Sunday, March 11, 2012

လိမ်လိုက်ရမလား (အပိုင်း ၂)

ကျွန်တော့်မှာ အတော်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ဖူးပါတယ်။ စင်ကာပူရောက်မှ မိတ်ဆွေတစ်ယောက်နဲ့ ဆက်စပ်ပြီး သိကျွမ်းကြတာပါ။ ပညာတတ် တစ်ယောက်ပါပဲ။ အပြောကောင်းချက်ကတော့ တွေ့သမျှလူကို ခင်အောင်မင်အောင် ပြောနိုင်ပါတယ်။ တစ်ခါတွေ့ဖူးပြီးရင် သတိရနေအောင် ပြောတတ်သူပါ။ လူငယ်အချင်းချင်းတွေ့ရင် စကားလုံးကောင်းကောင်း ခပ်မိုက်မိုက်လေးတွေ ရွေးချယ်သုံးတတ်သူပါ။ လူကြီးတွေနဲ့တွေ့ရင်လည်း ဆီလျော်အောင် ပြောတတ်နေတတ်သူ ဖြစ်နေပြန်ပါရော။ တစ်ဘက်သားရဲ့ အခြေအနေအလိုက်အထိုက်ကို မှန်မှန်ကန်ကန် အကဲဖြတ်တတ်ပြီး သင့်လျော်အောင် စကားလုံးစီတတ်သူပါ။ ရုပ်ရည်က ချောချောမောမောထဲမှာ မပါပေမဲ့ ခင်မင်စရာ အပြုံးနဲ့ ဆွဲဆောင်တတ်သူပေါ့။ သူ့ထက်ငယ်တဲ့ လူငယ်တွေဆိုရင် သူပြောသမျှကို ပါးစပ်အဟောင်းသားနဲ့ သဘောတွေအကျကြီးကျအောင် ပြောနိုင်သလို ကောင်မလေးတွေဆိုရင်လည်း သူ့နာမည်ကို ပါးစပ်ဖျားကနေ မချအောင် ပြောတတ်သူပါ။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေကတော့ သူနဲ့ အသက်ချင်း မတိမ်းမယိမ်းတွေပါ။ ကျွန်တော်နဲ့ ပါတ်သက်ပြီး သူနဲ့ ရင်းနှီးကြသူတွေပေါ့။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီအချိန်က စကားပြောတဲ့အခါ သူ့အကြောင်းမပါရင် မပြီးဖြစ်ခဲ့ကြတာပါပဲ။
သူ့ရဲ့နောက်ခံလေးကို ပြောရင်တော့ သြော်…ဒါကြောင့်ကိုး… လို့ မှတ်ချက်ချကြမှာ အသေအချာပါ။ သူက ရန်ကုန်မှာတုန်းက ကားဝယ်ရောင်းလုပ်ခဲ့သူပါ။ သူ့ကို ကားပွဲစားလို့ ပြောရင် မကြိုက်ပါဘူး။ ကားဝယ်ရောင်းပါ တဲ့။ သဘောကတော့ လေပဲစိုက်ပြီး လုပ်တာမဟုတ်ဘူးလို့ ဆိုလိုချင်တာပါ။ စင်ကာပူမှာ အလုပ်လုပ်တော့လည်း ကုမ္ပဏီကားမောင်းပါတယ်။ ဝန်ထမ်းတွေ ကြိုပို့တာဝန်၊ စီမံတာဝန်တွေကို တစ်ယောက်တည်း လုပ်ပါတယ်။ ကုမ္ပဏီသူဌေးဆိုသူများကို အိတ်ထဲထည့်ထားနိုင်တယ်လို့ ပြောရင် မမှားပါဘူး။ ကျွန်တော်တို့လို နည်းပညာတွေဘာတွေ သိပ်စိတ်မဝင်စားသလို ကျွမ်းလည်းမကျွမ်းကျင်ပါဘူး။ စင်ကာပူမှာ ကျောင်းတွေဘာတွေလည်း မတက်ပါဘူး။ ဒါပေမဲ့ အခုလက်ရှိ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့် ရပါတယ်။ ဒါတွေက သူ့ရဲ့ထူးခြားမှုတွေ၊ အရည်အချင်းတွေပါ။

တကယ့်သူ့ရဲ့ ထူးထူးခြားခြား အရည်အချင်းအကြောင်းက အခုမှ စ မှာပါ။ သူ့ခေါင်းက Channel ၁၀ ခု လောက် ခွဲထားနိုင်တဲ့ ခေါင်းမျိုးဗျ။ လူ ၁၀ ယောက် လောက်ကို မဟုတ်က ဟုတ်က ဇာတ်လမ်း ၁၀ ခု လောက် စီကာပတ်ကုံး လုပ်ကြံဖန်တီး ပြောပြီး ဘယ်သူ့ကို ဘယ်လိုပြောခဲ့တယ် ဆိုတာကို အကုန်မှတ်မိတဲ့ ခေါင်းမျိုး။ ရှေ့စကား နောက်စကား ညီအောင် ပြောနိုင်တယ်။ သူပြောနေကျစကားက လိမ်ပြောပြီဆိုရင် စိတ်ထဲမှာ တကယ်ဖြစ်ထားသလို မှတ်ပြီးပြောရမယ် ဆိုပဲ။ တစ်ခါမှ မဖြစ်ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို လက်တန်းလုပ်ကြံဖန်တီးပြီး စီကာပတ်ကုံး မျက်လုံးထဲမြင်လာအောင် ပြောတတ်တဲ့ဆရာဗျ။ သူလိုချင်တာတစ်ခုကို ဝေ့ကာဝိုက်ကာနဲ့ ကွေ့ပတ်ပြီး ရအောင်ပြောယူတတ်တယ်။ တစ်ခါတစ်ရံ သူလိုချင်တာရဖို့ ကောလဟာလထုတ်တာမျိုး အဆင့်မြင့်နည်းတွေ သုံးတတ်ပါသေးတယ်။ အဆိုးဆုံးကတော့ အမှန်တဝက်ထည့်ထားတဲ့ မုသားတွေကို အသုံးချတတ်တာပါ။ တကယ်ဖြစ်ခဲ့တာနဲ့ လုပ်ကြံဖန်တီးထားတဲ့ story တွေကို ကျွမ်းကျွမ်းကျင်ကျင် ပေါင်းစပ်ပြီး ပြောတဲ့အခါ တော်ရုံတန်ရုံတွေးပြီး ပြည့်ပြည့်စုံစုံ မသိသူတွေအတွက် ဝေဝါးစရာတွေ ဖြစ်ကုန်တော့တာပါပဲ။



သူ့အယူအဆက ပညာတတ်ဖို့ထက် ဘယ်သူ့ကို ဘယ်နေရာမှာ ချသုံးရမလဲ သိဖို့ပဲ လိုတယ်..တဲ့။ ပညာတတ်တွေကို ခိုင်းစားတတ်ဖို့ပဲ လိုတယ်ပေါ့။ ဒါကတော့ ကြိုက်သလို ယူဆပေါ့ဗျာ။ ဟုတ်သင့်သလောက်လည်း ဟုတ်တယ်လို့ ပြောရင် ရနိုင်ကောင်းရဲ့။ မဟုတ်တာက ဘာတုန်းဆိုတော့ သူက သူနဲ့ပေါင်းသ၍ လူတွေအကုန်လုံးကို သူ့အကျိုးစီးပွားအတွက်ချည်း တွက်ပေါင်းတာက ဆိုးတာဗျ။ အပေါင်းအသင်း မိတ်ဆွေဆိုတာမျိုးက ပေါင်းလို့သင်းလို့ နှစ်ဦးနှစ်ဘက် အကျိုးစီးပွားဖြစ်ကြတာ မှန်ပေမဲ့ အကျိုးစီးပွားကိုချည်း ရှေ့တန်းသိပ်တင်လွန်းရင် မကောင်းဘူးဗျ။ အကျိုးရှိမှ ပေါင်းမယ်ဆိုတာကြီးက သဘာဝမကျဘူးလေ။ ကောင်းတူဆိုးဘက်ဆိုတဲ့စိတ်မျိုးရှိမှ ရေရှည်ကောင်းတာမျိုးလားဗျာ။ မိတ်ဆွေကောင်းဆိုတာ သူ့ရှိကိုယ်စား၊ ကိုယ့်ရှိ ဖွက်ထား ဆိုတာမျိုး မဟုတ်ဘူးဗျ။ ကိုယ့်ကိစ္စရှိမှ အတင်းဖုန်းတွေခေါ်၊ အတင်းဆက်သွယ်၊ ကိုယ့်ကိစ္စမရှိတော့ရင် လုံးဝခေါင်းထဲမထည့်တဲ့ မိတ်ဆွေမျိုးတော့ မလိုချင်ပေါင်ဗျာ။ ဝေးလေ အေးလေ မှတ်ပါတယ်။ ကျွန်တော့် သူငယ်ချင်းက အကြမ်းဖျင်းပြောရရင်တော့ အဲဒီလိုမိတ်ဆွေမျိုးပေါ့ဗျာ။ လူဆိုတာ ပုံမှန်အားဖြင့် ကိုယ်ကျိုးစီးပွားတော့ ကြည့်ကြတာချည်းပေါ့ဗျာ။ ဒါပေမဲ့ စည်းလေးကမ်းလေးတော့ ရှိသင့်တာပေါ့။ အထူးသဖြင့် ရင်းနှီးတဲ့သူတွေ၊ မိသားစုဝင်တွေပေါ်မှာတော့ စည်းလေးဘောင်လေး ထားရပါတယ်။ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာရင် ဘယ်သူ့မျက်နှာမှ မထောက်၊ ငါမှ ငါ လုပ်နေရင် ရေရှည်မှာ သိသာလာတာပါပဲ။ လူဆိုးလူမိုက်များတောင်မှ အချင်းချင်းတော့ သစ္စာရှိမှ၊ စိတ်ချရမှ ကြိုက်တာဗျ။ စည်းဆိုတာ အဲဒါပါပဲ။ ကျွန်တော့်သူငယ်ချင်းကတော့ ကျောသားရင်သား မခွဲခြားဘူးခင်ဗျ။ သူ့အကျိုးစီးပွားအတွက်ဆို အားလုံးကို တပြေးညီ တီးတာပါပဲ။

တချို့က ပြောတယ်။ စီးပွားရေးက စီးပွားရေး၊ ခင်တာက ခင်တာပဲ.. တဲ့။ ဆိုလိုတာကတော့ စီးပွားရေးနဲ့ ပါတ်သက်လာရင် မိတ်ဆွေတွေ ဘာတွေ နားမလည်ဘူးလို့ ဆိုလိုချင်ပုံ ရပါတယ်။ တကယ်ကတော့ စီးပွားရေးပဲ လုပ်လုပ်၊ လူမှုရေးပဲ လုပ်လုပ်၊ နိုင်ငံရေးပဲ လုပ်လုပ်၊ မိတ်ဆွေ အပေါင်းအသင်း မိသားစုဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ သစ္စာရှိဖို့ လို လို့ပါပဲ။ ကိုယ့်ကို ချောက်မချဘူးလို့ ယုံကြည်ရတဲ့ အတွင်းစည်းဝန်းကျင်တစ်ခု မဖြစ်မနေလိုပါတယ်။ အဲဒီလို ဖြစ်ဖို့ အပေးအယူမျှတဲ့၊ နားလည်မှုရှိတဲ့ ဝန်းကျင်တစ်ခု မလိုဘူးလားဗျာ။ အပေးအယူမျှတယ်ဆိုတာ သူတစ်ကျပ်၊ ကိုယ်တစ်ကျပ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မိတ်ဆွေကောင်းဆိုတာ သာတယ် နာတယ် မတွက်ပါဘူး။ ဒါပေမဲ့ ခင်မင်မှုကို အသုံးချလွန်းရင်တော့ နာကျည်းသွားတတ်ပါတယ်။ အဲဒီလို အတွင်းစည်းမျိုးရေရှည် တည်တံ့ဖို့ဆိုတာ ဥယျာဉ်မှုးကောင်းများလို အမြဲဂရုတစိုက် ထိန်းသိမ်းတတ်ရပါတယ်။ လင်မယားပဲ ဖြစ်ဖြစ်၊ မိတ်ဆွေအချင်းချင်းပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က တစ်ဘက်သတ် ပေးဆပ်နေရပြီဆိုရင် ရေရှည်မှာ မကောင်းတော့ပါဘူး။ အပြန်အလှန်လေးရှိမှ ရေရှည်တည်တံ့မှာပါ။ ကျွန်တော့်သူငယ်ချင်းကတော့ ဘယ်သူ့ကို ဘယ်လို အသုံးချရမလဲဘဲ အမြဲတွက်နေလေ့ရှိသူပါ။ ဒါပေမဲ့ အဲဒါကို အပေါ်ယံမှာ မသိအောင် ဟန်ဆောင်တဲ့နေရာမှာ သူဟာ အကယ်ဒမီတန်းဝင် အနုပညာရှင် တစ်ယောက်လိုပါပဲ။
တစ်ခါတစ်ရံ သူ့ဆီက ဖုန်းလာတဲ့အခါ  နောက် ၁၀ မိနစ်လောက်ကြာရင် ငါဖုန်းဆက်မယ်။ မင်းဘာမှ မပြောနဲ့ သိလား…. လို့ ပြောတတ်ပါတယ်။ သူဖုန်းခေါ်တဲ့အခါ ကျွန်တော်တို့ ဘာမှမသိတဲ့ အရောင်းအဝယ်ကိစ္စ တစ်ခုခုကို သူ့ဟာသူတစ်ယောက်တည်းပြောပြီး ဖုန်းချသွားတတ်ပါတယ်။ ဒါဟာ တစ်ဘက်မှာ တစ်ယောက်ယောက်ကို သူအယုံသွင်းဖို့ ကြိုးစားနေတဲ့ အခါတွေပေါ့။ တစ်ဘက်ကလူခင်မျာ သူပြောနေတဲ့ အသံကိုသာ ကြားရလေတော့ လုပ်ငန်းနဲ့ ပါတ်သက်သူတစ်ယောက်ယောက်၊ စီပွားရေးသမား တစ်ယောက်ယောက်နဲ့ အချီအချပြောနေတယ်လို့ ထင်မှာပါ။ တစ်ကယ်တမ်း တစ်ဘက်ကနေ အူကြောင်ကြောင်နဲ့ နားထောင်နေတဲ့ ကျွန်တော်တို့ကို ဘယ်မြင်ရှာမှာလဲဗျာ။

တစ်ခါတစ်ရံ ဟေ့ကောင်….ငါနဲ့ ခဏလိုက်ခဲ့စမ်းပါ၊ ငါအခုလာခေါ်မယ် ဆိုပြီး ကားနဲ့ ရောက်လာတတ်ပါတယ်။ ပြီးရင် အခြားအကြောင်းတွေ ပြောကြဆိုကြရင်း အဟောင်းဆိုင်က ပစ္စည်းလေးတွေ ဝင်ဝယ်တတ်ပါတယ်။ ပြီးရင် သူ့ကိုယုံကြည်တဲ့ အပေါင်းအသင်းတစ်ယောက်ယောက်ရှေ့ကျမှ ရုတ်တရက်ကြီး မင်းလိုချင်တဲ့ပစ္စည်း ဒီကောင်က ရောင်းမလို့…တဲ့။ အဲဒါ သူဟာပဲ။ အကုန်ကောင်းတယ်။ သူက ဘယ်လောက်နဲ့ ရောင်းမှာ၊ တန်တယ်ကွ။ ယူထားလိုက်.. ဆိုပြီး အခုပဲ အဟောင်းဆိုင်က ဝယ်လာတဲ့ ပစ္စည်းကို အခုချက်ချင်း ဈေးတင်ရောင်းတာမျိုးလည်း လုပ်တတ်ပါသေးတယ်။ ပိုဆိုးတာက အချင်းချင်းကို လုပ်တာဗျ။ ပစ္စည်းကို ဈေးတင်ရောင်းရုံတင် မဟုတ်ဘူး၊ ကိုယ့်သိက္ခာကိုပါ လက်ညှိးထိုးပြီး ရောင်းစားခံရတာ ခင်ဗျ။ ရုတ်တရက် သူများရှေ့မှာဆိုတော့ ကိုယ်ကလည်း ဘာပြောရမှန်းမသိ၊ ချော်လဲရောထိုင် နေရတော့တာပေါ့။ တစ်ဘက်လူက သူ့ကို ဘာမှ မထင်ဘူးဗျ။ ကိုယ့်ကိုသာ မသင်္ကာသလိုလို ဘာလိုလို ကြည့်တာလည်း ခံရသေးတယ်။ အဲဒီက ပြန်လာလို့ ကိုယ်က စိတ်ဆိုးပြီး ပြောတော့မယ်ဆိုရင် မျက်နှာသေလေးနဲ့ ငါအရမ်းအခက်အခဲ ဖြစ်လို့ပါကွာ… ဘာညာနဲ့ ပြောတော့ သူငယ်ချင်းချင်း ဘာမှ ဆက်မပြောတော့ဘဲ အောင့်သက်သက်နဲ့ ခွှင့်လွှတ်လိုက်ကြတာ များပါတယ်။ ကျွန်တော့်တို့ သူငယ်ချင်းတွေ အားလုံးနီးပါး အဲဒီလိုနည်းနဲ့ သူအသုံးချတာ၊ သူရောင်းစားတာ အနည်းနဲ့အများ ခံကြရသူတွေချည်းပါ။

ပြီးတော့ သူ့ရဲ့သောကတွေက အများသားဗျ။ အများဆုံးသောက ကတော့ သူများထက်အမြဲသာချင်တဲ့ စိတ်ပါပဲ။ လူဆိုတာ သူများထက် သာချင်တာပေါ့လို့ ယေဘူယျပြောနိုင်ပေမဲ့ သူကတော့ အတော်လွန်လွန်ကဲကဲလို့ ပြောရမှာပါ။ အစစ အရာရာ သူကပဲ အနိုင်ရမှ နေသာထိုင်သာ ရှိတဲ့သူပေါ့။ သူများတွေကို အထက်စီးမျက်လုံးနဲ့ ကြည့်ချင်တဲ့ရောဂါဟာ သူ့မှာ မွေးရာပါစိတ္တဇထင်ပါရဲ့ဗျာ။ သူများထက်သာအောင် ဟုတ်တဲ့နည်း၊ မဟုတ်တဲ့နည်း အကုန်သုံးပါတယ်။ တကယ်တော့ သူနဲ့ကျွန်တော်တို့နဲ့ ခင်မင်ခဲ့တဲ့ကာလဟာ နှစ်အနည်းငယ်ကြာခဲ့ပါတယ်။ အရမ်းလည်း ခင်မင်ခဲ့ကြတာပေါ့။ သူ့ရဲ့ အားနည်းချက်လေးတစ်ခုကတော့ ကြွားတတ်တာလေးပါ။ ကြွားတတ်တဲ့သူဆိုတော့ သူဘယ်သူ့ကို ဘယ်လိုလှိမ့်လိုက်တယ်၊ ဘယ်စကားက ဘာကြောင့်ပြောတယ်၊ ဘယ်အကွက်ကို ဘာကြောင့်နင်းတယ်၊ ဘယ်သူ့ကို ကြားစေချင်လို့ ဘယ်သူ့ကို ဘာပြောလိုက်တယ် ဆိုတာမျိုးတွေ သူငယ်ချင်းတွေကို ကြွားတတ်ပါတယ်။ အထူးသဖြင့် ကျွန်တော့်ကိုပေါ့။ အဲဒိလိုနည်းနဲ့ ကျွန်တော်ဟာ သူ့လုပ်နည်းလုပ်ဟန် အတော်များများကို ကျွမ်းဝင်နေခဲ့ပါတယ်။ တစ်ယောက်ယောက်ကို သူတစ်ခုခုပြောတော့မယ်ဆိုရင် ကြိုပြီးခန့်မှန်းတတ်နေခဲ့တဲ့ အထိပဲ ဆိုပါတော့ဗျာ။ သူပြောနေကျ စကားလေးတစ်ခု မှတ်မိနေတာလေး ရှိပါသေးတယ်။ လူတစ်ယောက်ကို ဂွင်ရိုက်ပြီဆိုရင် အဲဒီလူကို ဘယ်တော့မှ စဉ်းစားချိန်၊ တိုင်ပင်ချိန် မပေးရဘူး…တဲ့။ တကယ်လည်း သူနဲ့ အလုပ်တစ်ခုခု ပါတ်သက်သူတိုင်းကို အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရအောင် တွန်းတတ်သူပါ။

ဒါပေမဲ့ နောက်ဆုံးကျတော့ သူဟာကျွန်တော့်ကို ခွာချဖို့ကြိုးစားလာပါတော့တယ်။ အဓိကအချက်ကတော့ သူတို့လိုလူမျိုးတွေဟာ ဘယ်သူ့ကိုမှ မယုံသလို လူယုံလည်း မထားတတ်ပါဘူး။ သူတို့စိတ်နဲ့ နှိုင်းတဲ့အတွက် သူတို့အကြောင်းကို သိတဲ့လူဟာ တစ်နေ့နေ့မှာ သူတို့ကို ဒုက္ခပေးလိမ့်မယ်ဆိုတဲ့ စိတ္တဇကြောင့်ပဲ ဆိုပါတော့လေ။ သူ့ရဲ့အကျင့်တစ်ခုက သူနဲ့သိတဲ့လူတိုင်းရဲ့ အားသာချက်၊ အားနည်းချက် ကို ရှာထားတတ်ပါတယ်။ အားသာချက်ကို ရှာတာက သူလိုရင် အသုံးချဖို့၊ အားနည်းချက်ကို ရှာတာက သူမလိုတဲ့အခါ အကျပ်ကိုင်ဖို့ ပေါ့။ အားနည်းချက်ကို ရှာလို့မရတဲ့အခါ တမင်ဖန်တီးတတ်ပါသေးတယ်။ ဥပမာအားဖြင့် ယောကျင်္ားလေး သူငယ်ချင်းတွေချည်းပဲဆိုတော့ အပျော်အပါးနေရာတွေ ရောက်ကြတဲ့အခါ၊ နောက်သလို ပြောင်သလိုနဲ့ ဓါတ်ပုံရိုက်ထားတာတို့ ဘာတို့ပေါ့ဗျာ။ မတော်တဆ သူ့ကို ဒုက္ခပေးလာရင် သူ့ဘက်က လက်ဦးမှုယူထားတဲ့ သဘောပေါ့။ နောက်ဆုံး ပြဿနာမရှိ ပြဿနာရှာပြီး ကျွန်တော်နဲ့ လမ်းခွဲခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေရောပေါ့။ အဲဒီနောက်ပိုင်းမှာလည်း သူဟာ ကျွန်တော့်ကို ယာကူဇာဂိုဏ်းထွက်တစ်ယောက်ကို ယာကူဇာဂိုဏ်းက စောင့်ကြည့်သလိုမျိုး သတင်းထောက်လှမ်းနေခဲ့ ပါသေးတယ်။ သူ့အကြောင်း ကျွန်တော် ဘာတွေများ ဘယ်သူတွေကို ပြောပြီး ဒုက္ခပေးလေမလဲလို့ တွေးပုံရပါတယ်။ ကျွန်တော့်အကြောင်း ကောလဟာလတွေကလည်း လွှင့်သေးဗျ။

သူနဲ့ပါတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ တချို့အကြောင်းအရာတွေ ကျတော့ ပြောပြလိုက်ရင် အခုစာဖတ်နေတဲ့ လူကြီးမင်း တစ်ခါမှ စိတ်ကူးထဲတောင် မထည့်ဘူးတဲ့ဟာတွေ ဖြစ်နေလို့ အံ့အားသင့်သွားမယ်ဆိုတာ ကျွန်တော်ကျိန်းသေပေါက် ပြောရဲပါတယ်။ ဒါပေမဲ့ သူ့ကို ပုဂ္ဂိုလ်ရေး ထိခိုက်အောင် လုပ်သလိုဖြစ်မှာ စိုးတာရော၊ တချို့သူတွေကို ငဲ့သောအားဖြင့်ရော၊ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကိုက သင်ခန်းစာတစ်ခု၊ အသိတစ်ခု ပေးဖို့သာ ဖြစ်လို့ အကုန်မပြောတော့ပါဘူး။ တကယ်သာ ပြောရရင် ဒီ post ကို နောက်ထပ် ၅ ပိုင်းလောက် ခွဲပစ်လို့ ရလောက်ပါရဲ့။



၁၉၉၁ လောက်တုန်းက အမေရိကန်မှာ ဒေးဗစ်ကိုးရှပ်စ် (David Koresh) ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ အင်မတန်အပြောကောင်းသလို သူ့ကိုသူ ဘုရားသခင်က စေလွတ်သူဆိုပြီး ပြောဟောပါတယ်။ နောက်လိုက်တွေနဲ့ ခြံကြီးတစ်ခြံထဲမှာ နေကြပါတယ်။ သူ့ကို ကြည်ညိုသူတွေရဲ့ ဇနီးတွေကိုလည်း သူက သုံးဆောင်တော်မူပါသတဲ့။ တစ်ခါက သူတို့ထဲက ဂိုဏ်းဝင်တစ်ယောက် လက်တစ်ဘက် ကိုက်ခဲနေတယ်ဆိုပြီး ဆရာကြီးကို သွားပြတာ အဲဒီလူရဲ့လက်ကို ရဲဒင်းနဲ့ ခုတ်ဖြတ်ခဲ့ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်မှာ တပြည့်တွေ အများကြီးရှိခဲ့ပါတယ်။ ဒီလောက်တောင် စဉ်းစားဉာဏ်နည်းရသလးလို့ အပြစ်တင်ချင်ရင် တစ်ခုတော့ပြောပါရစေ။ သူ့ကို ယုံကြည်ကိုးကွယ်ကြသူတွေထဲမှာ ပရော်ဖက်ဆာတွေ၊ ပညာတတ်တွေ အများကြီးခင်ဗျ။ ဒီလူတွေကို သူဘယ်လိုစည်းရုံးခဲ့တယ် မသိပါဘူး။ ကျွန်တော်တို့က ဘေးလူတွေမို့လို့သာ ရှင်းရှင်းလင်းလင်း မြင်နိုင်ကြတာကိုး။ သူနဲ့ တကယ်တွေ့ခဲ့သူတွေကို သူဘယ်လိုတွေ ပြောခဲ့တယ်ဆိုတာတော့ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။ နောက်ဆုံး သူ့တို့ရဲ့စခန်းကို FBI က အင်အားသုံးပြီး ဝင်စီးခဲ့ရပါတယ်။ သူ့ကို ကိုးကွယ်သူတွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပါတယ်။ ဒါတွေရဲ့ အခြေခံကတော့ ယုံကြည်မှုပါပဲ။ ဒါပေမဲ့ လွဲမှားတဲ့ ယုံကြည်မှုပေါ့လေ။ လောကကြီးမှာ အဲဒီလို တလွဲတွေကိုလည်း အပြောကောင်းရင် ယုံကြည်အောင် ပြောလို့ရပါတယ်လို့ ဆိုလိုချင်တာပါဗျ။

ကျွန်တော့်အတွက်တော့ ကျွန်တော့်ရဲ့ သူငယ်ချင်းဟာ သင်ရိုးညွှန်းတမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သူနဲ့အနီးကပ်နေခဲ့တာ သင်တန်းတစ်ခု လိုပါပဲ။ သူ့ကျေးဇူးကြောင့် ပေါင်းသင်းဆက်ဆံရေးမှာ အကျိုးကျေးဇူးတွေ အများကြီး ထွက်ခဲ့ပါတယ်။ ကျွန်တော့်ကို ကျွန်တော် အရင်ကထက်ပိုပြီး ကာကွယ်တတ်လာခဲ့တယ်။ အယုံလွယ်တဲ့ ပြဿနာကတော့ ရှိဆဲပါ။ အရင်ကထက် တော်သွားတယ်လို့ပဲ ပြောရမှာပါ။ ငယ်ငယ်ကတည်းက စ လို့လူကြီးသူမတွေကို ကန်တော့တဲ့အခါ လူကြီးတွေက သွားလေရာ လာလေရာ သူတော်ကောင်းများနဲ့ တွေ့ပါစေ၊ သူယုတ်မာများနဲ့ လွဲပါစေလို့ ဆုပေးတဲ့အခါ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ပြန်ပြောခဲ့ပေမဲ့ သေသေချာချာ မခံစားတတ်ခဲ့ပါဘူး။ ကျွန်တော်သူနဲ့တွေ့ပြီးနောက်ပိုင်းကျမှ အဲဒီဆုပေးကို တန်ဖိုးနားလည်သွားပါတော့တယ်။ လူဆိုတာ ကိုယ့်စိတ်နဲ့သာ အရာရာကို နှိုင်းချိန်တတ်စမြဲမို့ ရိုးသားတဲ့လူက သူနဲ့တွေ့သူအားလုံးကို ရိုးရိုးပဲတွေး၊ ရိုးရိုးပဲ ဆက်ဆံတတ်ပါတယ်။ မရိုးသားသူကလည်း လူတိုင်းကို သူ့လိုချည်းမှတ်တတ်ပါတယ်။ ရိုးရိုးပြောလည်း ရိုးရိုးမထင်ပါဘူး။ အကွက်တွေ၊ ဂွင်တွေနဲ့ချည်း အရာခပ်သိမ်း စဉ်းစားပါတယ်။

ကျွန်တော့်သူငယ်ချင်းဟောင်းကြီးကို လူလည်လို့ ကင်ပွန်းတပ်ရမလား၊ လူလိမ်လို့ ပြောဖို့ကျတော့ အရမ်းရင့်သီးသလိုတော့ ခံစားရပါတယ်။ ဒါပေမဲ့ ဒါဟာအမှန်တရားပါပဲ။ ကြိုက်သလိုသာ ကင်ပွန်းတပ်ကြပါတော့လေ။ Dictionary မှာတော့ liar ဆိုတာကို A person who tells the lies. လို့ အဓိပ္ပါယ် ဖွင့်ထားပါတယ်။ အဓိက ကတော့ အလိမ်ခံရသူတွေကို ကိုယ်ချင်းမစာမနာ ဖိနှိပ်ပြောချင်သူများကို တွေးစရာလေးတစ်ခု ပေးလိုရင်းပါ။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေလို့ ……

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

4 comments:

  1. သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်..။ မစံပယ်မှာလည်း အဲလိုသူငယ်ချင်းတစ်ယောက်ရှိပါတယ်..။ တကယ့်အရင်းဆုံးသူငယ်ချင်းပါပဲ..။ တစ်ခြားလူတွေက သူ့ကို ဖျံလို့ခေါ်ကြ မြင်ကြပါတယ်..။ မစံပယ်လည်း သူငယ်ချင်းအတွက် မခံချင်ပေမယ့် တကယ်လည်းသူ့လုပ်ရပ်တွေက အဲလိုဖြစ်နေတဲ့အတွက် ဘယ်လိုမှအမြင်တွေကို ဖယ်လို့မရပါဘူး..။

    သူ့ရဲ့ဂွင်ကတော့ လူတိုင်းဆီက ပိုက်ဆံချေးပြီး ပြန်မဆပ်တာပါပဲ..။ ဟိုတော့ပေးမယ် ဒီတော့ပေးမယ် ခဏပဲချေးပါ..။ ဘယ်တော့ဘယ်သူ့ဆီကရမှာဆိုတာရယ်..၊ ပိုက်ဆံပေးမယ် လာယူလှည့်..၊ သူကောင်လေးတစ်ယောက်ကို ဘဏ်ကိုငွေသွားထုတ်ခိုင်းနေတယ်..၊ နောက်မကျအောင်လာခဲ့ သူနောက်တစ်နေရာသွားစရာရှိလို့ ဘာညာနဲ့ သူခိုင်းတဲ့ကောင်လေးဆိုတာ ဘယ်တော့မှရောက်မလာပါဘူး..။ မစံပယ်ကိုလည်း အဲလိုဂွင်လုပ်သလို သူနဲ့ရင်းနှီးဘူးပတ်သက်ဖူးသမျှလူတိုင်းကို အဲလိုလုပ်ခဲ့ပါတယ်..။ အားလုံးနဲ့ခွာပြဲကုန်ပါတယ်..။ သူ့လိမ်နည်းတွေက မြန်မာနိုင်ငံမှာနာမည်ကြီးခဲ့တဲ့ နေအေးလိမ်နည်းဆိုတဲ့အကွက်တွေနဲ့ တူလှပါတယ်..။ မျက်နှာအမူအရာသေသေနဲ့ စကားလုံးတွေရှေ့နောက်မညီဘဲအများကြီးသုံးပြီး ဂွင်ဖန်တတ်ပါတယ်..။ မြန်မာနိုင်ငံမှာ သူ့ကိုသေစေချင်လောက်အောင် ဒေါသထွက်နေတဲ့သူတွေ အများကြီးပါ..။ သူတစ်ပါးကိုဘ၀ပျက်တဲ့အထိ ငွေတွေလိမ်ထားလို့ပါ..။
    နောက် သူ့အကျင့်တစ်ခုက သူ့ရဲ့ပိုက်ဆံကို ပိုက်ဆံအိတ်မှာမထည့်ပါဘူး..။ လူမမြင်နိုင်တဲ့နေရာမှာထားပါတယ်..။ ပိုက်ဆံအိတ်ထဲမှာ လမ်းစားရိတ်လောက်ပဲထားပါတယ်..။ သူတစ်ပါးချေးမှာစိုးလို့ရယ်..၊ သူငွေမရှိဘူးဆိုပြီး ငွေများများကိုင်လာတဲ့သူဆီက ချေးဖို့ရယ်လို့ ဆိုပါတယ်..။ စာရိတ္တချစားနေတဲ့ ပညာတတ်တစ်ယောက်ပါပဲ..။

    ReplyDelete
  2. သူတို့ရဲ့ ဥာဏ်နီဥာဏ်နက်ဥာဏ်ပြာဥာဏ်ဝါတွေကို ရိုးသားတဲ့လူတွေက သာမာန်အားဖြင့် မသိနိုင်ပါဘူး။ ဒါတောင် ပုဂ္ဂိုလ်ရေးဖြစ်သွားမှာစိုးလို့ တော်တော်ဆင်ဆင်ခြင်ခြင် ရေးထားတာပါ။ အဖြစ်အပျက်တစ်ခုကို အစအဆုံး တစ်ထိုင်တည်းနားထောင်ရတဲ့ လူကတော့ အမှန်အတိုင်းမြင်ရဖို့ နီးစပ်တာပေါ့ဗျာ။ တစ်ဆင့်ချင်း တကယ်ဖြစ်နေရတဲ့သူအတွက် အဲဒီလောက် မလွယ်ပါဘူး။ ဒါကို နားမလည်ဘဲ အလိမ်လည်းခံရသေး၊ ကိုယ်လိုမခံရပါစေနဲ့ ဆိုတဲ့ စေတနာနဲ့ ပြောပြသူကို ဖိပြောတတ်တဲ့ သူတွေကို စိတ်ပျက်လွန်းလို့ ရေးလိုက်တာပါ မစံပယ်ရေ။ အလိမ်ခံရတဲ့အခါ အဲဒီလိုတွေ ပြောခံရမှာစိုးလို့ ရှက်ပြီး မပြောသူတွေများလေ၊ လူလိမ်တွေအတွက် အခွင့်သာလေ ဖြစ်နေမှာပါ။ comment လေး ထားခဲ့တာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  3. ကျနော်လဲဒီလိုလူမျိုးအကြီးကြိးကြုံခဲ့ရဘူးသပေါ့။ နောက်ဆုံးတော့လဲဘယ်သူဟာလူဆိုးဘယ်သူဟာလူကောင်းကွဲသွားတာပါပဲလေ။

    ReplyDelete
  4. သုံးသပ်တာမှန်တယ်လို့မြင်ပါတယ်ဗျာ..

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...