သက္ကရာဇ်တကာ သက္ကရာဇ်၊ နှစ်တကာ နှစ်တို့ဖြင့် မတူသည့် ၂၀၁၂ ပါ။ လွန်ခဲ့သည့် ၁၀ စုနှစ် တစ်ခုကျော်ကတည်းက နာမည်ကြီးနေခဲ့သော ၂၀၁၂ သို့ ယခု ရောက်လာခဲ့ပြီဖြစ်သည်။
၂၀၁၁ သည် မကြုံဘူးမကြားဘူးခဲ့သော သဘာဝဘေးအန္တရာယ်အပေါင်းတို့ကို မိတ်ဆက်ပေး အမြည်းကျွေးလျှက် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ တကယ်တော့ ၂၀၁၁ သည် မမြဲသော သဘောတရားတို့ကို လက်တွေ့ပြသ သတိပေးသင်ကြားသွားသော ဆရာတစ်ဆူဟု အကောင်းမြင်နိုင်ပါသည်။ ကမ္ဘာကြီး ကျန်းမာခဲ့စဉ်က အစဉ်ကျန်းမာအောင် ထိန်းသိမ်းရကောင်းမှန်းမသိသော လူသားသည် ယခုကမ္ဘာကြီး ချူချာလာသည့်အခါကျမှ အထိတ်တလန့် အပြင်းအထန် ကုသဖို့ကြိုးစားလာရသည်။ ကာကွယ်ရေးမမီတော့သည့်အခါ ကုသရေးကိုသာ တွင်တွင်အော်နေရသည်။ သို့သော် နှစ်ပေါင်းများစွာ ဆိုးခဲ့ပေခဲ့သမျှကို အချိန်တိုဖြင့် အဘယ်မှာလျှင် ကုစား၍ရနိုင်အံ့နည်း။ ဖျက်လိုဖျက်ဆီးအကျင့် တွေကလည်း စွဲနေမင့်ကိုး။
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ၂၀၁၂ သည်လည်း ၂၀၁၁ မှ လက်ဆင့်ကမ်းခဲ့သော သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်ခြင်းများကို ခံယူလျှက် မျက်စိသူငယ်ဖြင့် တစ်နှစ်တည်းဟူသော အချိန်ကာလကို ဖြတ်သန်းရပေဦးမည်။ စ ကတည်းက ယဉ်သကို ဆိုသကဲ့သို့ ၂၀၁၂ သည် သူ့အချိန် မရောက်မီကတည်းက နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။
You Tube Video တွင်ဖြစ်စေ၊ Google ကဲ့သို့ Search Engine တစ်ခုခုတွင်ဖြစ်စေ၊ Doomsday (သို့) Nibiru (သို့) Planet X (သို့) 2012 December ဟု ရိုက်ထည့်လိုက်ပါက မြောက်များလှစွာသော ၂၀၁၂ ၏ ချစ်စရာများကို မြင်ရပါလိမ့်မည်။
၂၀၁၂ တွင် Nibiru ကြောင့် ကမ္ဘာပျက်မည်မှာ မဖြစ်နိုင်ကြောင်း NASA မှ ရှင်းလင်းချက်ကိုလည်း ဖတ်ရပါသည်။ သို့သော် ယခုထိ ဤပြဿနာမှာ ပြေလည်မသွားဘဲ ငြင်းကြခုန်ကြဆဲဖြစ်ပါသည်။ ဖြစ်နိုင်ရာချေများကလည်း ရှိနေဆဲဖြစ်သည်ကို မငြင်းနိုင်ပါ။ ထို့အတူ ကျိန်းသေပေါက် ဖြစ်ပါ့မည်ဟုလည်း မည်သူမျှ မပြောနိုင်ပါ။
ပြဿနာအစ မာယန်းကဟု ဆိုရပေမည်။ ဆူမားရီးယန်း ခေါ် မာယန်း ခေါ် မာယာ ခေါ် မေယာန် လူမျိုးများသည် ခရစ်တော်မပေါ်ခင်ကတည်းက ရှိခဲ့သောလူမျိုးများဖြစ်လျက် ယခုခေတ်ကဲ့သို့ သိပ္ပံအထောက်အကူပစ္စည်းများ မပါဘဲ ကမ္ဘာကနေကိုတစ်ပတ် ပတ်မိစေရန် မည်မျှကြာသည်ကို ယခုခေတ် ဒဿမကိန်း ၆ လုံးအထိတူအောင် တွက်နိုင်ခဲ့ကြသောလူမျိုးများ ဖြစ်လေရကား နှယ်နှယ်ရရ မဟုတ်ပေ။ ထိုမာယန်းများ၏ ပြက္ခဒိန်တစ်ခုမှာ ၂၀၁၂ နာမည်ကြီးရခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်ဖွယ်ရှိသည်။ မာယန်းတို့၏ ပြက္ခဒိန် (၃) မျိုးရှိသည့်အနက် ရက်ရှည်ပြက္ခဒိန်မှာ နေကို အခြေပြုတွက်ချက်ပြီး BC3114 သြဂုတ် ၁ ရက်မှ စတင်ရေတွက်က ၂၀၁၂ ဒီဇင်ဘာ ၂၁ တွင် အဆုံးသတ်ထားပါသည်။ ထို့ကြောင့်ပင် ၂၀၁၂ ဒီဇင်ဘာ ၂၁ သည် ကမ္ဘာ၏နောက်ဆုံးနေ့ဟု ယူဆကြခြင်းလည်းဖြစ်ပါသည်။ ပိုဆိုးသည့်အချက်မှာ Nibiru သည် မာယန်းတို့၏ နေအဖွဲ့အစည်းပုံထဲတွင် ပါဝင်နေခြင်းဖြစ်လေသည်။
![]() |
ဆရာဦးထွန်းလွင် (မိုးလေဝသ) ၏ Website တွင် ဖေါ်ပြထားသောပုံဖြစ်ပါသည်။ |
နောက်ထပ် ပြဿနာတစ်ခုမှာ နေ နှင့် ကမ္ဘာ၏ ၂၀၁၂ တွင်ရှိမည့် အနေအထားဖြစ်သည်။ လည်ပတ်နေသည့် အရာဝတ္ထုတိုင်းတွင် Bary Center ခေါ် ဒြပ်ဆွဲအားဗဟိုများရှိလျက် နေ နှင့် ကမ္ဘာတွင်လည်း ဆွဲအားတစ်ခုနှင့် ဆက်ထားသည်သာဖြစ်သည်။ ကမ္ဘာသည်နေထက် အဆများစွာသေးသောကြာင့် နေကို လှုပ်ရှားစေနိုင်ခြင်း မရှိသော်ငြား ကမ္ဘာထက် ၃၁၈ ဆမျှ ဒြပ်ထုပိုကြီးသော ဂျူပီတာဂြိုလ်မှာမူ နေကို အနည်းငယ် လှုပ်ရှားစေနိုင်ပါသည်။ နေမျက်နှာပြင်၌ ဆွဲအားကျသောအခါ အစက်ပြောက်ဖြစ်စေပါသည်။ ထိုသို့ နေမျက်နှာပြင်အစက်တစ်ခု ပေါ်ပြီးလျှင် နေပေါ်၌ မီးမုန်တိုင်းတစ်ခု ဖြစ်ပေါ်တတ်ပါသည်။ ဂျူပီတာဂြိုလ်သည် နေကို ၁၁ နှစ်လျှင်တစ်ကြိမ် ပတ်လေရာ ဂျူပီတာဂြိုလ်၏ ဒြပ်ဆွဲအားကြောင့် နေတွင် ၁၁ နှစ်လျှင် တစ်ကြိမ် နေမီးမုန်တိုင်းများ ဖြစ်ပေါ်စေပါသည်။ အလားတူပင် စနေဂြိုလ်၏ ဒြပ်ဆွဲအားဗဟိုသည်လည်း နေကိုသက်ရောက်မှု ရှိစေပါသည်။ ကြာသာပတေးဂြိုလ် ခေါ် ဂျူပီတာဂြိုလ်နှင့် စေတန် ခေါ် စနေဂြိုလ်တို့ နေနှင့် တစ်တန်းတည်း ဖြစ်သည့်အချိန်ကို သိပ္ပံပညာရှင်များက Solar Maximum ဟု ခေါ်လျက် နေမျက်နှာပြင်တွင် လှုပ်ရှားမှု အများဆုံးကာလဖြစ်လေသည်။ အဆိုပါ နေမီးတောက်များသည် ပြန့်လွှင့်ထွက်လာပြီး ရေဒီယိုသတ္တိကြွနှင့် လျှပ်စစ်လှိုင်းများ ကမ္ဘာနှင့် အခြားဂြိုလ်များသို့တိုင် အရှိန်နှင့် ရောက်လာတတ်ပါသည်။ ၁၉၈၉-ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နေမီးတောက်ငယ်တစ်ခု ကမ္ဘာကိုထိမှန်ခဲ့ခြင်းကြောင့် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုများ ဖြစ်စေခဲ့သည်ဟု ဆိုပါသည်။ နေမီးတောက်များသည် လူများ၏ စိတ်ခံစားမှုနှင့် ကျန်းမာရေးအပေါ်တွင်လည်း သက်ရောက်စေတတ်လျက် အဆိုပါ Solar Maximum ခေါ် နေမီးတောက်များ အပြင်းထန်ဆုံး ထုတ်လွှတ်ဦးမည့် အခါသမယမှာလည်း ၂၀၁၂ ပင်ဖြစ်ပေသတတ်။
၂၀၁၂ ၏ ချစ်စရာလေးများ မကုန်သေးပါ။ နောက်ထပ်တစ်ခု ကျန်ပါသေးသည်။ ၎င်းမှာ ကျွန်တော်တို့ နေအဖွဲ့အစည်းကြီး တစ်ခုလုံး၏ အနေအထားပြောင်းလဲမှုဖြစ်ပါသည်။ ကမ္ဘာအပါအဝင် ဂြိုလ်ကြီး (၈) လုံးသည် နေကို ပတ်နေကြလျက် ၎င်းကိုနေအဖွဲ့အစည်းဟု ခေါ်သည်။ ထိုနေအဖွဲ့အစည်းများသည် နဂါးငွေ့တန်းဟု ခေါ်သော ဂလက်ဇီထဲ၌ လှည့်ပတ်နေပြန်ပါသည်။ ဤသို့သော ဂလက်ဇီတွေများမှာ စင်္ကြဝဠာ၌ မရေမတွက်နိုင်အောင် ရှိသည်ဟုဆိုသည်။ မိုးဇလဆရာဦးထွန်းလွင် (ဒေါက်တာထွန်းလွင်) ၏ ဆောင်းပါးထဲ၌ ရေးသားဖေါ်ပြထားသည့် ဂလက်ဇီဆိုသည်မှာ ဂြိုလ်များ၊ ကြယ်များ၊ ဥက္ကာပျံများ၊ Meteoirds, Asteroids များ၊ ကော့စမစ်ရောင်ခြည်များ အလွန်ထူထပ်စုစည်းနေသော ကြီးမားလှသည့် ဒြပ်ထုနယ် အစုအဝေးကြီးဟု ဆိုပါသည်။ ထို့ကြောင့်ပင် ဘုရားက အနန္တစင်္ကြဝဠာဟု ဟောတော်မူခြင်း ဖြစ်ပေမည်။ ကျွန်တော်တို့ နေအဖွဲ့အစည်းတည်ရှိသည့် ဂလက်ဇီမှာ မစ်ကီးဝေး (Milky Way Galaxy) ဟု ခေါ်သည်။ အဆိုပါ ဂလက်ဇီအဝိုင်းပြားကြီးထဲမှ ကျွန်တော်တို့ နေအဖွဲ့အစည်းသည် ဂလက်ဇီ၏ အစွန်းအပေါ်ဘက် တစ်နေရာမှာ ရှိနေရာမှ ဂလက်ဇီ၏ အောက်ဘက်သို့ မကြာခင်ဆင်းတော့မည် ဖြစ်ပါသည်။ ယင်းကို Galactic Crossing ဟု ခေါ်သည်။ ဤကဲ့သို့ ဂလက်ဇီကို ဖြတ်ခြင်းမှာလည်း နှစ်ပေါင်း (၆၄) သန်းတွင်မှ တစ်ကြိမ်ဖြတ်ခြင်း ဖြစ်ပြီး ပြဿနာမှာ ယခင်ဖြတ်ခဲ့သော အချိန်မှ စ ၍ ရေတွက်လျှင်် ယခုနောက်တစ်ကြိမ် ဖြတ်မည့်အချိန်မှာ ၂၀၁၂ ဖြစ်ပါကြောင်း။
ကမ္ဘာ့သံလိုက်မြောက်ဝင်ရိုးစွန်းမှာ ယခုလက်ရှိတွင်လည်း ကနေဒါနိုင်ငံ၏ Baffin Bay တွင် ရောက်ရှိနေပြီး အရှေ့ဘက်သို့ တစ်နှစ်လျှင် ၄၀ ကီလိုမီတာနှုန်းဖြင့် တဖြည်းဖြည်းခြင်း ရွေ့နေသည်ဟု ဆိုပါသည်။ နောင်ဆယ်စုနှစ် အတန်ကြာလျှင် အီကွေတာသို့ ရောက်ရှိလာမည်ဖြစ်ပါသည်။ သံလိုက်အိမ်မြှောင်မှ ညွှန်ပြသော မြောက်အရပ်မှာ အကယ်စင်စစ် မြောက်အရပ်စူးစူးမဟုတ်ဘဲ ကမ္ဘာ့သံလိုက်မြောက်ဝင်ရိုးစွန်းသို့သာ ညွှန်ပြခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် iPhone ၏ နာမည်ကြီး Application တစ်ခုဖြစ်သော Compass ၏ Setting တွင် True North နှင့် Magnetic North ဟူ၍ Option နှစ်ခု ပါနေခြင်း ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် Nibiru ဂြိုလ်ကြီး လာနေသည်ဟု ဆိုဆို၊ မာယန်းပြက္ခဒိန်ကြောင့်ဟု ပြောပြော၊ နေမှ မီးမုန်တိုင်းများ ထန်ခြင်းကြောင့် ဆိုစေ၊ ဂလက်ဇီကို ဖြတ်ခြင်းကြောင့် ဖြစ်ဖြစ်၊ လူများ၏ ဖျက်ဆီးမှုကြောင့် ကမ္ဘာကြီး ပူနွေးလာသည် ဖြစ်စေ၊ အိုဇုန်းလွှာကြီး ပေါက်ပေါက်…. မည်သို့ပင်ဆိုစေ တစ်သက်နှင့် တစ်ကိုယ် မကြုံဘူး မကြားဘူးသော သဘာဝဘေးအန္တရာယ်များ တစ်နေ့တစ်ခြား များပြားလာခြင်းကား အမှန်ပင်ဖြစ်သည်။ မြန်မာပြည်တွင် နာဂစ်ဝင်မွှေသွားသည်။ ရေရှားသော အညာဒေသ ပခုက္ကူတွင် ရေကြီးရုံမက သဲများ ထုနှင့်ထည်နှင့် တက်လာသဖြင့် လူအတော်များများ သဲထဲမြေမြုပ်ပြီးသား ဖြစ်ပြီးသေကြရသည်မှာ မကြာသေး။ လွယ်မွေငလျင်မှာ နှစ်ပေါင်း (၅၅) နှစ်အတွင်း အပြင်းထန်ဆုံးငလျင်တစ်ခု ဖြစ်ခဲ့သည်။ ယခင်က (၇) နှစ်မှ တစ်ကြိမ်ဖြစ်သော အယ်နီးညိုးနှင့် လာနီညာ ရာသီဥတုဖေါက်ပြန်မှုများ ယခု မြန်မာပြည်တွင်ပင် တစ်နှစ်အတွင်း (၃) ကြိမ် ဝင်သွားပါသည်ဟု ဆရာဦးထွန်းလွင်က စင်ကာပူစာပေဟောပြောပွဲတွင် ထည့်သွင်းပြောပြသွားသည်။

ထို့ကြောင့် စင်္ကြာဝဠာအနန္တနှင့် ယှဉ်လျှင် ကျွန်တော်တို့ မှီတင်းနေထိုင်ရသော ကမ္ဘာသည်လည်း မပြောပလောက်သော နေရာလေးတစ်ခုမျှသာဖြစ်လျှက် မမြဲသောသဘောမှ လွတ်သည်မဟုတ်သည့်အပြင် တစ်ချက်ကလေးမှ လွဲမှားမခံနိုင်ဘဲ တည်းတည်းကလေးရပ်တည်နေလေရကား သတ္တဝါအနန္တထဲမှ သတ္တဝါတစ်မျိုးမျှသာ ဖြစ်သော စာရင်းမဝင်အင်းမဝင် ကျွန်တော်တို့သည် အဘယ်မှာလျှင် စိတ်ကြီးဝင် ကြီးကျယ်၍ ရနိုင်အံ့နည်း။ ယခုပင်လျှင် အရာရာကို အပြင်းအထန်ခံစားတတ်သူများ ကမ္ဘာပျက်မည်ကို စိုးရွံ့၍ ကိုယ့်ကိုယ်ကို သတ်သေမှုများ ကြားလာရသည်။
တရုတ်လူမျိုးတစ်ယောက်ကလည်း ငွေကုန်ကြေးကျခံ၍ ကမ္ဘာပျက်လျှင်အသုံးပြုဖို့ အလုံပိတ်လှေကြီး တစ်စီးဆောက်သည်ဟု သတင်းထဲတွင် ဖတ်လိုက်ရသည်။ မက္ကဆီကိုနိုင်ငံရှိ မာယန်းတို့၏ ဒေသတွင် ကမ္ဘာပျက်မည့်အချိန်အား စတင်ရေတွက်နေသည်ဟု ဆိုသည်။ ယခုပင် ဖတ်လိုက်ရသည့် သတင်းတချို့တွင် ၂၀၁၂ မတ်လ၌ အင်္ဂါဂြိုလ်နှင့် ကမ္ဘာအနီးဆုံးနေရာသို့ ရောက်မည်။ ဇွန်လ၌ သောကြာဂြိုလ်နှင့် နေတို့ တစ်တန်းဖြစ်မည်။ ငလျှင်အန္တရာယ် သတိပြုသင့်သည်ဟု ဆိုပါသည်။
မည်သို့ပင်ဆိုစေကာမူ ၃၁.၁၂.၂၀၁၁ ညက နှစ်သစ်ကူး အကြိုပွဲများ ကမ္ဘာအနှံ့ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်သာ။ ဤသည်လည်း အကောင်းမြင်ဝါဒ တစ်မျိုးသာပ…
လူအများထဲမှ လူတစ်ယောက်သာဖြစ်သော ကျွန်တော်လည်း ဟက်ပီးစရာ ကောင်းကောင်း မကောင်းကောင်း လူအများနှင့်ရော၍ ဟက်ပီးစွာ အသံကုန်အော်ပါသည်….
……5..4….3…..2…..1……HAPPY NEW YEAR 2012!!!!!!!!!!!!!!!!
ရည်ညွှန်း။ ။
(1) Nibiru Collision, Wikipedia
(2) Galaxy, Wikipedia
(3) 2012: Beginning of the End or Why the World Won’t End?, NASA
(4) ၂၀၁၂ မှာ ကြုံတွေ့နိုင်တဲ့ ပြဿနာ၊ ဒေါက်တာထွန်းလွင်
(5) ၂၀၁၂ ပြဿနာနဲ့ နာဆာပညာရှင် အချို့ရဲ့အဖြေ၊ မောင်ထွန်းလွင် (မိုးလေဝသ)
(6) ၂၀၁၂ မှာ ကြီးမားတဲ့ ဘေးအန္တရာယ်တွေ တကယ်ဖြစ်မှာလား၊ မောင်လူအေး (ပြတိုက်)
(7) ၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ ဘာကြောင့်ပြောကြသလဲ၊ http://mandalaygazette.com
(8) နေမုန်တိုင်းကြောင့် ရေဒီယိုဆက်သွယ်မှုများ ပြတ်တောက်နိုင်၊ MRTV-4
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
အချိန်တိုင်းမှာ သတိတရားလေးနဲ. ကြိုးစားပြီးနေရမှာပေါ့
ReplyDeleteလာပြိးတော့နား. မသွားသေးခင် ချိန်လေးတွင်မှ. ဝန်းကျင်ယှက်နွယ် နှောင်ကြိုးတွယ်ကျ. ပြုံးရင်မဲ့ငို ချစ်မုန်းပို. မလိုဒေါသ(ဒုကွသစွာ) လိုလောဘ(သမုဒယသစွာ).နှင့်. ဘဝရိပ်မြုံ ကကြိုးစုံခဲ့. ကံကုန်မိုးချူပ် လက်တွဲမဖြုတ်ခင်. သတိတရားများဖြင့်. နေထိုင်နိုင်ကြပါစေ!!!!!!!!!!!!!!!!!!ကျေးဇူ့း့ကိုသက်
ReplyDelete