Monday, July 13, 2020

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၅)


(၄) Competition over Resources Approach
 
ethnic identities များအပေါ် အခြေခံပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းဟာ လူမျိုးစုရေးရာ သည်းခံနိုင်စွမ်းလျော့နည်းမှုနဲ့ အရင်းအမြစ်များနှင့် အခွင့်အရေးများအပေါ် ပြိုင်ဆိုင်မှုများကို တိုးမြင့်စေပါတယ်။ စနစ်တကျမဖြေရှင်းခဲ့ရင် လက်နက်ကိုင်ပဋိပက္ခများကို ဦးတည်သွားတတ်ပါတယ်။ အထူးသဖြင့် အရင်းအမြစ်များ ရှားပါးချိန်တွေမှာ နိုင်ငံရေးဇာတ်ကောင်းအချို့က ပဋိပက္ခဖြစ်နိုင်ချေ မြင့်မားအောင် ပုံဖော်ဆောင်ရွက်သွားလို့ ရတတ်ပါတယ်။ Organization for Economic Cooperation and Development (OECD) နဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့ရဲ့ အစီရင်ခံစာများအရ အခွင့်အလမ်းနဲ့ အရင်းအမြစ်များ ဆုံးရှုံးနေတဲ့ လူမျိုးစု အဖွဲ့အစည်းများ အကြားမှာ လက်နက်ကိုင်ပဋိပက္ခအတွက် စည်းရုံးခံရနှုန်း ပိုမိုမြင့်မားလေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။
 
မြေယာပိုင်ဆိုင်မှုအခွင့်အလမ်း၊ အလုပ်အကိုင်၊ ပညာသင်ထောက်ပံ့ကြေး၊ ဘာသာစကားအခွင့်အလမ်း၊ ဖွံ့ဖြိုးရေးအသုံးစရိတ် ခွဲဝေမှု စတာတွေဟာ လူတဦးချင်းနဲ့ အဖွဲ့အစည်းများရဲ့ အကျိုးစီးပွားတွေ အပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ဒီအရင်းအမြစ်နဲ့ အခွင့်အလမ်းတွေ ရှားပါးလာချိန်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်ပွားလာတတ်ပါတယ်။ လူမျိုးစုတွေအကြားမှာ အဓိက ပြိုင်ဆိုင်မှုဖြစ်စေတတ်တာကတော့ စီးပွားရေး အရင်းအမြစ်များပဲ ဖြစ်ပါတယ်။ အလုပ်လက်မဲ့ပြဿနာနဲ့ အနာဂတ်အတွက် အခွင့်အလမ်းနည်းပါးမှု ဖြစ်ပွားလာချိန်တွေမှာ လူမျိုးစုတခုဟာ အခြားလူမျိုးစုများကို အပြစ်ရှာမှုတွေ ဖြစ်ပွားလာတတ်ပြီး၊ လူမျိုးစုများအကြား ပြိုင်ဆိုင်မှုတွေ ရှိလာတတ်ပါတယ်။
 
စီးပွားရေးအခွင့်အလမ်းတွေသာမက ဘာသာစကားသုံးစွဲမှုအခွင့်အလမ်း၊ ယုံကြည်ကိုးကွယ်မှု၊ အမျိုးသားရေးလက္ခဏာ၊ နိုင်ငံရေးအခွင့်အလမ်း၊ ဒေသတွင်း လူမျိုးစုအာဏာ စတဲ့ collective goods တွေနဲ့ ပတ်သက်ပြီးတော့လဲ လူမျိုးစုများအကြား ပြိုင်ဆိုင်မှုများ ရှိတတ်ကြောင်း နိုင်ငံရေးပညာရှင် Lake နဲ့ Rothchild တို့က ဖော်ပြထားခဲ့ကြပါတယ်။ နိုင်ငံရေးပညာရှင်များစွာရဲ့ သုတေသနပြုချက်တွေမှာ လူမျိုးစုများအကြား ပြိုင်ဆိုင်မှုကို တိုးမြင့်စေတဲ့ ယန္တရားများကို ဖော်ထုတ်ထားကြရာမှာ လူမျိုးစုများအပေါ် အခြေခံပြီး ကွဲပြားနေသော အလုပ်သမားဈေးကွက်၊ အလုပ်ခွင် ခွဲခြားသတ်မှတ်မှု စတာတွေကိုလဲ ထည့်သွင်းဖော်ပြထားကြပါတယ်။
 
(၂၀) ရာစုနှောင်းပိုင်းကာလမှာ လူမျိုးစုရေးရာ နိုင်ငံရေး၊ စီးပွားရေး ကွဲပြားမှုများကို ရည်ညွှန်းဖော်ပြတဲ့ “internal colonialism” ဆိုတဲ့ သဘောတရားတခု ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။ ဒီသဘောတရားအရ နိုင်ငံအတွင်းမှာနေထိုင်တဲ့ လူမျိုးစုတခုဟာ လူ့အဖွဲ့အစည်းအတွင်းမှာ လွှမ်းမိုးချုပ်ကိုင်မှုရှိလာတဲ့အခါ အုပ်ချုပ်ရေးယန္တရားနဲ့ အခြားအင်စတီကျူးရှင်းများစွာမှာ သက်ဆိုင်ရာ လူမျိုးစုရဲ့ အာဏာကို တည်ဆောက်ထားလေ့ရှိပါတယ်။ ဒီလိုအခြေအနေကနေ ရုတ်ခြည်းနိုင်ငံရေးအခြေအနေ ပြောင်းလဲမှု တစုံတရာဖြစ်သွားချိန်မှာ အခြားလူမျိုးစုများရဲ့ အခွင့်အရေးများကို အသိအမှတ်ပြုပြီး နိုင်ငံတော် ယန္တရားများမှာ ထည့်သွင်းလာရတဲ့ အခြေအနေတွေ ရှိလာတတ်ပါတယ်။
 
ဒီအခါမှာ တချိန်က လွှမ်းမိုးချုပ်ကိုင်မှုရှိနိုင်ခဲ့တဲ့ အုပ်စုက သူတို့လူမျိုးစုရဲ့ ပါဝါတွေကို လျော့နည်းသွားမှာကို စိုးရိမ်စ ပြုလာရာက အမျိုးသားရေးဝါဒ (nationalism) အလွန်အမင်း ရှင်သန်ကြီးထွားလာပြီး၊ လူမျိုးစုများအကြား ယှဉ်ပြိုင်မှုတွေ ပေါ်ထွက်လာတတ်ပါတယ်။ လူမျိုးစုများ အကြားယှဉ်ပြိုင်မှု (Inter-ethnic competition) ဟာ အမြင်ကွဲပြားမှုများကို လက်မခံခြင်း၊ အုပ်စုကွဲပြားမှု သင်္ကေတလက္ခဏာများကို အလွန်အကျူးဖော်ဆောင်ခြင်း၊ ကွဲပြားခြားနားသူများကို ခွဲခြားဆက်ဆံခြင်း စတာတွေကနေတဆင့် လူမျိုးရေးအဓိကရုဏ်းများ၊ လူမျိုးစုအခြေပြု စစ်ပွဲများ ဖြစ်ပွားလာစေတတ်ပါတယ်။ ဒီလိုအခြေအနေတွေဟာ အာဏာရှင်စနစ်မှ ဒီမိုကရေစီအသွင် ကူးပြောင်းစ နိုင်ငံတွေမှာ ဖြစ်ပွားတတ်လေ့ရှိတဲ့အတွက် အသွင်ကူးပြောင်းမှု ဦးဆောင်နေသူများမှ အထူးသတိထား ကိုင်တွယ်သင့်တဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။
 
(ဆက်လက်ဖော်ပြပါမည်)
 
ခင်မမမျိုး (၂၀၁၃)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...