မှုနည်းလမ်း (approaches) လေးခုနဲ့ ဖော်ထုတ်ခဲ့ကြပါတယ်။
 
(၁) Primordialist Approach
 
ဒီနည်းလမ်းက လူမျိုးစုတွေအကြားမှာ ရှေးပဝေသဏီကတည်းက ရှိနေခဲ့တဲ့ အာဃာတတွေကို အာရုံစိုက် လေ့လာခဲ့ပါတယ်။ လူမျိုးစုတခုကို ဖော်ထုတ်ပြသနိုင်ဖို့အတွက် အခြားလူတွေကို ခွဲခြား ဆက်ဆံမှုဟာ ဘိုးစဉ်ဘောင်ဆက် လူသားပတ်သက်ဆက်နွယ်မှုတွေကို အခြေခံပါတယ်။ ရံဖန်ရံခါ လူသားမဟုတ်ပဲ အခြားသတ္တဝါတွေလဲ ဖြစ်နေတတ်ပါတယ်။ ဒီအမြင်အရ အစွန်းရောက်မှုနဲ့ သည်းခံနိုင်စွမ်းနည်းပါးမှုတွေက လူ့အဖွဲ့အစည်းရဲ့ သဘောသဘာဝဖြစ်နေပြီး၊ နိုင်ငံရေးအကျိုးစီးပွား ထက် ပိုမိုကျော်လွန်နေတတ်ပါတယ်။
 
ဒီချဉ်းကပ်နည်းလမ်းဟာ လူမျိုးရေးပဋိပက္ခတွေနဲ့ လူမျိုးရေးရာ ပဋိပက္ခဖြစ်နိုင်ချေတွေရဲ့ အခန်းကဏ္ဍကို ရှင်းလင်းတင်ပြပေးထားပါတယ်။ လူမျိုးစုရေးရာ ခံစားချက်တွေဟာ primordial ဖြစ်လာတဲ့အခါ၊ အတိတ်က တရားမမျှတမှုများနဲ့ အာဃာတတွေကို အခြေခံတဲ့ လူမှုရေးနဲ့ နိုင်ငံရေးရာ constructed reality ရှိလာတတ်ပါတယ်။ နိုင်ငံရေးပညာရှင် Suny ဆိုသူက ဒါနဲ့ ပတ်သက်ပြီး national identities နဲ့ ethnic identities တွေဟာ သင်ကြားမှု၊ ထပ်ဖန်တလဲလဲ ပြောဆိုမှု၊ ပြန်လည် ဖော်ထုတ်မှုတွေကြောင့် ပေါ်ထွက်လာတဲ့ ခံစားမှုများအပေါ် အခြေခံကြောင်း ရေးသား ဖော်ပြထားပါတယ်။
 

လူမျိုးစုတခုရဲ့ သမိုင်းကြောင်းဆိုတာ လူမှုရေးရာ ပြန်လည်တည်ဆောက်မှု တရပ်ဖြစ်ပြီး၊ တိုင်းပြည်ဆိုတာ သမိုင်းကြောင်းဖန်တီးမှုဖြစ်စဉ်ကနေ ပေါ်ထွက်လာတဲ့ စုစည်းမှု တခုလဲဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးစုတွေရဲ့ သမိုင်းတွေကို ပြန်လည်ဖော်ပြရာမှာ သမိုင်းအစတွေ၊ ဖြစ်စဉ်တွေ၊ သူရဲကောင်းဝါဒတွေ၊ ကြီးကျယ်မြင့်မြတ်မှုတွေ၊ စွန့်လွှတ်မှုတွေ၊ ပေးဆပ်မှုတွေ၊ သားကောင်ဖြစ် ရမှုတွေ ပါဝင်နေပါတယ်။ ဒီအတိတ်တွေဟာ အမိမြေဆိုတာနဲ့ ဆက်စပ်နေတဲ့ imagined community တခုကို လူတွေရဲ့ ရင်ထဲကို ထည့်သွင်းပေးပါတယ်။
 
လူမျိုးစုတွေရဲ့ စုပေါင်းမှတ်ဉာဏ်တွေထဲမှာ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေ ပေါင်းစပ် ပါဝင်နေပါတယ်။ နိုင်ငံရေးပညာရှင် Prazauskas ဆိုသူက လူမျိုးစုတခုရဲ့ သမိုင်းကြောင်းဆိုင်ရာ မှတ်ဉာဏ်ကို လူမျိုးစုရဲ့ အတိတ်သမိုင်း၊ အခြားလူမျိုးစုများနဲ့ ပတ်သက်ဆက်နွယ်မှုများ၊ လူမျိုးစု ပုံဖော်မှုများ ပေါင်းစပ်နေသော အတွေးအမြင်များ လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
 
လူမျိုးရေးနဲ့ ဘာသာရေးရာ identity များကို ပြန်လည်ဖော်ထုတ်ရာမှာ သမိုင်းကို အသုံးပြုလေ့ရှိပါတယ်။ လူမျိုးစုများအကြား တင်းမာမှုတွေ၊ အခြားလူမျိုးများအပေါ် ခွဲခြားဆက်ဆံမှုတွေ ရှိလာစေရေးအတွက်လဲ အတိတ်သမိုင်းထဲက အာဃာတတွေကို ဖော်ထုတ်တတ်ကြပါတယ်။ နိုင်ငံရေးပညာရှင် Rothschild ဆိုသူက ရုတ်ခြည်းနိုင်ငံရေးပြောင်းလဲမှု အခြေအနေတွေမှာ လူတွေဟာ လူမျိုးရေး၊ ဘာသာရေး ကွဲပြားမှုတွေကို ပြန်လည်ဖော်ထုတ်လာတတ်ကြကြောင်း ဆိုထားပါတယ်။
 
လူမျိုးစုရေးရာ ပဋိပက္ခတွေကို လူမျိုးစုများအကြားမှာ အမြစ်တွယ်နေတာကြောင့် ပြောင်းလဲဖို့ မဖြစ်နိုင်ကြောင်း မြင်လေ့ရှိတာက ရှုပ်ထွေးတဲ့ ပြဿနာရဲ့ ရိုးရှင်းသော အမြင်ပဲ ဖြစ်ပါတယ်။ ဒီအမြင်တွေဟာ လူမျိုးစုရေးရာပဋိပက္ခများကို ဖြေရှင်းပြီး၊ ငြိမ်းချမ်းရေးတည်ဆောက်လိုသူများအတွက် အတားအဆီးတွေ ဖြစ်စေနိုင်ပါတယ်။ လူမျိုးစုရေးရာ ပဋိပက္ခများ ဖြစ်ရခြင်း အကြောင်းရင်းကို primordial approach တခုတည်းနဲ့ ရှုမြင်ခြင်းဟာ ပဋိပက္ခရဲ့ ဆိုးကျိုးသက်ရောက်မှု ရှိခဲ့ရတဲ့ လူ့အဖွဲ့အစည်းကို ဥပက္ခာပြုရာ ရောက်ပါတယ်။
 
နိုင်ငံရေးပညာရှင် Akbar ဆိုသူက လူမျိုးစုရေးနဲ့ ပတ်သက်တဲ့ ယူဆချက်တွေမှာ အတိတ်သမိုင်းအစဉ်အလာတွေကိုပဲ အာရုံစိုက်ကြခြင်းဟာ “ခေတ်နောက်ပြန်ဆွဲသော လူ့အဖွဲ့အစည်းများသည် အတိတ်ထဲတွင် နေတတ်လေ့ရှိသည်“ ဆိုတဲ့ အမြင်ကို လျစ်လျူရှုရာ ရောက်တတ်ကြောင်း ဆိုထားပါတယ်။
လူမျိုးစုအများအပြား စုပေါင်းနေထိုင်တဲ့ လူ့အဖွဲ့အစည်းတွေတိုင်းမှာ လူမျိုးရေးပဋိပက္ခဖြစ်နိုင်ချေတွေ ရှိတတ်ပါတယ်။ ရုတ်ခြည်းနိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေမှာ မရေရာမှုတွေ ပေါ်ထွက်လာတဲ့အခါ၊ ethnic identities နဲ့ ခံစားချက်တွေကို လူမျိုးစုရေးရာ အကြမ်းဖက်မှုအဖြစ် အသုံးချမှုတွေ ရှိလာတတ်ပါတယ်။ 
 
နိုင်ငံရေးပညာရှင် Ganguly ဆိုသူက ဒီလို လူမျိုးစုဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပဋိပက္ခတွေကို အတိတ်သမိုင်းအစဉ်အလာမှာရှိခဲ့တဲ့ အာဃတတွေနဲ့ပဲ ရှုမြင်လေ့လာခြင်း မပြုလုပ်ပဲ အခြားနည်းလမ်းများကိုပါ အသုံးပြုသင့်ကြောင်း အဆိုပြုထားခဲ့ပါတယ်။
 
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၀၁၃)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...