Monday, January 23, 2012

ကြောက်လိမ့်မယ်လို့ မထင်နဲ့

တစ်နေ့သ၌ စင်ကာပူနိုင်ငံရှိ Bonus အလွန်ကောင်းသည်ဟု နာမည်ကြီးသော သင်္ဘောကျင်းတစ်ခုတွင် ထမင်းစားချိန်ဖြစ်လေရကား ဝန်ထမ်းအများစုမှာ နေ့လည်စာကို ကသုတ်ကရက်စားနေကြလေ၏။ ကသုတ်ကရက်စားရခြင်း အကြောင်းမှာ တစ်နာရီမျှသော ထမင်းစားချိန်အတွင်း တစ်ရေးတစ်မော အိပ်ချင်သေးသောကြောင့် ဖြစ်လေ၏။ သူတို့ထဲမှ အချို့ကား အချိန်ကို စီမံခန့်ခွဲရာ၌ မန်နေဂျာထက်ပင် ထူးချွန်သေး၏။ အနှီတစ်နာရီတည်းဟူသော အချိန်အတွင်း ထမင်းစား၏။ ဝန်ထမ်းများအတွက် အပန်းဖြေစရာပေးထားသော နေရာ၌ ဘိလိယက်ထိုး၏။ ပြီးလျှင် ကာရာအိုကေ တစ်ပုဒ်မျှဝင်ဟဲလိုက်သေး၏။ ပြီးလျှင် တစ်ရေးတစ်မော အိပ်လိုက်သေး၏။ အချိန်တစ်နာရီကို အဖိုးတန်အောင် အသုံးချနိုင်သည့်နေရာ၌ သင်္ဘောကျင်း ဝန်ထမ်းများကို မှီသူရှားပေမည်။

ထိုသင်္ဘောကျင်းဝင်းထဲတွင် ကွန်တိန်နာရုံးခန်းကလေးများ အစီအရီရှိနေသော နေရာလေးများလည်း ရှိ၏။ အများအားဖြင့် ကွန်တိန်နာများကို နှစ်လုံးကျစီထပ်တင်ထားပြီး လူဝင်လူထွက်လုပ်ဖို့ရာ တံခါးပေါက်တစ်ခုစီတပ်ဆင်ထား၏။ အောက်ကွန်တိန်နာတွင် နေသူများအဖို့ ဘာမျှမလိုသော်ငြား အပေါ်ကွန်တိန်နာတွင်နေသော ဝန်ထမ်းများအတွက် အပေါ်တက်ရန်လှေကားတစ်ခုစီ တပ်ဆင်ထားလေ၏။ ကွန်တိန်နာရုံးခန်းကလေးများမှာ ရုံးခန်းဟုဆိုသော်ငြား ငါးသေတ္တာအကြီးစားကဲ့သို့ ဖြစ်နေသော အလုံပိတ်သံသေတ္တာကြီးကို အပေါက်ဖေါက်လျက် လူနေနိုင်အောင် လုပ်ထားခြင်းသာဖြစ်လျက် အပူအအေးမျှတစေခြင်းအလို့ငှာ လေအေးပေးစက်များ တပ်ဆင်ထားလေ၏။ အဓိကရည်ရွယ်ချက်မှာ ကွန်တိန်နာရုံးခန်းများသည် ရွေ့ပြောင်းရလွယ်ကူခြင်းကြောင့် နေရာအနေအထားအရ လိုအပ်သလို စီမံနိုင်သောကြာင့် ဖြစ်လေ၏။

၎င်းကွန်တိန်နာရုံးခန်းတစ်ခုအတွင်း၌ ငွေကြေးအမြောက်အများ ချမ်းသာပါလျက်နှင့် ဝန်ထမ်းအလုပ်ကို အပျင်းပြေသဘောမျိုး လုပ်နေသော သင်္ဘောသီးဟု လူသိများသည့် သင်္ဘောသားလူထွက်သူဋ္ဌေးအင်ဂျင်နီယာတစ်ဦး၊ အင်ဂျင်နီယာများဆောင်းသော ဟဲလ်မက်ကို အဆုံးစွန်ထိရှုံ့ထားရလောက်အောင် ဦးခေါင်းအတန်ငယ်သေးသော်လည်း ချစ်စမ်းမောင်မျက်မှန်ကို တပ်လျက် (မှတ်ချက်။ ။ ကျွန်တော်တို့ငယ်စဉ်က ဖတ်ဖူးသော ချစ်စမ်းမောင် ကာတွန်းဇာတ်ကောင်သည် မျက်မှန်သေးသေးကလေးကို တပ်ထားခဲ့သည်။) ရုပ်ရည်အတန်အသင့်ရှိပြီး ပြုံးချိုသောမျက်နှာထားရှိလျက် ကုမ္ပဏီအလုပ်ကို ယောက္ခမအလုပ်ကဲ့သို့ သဘောထားကာ အလွန်အမင်းအားစိုက်လုပ်တတ်သော လူငယ်အင်ဂျင်နီယာတစ်ဦး၊ စကားပြောလျင် အနည်းငယ်မျှ တိုင်းရင်းသားလေသံပေါက်သော်ငြား စကားအလွန်တတ်ပြီး အနောက်သန်သော (အစ အနောက်သန်ခြင်းကို ဆိုလိုသည်) ကရင်အင်ဂျင်နီယာတစ်ဦးနှင့် အများသူငါထမင်းစားပြီး အိပ်ချိန်၌ မအိပ်ဘဲ ဘရံတောက်တီး တွေးတောလျက် ပြဿနာကို ကွန်ပျူတာနှင့်နှိပ်ရှာတတ်သော မဖြစ်ညစ်ကျယ် စာတိုပေစအရည်မရ အဖတ်မရ တောက်တီးတောက်တဲ့များ ရေးတတ်သော ဘလော်ဂါပေါက်စ အင်ဂျင်နီယာတစ်ဦးတို့သည် အဆွေခင်ပွန်းဖြစ်၍ ကုမ္ပဏီအလုပ်များကို အတူတကွ ဆောင်ရွက်လျက်ရှိကြကုန်၏။


ယနေ့လည်း အဆိုပါဘလော်ဂါလူငယ်သည် ထမင်းကို အဆောတလျင်စားလျက် ရောက်တတ်ရာရာ တွေးတောနေလေ၏။ ရောက်တတ်ရာရာဆိုသည့်အတိုင်း သူ၏စိတ်ထဲတွင် သီပေါမင်းပါတော်မူခြင်းအကြောင်းကို တွေးနေလေ၏။ သီပေါမင်းပါတော်မူစဉ် စီးသောရထားလုံးသည် အလုံပိတ်ဟု သမိုင်းတွင်သင်ကြားဖူးလေသည်။ အနှီအလုံပိတ်ရထားလုံးနှင့် ငါတို့ကွန်တိန်နာသည် သဘောတရားခြင်း အတူတူပင်ဖြစ်သည်ဟု မဆီမဆိုင်တွေးလေ၏။ ငါတို့ကွန်တိန်နာသည် အဲယားကွန်းပါသောကြောင့် ရထားလုံးထက်တော့ သာပေသည်ဟုတွေးမိပြီး သူ၏မျက်နှာတွင် ပြုံးယောင်သန်းသွား၏။ သို့သော် အပြင်၌နေပူလျှင် အထဲ၌ ပူအိုက်လျက် အပြင်၌ရာသီဥတုအေးလျှင် အတွင်း၌စိမ့်နေအောင်အေးတတ်သော သဘာဝနှင့်အလွန်နီးစပ်အောင် ထုတ်လုပ်ထားသော သူတို့ကွန်တိန်နာ၏ အဲယားကွန်းအကြောင်းကို တွေးမိသည့်ခဏ၌ ပြုံးယောင်သန်းနေသော မျက်နှာသည် ရုတ်ချည်းအလိုမကျသည့်ပုံ ပေါ်လာ၏

ထိုမှတစ်ဆက်တည်း သီပေါမင်း၏ ထင်ရှားကျော်ကြားသော ဝိသေသဖြစ်သည့် မိန်းမကြောက်ခြင်းကို တွေးမိသွားကာ ပြုံးစိစိမချိုမချဉ် မျက်နှာပေးသည် သူ့မျက်နှာပေါ်၌ ဖျတ်ကနဲ ပြေးသွားပြန်၏။ ဟုတ်သည် မဟုတ်သည် အပထား၊ သီပေါမင်းသည် မိဖုရားကြီး စုဖုရားလတ်ကို သမိုင်းတွင်အောင် ကြောက်သည့်ဘုရင်ဖြစ်ကြောင်းကား စာပေများတွင်အတွေ့ရများသဖြင့် ရင်းနှီးနေလေသည်။ မိန်းမဖျက်လို့ ပြည်ပျက်သည်ဟုပင် ဆိုကြသည်။ အမှန်တော့ တိုင်းပြည်တစ်ပြည်လုံး သူ့လက်ထဲရှိ၍ သူ့ဆုံးဖြတ်ချက်သည်သာ တိုင်းပြည်ကံကြမ္မာဖြစ်နေသော ဘုရင်တစ်ပါးအနေနှင့် ဘုရင်ထက်မိဖုရားက သြဇာညောင်းလွန်းခြင်းမှာ ဘုရင်၏ညံ့ဖျင်းချက်ပင် ဖြစ်သည်မဟုတ်လော။

၁၉၉၉-ခုနှစ်လောက်တုန်းက သူအလုပ်လုပ်ခဲ့ဖူးသော ရန်ကုန်မြို့ ဟိုတယ်ကြီးတွင် တွေ့ကြုံခဲ့ရသော အတွေ့အကြုံတစ်ခုကို အမှတ်ရမိပြန်သည်။ တစ်နေ့တွင် သူစာရင်းဇယားတွေနှင့် အလုပ်ရှုပ်နေခိုက် ဟိုတယ်ပိုင်ရှင် မန်နေးဂျင်းဒါရိုက်တာကြီး (MD) ရောက်လာပြီး သူတို့ ပြင်/ထိန်း ဋ္ဌာနမှ အင်ဂျင်နီယာများ အလုပ်ကောင်းကောင်းမလုပ်၍ဟု ဆိုကာ ဆူပူပါတော့သည်။ သူတော်တော်စိတ်ဆိုးသွားသည်။ အသက်အန္တရာယ်နှင့်ရင်း၍ အလုပ်လုပ်နေရသော သူတို့အဖွဲ့အတွက် လုံလောက်သည့် အထောက်အပံ့များ ဘာတစ်ခုမျှမပေးဘဲ ဘယ်သူသေသေ သူ့အကျိုးစီးပွားကိုသာ ကြည့်လွန်းသော ဟိုတယ်ပိုင်ရှင်ကို သူဒေါသထွက်သွားသည်။ ပြီးနောက် မဆိုင်းမတွပင် အထွေထွေမန်နေဂျာ (GM) ရုံးခန်းထဲသို့ ဝင်သွားပြီး မတရားသဖြင့် ပြောသော မန်နေးဂျင်းဒါရိုက်တာအကြောင်းကို အပြည့်အစုံပြောပြ တိုင်ကြားတော့သည်။ အမှန်မှာ အထွေထွေမန်နေဂျာသည်လည်း ဟိုတယ်ဝန်ထမ်းသာဖြစ်လျက် MD ကို GM နှင့် တိုင်သောသူသည် တွေးကြည့်လျှင် ရယ်စရာကောင်းလှသည်။ စိတ်ဆိုးမာန်ဆိုးပြောပြနေသောသူ့ကို GM အမျိုးသမီးကြီးသည် တည်ငြိမ်စွာကြည့်လျက် အလေးအနက်နားထောင်နေသည်။ ဒေါသဖြစ်ဖြစ်နှင့် ပြောချင်ရာပြောပြီး သူမောသွားသည်။ GM သည် သူ့ကို လက်ကာပြလျက် ဖုန်းနံပါတ်တစ်ခုကို လှည့်လိုက်သည်။ ခဏအကြာ GM ရုံးခန်းအတွင်းသို့ဝင်လာသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်တော့မှ သူရေးတေးတေး သဘောပေါက်သွားသည်။ ဝင်လာသူကား MD ၏ ဇနီးဖြစ်လေသည်။ ပြီးမှ GM အမျိုးသမီးကြီးသည် ဖြစ်ပုံပျက်ပုံနှင့်တကွ ဝန်ထမ်းများကို အလုပ်လုပ်ချင်စိတ်ပျောက်အောင် မလုပ်သင့်ကြောင်း လေသံအေးအေးနှင့် ရှင်းပြပြီးသည်၏ နောက်တစ်နေ့မှစ၍ ဒါရိုက်တာကြီးသည်  ဝန်ထမ်းများကို နင်ပဲငဆမပြောတော့သည်မှာ သူ့ကိုယ်တွေ့ဖြစ်လေသည်။ သြော်….. မန်နေးဂျင်းဒါရိုက်တာထက် သြဇာကြီးတာ မန်နေးဂျင်းဒါရိုက်တာ မိန်းမကိုးဟူသော သင်ခန်းစာကို သူရခဲ့သည်။ ပြဿနာတစ်ရပ်၏ အညှာကို ကိုင်တတ်သော GM ကိုလည်း အရင်ကထက်ပင် ပို၍လေးစားသွားသည်။

ကစားတဲ့ ပါမောက္ခဟု နာမည်ကြီးသော ရူပဗေဒနိုဗယ်ဆုရှင် ရစ်ချတ်ဖိုင်းမန်းအကြောင်းကို သူတွေးမိပြန်သည်။ ဖိုင်းမန်း၏ အဖေသည် သူ့သားကို သက်တောင့်သက်သာဖြစ်စေမည့် ဆော့ကစားခြင်းဖြင့် သဘာဝတရားကို စူးစမ်းတတ်အောင်၊ သဘာဝကို ချစ်တတ်အောင် သင်ပေးခဲ့သည်။ ယာတောထဲ လမ်းလျှောက်ရင်း တွေ့သမျှကျောက်တုံးတွေ လိုက်မရင်း ကျောက်တုံးအောက်က သက်ရှိကလေးများကို ပြရင်း သက်ရှိများ၏ ဂေဟစနစ်အကြောင်းကို  သင်ပေးတတ်သလို သင်ပေးခဲ့သည်။ ဖိုင်းမန်းဆိုသည့် ရူပဗေဒပညာရှင်ကား ရူပဗေဒတွင်သာ ထူးချွန်သည်မဟုတ်။ အနုပညာတွင်လည်း ရောင်းတန်းဝင် ပန်းချီဆရာတစ်ဦးဖြစ်သည်။ လေ့လာမှုများကို ဆော့ကစားနေသကဲ့သို့ ပေါ့ပေါ့ပါးပါးသဘောထားကာ ထူးချွန်သော ပညာရှင်ကြီးဖြစ်သည်။ ရစ်ချတ်ဖိုင်းမန်းအကြောင်းကို သူဖတ်သည့်အခါ သူမှတ်မိနေသည့် အကြောင်းအရာတစ်ခုက ဖိုင်းမန်း ဟောပြောပွဲတွေ လုပ်သည့်အခါ ပရိတ်သတ်ကြားမှ နားထောင်ကာ မေးခွန်းများထုတ်တတ်သော ဖိုင်းမန်း၏ ဇနီးအကြောင်းဖြစ်သည်။ ရစ်ချတ်ဖိုင်းမန်း အောင်မြင်ခြင်းတွင် ဇနီးသည်၏ နားလည်မှု၊ ကူညီမှုများ ပါနေသည်ကို သူသတိပြုမိခဲ့သည်။

ယနေ့ ပြည်သူအများလေးစားချစ်ခင်ကြသော ကာတွန်းအော်ပီကျယ်တွင်လည်း ဇနီးသည်၏ တင်းတိမ်ရောင့်ရဲနိုင်မှုနှင့် နားလည်ခွင့်လွှတ်နိုင်မှုကို အံ့အားသင့်စွာ သူသတိထားမိခဲ့သည်။ မအောင့်နိုင်မအီးနိုင်ပင် သူဘလော့ဂ်မှ အခန်းဆက်ဆောင်းပါး သံသရာစမ်းရေ အပိုင်း (၅) တွင် ဆရာအော်ပီကျယ်နှင့် ဆရာ့ဇနီးအကြောင်း သူ ထည့်ရေးခဲ့သေးသည်။ မည်သို့ပင်ဆိုစေ အောင်မြင်သူအများစု၏ နောက်ကွယ်မှ ဇနီးသည်များ၏ အားပေးကူညီမှုနှင့် နာမည်ပျက်၊ ဂုဏ်သိက္ခာပျောက်ရသူတို့၏ နောက်ကွယ်မှ ထိန်းချုပ်မှုများကို သူချိန်ထိုးစဉ်းစားမိသည်။

သူ့စိတ်ကလေးသည် အတိတ်ကိုခရီးလွန်နေရာမှ ပစ္စုပ္ပန်သို့ ပြန်ရောက်လာကာ သူ့ကွန်တိန်နာထဲရှိ လုပ်ဖေါ်ကိုင်ဘက် သူငယ်ချင်းများကို မျက်လုံးတစ်ချက် ဝေ့လိုက်သည်။ ဒီလုပ်ဖော်ကိုင်ဘက် သူငယ်ချင်း (၄) ယောက်ကတော့ တစ်ယောက်အကြောင်းတစ်ယောက် တော်တော်လေးတော့ တီးမိခေါက်မိ သိကြသူတွေဖြစ်သည်။ သိဆို နေ့တိုင်း ဒီလူတွေနဲ့ပဲ အလုပ်လုပ်ရင်း အချိန်တွေ ကုန်လွန်စေခဲ့ရသည် မဟုတ်လော။ ဇနီးသည်နှင့်ပင် သူတို့နှင့်လောက် အချိန်ကြာကြာနေချိန်ရှိသည်မဟုတ်။ တစ်နေ့တစ်နေ့ ဒီမျက်နှာတွေချည်း မိုးလင်းမိုးချုပ် ကြည့်ချင်ချင် မကြည့်ချင်ချင် မြင်နေရသည်ကိုး။

အားလုံးထဲမှ အသက်အကြီးဆုံး သင်္ဘောသားသူဋ္ဌေးလည်း သူ့ဇနီးနှင့် ဖုန်းပြောလျှင် ဇနီးသည်ပြောသမျှ အေး…အေး…အေး… ချည်း ပြောနေတာ မကြာခဏသူတွေ့ဖူးသည်။ ကြာတော့ သူ့ဇနီးနာမည်တောင် မအေး ဟု ထင်မိသည်။ ပြီးလျှင်တော့ ကောင်မလေးတွေတွေ့လျှင် ခြေဖျားထောက်ကာ လိုက်ကြည့်တတ်သည်။ ခေါင်းသေးသော အင်ဂျင်နီယာလေးကတော့ သူထက်အသက်အနည်းငယ်ကြီးသော ဇနီးကို နွဲ့ဆိုးဆိုးကာ ချစ်ချင်ပုံရသည်ဟု ကရင်အင်ဂျင်နီယာလေးက မှတ်ချက်ချဖူးသည်။ သူလည်း သူ့ဇနီးပြောသ၍ အေးပါ…အေးပါ… ဟု ပြောတတ်သည်။ သူ့ဇနီးနာမည်က မအေးပါ ဖြစ်နိုင်သည်။ ဤခေါင်းသေးသေး၊ မျက်မှန်သေးသေး အကုန်သေးသော အင်ဂျင်နီယာလေးသည် သူ့မိန်းမကို အကုသိုလ်အဖြစ်မခံ။ မိန်းမက စိတ်ဆိုး၍ သူ့ကိုတီးမည်ကြံလျှင် ဇနီးသည် အကုသိုလ်ဖြစ်မည်ဆိုး၍ သူ့ဘာသာသူ တီးပြစ်လိုက်သည်ဟု ဆိုသည် (အနီးရှိ ပစ္စည်းတစ်ခုခုနှင့် ကိုယ့်ခေါင်းကို ရိုက်ပစ်တာမျိုး..)။ တော်တော်ချစ်တတ်သည့် အမျိုးကောင်းသားပါတကားဟု အံ့အားသင့်ကြရသည်။ ကြောက်တာမဟုတ်ဘူး... ချစ်တာ...ချစ်တာ... ဟူသည်ကား သူ၏ ကြောက်ရွံ့ထိတ်လန့်မှု အတွက် ကာကွယ်သော လက်သုံးစကားဖြစ်သည်။ စကားတတ်သော ကရင်လေးကတော့ အဆိုးဆုံးဖြစ်ပြီး ကရင်ပီပီ ဘွင်းဘွင်းဆိုသည်။ မင်း မိန်းမကြောက်သလားဟုမေးတော့ စပ်ဖြဲဖြဲနှင့် ကျွန်တော်ကတော့ ရှင်းရှင်းပဲ… ကြောက်တယ်အစ်ကို… ဟု ဖြေသည်။

ယောကျင်္ားတွေ မိန်းမကြောက်ကြတာ လူမျိုးတိုင်းတွင် ရှိပုံပေါ်သည်။ နိုင်ငံတကာ ကာတွန်းများကို ကြည့်၍ International Standard ဟု ပြောရမလို ဖြစ်နေသည်။ ဝန်ထမ်းငယ်တစ်ယောက်က ပြောသည်။ သူ့ အဖေက ပြောသည်..တဲ့။ မိန်းမဆိုတာ ကြောက်စရာ မဟုတ်ဘူး.. သား။ ခိုင်းတာသာ လုပ်ပေးလိုက်… ဘာမှ ကြောက်စရာ မရှိဘူး.. ဆိုပဲ။ ဘုရင်လည်း ကြောက်သည်။ မန်နေးဂျင်းဒါရိုက်တာလည်း ကြောက်သည်။ မုဆိုးကြီး မြိုင်ရာဇာတွတ်ပီလည်း မသေးမျှင်ကို ကြောက်ရသည်။ ဘုရင်တွေ မန်နေဂျာတွေတောင် ကြောက်ကြတာဟု ငါတို့က ဘာမို့တုန်းဟု တွေးမိသည့်ခဏ၌ သူခေါင်းနားဘန်း ကြီးသွားသည်။ အသို့နည်း။ ဘာတွေများ ကြောက်စရာရှိသနည်း။ အစွယ်တွေ၊ လက်သည်းတွေကြောင့်တော့ မဟုတ်တန်ရာ။ နပန်းလုံးကြလျှင်လည်း ယောကျင်္ားအားကို ယှဉ်နိုင်မည်မထင်။ WWE မှ မိန်းမတွေကတော့ ချွင်းချက်ဖြစ်သည်။ ဒါကြီးတွေတော့ သူလည်း ကြောက်သည်။ ကိုင်ပေါက်လိုက်လို့ ဂျွတ် ကနဲ ဖြစ်သွားနိုင်သည်။

လောကတွင် ပါဝါအမာ နှင့် ပါဝါအပျော့ဟူ၍ နှစ်မျိုးရှိသတဲ့။ ပါဝါအမာ ဆိုတာက သစ်ပင်ကြီးများကဲ့သို့ ကြံ့ကြံ့ခိုင် ရပ်တည်သော ပါဝါဖြစ်သည်။ ပါဝါအပျော့ ဆိုတာက မြက်ပင်ပန်းပင်ကလေးများ၏ ပါဝါမျိုးဖြစ်သည်။ မြက်ပင်လေးများသည် ရိုးတန်ပျော့ပျော့လေးများဖြင့် လေတိုက်ရာဘက်ကို ယိမ်းထိုးရင်း နေတတ်ကြသည်။ သစ်ပင်ကြီးများလို မာကျောသော အခေါက်၊ အပွေးများ မရှိ။ ပင်စည်ကြီးကြီး မရှိ။ သို့သော် လေပြင်းမုန်တိုင်းနှင့် ကြုံသောအခါ သစ်ပင်ကြီးများ ကျိုးကြေရသည်။ အမြစ်မှ ကျွတ်သည်။ မြက်ပင်လေးများကား လေပြင်းကျချိန် လေယူရာတိမ်းရင်း ယိမ်းကာနွဲ့ကာ လေပြင်းကို ရင်ဆိုင်ကြသည်။ အလွန့်အလွန်ပြင်းထန်လျှင် ပိပြားသွားကြသည်။ လေပြင်းမုန်တိုင်းဆဲသွားသည့်အခါ မပျက်မစီး နဂိုအတိုင်း ပြန်လည်ထောင်မတ်ဆဲ..၊ အလိုက်သင့် ယိမ်းနွဲ့ဆဲ။

မိန်းမသားများ၏ ပါဝါကား ပါဝါအပျော့ ဖြစ်ဟန်တူသည်။ ယောကျင်္ားသားများ၏ ပါဝါကား ပါဝါအမာတည်း။ ပြဿနာတစ်ခု ဖြစ်လာလျှင် ဝုန်း…. ဝုန်း…. ဒိုင်း…. ဒိုင်း…. အော်ဟစ်ဆူညံပေါက်ကွဲ ဖြေရှင်းတာက ယောကျင်္ားတွေရဲ့ ပုံစံဖြစ်သည်။ ပါဝါအပျော့သမားက အသာအယာတိမ်းလိုက်ယိမ်းလိုက် ငြိမ်လိုက်သည်။ မုန်တိုင်းတိုက်နေပြီကိုး။ မုန်တိုင်းဆိုတာ ပြီးတာနဲ့ အားပျော့ပျက်ပြယ်ရမြဲ ဖြစ်သည်။ မုန်တိုင်းဆဲသွားတော့မှ ပါဝါအပျော့က တိုက်ပွဲစသည်။ အိညောင့်…. အိညောင့်…. နှင့် စ တိုက်သည်။ ပါဝါအမာသမားက မီးကုန်ယမ်းကုန်ပေါက်ကွဲပြီး၍ မောနေပြီဖြစ်သည်။ ယောကျင်္ားဆိုသည်က ပြင်ပလောက တိုက်ပွဲများတွင် ရွတ်ရွတ်ချွံချွံတိုက်ရဲကြသည်။ ပါဝါအမာတွေချည်း ယှဉ်ကြသည်ကိုး။ မကြောက်။ လာစမ်း….
ဘဝသည် တိုက်ပွဲတွေ၊ အပြိုင်အဆိုင်တွေ များလှသည်။ အိမ်ပြန်ရောက်သည့်အခါ တစ်နေကုန် နွှဲခဲ့သော အရှိန်ကြောင့် လက်ပမ်းကျနေပြီ။ ကျောပူတာကို ပြုံးပြုံးကြီးခံနိုင်သော ယောကျင်္ားများသည် နားပူတော့ မခံနိုင်ရှာ။

လင်မယားမှ မဟုတ်၊ လုပ်ငန်းခွင်တွင်လည်း ပွားနိုင်သူက ဆရာဖြစ်သည်။ နားပူမခံနိုင်လို့ကတော့ ရှိသမျှအလုပ် သိမ်းကြုံးသာ လုပ်ပေရော့။ လူကြီးဆိုတာကလည်း ပြောဖို့က သူ့အလုပ်ဖြစ်သည်။ အလုပ်ပြီးဖို့က သူ့တာဝန်ပေကိုး။ အလုပ်မလုပ်သောဝန်ထမ်းကို ထိုးကြိတ်ရိုက်နှက်ပြီး အတင်းလုပ်ခိုင်းလို့ ရတာမဟုတ်။ ဒီတော့လည်း ဗျစ်တောက်ဗျစ်တောက် လုပ်ရသည်။ အနည်းဆုံးတော့ ဒင်းတို့နားပူမခံနိုင်လျှင် မြန်မြန်ပြီးအောင် လုပ်ကြလိမ့်မည်။ ထိုသို့ အလုပ်ခွင်မှ ပြန်လာသော ယောကျင်္ားသည် အိမ်ပြန်ရောက်လျှင် နားအေးပါးအေး  နေချင်ရှာသည်။ သို့သော် ကံဇာတာဂြိုလ်စီး၍ အိမ်ပြန်ရောက်သောအခါ အိမ်သူများ၏ ဗျစ်တောက် ဗျစ်တောက် တေးသံသာကို ဆက်လက်နားဆင်ရသည့်အခါ လွန်စွာမခံမရပ်နိုင်လောက်အောင် ဆိုးရွားလွန်းလှသည်ဟု ထင်လာသည်။

ကိုယ်တွေရဲ့ ဝုန်းဒိုင်းက ပြီးရင်ပြီးပြီ။ မိန်းမတွေရဲ့ ဗျစ်တောက်ဗျစ်တောက် လက်နက်က အခုငြိမ်လည်း တော်တော်ကြာ ပုံမှန်ပြန်ဖြစ်သွားသည်သာ။ ရေရှည်တိုက်ပွဲဗျူဟာ ဖြစ်လေရကား အနှီပါဝါအမာကြီးသည် အဘယ်မှာလျှင် တောင့်ခံနိုင်အံ့နည်း။ နောက်ဆုံးတော့ မအေးတို့ မအေးပါ တို့နှင့် ညားတော့သည်သာ။ နားပူလာတော့ အေး…အေး…အေး… ဖြစ်ကုန်တာ ဖြစ်မည်။ ဝုန်း…ဝုန်း…ဒိုင်း….ဒိုင်း…. ပြဿနာဖြေရှင်းနည်းက ပါဝါအမာသမား ယောကျင်္ားတွေရဲ့ ပင်ကိုယ်သဘောဖြစ်ပြီး စကားနှင့် အနိုင်ယူခြင်းက ပါဝါအပျော့ မိန်းမသားတွေရဲ့ သဘောသဘာဝ ဖြစ်သည်။ ယောကျင်္ားတစ်ယောက် ဗျစ်တောက်ဗျစ်တောက် လုပ်လျှင်လည်း ပတ်ဝန်းကျင်က မိန်းမလို မိန်းမရဟူ၍ ကဲ့ရဲ့ကြသည်။ တချို့ယောကျင်္ားတွေကျတော့ အိမ်ကမိန်းမ ဘာပြောပြော ဖြစ်ချင်ရာဖြစ်၊ ကလေးအတွက်လည်း ပူရကောင်းမှန်းမသိ။ လုပ်ချင်ရာ လျှောက်လုပ်နေတာမျိုးလည်း သူတွေ့ဖူးသည်။ ခက်တာက တာဝန်သိသူသာ တာဝန်ရှိသည်ဟူသော စကားအတိုင်းပင်ဖြစ်သည်။ အဲလို တာဝန်မဲ့နေတတ်သော အမျိုးသားများ၏ ဇနီးများကျတော့လည်း အလွန်အပိုးကျိုးကြသည်ဟု သူထင်သည်။ ဟုတ်ပြီ…. ယောကျင်္ားတွေ မိန်းမကြောက်တာ နားပူမခံနိုင်လို့ ဖြစ်ရမယ်…. ။ မိန်းမကြောက်သူများသည် တာဝန်သိသူများဖြစ်သည်ဟုလည်း မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ကာ အီကွေးရှင်းချလိုက်သည်။ စဉ်းစားခန်းဝင်နေသော ဘလော်ဂါလူငယ်သည် စာမေးပွဲပုစ္ဆာတစ်ပုဒ်ရဲ့ အဖြေကို ဘေးလူဆီက အမှတ်မထင် ရလိုက်သလို တစ်ကိုယ်တည်း အသံတိတ် ပြုံးလိုက်သည်။ ဒီအဖြေကို သူ့အရင် သူ့လို သိနေနှင့်သူတွေ ဟိုးအတီတေကတည်းကစလို့ ခုထိအများကြီးရှိကြမှာပဲ.. ဟုလည်း သူတွေးသည်။

အမေရိကန်သမ္မတကြီး အိုဘားမားက ပါဝါအမာနှင့် အပျော့ပေါင်းစပ်ထားသောနည်းကို Smart Power ဟု သမုတ်ပြီး မြန်မာနိုင်ငံနှင့် ပါတ်သက်၍ ဤနည်းကို ကျင့်သုံးခဲ့သည်။ Talking လည်းပွား၊ ခေါင်းလည်းစားသည့် ဗျူဟာမျိုးဖြစ်သည်။ ဤအကြောင်းတစ်ခုတည်းကြောင့် မဟုတ်သော်လည်း Smart Power သည် မြန်မာနိုင်ငံရေးပြောင်းလဲမှုတွင် အရေးပါသော factor တစ်ခု ဖြစ်သည်ကတော့ ငြင်းမရသည့် အချက်ဖြစ်သည်။ အိုဘားမားလည်း ဒီနည်းကို သူ့မိန်းမ မစ်ချယ်အိုဘားမားဆီက ရတာ ဖြစ်နိုင်သည်ဟု မဆီမဆိုင် အတွေးချော်သွားသေးသည်။
အင်း…. သူများအကြောင်းတွေချည်း စဉ်းစားနေတာ ငါ့ကိုယ်ငါလည်း စဉ်းစားဦးမှပဲ… ဟု သူတွေးမိပြီး ရယ်ချင်ချင်ဖြစ်သွားသည်။ ထိုအခိုက် စူးရှကျယ်လောင်လှသော ဥသြဆွဲသံသည် တိတ်ဆိတ်နေသော သင်္ဘောကျင်းတစ်ခွင်ကို လှုပ်နှိုးလိုက်သလို ရှိသည်။ အိပ်နေသော အလုပ်သမားအားလုံး အီး… အဲ… နှင့် အသံပြုကာ ထ လာကြရင်း ဘေးနားရှိ Safety Equipments များ၊ စာရွက်စာတမ်းများကို ဆွဲကြသည်။ လုပ်ငန်းခွင် ပြန်ဝင်ရတော့မည်။ ထမင်းစားချိန် ပြီးဆုံးခဲ့လေပြီတကား။

ဘလော်ဂါအင်ဂျင်နီယာသည် ဝတ်စုံပြည့်ဝတ်လျက် ဖိုင်တွဲတစ်တွဲကို ကိုင်ကာ ငါးသေတ္တာရုံးခန်းထံမှ ထွက်လိုက်သည်။ အပြင်တွင် စင်ကာပူနေသည် ကျဲကျဲတောက်ပူနေသည်။ သူသည် ရုံးခန်းထဲမှ သက်ဆိုင်ရာသင်္ဘောများသို့ သွားရန်ပြင်နေသော သူငယ်ချင်းများကို တစ်ချက်လှည့်ကြည့်ပြီး သူ့အတွေးနှင့်သူ မချိုမချဉ်မျက်နှာပေးဖြင့် သူတာဝန်ကျရာ သင်္ဘောဆီသို့ ခြေလှမ်းကျဲများဖြင့် ထွက်ခွာသွားတော့သည်။ ညနေကျလျှင် အချိန်ပိုမဆင်းတော့ဘဲ ဇနီးသည်အလုပ်ရှိရာသို့ သွားကြိုကာ တစ်ခုခုသွားစားမည်ဟု စိတ်ထဲတွင် တေးလိုက်သည်။

ပူပြင်းလှသော နေရောင်ခြည်သည် သူ့ကျောပေါ်သို့ အရှိန်ငြီးငြီး ကျနေလေသည်……။

(ပြန်ပြော၍မရသဖြင့် မကျေနပ်သူများ ဘလော့ဂ်ကိုယ်စီထောင်ကြ စေသတည်း။)

(ချစ်သောသူငယ်ချင်းများကို ကျီစယ်ရေးဖွဲ့ပါသည်။ သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

1 comment:

  1. I like it. ကိုဥာဏ်ကျယ်(ခ)ကိုသက်မွန်.....ရေ. သူကြတော့ တမွန်ထဲ.....မွန်...မွန်...မွန်ရင်းနဲ့.............. မွန်းနေတာ.............ဒါကြောင့်ကိုး..................

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...