Friday, March 30, 2012

Nantong သွား တောလား

Nantong ညရှုခင်း
ကင်းဝန်မင်းကြီးရဲ့ အင်္ဂလန်သွားတောလားကို မဖတ်ဖူးပေမဲ့ ကြားဖူးတယ်။ ကိုတာရဲ့ စိမ်းတဲ့မြေသို့အပြန် ကို ဖတ်တော့ မှတ်မိနေတာ ဘင်္ဂလားသွားတောလား တဲ့ဗျ။ အခြားတောလားတွေလည်း ပါသေးရဲ့။ အဲဒီတော့ ပညာရှိကြီးတွေ စာရေးဆရာကြီးတွေကို မတန်မရာ လိုက်တုတာတော့ မဟုတ်ပေမဲ့ တောလားတစ်ပုဒ်လောက်တော့ ရေးချင်သား။ ခက်တာက ကိုယ်က ကိုယ့်မြန်မာပြည်ထဲတောင် ကျိုက်ထီးရိုးလောက် ချောင်းသာလောက် ရောက်ဖူးတာဆိုတော့ အခက်သားလား။ ဝေးဝေးလံလံဆိုလို့ မူဆယ်၊ နမ့်ခမ်းကနေ တရုတ်ပြည် ဝမ်တိန်လောက်အထိတော့ ၉ တန်းကျောင်းသားအရွယ်လောက်က ရောက်ဖူးပါရဲ့။ ဒါပေမဲ့ ငယ်သေးတာကတစ်ကြောင်း၊ အခုလောက်လည်း ဟိုစပ်စပ်ဒီစပ်စပ် မစပ်စုတတ်သေးတာကလည်းတစ်ကြောင်းမို့ အခုနေပြန်စဉ်းစားတော့ ဘာမှလည်း မမှတ်မိပါဘူး။ လားရှိုးမှာ တစ်ညအိပ်ရတာတော့ မှတ်မိတယ်။ ဒီလောက်ပါပဲ။

အင်းလေးကန်ကြီး ရေတွေခန်းတဲ့သတင်းကြားတော့ စိတ်မကောင်းဘူး။ ငါဖြင့် ရောက်တောင် မရောက်ဖူးသေးဘူး….ခန်းတောင် သွားပြီကိုးလို့ တွေးမိတော့ တစ်ခါမှ မရောက်ဖူးသေးတဲ့ အင်းလေးကန်ကြီးကို အတော်နှမျောမိတယ်။ အခုနေသွားတော့လည်း အရင်လို အလှတွေ ဘယ်ရှိရှာတော့မလဲလေ။ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ရတဲ့ ကောင်မလေးကို အသက်ကြီးလို့ ပုံပျက်ပန်းပျက်ကြီးဖြစ်မှ ပြန်တွေ့ရသလို နေမှာပေါ့။ စိတ်မကောင်းစရာကြီး နေမှာပါဗျာ။ သဘာဝပါတ်ဝန်းကျင်ကို နားလည်တန်ဖိုးထားတတ်တဲ့ အချိန်ကျတော့ တော်တော်များများက မသိနားမလည်သူတွေ၊ ကိုယ်ကျိုးရှာ လောဘအိုးတွေ၊ လက်ညှိးထိုး ရောင်းစားသူတွေ လက်ချက်နဲ့ အသက်ငင်နေတဲ့ သဘာဝဝန်းကျင်တွေသာ အများစုဖြစ်နေတော့တာပဲ။


 ပုဂံဆည်းဆာဆိုတာ သိပ်လှသတဲ့။ စင်ကာပူက Tour ကုမ္ပဏီတွေ ကြော်ငြာတဲ့အထဲမှာ ပါတယ်။ ဟေ့.. မြန်မာပြည်သား ကွ။ ဒါပေမဲ့ ပုဂံဆည်းဆာလည်း မတွေ့ဖူးဘူး။ ပုဂံနေ့ခင်းကြောင်တောင်လည်း မမြင်ဖူးဘူး။ တစ်ခေါက်မှလည်း မရောက်ဖူးဘူး။ တောက်… ရှက်ဖို့တယ်ကောင်း..။ နိုင်ငံရပ်ခြား အလုပ်သွားလုပ်ပြန်တော့ ကိုယ်သွားတဲ့နိုင်ငံက နို့ဆီခွက်လောက် ရှိတာရယ်။ အဲဒီ ပုစိညှောက်တောက်နို့ဆီခွက်က နို့ဆီခွက်ထဲမှာ အကန့်အကန့်တွေခွဲ၊ တစ်နေရာနဲ့တစ်နေရာ မမြင်ရအောင်လုပ်ပြီး ကားလိုင်းပေါင်းတစ်ထောင်ကျော်နဲ့ အကျယ်ကြီးလို့ ထင်ရအောင် လှည့်စားထားပေမဲ့ အနေကြာလာတော့ သွားစရာက ဘာမှမရှိတော့။ ဒီလို ဗဟုသုတကြွယ်ဝပုံမျိုးနဲ့ တောလားရေးချင်တဲ့ ကျွန်တော်၊ ၂၀၁၂ နှစ်ဆန်းပိုင်းလေးမှာ အခွင့်အရေးလေးတစ်ခု ရပါတယ်။ အလုပ်တာဝန်နဲ့ စင်ကာပူကနေ တရုတ်ပြည် Nantong မြို့ကို သွားရတယ်။ အဲဒီမှာတင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ တောလားရောဂါဟောင်းက ပြန်ထလာပြီး မနေနိုင်မထိုင်နိုင် ရေးရာက ဒီစာလေးဖြစ်လာပါတယ်။ တကယ်တော့ တောလားဆိုပြီး ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်ပေမဲ့ ပညာရှိများ စာရေးဆရာကြီးများရဲ့ တောလားများနဲ့ ဘာမှမပါတ်သက်ဘဲ ရေးချင်ရာရေးကြောင်း ဝန်ခံအပ်ပါတယ်ခင်ညာ။

Nantong မှ တေးဂီတစည်းချက်နှင့် လှုပ်ရှားသော ရေပန်းအလှ
တိမ်သာသာနေ့တစ်နေ့ ဆန်းဒေးမှာပေါ့ခင်မျာ….၊ စင်ကာပူကနေ မနက် ရးဝ၀ နာရီ လေယာဉ်နဲ့ ရှန်ဟိုင်းကို သွားပါတယ်။ နေ့လည် ၁၂း၃၀ မှာ ရှန်ဟိုင်းကို ရောက်ပါတယ်။ ၅း၃၀ လောက် စီးခဲ့ရတဲ့ လေယာဉ်ခရီးစဉ် အဆုံးမှာ လေယာဉ်ပေါ်က မနက်စာလောက်ပဲ တီးခဲ့ရတဲ့ ကျွန်တော် ရှန်ဟိုင်းရောက်တော့ တော်တော်ဆာနေပါပြီ။ ရှန်ဟိုင်း Immigration ကို ဖြတ်၊ အထုတ်ရွေးပြီး ထွက်လာတော့ ၁၂း၄၅ လောက် ဖြစ်နေပါပြီ။ အပြင်မှာ လာကြိုတဲ့သူကို လိုက်ရှာတော့ ကျွန်တော့်နာမည်ကို ဆိုင်းဘုတ်ကလေးကိုင်ပြီး စောင့်နေတဲ့ တရုတ်တစ်ယောက်ကို တွေ့ရပါတယ်။ ဆိုင်းဘုတ်လို့သာ ပြောတာပါ။ စာရွက်မှာ ဆော့ပင်နဲ့မှင်စမ်းသလို ခြစ်ပြီး ကိုင်ထားတာကို ပြောတာ။ ကိုယ့်နာမည်မှန်းတော့ သိသပေါ့။ အဲဒါနဲ့ ဟိုင်း ဆို နှုတ်ဆက်လိုက်တော့ သူကလည်း ပြန်ဟိုင်းပါတယ်။ တရုတ်က တော်တော်ပိန်တဲ့ တရုတ်၊ တရုတ်ဘိန်းစစ်မှာ မသေလို့ ကျန်တဲ့ရုပ်မျိုးဗျ။ နှစ်ယောက်သား ရှန်ဟိုင်းလေဆိပ်မှာ တဟိုင်းဟိုင်းလုပ်ကြပြီးတော့ အလွန်တရာပီသတဲ့ ဘိလပ်သံနဲ့ တရုတ်ငပိန်ကို  What’s your name? လို့ မေးလိုက်ပါတယ်။ သူကလည်း အလိုက်တသိ ပြန်ဖြေပါတယ်။

"….%%&$@*$*#^…."

ကွန်ပျူတာကီးဘုတ်ကို လက်နဲ့ဖိမိတာ မဟုတ်ပါ။ သူဖြေတာကို ကျွန်တော်နားလည်သလို ဘာသာပြန်ထားတာပါ။ နောက်ထပ်တစ်ခွန်း မေးတော့လည်း အဲဒီလိုပါပဲ။ အခြေအနေကို သဘောပေါက်သွားတဲ့ ကျွန်တော်လည်း မထူးတော့ဘူးဆိုပြီး မြန်မာလို ပြောပါတယ်။ သူက တရုတ်လို ပြောပါတယ်။ တကယ်ကတော့ နှစ်ယောက်စလုံး တစ်ယောက်ပြောတာတစ်ယောက် နားမှ မလည်တာဂျာ… နားမလည်တဲ့နောက်တော့ မထူးဘူးလေ။ ဘယ်လို ပြောပြောပေါ့။ လေဆိပ်အပြင်ကို ထွက်လိုက်တော့ ရှန်ဟိုင်းက အေးစက်စွာ ကြိုဆိုပါတယ်။ နေ့ခင်း ၁ နာရီမှာ အနှုတ် ၆ ဒီဂရီစင်တီဂရိတ် ရှိနေတဲ့ ရှန်ဟိုင်းက နွေးထွေးစွာ ကြိုဆိုတယ်ဆိုရင် ညာပြောတာ နေမှာပါပဲ။ ရုတ်တရက်ဆိုတော့ ကျွန်တော် ကျုံ့သွားပါတယ်။ ခြေတွေလက်တွေပြောတာ။

အေးတယ်ဗျ။ စင်ကာပူမှာ ၃၀ ဒီဂရီစင်တီဂရိတ်နဲ့ နေလာတာ၊ အခု အနှုတ် ၆ ဒီဂရီဆိုတော့ မကျုံ့ဘဲနေမလား။

ကျွန်တော်လည်း ဗိုက်က ဆာနေပြီဆိုတော့ တည်းခိုခန်းရောက်မှ တစ်ခုခုမှာစားမယ်လို့ စိတ်ကူးလိုက်ပါတယ်။ အဲဒါနဲ့ ငပိန်ကို လက်ဟန်ခြေဟန်နဲ့ အနားယူမဲ့နေရာ တန်းသွားမယ်လို့ ပြောလိုက်မိတာ တော်တော်မှားသွားမှန်း နောက်မှ သိရပါတယ်။ ဒါတောင် ကျွန်တော်ပြောချင်တာကို နားလည်သွားတာလား… တစ်ယောက်ယောက်က မှာလိုက်လို့ Auto သိနေတာလား ခုထိမသေချာပါဘူးဗျာ။ သူ့ကားနဲ့ လိုက်ခဲ့တယ်ပေါ့။ စင်ကာပူကလာတဲ့ မြန်မာပြည်သားဆိုတော့ ရှန်ဟိုင်းက တို့မြန်မာပြည်နဲ့ တူသလား၊ စင်ကာပူနဲ့ တူသလား… နည်းနည်းတော့ ယှဉ်ကြည့်တာပေါ့ဗျာ။ ကိုယ်သိတာလည်း ဒီနှစ်နိုင်ငံပဲ ရှိတာကိုး။ ကားထဲက ထိုင်ခုံမှာ ထိုင်၊ ထိုင်ခုံခါးပါတ်ကို ဆွဲလိုက်ပြီးမှ ချိတ်ရမဲ့ချိတ်က ပျက်နေတာတွေ့ပါတယ်။ ပျက်နေတာကလည်း ဘယ်နှနှစ် ဘယ်နှစ်ကာလက ပျက်နေမှန်းမသိတဲ့ အနေအထားဗျ။ အင်း… တို့နိုင်ငံနဲ့တူတာ တစ်ချက်တော့ တွေ့ပြီပေါ့။ မှတ်ထားလိုက်တယ်။ လမ်းတွေကတော့ ကောင်းသလား မမေးနဲ့။ ဒါကတော့ စင်ကာပူနဲ့ တူသပေါ့။ ကိုယ့်နိုင်ငံကိုယ် နှိမ်တာ မဟုတ်ဘူးဗျ။ သူများနိုင်ငံတွေ ရောက်တော့မှ ကိုယ်တွေဘယ်လောက် ကျန်ခဲ့တယ်ဆိုတာ သိတာ။

 ၁ နာရီလောက် မောင်းပြီးတဲ့အထိ ရောက်သေးဘူးဗျ။ မှားသွားတယ်ဆိုတာ အဲဒါပါပဲ။ ဗိုက်က ဆာပါတယ်ဆိုမှ မရောက်နိုင်သေးတော့ သူ့ကို နည်းလမ်းမျိုးစုံနဲ့ ဆက်သွယ်ကြည့်တယ်။ မရောက်သေးဘူးလား… ဆာနေပြီ… ဘယ်လောက် ကြာကြာမောင်းရဦးမလဲပေါ့ဗျာ။ သူကလည်း တော်တော်သဘောပေါက်သွားပုံရပါတယ်။ သြော်…သြော်…. ဆိုပြီး နားလည်မှုအပြည့်နဲ့ ဆေးလိပ်ဘူး ထုတ်တိုက်ပါတယ်။ ဒီတစ်ခါ သဘောပေါက်သွားတာက ကျွန်တော်ပါ။ ရှဲ…ရှဲ..နီ.. လို့ ပြောပြီး လက်ကာပြ၊ တစ်လမ်းလုံး တိတ်တိတ်ကလေးပဲ လိုက်ခဲ့ပါတော့တယ်။ နောက်ဆုံး လူကုန်ကူးလိုက်ရင်လည်း မတတ်နိုင်တော့တဲ့ ဘဝဗျို့။

Nantong မြို့လယ်တစ်နေရာ
ဆာဆာနဲ့ လိုက်လာလိုက်တာ ကျွန်တော်တာဝန်ကျတဲ့ Nantong ကို ရှန်ဟိုင်းကနေ ၃ နာရီကျော် ၄ နာရီနီးပါး ကားစီးပြီးမှ ရောက်ခဲ့ပါတယ်။ တည်းခိုခန်းရှေ့ရောက်တော့ အထုတ်ချပေးပြီး လက်ကလေးပြလို့ ဘော်ဒါကြီးငပိန် ပြန်သွားပါတော့တယ်။ Nantong မြို့ရဲ့ ညနေခင်းကလည်း အေးသပေါ့ခင်ဗျာ။ နှင်းကာ အနွေးထည်လေး ဝတ်ထားတဲ့ကျွန်တော် စိမ့်နေအောင်အေးတာပေါ့။ နေရမဲ့ တည်းခိုခန်းက HOME INN ပါတဲ့။
အထဲကို အထုတ်ကလေးဆွဲဝင်သွားတော့ ဧည့်ကြိုကောင်မလေးတွေက နိဟောင် လို့ နှုတ်ဆက်ကြတယ်။ ကိုယ်လည်း ပြန်ဟောင်လိုက်တယ်။ အရင်ဟောင်ပြီးတော့မှ ဧည့်ကြိုကောင်တာကို ကျွန်တော်တို့ ပရောဂျက်မန်နေဂျာနာမည် ပြောပြီး မေးလိုက်တယ်။ ဧည့်ကြိုကောင်မလေးတွေက ပြန်ဖြေတယ်။

"….%%&$@*$*#^….^^&*##$...."

လေပါတယ်ခင်မျာ။ ဒီတစ်ခါလည်း ဘာတွေမှန်း မသိပြန်ပါဘူး။ ဒါပေမဲ့ Mr. Mike ဆိုတဲ့ နာမည်ကိုကြားတော့ သဘောပေါက်သွားကြတယ် ထင်ပါတယ်။ ဖုန်းလှမ်းဆက်ပေးတော့ Mr. Mike ဆင်းလာပါတယ်။ သူကလည်း အသက်ကသာ ကြီးတာ၊ နာမည်နဲ့လိုက်အောင် ခပ်မိုက်မိုက်ပဲ ဦးထုပ်နောက်ပြန်ဆောင်းထားတယ် ခင်ဗျ။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြပြီး သူ့ဘာသာပြန်မှုနဲ့ နေရမဲ့အခန်းကို ရောက်ခဲ့တယ်ပေါ့ဗျာ။ ဆရာသမားက စလုံး တရုတ်ဗျ။ တရုတ်လို ကောင်းကောင်းပြောတတ်ပေမဲ့ မရေးတတ်၊ မဖတ်တတ်ဘူး။ နေရတာတော့ ကျွန်တော်တစ်ယောက်တည်း တစ်ခန်းနေရတာပါပဲ။ ရောက်ရောက်ချင်း ဘာပြောကောင်းမလဲ၊ အထုတ်ကလေးဖွင့်၊ အဝတ်အစား ထူထူထဲထဲ ကမန်းကတမ်းဝတ်၊ တည်းခိုခန်းကထွက်၊ ဝါးတီးရှာတာပေါ့။
Nantong KFC အမှတ်တရ
ဟော… တွေ့ပြီ။ စင်ကာပူမှာ ကိုယ်နဲ့ရင်းနှီးပြီးသား ဆိုင်။ KFC ကြက်ကြော်။ စင်ကာပူမှာဆို ကိုယ့်ရဲ့အကြိုက်ဆုံးထဲက တစ်ခုပေါ့။ အားရဝမ်းသာ ဆိုင်ထဲဝင်သွားလိုက်တယ်။ မျက်စိထဲမှာ စားနေကျ ကြက်ကြော် ၂ တုံးကို မြင်နေတာပေါ့။ အရောင်းကောင်တာနောက်က ပုံတွေကို ကြည့်လိုက်တယ်။ တစ်ခုခုတော့ ထပ်မှားနေပြီလို့ သိလိုက်တယ်။ သူတို့ဆီက KFC က ကြက်သားရော၊ အမဲသားရော၊ ထမင်းရော၊ အီကြာကွေးရော၊ ပြောင်းဖူးပြုတ်ရော ရောင်းတယ်ဗျ။ ကျွန်တော် တစ်ခါမှ မမြင်ဘူးတဲ့ Menu တွေ။ အဲဒါနဲ့ ကောင်တာက ကောင်မလေးကို မေးကြည့်ဖို့ Excuse me! ပဲ ပြောရသေးတယ်။

"….%%&$@*$*#^…."

ငါတော့ ဒုက္ခပဲ… လို့ စိတ်ထဲက ရွတ်မိတယ်ထင်တယ်။ တွေ့သမျှလူတွေအားလုံး တရုတ်လိုတွေချည်း စွတ်လွှတ်နေတော့တာပဲ။ တရုတ်ပြည်ကိုသွားရင် တရုတ်လိုအပြောခံရတာ မဆန်းပေမဲ့ သူတို့အများစုက အင်္ဂလိပ်လို လုံးဝနီးပါး မသိတာဗျ။ ပိုဆိုးတာက အင်္ဂလိပ်နာမည်တွေပါ သူတို့အသံထွက်နဲ့ ဖလှယ်ပစ်လိုက်တော့ နာမည်တွေပါ ခြေရာကောက်လို့ မရတော့တာ။ ဥပမာ ကျွန်တော်တို့ China ကို တရုတ်လို့ ခေါ်သလိုပေါ့ဗျာ။ ချိုင်းနားနဲ့ တရုတ်၊ မူရင်းအသံထွက်နဲ့ ဘာမှကို မဆိုင်တော့တာ။ KFC က တရုတ်မလေးလည်း သူပြောသမျှ ပါးစပ်အဟောင်းသား အူကြောင်ကြောင်နဲ့ နားထောင်နေတဲ့ ကျွန်တော့်ကို တရုတ်လို မပြောတတ်မှန်း သိသွားတော့မှ International လက်ဟန် ခြေဟန်တွေနဲ့ နားလည်မှု ယူကြပြီး ကြက်ကြော် ၂ တုံးကို သောက်စရာမပါဘဲ အခြောက်တိုက် မျိုခဲ့ရပါတယ်။ သောက်စရာလေး မှာချင်ပေမဲ့ ထပ်မှာဖို့ စိတ်ညစ်သွားပြီဗျာ။ မှာပြီးရင်လည်း မြန်မြန်စားမှ ဗျ။ အချိန်တိုအတွင်း အကုန်အေးသွားရော။ ဒါကြောင့် တရုတ်တွေ အစားစားရင် ဖလူး…ရှလူး… နဲ့ ကျားလိုက်သလို စားကြတာနေမှာပဲလို့ တွေးမိပါရဲ့ဗျာ။ ဘေးမှာ အတွဲလေးတစ်တွဲ ထိုင်စားနေတယ်ဗျ။ အဲဒီက ကောင်မလေးက ကျွန်တော့်ကို လှမ်းလှမ်းကြည့်တယ်။ ဖြူဖြူတွေထဲမှာ ခပ်မည်းမည်း ဂြိုလ်သားတစ်ကောင် သောက်စရာဘာမှမပါဘဲ ကြက်ကြော် ၂ တုံးကို အခြောက်တိုက် ဝါးနေတော့ ထူးဆန်းလို့ နေမှာပေါ့ဗျာ။ အင်း… Nantong ရဲ့ ကြိုဆိုပုံကတော့ အေးစက်စက်၊ ခြောက်တောက်တောက်နဲ့ လည်ပင်းက နင် သေး……။

ညနေဘက်ကျတော့မှ ကျွန်တော့်ဆရာသမားနဲ့ ကျွန်တော့်အရင် ကျွန်တော့်လိုပဲ တာဝန်နဲ့ ရောက်နေတဲ့ တရုတ်တစ်ယောက်က ဖုန်းဆက်ပြီး ညစာအတူစားဖို့ ခေါ်ပါတယ်။ ဒီတရုတ်က စင်ကာပူကုမ္ပဏီမှာ ကျွန်တော်နဲ့ ဋ္ဌာနမတူပေမဲ့ မျက်မှန်းတော့ တန်းမိကြတယ်ပေါ့ဗျာ။ သူက နဂိုကတည်းက ပြည်ကြီးတရုတ်ဆိုတော့ နယ်ခံလို ဖြစ်နေတာပေါ့ဗျာ။ သူနေတဲ့ မြို့ကို သွားချင်ရင် ၅ နာရီလောက် ကားထပ်စီးရတယ် ဆိုလားပဲ။ ဘာပဲဖြစ်ဖြစ် သူ့ကျေးဇူးက မနည်းဘူးဗျ။ အလုပ်ချိန်ပြီးရင် ဟိုဟိုဒီဒီ အကုန်လိုက်ပို့ပါတယ်။ ညနေစာ ဝါးတီးကိုလည်း တစ်ရက်တစ်မျိုး မရိုးရအောင် လိုက်ကျွေးပါတယ်။ ဒါနဲ့ပဲ သူ့ကို Dinner Manager လို့ နာမည်ပြောင် ပေးထားလိုက်တယ်။
Nantong က ပြောရမယ်ဆိုရင် ရှန်ဟိုင်းလောက်တော့ တရုတ်ပြည်ရဲ့ စီးပွားရေး အချက်အချာထဲမှာမပါဘူး လို့ပြောနိုင်ပေမဲ့ (county-level cities) တရုတ်ပြည်ရဲ့ နိုင်ငံအဆင့်ရှိတဲ့ မြို့တော် ၁၀၀ ထဲမှာ ပါတယ်ဗျ။ လူဦးရေ ၇ သန်းကျော်ရှိပြီး အတော်စည်ကားတဲ့ မြို့ခင်ဗျ။ Nantong ဆိုတာ Pearl of the River and Sea လို့ အဓိပ္ပါယ်ရသတဲ့။ မြစ် နဲ့ ပင်လယ်ရဲ့ ပုလဲရတနာ..လို့ ဘာသာပြန်ရမယ်ထင်တယ်။ ဟန် မင်းဆက် အုပ်စိုးစဉ်က မြို့တော် ဖြစ်ခဲ့တယ်လို့ ဆိုတယ်။ ယန်စီမြစ်ပေါ်က ပြူတင်းပေါက် (the First Window on the Yangtze River) လို့လည်း ဆိုပါတယ်။

ခရီးလည်းတွင် ဈေးလည်းချိုတဲ့ e-bike လေးတွေ
မြို့လည်မှာ ယာဉ်အသွားအလာထိန်းချုပ်တဲ့ မျှော်စင်၊ China Mobile ရဲ့ အဆောက််အဦးနဲ့ တာဝါတိုင်တွေ ရှိပါတယ်။ ထူးခြားချက်ကတော့ e-bike လို့ ခေါ်တဲ့ ဆိုင်ကယ်လေးတွေပါပဲ။ ဆူပါကပ်တို့ စကူတာတို့လို ဆိုင်ကယ်လေးတွေနဲ့ ဆင်ဆင်တူပေမဲ့ အင်ဂျင်မပါဘဲ ပြန်အားသွင်းလို့ရတဲ့ ဘက်ထရီနဲ့ မောင်းရတာလေးတွေပါ။ ၄ နာရီလောက် အားသွင်းပြီးရင် ဈေးနှုန်းပေါ်မူတည်လို့ ၁၂ မိုင်ကနေ ၃၃ မိုင် လောက်ထိ ဆက်တိုက် သွားနိုင်ပါတယ်။ အသံလည်း မဆူ၊ မီးခိုးလည်း မထွက်၊ လောင်စာဆီလည်း မလိုတော့ တော်တော်ကြီးကို ကောင်းလွန်းပါတယ်လို့ ပြောရမှာပါ။ ဈေးနှုန်းကလည်း အကြမ်းဖျင်းအနေနဲ့ စင်ကာပူဒေါ်လာ ၃၀၀ ဝန်းကျင်လေးတွေကနေ ၂၀၀၀ လောက်ထိ ရှိတာမို့ လူတန်းစားမရွေး နိုင်ငံတိုင်းမှာ သုံးသင့်တယ်ဗျ။ အများစု သုံးကြတာကတော့ ယွမ် ၂၀၀၀ (စင်ကာပူဒေါ်လာ ၄၀၀ ဝန်းကျင်) လေးတွေပါပဲ။ သဘာဝပါတ်ဝန်းကျင် ထိခိုက်မှုလည်းနည်းပါး၊ အရာလည်းရောက်၊ ဈေးကလည်းချိုသမို့ သူတို့တစ်မြို့လုံးတော့ အဲဒါလေးတွေနဲ့ချည်း တွေ့ခဲ့တာပါပဲ။ စီးတဲ့အခါ ဟဲလ်မက်ဆောင်းတဲ့သူ အနည်းအကျဉ်းတော့ တွေ့ခဲ့ပေမဲ့ အများစုကတော့ မဆောင်းပါဘူး။ တစ်ခု ပြောစရာရှိတာက ပလက်ဖေါင်းပေါ် လမ်းလျှောက်ရင် နောက်ကိုလှည့်လှည့် ကြည့်ရတယ်။ e-bike သမားတွေက လမ်းပေါ်ရော၊ ပလက်ဖေါင်းပေါ်ရော နေရာတကာမှာ မောင်းကြတာဆိုတော့ ဘယ်အချိန်က ကိုယ့်နောက်မှာ အသံတိတ်ကြီး ရောက်နေမှန်း မသိတာ။ မတော်လို့ တိုက်မိရင် ဒီလောက်အေးတဲ့ နေရာကြီးမှာ ခံစားလိုက်ရမယ် ဖြစ်ခြင်းဗျာ။

လမ်းပြောင်းပြန် မောင်းသွားတာလည်း တွေ့ရဲ့ဗျ။ e-bike နောက်မှာ ထွေလာတပ်ပြီး ဆွဲသွားတာလည်း တွေ့ခဲ့ပါတယ်။ ကားတွေ ဆူညံနေအောင် ဟွန်းတီးတတ်တာရယ်၊ လူကူးမျဉ်းကြားမှာ ယာဉ်တွေနဲ့ လူတွေနဲ့ အားပြိုင်ရတာရယ်ကတော့ ရွှေပြည်ကြီး အတိုင်းပဲခင်ဗျ။ ရွှေပြည်ကြီးမှာတော့ အခု ဟွန်းမတီးကြရတော့ဘူးလို့ ကြားရတာ ဝမ်းသာစရာပါ။ တစ်ဆက်တည်း သဘောပေါက်တာက လျှပ်စစ်မီးနိုင်နိုင်နင်းနင်း မပေးနိုင်ဘဲနဲ့တော့ နိုင်ငံတစ်ခု တိုးတက်ဖို့ အရမ်းဝေးတယ် ဆိုတာပါပဲ။ သူတို့ဆီမှာ လမ်းဘေးဆိုင်လေးတွေကအစ LED ဆိုင်းဘုတ်လေးတွေနဲ့ လှကြပါသဗျာ။ လျှပ်စစ်တွေ ပိုနေလို့ ရောင်းစားနေရပါတယ်ဆိုတဲ့ ကျွန်တော့်တို့ဆီက အရူးကို ခေါ်ပြချင်ပါရဲ့ဗျာ။ (မအောင့်နိုင်လို့ ရေးမိပြန်ပြီ။)

Nantong မှာ ဘတ်စ်ကားစီးရတာလည်း စိတ်ချမ်းသာစရာပါ။ ဘယ်သွားသွား ၁ ယွမ်ပဲ ပေးရပါတယ်။ တစ်မှတ်တိုင်တည်းစီးစီး၊ ဂိတ်စဂိတ်ဆုံးစီးစီး တူတူပါပဲ။ ဘာပဲဖြစ်ဖြစ် စင်ကာပူတို့ တရုတ်တို့မှာ နိုင်ငံခြားသားတစ်ယောက်အတွက် သွားရေးလာရေးအဆင်ပြေပါတယ်။ ကျွန်တော်တို့ဆီမှာလို ကြပ်ညပ်နေတဲ့ ဘတ်စ်ကားတွေ၊ မခြေမငံဆက်ဆံတတ်တဲ့ ကားစပါယ်ယာတွေ၊ ဂိတ်ဝင်ခါနီးမှ တံခါးတွေ အတင်းပိတ်ခိုင်းပြီး Air-Con ဖွင့်တတ်တဲ့ အထူးယာဉ်တွေ၊ ပုံသေဈေးနှုန်းမရှိတဲ့ Taxi တွေနဲ့တော့ နိုင်ငံခြားသားတစ်ယောက် အတွက် ဘယ်လိုမှ အဆင်မပြေပါဘူး။ အထူးစီစဉ်ထားတဲ့ ကားတွေ ရထားတွေကိုသာ သုံးနေရသရွေ့၊ ဧည့်စာရင်း ဆိုတဲ့ဟာကြီး မပျောက်သရွေ့၊ အာဏာပြချင် အရိုအသေ အရမ်းအပေးခံချင်တဲ့ ကြီးနိုင်ငယ်ညှင်း အာဏာရှင် သေးသေးကြီးကြီးတွေ ရှိနေသရွေ့၊ လာဘ်ပေးလာဘ်ယူတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဋ္ဌာနတွေ ရှိနေသရွေ့ ခရီးသွားလုပ်ငန်း အောင်မြင်သင့်သလောက် အောင်မြင်မှာမဟုတ်ပါဘူး။ မြန်မာပြည်ကို သွားလည်ရမှာကို စွန့်စားမှုတစ်ခုလို မြင်နေရသရွေ့ စီးပွားရေးလုပ်ငန်းတွေ တိုးတက်ဖို့ နှေးနေဦးမှာပါ။

Nantong ကားမှတ်တိုင်
Nantong  မှာဈေးဝယ်ရတာတော့ မဆိုးလှပါ။ အတန်ဆုံးကတော့ ဖိနပ်တွေပါ။ စင်ကာပူက Jurong Point လောက်ကြီးတဲ့ Shopping Mall ကြီး တွေလည်းရှိပါတယ်။ သူတို့ နိုင်ငံက ပြည်တွင်းဖြစ်တွေနဲ့တင် အဆင်ပြေအောင် လုပ်ထားနိုင်တော့ နေရာတကာမှာ ပြည်တွင်းဖြစ်တွေပဲ များပါတယ်။ Mobile Phone ဆိုင်တွေကို ကြည့်လိုက်ရင်လည်း ကျွန်တော်တစ်ခါမှ မတွေ့ဖူးတဲ့ Phone brand တွေကို Plan နဲ့ ရောင်းနေကြတာပါပဲ။ iPhone ဆိုလည်း အတုပေါ့ဗျာ။ သူတို့ဆီမှာ iPhone 4 တို့ 4S တို့ကို အစစ်ကိုင်နိုင်တဲ့သူက ဆရာပဲ။ ယွမ် ၅၀၀၀ လောက် ရှိတာကိုး။ စင်ကာပူဈေး အတိုင်းပဲပေါ့ဗျာ။ သူတို့ အနေနဲ့ ကြည့်ရင် တော်တော်ပိုက်ဆံတတ်နိုင်မှ ဝယ်နိုင်မှာကိုး။ ဒါကြောင့်လည်း တရုတ်ပြည်မှာ iPhone ဝယ်ဖို့ ကျောက်ကပ်ထုတ်ရောင်းတာတို့၊ အပျိုစင်ဘဝကို iPhone နဲ့ လဲတာတို့ ဖြစ်ကြတာပေါ့ဗျာ။ Internet Wi-Fi ကို နေရာအတော်များများမှာ ရပါတယ်။ facebook နဲ့ blogspot လုံးဝသုံးလို့ မရတာရယ်၊ ဘာညာ Web Site တွေနဲ့ နိုင်ငံရေး Site တွေ ပိတ်ထားတာရယ်က လွဲရင် မဆိုးပါဘူး။ (ဘာမှ လည်းမကျန်တော့ဘူးလေ။) ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ ကျော်တဲ့ခွတဲ့ Software ကို လစဉ်ကြေး ပေးဝယ်ပြီး ကျော်ကြည့်ခွကြည့် ရတယ်လို့ ဆိုပါတယ်။

တရုတ်ပြည်မှာ အလုပ်လုပ်ဖို့ ဆိုရင်တော့ သေသေချာချာ မေးရမဲ့ကိစ္စက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးပါပဲ။ တရုတ်ပြည်မှာ ကြားခဲ့ရ သိခဲ့ရသလောက်ကတော့ လူတစ်ယောက်ရဲ့ အသက်တစ်ချောင်းအတွက် တော်တော်ဈေးပေါပါတယ်။ ပြီးခဲ့တဲ့ တလောက သတင်းမှာ ကြည့်လိုက်ရတဲ့ ကလေးလေးကို ကားတိုက်သွားတာ ဘယ်သူမှ မကူဘဲ ရှောင်ကွင်းသွားနေကြတာ မယုံမရှိပါနဲ့။ လုပ်ငန်းခွင်မှာ တစ်ခုခုဖြစ်သွားရင်လည်း အလောင်းဘေးချပြီး ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြတယ် လို့ ဆိုပါတယ်။ ကျွန်တော်မြင်သလို ပြောရရင်တော့ တရုတ်အစိုးရဟာ သူ့ရဲ့များပြားလှတဲ့ ပြည်သူပြည်သားတွေရဲ့ ပါးစပ်ပေါက်တွေအတွက် စီးပွားရှာတဲ့နေရာမှာ စည်းတွေဘောင်တွေ သိက္ခာတွေကို မကြည့်နိုင်တော့ဘဲ ရရင်ပြီးရော လုပ်ပုံရပါတယ်။ ပိုက်ဆံမျက်နှာပဲ ကြည့်တော့တာပေါ့။

ဒါကြောင့် တရုတ်ပြည်သူတွေမှာလည်း အဲဒီစိတ်တွေ ကိန်းလာပုံပေါ်ပါတယ်။ ကားနဲ့တိုက်မိလို့ မသေဘဲတစ်ခုခု ဖြစ်တာဆိုရင် ပိုက်ဆံပိုကုန်တယ်ဆိုပြီး တိုက်မိတဲ့သူကို ကားနဲ့ မသေ သေအောင် နောက်ပြန်ကြိတ်တဲ့ အမှုတွေ ဖြစ်တာ ဒီသဘောတွေပါပဲ။ မိဘတွေကလည်း ဖြစ်ရင်အသေသာလုပ်ခဲ့၊ လျော်ရတာသက်သာတယ်လို့ သင်ကြားပေးတယ်ဆိုပဲ ခင်ဗျ။ ကျွန်တော်တို့ဆီက မြစ်ဆုံစီမံကိန်းလို ဟာမျိုးကလည်း ဒီသဘောမကင်းပါဘူး။ နိုင်ငံတိုးတက်လေ စွမ်းအင်လိုအပ်ချက်က တိုးလာလေလေ သူ့နိုင်ငံက သဘာဝရင်းမြစ်တွေ ပျက်ဆီးကုန်လေလေဆိုတော့ ဘယ်မျက်နှာမှ မထောက်တော့ဘဲ သူ့လူတွေလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကျွန်တော်တို့နိုင်ငံကို ဖြစ်ချင်ရာဖြစ် ပိုက်ဆံနဲ့ ဖျက်ဆီးတာပဲလို့ မြင်မိပါတယ်။

ကျွန်တော်ကတော့ Nantong က ပြန်လာပြီးကတည်းက အတွေးစတချို့ ရနေပါတယ်။ ချရေးလို့လည်း ဆုံးမှာမဟုတ်ပါ။ အဲဒီမှာ အလုပ်လုပ်တော့ iPhone ထဲမှာ Google Translator ကို Install လုပ်ထားရပါတယ်။ ကျွန်တော်ပြောချင်တာကို အင်္ဂလိပ်လို ရိုက်ထည့်လိုက်ရင် ဖုန်းက တရုတ်လို ဘာသာပြန်ဖေါ်ပြပေးရုံမက အသံပါထွက်ပြီး တရုတ်လို ပြောပေးပါတယ်။ သူတို့ ပြန်ပြောရင်လည်း ဒီလိုပဲပေါ့ဗျာ။ iPhone ကျေးဇူးနဲ့ သွားလမ်းသာလို့ လာလမ်းဖြောင့်ခဲ့ပါတယ်။

ဒီမှာ မိတ်ဆွေ…. တရုတ်ပြည်များ သွားမယ်ဆိုရင်လေ… iPhone တစ်လုံးတော့ ပါအောင်သယ်သွားဖို့ မှာလိုက်ပါရစေ…၊ သြော်…. iPhone ထိုးတဲ့ တုတ်တံလေးတစ်ခုပါ ဝယ်သွားနော်… လက်ကို လက်အိတ်ထဲက ထုတ်ပြီး နှိပ်နေရရင် အနှုတ် ၆ ဒီဂရီတို့ ၁၀ ဒီဂရီတို့နဲ့ တွေ့သွားလိမ့်မယ်။ ပြီးတော့ Eat ရင် Eat ၊ မ Eat ရင် ဂိ မှာတဲ့ဗျ။ အစားများများစားမှ အအေးဒါဏ်ခံနိုင်မှာမို့ အဲဒီက ပြန်လာရင် ဝိတ်လျော့ဖို့ မမေ့နဲ့ပေါ့ဗျာ…နော့….

နေရာသစ်မှာ မိတ်ဆွေကောင်းအသစ်တွေ ရခဲ့တာတော့ ဒီခရီးစဉ်ရဲ့ အကျိုးအမြတ်အရှိဆုံး အပိုင်းလို့ ပြောရမယ်ထင်ပါတယ်။

ဘယ်လောက်အေးအေး…. ကောင်မလေးတွေကတော့ အပေါ်သာထူထူထဲထဲ ဝတ်ကြပေမဲ့ အောက်ကတော့ အသားကပ်တွေ အဝတ်များကြောင်းလည်း သတင်းကောင်း ပါးလိုက်ပါရစေလား။

မိန်းမတွေက ပူတတ်ကြတယ် ထင်ပါရဲ့…………..

ကျွန်တော်က ခဏပဲနေခဲ့ရတော့ သိသလောက်လေး ရေးတာပါပဲ။ ကျွန်တော့်ထက် ပြည့်ပြည့်စုံစုံရှိပြီး ဓါတ်ပုံလေးတွေနဲ့ ဝေဝေဆာဆာရှိတဲ့ ဆောင်းပါးလေးတစ်ခု အမှတ်မထင် ဖတ်မိလို့ link လေး ပေးလိုက်ပါတယ်။ နှုတ်ဆက်ခဲ့ပါတယ် နန်တုန်... တဲ့။
(ဓါတ်ပုံများကို Google မှ တချို့ နှင့် ကျွန်တော်ရိုက်ထားသော ပုံများကို အသုံးပြုပါသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...