Thursday, March 8, 2012

လိမ်လိုက်ရမလား (အပိုင်း ၁)

သူငယ်ချင်းတစ်ယောက်က ဟာသတစ်ခု ပြောသည်။ သူသည် သူတစ်ပါး အသက်ကိုမသတ်ဘူးပါ။ သူတစ်ပါးဥစ္စာကို မခိုးဘူးပါ။ သူတစ်ပါး သားမယားကိုလည်း မပြစ်မှားဘူးပါ။ သေရည်သေရက်လည်း မသောက်ဘူးပါ...ဟု ဆိုသည်။ တယ်ဟုတ်ပါလားဆိုတော့ တစ်ခုလေးပဲ ပြောစရာရှိသည် တဲ့။ အဲဒါကတော့ လိမ်ပြောတတ်တာလေး တစ်ခုတည်းပါ…တဲ့။ ရှေ့ကပြောခဲ့တာတွေ အားလုံး ဤစကားတစ်ခွန်းတည်းဖြင့် အဟောသိကံ ဖြစ်သွားရသည်။

လူလိမ်မြင်ဘူးသလား ဟု သူငယ်ချင်းတွေကို မေးကြည့်တော့ တချို့က တွေတွေဝေဝေစဉ်းစားပြီး လူတိုင်းအနည်းနဲ့ အများလိမ်ပြောတတ်ကြတာပဲ ဟုဖြေသည်။ တချို့က မှန်ထောင်ကြည့်ပေါ့ဟု ရယ်ကာမောကာ ပြောသည်။ တချို့ကတော့ သူတို့အတွေ့အကြုံတချို့အရ အလိမ်ခံရသည်ဟု ထင်မြင်သောကိစ္စများကို ဝေမျှကြသည်။ သို့သော် သေသေချာချာ နားထောင်ကြည့်လိုက်တော့ များသောအားဖြင့် အသေးစား လိမ်လည်ပြောဆိုမိခြင်းများနှင့် အထင်အမြင်လွဲမှားခြင်းက များပါသည်။
လိမ်ညာကြခြင်း အကြောင်းရင်းများကို လက်လှမ်းမီသမျှ ပြောကြည့်ပါမည်။ တချို့က ကိုယ်ကျိုးစီးပွားအတွက် လိမ်သည်။ တချို့က သူတစ်ပါးကို နစ်နာစေလိုကြောင်း ရည်ရွယ်ချက်ရှိရှိ လိမ်သည်။ တချို့က မိမိကိုယ်မိမိ ကာကွယ်ရန် လိမ်သည်။ တချို့က သူတစ်ပါး ဒုက္ခရောက်မည်စိုး၍ လိမ်သည်။ သူတစ်ပါးအတွက် ကူညီ၍ လိမ်ညာပေးသူများလည်း ရှိသည်။

တချို့က ခြိမ်းခြောက်ခံရခြင်းကြောင့် လိမ်သည်။ တစ်နည်းအားဖြင့် ကြောက်၍လိမ်ပြောခြင်း ဖြစ်သည်။ တချို့က အစပိုင်းတွင် ရိုးရိုးသားသားလုပ်ရင်းပြောရင်း တစုံတရာအမှားအယွင်း ဖြစ်လာသည့်အခါ ထိန်းသိမ်းရန်ကြိုးစားရင်း နောက်ဆုံးမထိမ်းသိမ်းနိုင်သည့်အဆုံး မရည်ရွယ်ဘဲ လူလိမ်စာရင်း ဝင်သွားခြင်းဖြစ်သည်။ မှားယွင်းသော စီမံခန့်ခွဲမှုကြောင့် လူလိမ်ဖြစ်ရသူများဟု ဆိုနိုင်ပါသည်။
 ဒါတွေက အကြောင်းပြချက်ရှိရှိ လိမ်ညာသည့် ကိစ္စများဖြစ်သည်။ တချို့ကတော့ ဘာရယ်မဟုတ် အမှတ်တမဲ့ လိမ်ပြောမိတာဖြစ်သည်။ ဥပမာအားဖြင့် စားပြီးပြီလားဟု တစ်စုံတစ်ယောက်က လောကဝတ်အရ မေးလာသည့်အခါ မစားရသေးဘဲ စားပြီးပြီဟု ဖြေခြင်းမျိုးများ ဖြစ်သည်။ အမှန်တကယ်မှာ မစားရသေးဘူးဟု အမှန်အတိုင်းဖြေလည်း ဘာမှမဖြစ်ပါ။ သို့သော် ပါးစပ်ထဲ တွေ့ရာဖြေရင်း လိမ်ပြောမိခြင်း ဖြစ်သည်။ အကြောင်းပြချက်ရယ်လို့ မယ်မယ်ရရမရှိ၊ သို့သော် မမှန်သောစကားကို အမှတ်မဲ့ ဆိုခြင်းဖြစ်သည်။ လူမှုရေးအရ လိမ်တာတွေလည်း ရှိသည်။ ဥပမာအားဖြင့် ကျွန်မသားလေးက အရမ်းလိမ်မာတာ…. ဟု ပြောလာသည့်အခါ ဟုတ်တာပေါ့… တော်တယ်… အိမ်ကသားကိုတောင် အတုခိုးခိုင်းနေရတာ…… ဟု ပြန်ပြောသော်လည်း စိတ်ထဲကပြောနေသည်က ဟွန်း… သူ့သား ကုတ်ကမြင်းအကြောင်းများ တလောကလုံးသိတယ်… သူ့အမေသာ မသိတာ…. ဆိုတာမျိုးများသည် တွေ့နေကျ လိမ်လည်မှုအသေးစားများ သို့မဟုတ် ကျူးလွန်နေကျ လိမ်လည်မှုများ ဖြစ်ပါသည်။

ကိုယ်မှန်ရင် ဘာလိမ်စရာရှိလဲ…. မဟုတ်တာလုပ်ထားလို့ လိမ်ရတာပေါ့… ဟု တရားသေ တစ်ကြောင်းဆွဲများလည်း ရှိပါသည်။ မဟုတ်ပါ။ ဥပမာတစ်ခု ပေးကြည့်ပါဦးမည်။ သဝန်တိုတတ်သော ဇနီးသည်ကို ရထားသော ယောကျင်္ားတစ်ယောက်အတွက် ရည်းစားဟောင်းနှင့် လမ်းမှာ အမှတ်မထင်တွေ့ခြင်းသည် ထိန်ချန်စရာ ကိစ္စတစ်ခုဖြစ်မည်သာ။ အကြောင်းတိုက်ဆိုင်၍ ဇနီးသည်က မေးမြန်းလျှင်လည်း လှီးလွှဲ၍ ဖြေနိုင်စရာ အကြောင်းရှိပါသည်။ ရည်းစားဟောင်းအပေါ် စိတ်မကုန်၍လည်း မဟုတ်။ ဘာမှ ဖေါက်ပြန်ပါတ်သက်နေတာလည်း မဟုတ်သော်ငြား အမှန်အတိုင်းပြောလျှင် ကျိန်းသေပေါက် သဝန်တိုကာ ပြဿနာအရှာခံရမည်ကို သိသောယောကျင်္ားသည် အဘယ်မှာလျှင် အမှန်အတိုင်း ပြောမည်နည်း။ (နည်းနည်းတော့ ဆွလိုက်ဦးမည်..) ဇနီးသည်က နားလည်မှုရှိပါလျက်နှင့် လိမ်ပြောတာကတော့ တစ်ကိစ္စဖြစ်ပါလိမ့်မည်။ အလိုလိုနေရင်း ကြောက်နေတာလည်း ဖြစ်နိုင်ပါသေးသည်။ ကိုယ်က မှန်ပါလျက်နှင့် ဖုံးကွယ်ရသော၊ လိမ်ညာရသောသူများ၏ ဖြေဆေးကား နားလည်မှုပင် ဖြစ်ချေသည်တကား။ (သဘောမတူလျှင် complain တက်နိုင်ပါသည်။)

တချို့လူတွေကတော့ အံ့သြစရာကောင်းသည့် မလိမ်ရမနေနိုင်တွေ ဖြစ်သည်။ အကြောင်းကိစ္စ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေစေ၊ အမှန်အတိုင်း ပြော၍ရသည့်ကိစ္စမျိုးကိုပင် လိမ်လည်ပြောဆို၍ရတာမျိုးမှ လိုချင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ နားလည်ရန် အလွန်ခက်သော လူလိမ်အမျိုးအစား ဖြစ်ပါသည်။ ကျွန်တော် အဖွားစကားနှင့် ပြောရလျှင် လိမ်စရာမရှိ ကိုယ်ပေါင်ကိုယ်ဆီဆွတ် တပြွတ်ပြွတ်လိမ်သည်ဆိုသည့် လူစားမျိုးများဖြစ်သည်။ မလွှဲမရှောင်သာ၍ လိမ်တာမျိုးမဟုတ်။ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင် ဝါသနာပါပါကြီးကို လိမ်သည့်သူများဖြစ်သည်။ အသေးစား လိမ်လည်မှုများက ကျွန်တော်တို့ ဝန်းကျင်နှင့် ကျွန်တော်တို့ ကိုယ်တိုင်တွင် များပြား ပြည့်ကြပ်နေလေ့ရှိသည်။ အများအားဖြင့် သူတစ်ပါးမထိခိုက်အောင် သို့တည်းမဟုတ် ကိုယ့်ကိုယ်ကို ကာကွယ်ရန် လိမ်ညာခြင်းများကို အဖြူရောင်မုသားဟု စကားလုံးလှလှဖြင့် တန်ဆာဆင်ကာ လက်ခံတတ်ကြပါသည်။ မြတ်စွာဘုရားကတော့ ကျွန်တော်တို့လို အဖြူရောင်မုသားတွေ၊ အမည်းရောင်မုသားတွေနှင့် စာရင်းမရှုပ်ပါ။ မုသားဆို နောက်ပြောင်ကျီစယ်ရုံမျှပင် မပြောနှင့်ဟု တည့်တည့်ပင် ဆုံးမပါသည်။

ဤစာစုမှာ လူလိမ်များ၏ စရိုက်သဘာဝနှင့် စိတ်နေစိတ်ထားကို ကျွန်တော်တွေ့ဖူးကြုံဖူးသော လူလိမ်ဟု သတ်မှတ်၍ ရနိုင်ကောင်းသော သူငယ်ချင်းဟောင်းတစ်ယောက်၏ အကြောင်းနှင့် ကျွန်တော်ကြုံဖူးသော အတွေ့အကြုံတချို့ကို အခြေခံ၍ နားလည်သလို ပြောကြည့်ခြင်း ဖြစ်ပါသည်။ ထုံးစံအတိုင်း ဝေမျှခြင်းသာဖြစ်၍ မည်သူ့ကိုမျှလည်း နစ်နာစေလိုသော ဆန္ဒမပါကြောင်း မလိမ်မညာ မှန်သောစကားကို ဆိုရင်း နှစ်သက်သည်များကို ယူ၍ မနှစ်သက်သည်များကို ချန်ထားခဲ့ရန်သာ ဖြစ်ပါသည်။

**********************************

လိမ်ညာရခြင်းရဲ့ ရည်ရွယ်ချက်ဆိုတာကို သေသေချာချာ စေ့ငုကြည့်မယ်ဆိုရင် ရိုးရိုးသားသားနည်းလမ်းနဲ့ မဟုတ်ဘဲ ယုံကြည်စေခြင်းလို့ ပြောရင်ရမယ် ထင်ပါတယ်။

ယုံကြည်မှုဆိုတာ အင်မတန်စွမ်းအားကြီးတဲ့ စိတ်တစ်ခုပါ။ ရိုးရိုးသားသားပြောမယ်ဆိုရင်တော့ အာဏာရှိတဲ့လူကို လူတွေကကြောက်ကြပါတယ်။ ပိုက်ဆံရှိတဲ့လူကို လူတွေက အထင်ကြီးကောင်း ကြီးပါလိမ့်မယ်။ ဒါပေမဲ့ စာရိတ္တကောင်းတဲ့ လူတွေကိုသာ ယုံကြည်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ဒါက ပုံမှန်အခြေအနေတစ်ရပ်ကိုသာ ဆိုလိုတာဖြစ်ပြီး များပြားလှတဲ့ ယုံကြည်မှုတွေထဲမှာ မှားယွင်းတဲ့ယုံကြည်မှုတွေ အများကြီးရှိနေပါတယ်။ မှားယွင်းစွာ ယုံကြည်သည်ပဲဖြစ်စေ၊ မှန်ကန်တဲ့ ယုံကြည်မှုပဲဖြစ်စေ လူတစ်ယောက်ဟာ တကယ်ယုံကြည်လာပြီဆိုရင် အသက်ကို စွန့်ဖို့တောင် ဝန်မလေးတော့တာကို သာဓကတွေ အများကြီးနဲ့ ပြောလို့ရပါတယ်။ သတ္တဝါတိုင်းဟာ ကိုယ့်အသက်ကိုတော့ ကိုယ်နှမျောကြတာချည်းပါပဲ။ သေမှာတော့ ကြောက်ကြတာပါပဲ။
အဲဒီလို နိယာမကိုတောင် ချိုးဖျက်ပြီး သေရမှာကိုတောင် မကြောက်နိုင်လောက်အောင် စွမ်းအားကြီးတဲ့ စိတ်ဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။ ကိုယ့်ကိုယ်ကို သတ်သေကြသူတွေကို သေရမှာ မကြောက်သူတွေလို့တော့ မထင်လိုက်ပါနဲ့။ အဲဒီလို သေမှ သူမလိုချင်တာ၊ မဖြစ်ချင်တာတွေကို ရှောင်ရှားလို့ရမယ်….၊ ဒါမှမဟုတ် ဖြစ်ချင်တာတွေ ဖြစ်မယ်လို့ ယုံကြည်တဲ့စိတ်ပါပဲ။ အယ်လ်ကိုင်းဒါးတွေ လေယာဉ်နဲ့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦးကို အသေခံဝင်တိုက်ပြီး အပြစ်မဲ့တဲ့သူတွေကိုပါ သေတွင်းထဲတစ်ခါတည်း ဆွဲခေါ်သွားတာလည်း မှားယွင်းတဲ့ယုံကြည်မှုပါပဲ။ ဘာသာရေးစစ်ပွဲတွေမှာ သေဆုံးသွားရသူတွေ၊ တော်လှန်ရေးတွေမှာ ကျဆုံးသွားရတဲ့ ရဲဘော်တွေ၊ လူမျိုးရေးတိုက်ပွဲတွေမှာ စတေးခဲ့ရသူတွေ….. စသဖြင့် စသဖြင့် များပြားလှတဲ့ လူတွေဟာ ယုံကြည်ချက်ကြောင့် လူ့လောက ကနေ အချိန်မတန်ခင် ထွက်သွားရသူတွေ မဟုတ်ခဲ့ရင် ဘာကြောင့်များ ဖြစ်ရဦးမှာလဲဗျာ။ ယုံကြည်မှုတွေ တိုးတိုက်မိကြတဲ့အခါ၊ ရှင်းစရာ တခြားနည်းလမ်းတွေကို မစဉ်းစားကြတော့တဲ့အခါ စစ်ပွဲတွေ ဖြစ်တာပေါ့။ မှန်ကန်တဲ့ ယုံကြည်ချက်တစ်ခု၊ ဒါမှမဟုတ် အများအတွက် အသက်စွန့်သွားသူတွေကို လောကကြီးက မမေ့ဘဲ သူရဲကောင်းတွေအဖြစ် နာမည်ကျန်ခဲ့တာပေါ့။ မှားယွင်းတဲ့ ယုံကြည်မှုတစ်ခုအတွက် အများသူငါကို ဒုက္ခပေးရင်း သေသွားသူတွေအတွက်ကျတော့ ဘယ်သူမှ မနှမျောဘူးပေါ့။ ဒါပါပဲ။

သာမာန်လူတွေ အချင်းချင်း ယုံကြည်မှုချင်း မတိုက်ဆိုင်ကြတဲ့အခါ ရန်ဖြစ်ကြတာပေါ့။ လင်မယားတွေ ကွာရှင်းပြတ်စဲကြတာပေါ့။ သူငယ်ချင်းတွေ အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်လောက်အောင် ဖြစ်ကြတာပေါ့။ တိုင်းပြည်ခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ အဲဒီလိုဖြစ်တော့ စစ်ပွဲတွေ ဖြစ်တော့တာပေါ့။ စစ်ပွဲတစ်ခု ဖြစ်ပြီဆိုရင် ကိုယ်ခိုင်းသလို လုပ်ဖို့၊ ကိုယ်ခိုင်းသလို သတ်ကြဖြတ်ကြဖို့၊ တနည်းအားဖြင့် စစ်ပွဲကို အနိုင်ရဖို့ လူတွေကို အယုံသွင်းရတယ်။ နောက်တစ်နည်းအားဖြင့် ဝါဒဖြန့်ရတယ်။ ဒါကြောင့် ဘယ်စစ်တပ်ကိုကြည့်ကြည့် ဝါဒဖြန့်ချီရေးဆိုတာ တကယ့်အရေးပါတဲ့ အလုပ်ကြီးတစ်ခု ဖြစ်နေရတာပေါ့။ တရားသောစစ်ဘာညာ အော်ရတာပေါ့။ ရဲသော်မသေ သေသော်ငရဲမလား…တို့၊ ကောင်းကင်ဘုံကို ရောက်မှာတို့…. ဘာတို့ပေါ့ဗျာ။ တကယ်တမ်း စဉ်းစားကြည့်ရင် အဲဒီစစ်တိုက်နေရသူတွေဟာ တစ်ဘက်နဲ့တစ်ဘက် ဘာပုဂ္ဂိုလ်ရေး အညိုးအတေးမှ ရှိကြတာမှ မဟုတ်ဘဲနဲ့။ တစ်ဘက်နဲ့တစ်ဘက် သိလည်းမသိ၊ မြင်လည်းမမြင်ဖူးဘဲ (ချွင်းချက်တော့ ရှိချင်ရှိမှာပေါ့ဗျာ..) လူတစ်ယောက်နဲ့ တစ်ယောက် အသေသတ်ရတဲ့ အလုပ်ဗျာ။ အဓိက ကတော့ အဲဒီလို သတ်တာကို မှန်တယ်လို့ ယုံကြည်မှုကြောင့်ပါပဲ။ တချို့ကတော့ မှားမှန်းသိပေမဲ့ သတ်ကြတာလည်း တစ်မျိုးပေါ့လေ။ အာဏာကြောင့်လည်း သတ်တာပဲ။ ငွေကြောင့်လည်း သတ်တာပါပဲ။ ကိုယ့်ကိုယ်ကို အသေခံ ဗုံးခွဲသူတွေဆိုတာလည်း ယုံကြည်မှုကြောင့်သေကြတာပဲပေါ့။ ကိုယ့်ဟာကိုယ်ရိုးရိုးမသေဘဲ ဘေးကမဆိုင်သူတွေပါ ဆွဲခေါ်ချင်တဲ့ ယုံကြည်မှုမျိုးကတော့ ရွံ့စရာကောင်းပါတယ်ဗျာ။

အဲဒီလောက် စွမ်းအားကြီးတဲ့ ယုံကြည်မှုတွေရဲ့ ၉၀% ကို Talking နဲ့ ရိုက်ထည့်လို့ ရတယ်ဗျ.. သိလား။ အဲဒါကြောင့် ရုပ်ချောတဲ့သူ တစ်ယောက်နဲ့ အပြောကောင်းတဲ့သူတစ်ယောက် လူတွေကို စည်းရုံးနိုင်ပုံချင်း ယှဉ်ရင် အပြောကောင်းတဲ့သူက သာတာပေါ့ဗျာ။ နောက်ဆုံး မကြိုက်မှန်းသိတဲ့ စကားကိုတောင် ထပ်ခါထပ်ခါ ပြောပြီးရိုက်ထည့်ရင် ဝင်တာပဲ။ တို့တာဝန်အရေးသုံးပါး လိုပေါ့ဗျာ။ ကြားချင်ချင်၊ မကြားချင်ချင်၊ ထပ်ချည်းတလဲလဲ ပြောတဲ့အခါ မနှစ်မြို့ပေမဲ့ ခေါင်းထဲမှာ မှတ်မိသွားတာပါပဲ။ ဆရာကြီး ဦးဝင်းတင်ပြောတဲ့ ထောင်ထဲမှာ ခေါင်းလှည့်တယ်ဆိုတာလည်း ဒီသဘောတွေပါပဲ။ နဂို ယုံကြည်ချက်တွေ၊ အယူအဆတွေကို ကပြောင်းကပြန်ဖြစ်အောင် လုပ်လွှတ်လိုက်တာ။

ဆရာအတ္တကျော်ရဲ့ ဘလော့ဂ်မှာ “ဗေဒင်သွားမေးမိရာက အစော်ကားခံလိုက်ရတဲ့ ကာယကံရှင်မိန်းကလေးရဲ့စာ” ဆိုတဲ့ post တစ်ခုကို ဖတ်မိပါတယ်။ မိန်းကလေးငယ်တစ်ယောက်ရဲ့ အလိမ်ခံလိုက်ရတဲ့ ဖြစ်ရပ်မှန်တစ်ခုပါ။ အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ဝိုင်းပေးကြတဲ့ Comment တွေပါ။ တချို့ Comment တွေက အံ့သြဖို့ကောင်းလောက်အောင်ကို ကိုယ်ချင်းစာစိတ်မရှိဘဲ နစ်နာသူမိန်းကလေးကို ဖိနှိပ်ပြီးပြောထားတာ တွေ့နေရပါတယ်။ ကိုယ်ညံ့လို့ ကိုယ်ခံရတာဆိုတာမျိုးတွေ၊ ဆရာအတ္တကျော်နဲ့ အချို့နယ်ခံတွေက ဒါဟာဖြစ်ရပ်မှန်ဖြစ်တယ်ဆိုတာကို အတိအလင်း ပြောပြထားပါလျက် ဟုတ်လို့လား၊ မယုံပါဘူး… ဒီလောက်အယုံလွယ်ရသလား ဆိုတာမျိုးတွေ ရေးထားကြတာ စိတ်ပျက်စရာပါ။ ကျွန်တော်ပြောချင်တာက ယုံတာ၊ မယုံတာ အပထားလို့ ဒီလိုဖြစ်ရပ်မျိုး အခြားလူတွေ မကြုံရအောင်ဆိုတဲ့ အမြင်မျိုးမထားနိုင်ကြတာကို တွေးမိတာပါ။ တစ်ဆက်တည်း စဉ်းစားမိတာက ဗုဒ္ဓဘာသာတွေ ဖြစ်ပါလျက် (အခြားဘာသာတွေက ကိုယ်ချင်းမစာတတ်ဟု ဆိုလိုခြင်း မဟုတ်ပါ) ကိုယ်ချင်းစာတရား နည်းလွန်းတာရယ် မယုံသည့်တိုင် တကယ်ဖြစ်ခဲ့တာဆိုရင် ကာယကံရှင် ဘယ်လို ခံစားရနိုင်တယ်ဆိုတာလေးရယ်တော့ တွေးပြီးမှ ပြောပေါ့ဗျာ။ အခုတော့ ထင်ရာမြင်ရာတွေကို ငါ့စကားနွားရ ဘယ်သူဘာဖြစ်ဖြစ် ကိုယ်ဖြစ်တာမဟုတ်တိုင်း ကိုယ်ချင်းမစာတာတော့ ဆိုးလွန်းပါတယ်လို့ပဲ ပြောရမှာပါ။ သူတစ်ပါးတွေ အလိမ်ညာခံရတယ်ဆိုတာကို ကြားရတဲ့အခါ ကိုယ်ညံ့လို့ ကိုယ်ခံရတာလို့ လက်လွတ်စပါယ်ပြောတတ်သူတွေဟာ သေချာတာတစ်ခုကတော့ လူလိမ်ဆိုတာကို သေသေချာချာ မြင်ဖူးကြုံဖူးတဲ့သူတွေ မဟုတ်ကြဘူး ဆိုတာပါပဲ။ နောက်တစ်ချက်ကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးသူများ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ယူဆမိပါတယ်။

လူလိမ်တစ်ယောက်နဲ့ သာမာန်လူတစ်ယောက် တွေ့ကြပြီဆိုရင် လူလိမ်က အမြဲတစ်ပန်းသာပါတယ်။ ဘာကြောင့်လည်းဆိုတော့ သာမာန်လူဆိုတာက ပုံမှန်တွေးရိုးတွေးစဉ် ရိုးရိုးသားသား ချဉ်းကပ်မှာ ဖြစ်ပေမဲ့ လူလိမ်ကတော့ အစကတည်းက လိမ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်တာမို့ သတိချင်းမတူနိုင်ပါဘူး။ စိုးရိမ်လွန်ပြီး လူတိုင်းကို မယုံမကြည် သံသယနဲ့ချည်း ဆက်ဆံမယ်ဆိုရင်လည်း အမြဲတင်းတောင့်မွန်းကြပ်တဲ့ ဆက်ဆံရေးတွေကိုပဲ ရနေမှာပါ။ အရမ်းကာရော ယုံကြည်ပြန်တော့ အလိမ်ခံရဖို့ နီးပြန်တာပေါ့။ အဲဒီ အစွန်းနှစ်ဘက်ကြား အခြေအနေတစ်ခုဖြစ်တဲ့ စတွေ့တဲ့ အကြောင်းမသိတဲ့ လူတစ်ယောက်ကို ယုံကြည်မှု အတိုင်းအတာတစ်ခု ပေးပြီးဆက်ဆံတာကတော့ အသင့်လျော်ဆုံး ဖြစ်မှာပါ။ ၁၀၀% မှန်ဖို့တော့ ခက်သားကလားဗျာ။ ကျန်တာကတော့ သူ့လုပ်ရပ်နဲ့ အပြောအဆို၊ ကိုယ်ကျင့်တရားပေါ် မူတည်ပြီး ယုံကြည်မှုကို အတိုးအဆုတ်လုပ်ယူနိုင်ရင်တော့ ကောင်းမှာပေါ့လေ။ အမှတ် ၁၀၀ အရင်ပေးပြီးမှ ပြန်နှုတ်ယူတဲ့ သဘောပေါ့။ ဒါပေမဲ့ ပြောသလောက်တော့ မလွယ်ပါဘူး။ အလိမ်မခံရဖူးသူကတော့ တွေ့တွေ့ချင်းလူတစ်ယောက်ကို နည်းနည်းပိုယုံချင်ယုံမှာ ဖြစ်ပေမဲ့ ခံရဖူးသူကတော့ လူတကာကို မယုံတဲ့ဓါတ်ခံ နည်းနည်းပိုများချင် များမှာပေါ့လေ။

လူလိမ်တစ်ယောက်ရဲ့ အရည်အချင်းတွေကို စဉ်းစားကြည့်မယ်ဆိုရင် လိမ်တယ်ဆိုတာ ဉာဏ်ကောင်းဖို့ လိုပါတယ်။ ဉာဏ်မကောင်းဘဲနဲ့ လိမ်လို့မရပါဘူး။ မယုံရင် နည်းနည်းလောက် လိမ်ပြောကြည့်ပါ။ ရှေ့စကားနဲ့ နောက်စကား ညီအောင်ညှိရတာ မလွယ်ပါ။ လိမ်နေ မကျသူအဖို့ အင်မတန် စိတ်ပင်ပန်းစေပါတယ်။ ပြီးတော့ မဟုတ်တာတစ်ခုကို သူတစ်ပါးယုံအောင်ပြောရတာမို့ အပြောကောင်းဖို့လည်း လိုပြန်ပါရော။ အပြောကောင်းရုံနဲ့ မလုံလောက်တော့ အမူအယာကလည်း ကောင်းဖို့ လိုပြန်တယ်။ လိမ်ပြောနေကျလူအတွက်တော့ ဒါတွေဟာ သူ့အတွက် အပန်းမကြီးတာတွေ ဖြစ်ချင်လည်း ဖြစ်နေမှာပါ။ အဲဒီလို လူတွေကို ကြည့်လိုက်ရင် သူတို့ခေါင်းက တစ်ချိန်လုံး အလုပ်လုပ်နေတာကို တွေ့ရမှာပါ။ လူတစ်ယောက်နဲ့ စကားပြောနေတဲ့တစ်ချိန်တည်းမှာပဲ ခေါင်းထဲမှာ အပြင်းအထန် အလုပ်လုပ်နေတဲ့ လူစားမျိုးတွေပါ။ သူတို့မှာ သက်တောင့်သက်သာဆိုတာ မြင်ရခဲပါတယ်။

လူတွေအားလုံး မွေးရာပါ လူလိမ်တွေချည်း ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးပါတယ်။ Aung Info မှ ဖတ်ဖူးတဲ့ စမ်းသပ်ချက်လေး တစ်ခုကိုလည်း ဝေမျှပါရစေဦး။ အကျဉ်းချုပ်လေးပါ။ သူရေးထားတဲ့ အတိုင်းလေးပဲ ပြောပြပါ့မယ်။

လွန်ခဲ့သည့် တစ်လ၊ နှစ်လ ခန့်လောက်က သြစတေးလျ တီဗွီ အစီအစဉ် တစ်ခုတွင် ကလေးငယ်များသည် လိမ်ညာတတ်သည့် အကြောင်း သုတေသန ပြုသည့် အစီအစဉ် တစ်ခု ပြသွားသည်ကို ကြည့်လိုက်ရသည်။ ထို အစီအစဉ်တွင် အခန်းငယ် ၅ ခန်းခွဲပြီး၊ ကလေး ၅ ဦးကို တစ်ခန်းစီမှာ ထား၍ သူတို့ မသိ မမြင် နိုင်အောင် လှို့ဝှက် ကင်မရာများ တပ်ထားသည်။ ကလေးငယ် များ၏ အနောက်တွင် အရုပ် တစ်ခုချင်း ချပြီး ကလေးများကို နောက်မှာ ချထားသည့် အရုပ်အား လှည့်မကြည့်ရန် မှာထားသည်။

ထို့နောက် လူကြီး တစ်ယောက်စီက တစ်ခန်းစီမှာ ကလေးငယ်များကို နောက်မှ ချထားသည့် အရုပ်၏ အော်သံကို ဖွင့်ပြသည်။ ဥပမာ ဝုတ်ဝုတ် ဟု အော်လျှင်၊ ဒါခွေးရုပ် ဖြစ်သည်၊ ညောင်ဟု အော်လျှင် ဒါကြောင်ရုပ် ဖြစ်သည်ဟု ကလေးများက ဖြေရသည်။ အဖြေမှန်လျှင် သူတို့ကို ထိုအရုပ် ပေးလိုက်သည်။ သို့ဖြင့် တစ်ချိန်တွင် ဂေါ်ဇီလာရုပ် ချထားရာ ဂေါ်ဇီလာ မြည်သံကို ကလေးများက နားယဉ် ကြားဖူးခြင်း မရှိကြချေ။ ထိုအခါ ကလေးများသည် တွေဝေ နေကြစဉ် သူတို့အား မေးနေသည့် လူကြီးက ကဲ မင်းတို့ စဉ်းစားထားနော်၊ နောက်လှည့် မကြည့်ရဖူးနော်၊ မျက်လုံးလဲ သေချာ ပိတ်ထား၊ ၁၅ မိနစ် စဉ်းစားချိန် ပေးမယ်၊ ငါ အပြင်သွားပြီး ၁၅ မိနစ်နေရင် ပြန်လာမယ် လို့ မှာပြီး ကလေးများကို တစ်ဦးထဲ အခန်း တစ်ခုစီမှာ ထားခဲ့ပြီး အပြင် ထွက်သွားသည်။
လူကြီး ထွက်သွားပြီး ကလေး တစ်ဦးချင်း အခန်း တစ်ခန်းစီမှာ ရှိနေကြသည့် အခါတွင် သူတို့သည် မကြာခင်မှာပင် နောက်သို့ ခိုး၍ လှည့်ကြည့်ပြီး အိန္ဒြေ   မပျက် မျက်လုံးကို လက်ကာ၍ အရုပ်ထားရာ ဖက်ကို ကျောခိုင်း နေကြသည်။ လူကြီးက ပြန်ဝင်လာသည့် အခါတွင် ကလေးများကို အဖြေရပြီလား မေးလျှင် ကလေးများက အဖြေမှန် ဂေါ်ဇီလာ ရုပ်ဖြစ်သည်ဟု ဖြေလေသည်။ ထိုအခါ လူကြီးက မင်းတို့ နောက်လှည့် ကြည့်လား မေးလျှင် ဟင့်အင်း- မျက်လုံးမှာ လက်ကာ ထားတာ ညောင်းတာတောင်မှ လက်မချပါဖူးဟု ပိပိရိရိ ညာလေသည်။ ကလေး ၅ ယောက်တွင် တစ်ယောက်သာ ခိုးကြည့် မိပါသည်ဟု ဝန်ခံသည်။ ထိုအစီအစဉ်ကို ကြည့်ခြင်းဖြင့် ကလေးများမှာ ငယ်စဉ်ကပင် လိမ်ညာ တတ်သည်ကို တွေ့ရသည်။

ထိုသို့ လိမ်ညာတတ်ခြင်းမှာ ကလေးများသည် သူတို့၏ အနီးကပ်ဆုံး ရှိသည့် လူကြီး မိဘများထံမှ စတင် တတ်မြောက်ခဲ့ခြင်း ဖြစ်သည်ကိုမူ လူကြီး မိဘတို့က သတိ မပြုမိဘဲ ရှိတတ်ပြီး၊ ကလေးများ လိမ်တတ်ခြင်း ကိုပင် အပြစ် ဆိုချင် ကြသေးသည်။ ကလေးများမှာ စကား စတင်ပြောတတ်သည့် အရွယ်မှ စလို့ပင် သူတို့၏ ဦးနှောက်နှင့် မှတ်ဉာဏ် တို့သည် အလွန် လန်းဆန်း ဖွံ့ဖြိုးလာသည် ဖြစ်ပြီး၊ ကလေးများသည် အရာရာကို အနီးစပ်ဆုံး သူများထံမှ ဦးစွာ သင်ယူ ရရှိလာလေသည်။ ထိုအချိန်ကပင် သူတို့၏ ကိုယ်ပိုင်ဉာဏ် နှင့် ရှိသည့် ဗဟုသုတ တို့ဖြင့် စဉ်းစား တွေးတော တတ်လာပြီလည်း ဖြစ်သည်။..............

ဒါလေးကို ဖတ်ပြီးပြီဆိုရင် တွေးစရာ၊ တောစရာလေးတွေ တချို့ရလိမ့်မယ်လို့ ထင်ပါတယ်။

လိမ်တတ်သူတစ်ယောက်ရဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဆက်ပြောပြပါ့မယ်။ မှတ်သားစရာ၊ သင်ခန်းစာယူစရာ၊ တွေးစရာလေးတွေ ပါနေလို့ပါ။ ပုံပြင်ဆိုတော့ ယုံတာ၊ မယုံတာ ပြဿနာမဟုတ်ဘူးပေါ့။ အငြင်းပွားစရာ မရှိဘူးလို့ ပြောချင်တာပါ။

(တောင်းပန်ခြင်း။    ။ အပိုင်း ၂ ကို မကြာမီ ဆက်ပါမည်။ မူလက အပိုင်းခွဲဖို့ မရည်ရွယ်ပါ။ ရေးရင်းရေးရင်း အနည်းငယ် အရစ်ရှည်သွားခြင်း ဖြစ်ပါသည်။)

(သရုပ်ဖေါ်ပုံများကို Google မှ ကူးယူဖေါ်ပြသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...