Friday, January 6, 2012

သံသရာစမ်းရေ (အပိုင်း ၆)

(အမှန်တော့ သံသရာစမ်းရေသည် သမီးလေးတစ်ယောက်ရပြီးသည့်နောက် သားသမီးနေရာမှ ဖခင်ဖြစ်လာသူတစ်ဦး၏ အတွေးစများကို ဝေမျှခြင်းသာဖြစ်ပါသည်။ ဝေမျှသည်ဆိုသည့်အတိုင်း နှစ်သက်သည်များကို ယူ၍ မနှစ်သက်သည်များ၊ အသုံးမတဲ့သည်များကို လွှင့်ပစ်နိုင်ပါသည်။ အဆိုတော် ဇော်ဝင်းထွဋ္ဋ်၏ သံသရာစမ်းရေသီချင်းလေးကို ယခု ကိုယ်တိုင် ဖခင်နေရာရောက်လာသောအခါမှ ပိုပြီးခံစားတတ်လာသောကြောင့် ဤအခန်းဆက်ဆောင်းပါးရှည်ကို သံသရာစမ်းရေဟု အမည်ပေးလိုက်ပါသည်။ မည်သူ့ကိုမှ ကဲ့ရဲ့လိုသောသဘော မပါသလို ထိခိုက်နစ်နာစေလိုသော သဘောမပါ ပါ။ အချိန်လုပြီးရေးရသဖြင့်လည်းကောင်း၊ ရောက်တတ်ရာရာ မပြတ်သော စိတ်ကူးအလျှင်ကို ပျောက်ပျက်သွားမည် စိုးသောကြောင့်လည်းကောင်း၊ ကြုံသလိုရေးခြင်းဖြစ်သောကြောင့် လည်းကောင်း၊ အကြောင်းအရာ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်း နှင့် မတော်တဆ တိုက်ဆိုင်မှုများရှိခဲ့လျှင် နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)

ဒုတိယမြန်မာပြည် ခြင်္သေ့တို့ဆီ
 
ခေတ်ကာလ တောင်းဆိုမှုအရ ကျွန်တော်တို့ လူငယ်တွေအများအပြား ပြည်ပနိုင်ငံတွေကို ထွက်ကြတဲ့ထဲမှာ စင်ကာပူကတော့ ဒုတိယမြန်မာပြည်လို့ ဆိုရလောက်အောင် မြန်မာတွေ များပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စင်ကာပူမြေကို ခြေချခဲ့တာ အခုဆို ၉ နှစ်ကျော် ၁၀ နှစ်နီးပါး ရှိလာခဲ့ပြီကော။ စ စခြင်း Work Permit (WP) ၊ နောက် ၅ နှစ်ကြာတော့ Employeement Pass (EP) ရ ၊ EP နဲ့ တစ်နှစ်မပြည့်ခင် Permanent Resident (PR) ရပါတယ်။

WP ဘဝကနေ လွတ်ဖို့ ကြိုးစားရတာ မလွယ်ပါ။ စင်ကာပူမှာ အခွင့်အလမ်းတွေ ရှိတယ်ဆိုတာ မှန်ပေမဲ့ လွယ်လွယ်နဲ့တော့ ဘယ်ဟာမှ မရပါ။ WP ကနေ S-Pass, EP ဖြစ်အောင် အပြင်းအထန် ရုန်းကန်ပြီးတော့ PR ရဖို့ လုပ်ရပြန်ရော။ PR မတင်ခင်မှာပဲ ကျွန်တော် မြန်မာပြည်ပြန်ပြီး အိမ်ထောင်ပြုပါတယ်။ PR တင်တော့ ဇနီးသည်ကိုပါ တွဲတင်ပါတယ်။ တင်ပြီး (၃) လ ပြည့်ခါနီးမှာပဲ နှစ်ယောက်စလုံး PR ရခဲ့ပါတယ်။ ပျော်လိုက်သည်ဖြစ်ခြင်း။ ပျော်ပေမပေါ့။ ဒီအခြေအနေရောက်ဖို့ ကျွန်တော် (၆) နှစ်နီးပါး ပင်ပန်းဆင်းရဲကြီးစွာ ကြိုးစားခဲ့ရသည်ပဲ။ ထမင်းငတ်ခံ ကြိုးစားရတယ်ဆိုတာ အပြောမဟုတ်။ တကယ်ကြီးကို စားစရာမရှိခဲ့ပါ။ ဒါပေမဲ့ ယုံကြည်ချက်နဲ့ ကြိုးစားခဲ့သလို စင်ကာပူမှာ WP နဲ့ စ လာပြီး PR ရတယ်ဆိုတာ ဘဝရဲ့ သမိုင်းမှတ်တိုင်တစ်ခုဟု ဆိုရလောက်တဲ့ အောင်မြင်မှုမျိုးဆိုတာ စင်ကာပူရောက် ဘဝတူတွေချင်း နားလည်နိုင်ပါလိမ့်မယ်။


PR ရတော့ ရုန်းရကန်ရ သက်သာမယ် မထင်လိုက်ပါနဲ့။ ရွေးချယ်စရာမရှိတဲ့ ပုံစံခွက်တစ်ခုထဲမှာ စီးမျောရင်း အသစ်အသစ်သော သောကတွေကို ဖန်တီးနေရသလိုပါပဲ။ ကျွန်တော်တို့ ကလေးယူဖို့ ဆုံးဖြတ်ကြတော့ ဇနီးသည်က Poly Technic နောက်ဆုံး Semester ကို ရောက်နေပြီ။ အဲဒီအချိန် အဲဒီအခြေအနေမှာ အဓိက ကျွန်တော်တစ်ယောက်တည်း မိသားစုဝန်ကို ဟန်ချက်ညီအောင် ထိန်းထားရတဲ့ အနေအထားပါ။ ဇနီးသည်က တစ်နှစ်လောက်ဆက်တက်ရင် ကျောင်းပြီးတော့မယ်။ ဇနီးသည် ကျောင်းပြီးတာနဲ့ ဘဝရဲ့ တိုက်ပွဲခေါ်သံ အသစ်တွေက ကြိုနေမှာ မလွဲ။ သူကျောင်းပြီးချိန်နဲ့ ကလေးအသက်နဲ့ ချိန်ဆကြပါတယ်။ ကျွန်တော့်အသက်ကလည်း (၃၆) နှစ် ဖြစ်လာတာလည်း ပါ ပါတယ်။ ပြီးတော့ ကျွန်တော်အလုပ်လုပ်တာက သင်္ဘောကျင်းလေ။ လုပ်သက်အရမ်းကြာလာတဲ့ သင်္ဘောကျင်း ဝန်ထမ်းတွေ ကလေးမရတတ်ဘူးဆိုတဲ့ လူပြောသူပြော ခြိမ်းချောက်မှုတွေကလည်း ရှိသေးသဗျ။ ဟုတ်ရင်လည်း ဟုတ်မှာပဲ။ မဟုတ်ရင်လည်း နေမှာပဲ။ ဆရာဦးထွန်းလွင် (မိုး/ဇလ) စာပေဟောပြောပွဲမှာ ပြောတဲ့ မိုး/ဇလ ရဲ့ ဆောင်ပုဒ်လိုပေါ့။ မိုး/ဇလရဲ့ ဆောင်ပုဒ်က “မဟုတ်မှ လွဲရော…” ဆိုပဲ ခင်ဗျ။
 
တဖြည်းဖြည်းနဲ့ ကျွန်တော်တို့မှာ စဉ်းစားစရာတွေ များသထက်များလာပါတယ်။ ငွေနောက်လိုက်ရင်း ဘဝတက်လမ်းချည်းပဲ ဦးစားပေးနေရရင် ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝ ပျောက်ဆုံးတော့မယ်။ ဘာအတွက် အလုပ်လုပ်နေတာလဲ။ ဘာအတွက် ကြိုးစားနေတာလဲ။ ဘဝရဲ့အဓိပ္ပါယ်ဟာ အလုပ်ပြီးအလုပ် လုပ်ဖို့ပဲလား…. ဆိုတာမျိုးတွေ စဉ်းစားပါတယ်။

မရပ်မနားခရီးသွား

လူရဲ့ လိုအင်ဆိုတာ ရပ်တန့်သွားရိုးမရှိပါ။ ထမင်းစားဖို့ အနိုင်နိုင်ဘဝမှာ ဒါတွေမစဉ်းစားနိုင်ခဲ့ပါ။ မိသားစုကို လွမ်းပေမဲ့ အလုပ်ကို မှန်မှန်လုပ်ရင်း ထွက်သမျှလစာ ၄၅၀ မှ ၆၅၀ သော ဒေါ်လာလေးနဲ့ စင်ကာပူရောက်ပြီး (၆) နှစ်နီးပါးအတွင်း အနီးဆုံးပြဿနာ အရင်ဆုံးရှင်း စနစ်နဲ့ ကျော်ဖြတ်ခဲ့တဲ့ ကျွန်တော်ဟာ အခုကျတော့ Life Plan တွေ၊ ဟိုဟာဒီဟာကြီးကြီးကျယ်ကျယ်တွေ စဉ်းစားပြီး တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် ပူပြန်ပါတယ်။ ကျွန်တော်တို့မှာ ငွေရှိလာလျှင် အိမ်ဝယ်ကားဝယ် ဇိမ်ခံပစ္စည်းတချို့ ဝယ်နိုင်တယ် ထား။ အလုပ်ပြီး အလုပ် လုပ်နေရတဲ့ စင်ကာပူမှာ အဲဒီပစ္စည်းတွေနှင့် တစ်ရက်ကို ဘယ်နှစ်နာရီ ဇိမ်ခံနိုင်မှာလဲ။ အခုလောလောဆယ် အိမ်လည်းမဝယ်နိုင် ကားလည်းမဝယ်နိုင်သေးပါ။ စက်ဘီးတစ်စီးတော့ ရှိပါတယ် (ဘီးပါတာချင်းတော့ အတူတူပါပဲ)။ အိမ်ခန်းတစ်ခန်းလည်းငှားနေ ရပါတယ်။ တစ်လ ၇၅၀ တည်းဟူသော ဒေါ်လာအဿပြာကိုလည်း အိမ်ခန်းငှားခအဖြစ် လစဉ်ပေးရပါတယ်။ အရင်က တစ်လလုံးလုပ်မှ ဒေါ်လာ၄၅၀ ပဲရခဲ့တဲ့ အလုပ်သမားလေးဟာ ဒီနေ့အချိန်မှာ ညအိပ်ရုံလေးနေဖို့ ငှားထားရတဲ့ အခန်းခ ဒေါ်လာ ၇၅၀ ဖြစ်နေပါပြီ။ သြော်….ကျားကြီးရင် ခြေရာကြီးသတဲ့လား….။ ဒါတောင် တမင်သက်သက် ကြီးကြီးကျယ်ကျယ် ပကာသန ကြွားတာဝါတာ မပါသေး။ မဖြစ်မနေ လိုအပ်တာတွေတင် လူနေမှုစရိတ်တွေက အရင်နဲ့ တခြားစီ။

သံသရာစမ်းရေနိဒါန်း

အပိုင်း (၆) ရောက်မှပဲ နိဒါန်းပျိုးရပါတယ်။ သမီးလေးကို ကိုယ်ဝန်ရှိတော့ စင်ကာပူက ဆရာဝန်နဲ့ အပ်ပါတယ်။ စင်ကာပူကတော့ ဘာလုပ်လုပ် Pakage နဲ့ ပါပဲ။ NUH မှာ Ultra Sound ရိုက်တာ (၂) ကြိမ်နဲ့ CQ Test စစ်တာ တစ်ကြိမ်က Pakage မှာ မပါ ပါ။ အဲဒါက သပ်သပ်။ ကိုယ်ဝန် (၈) လ မှာ ဇနီးသည် ရန်ကုန်ကိုပြန်ပါတယ်။ မင်္ဂလာဆောင်တဲ့ ကိစ္စရယ်၊ ကလေးမွေးတဲ့ ကိစ္စရယ် ဟာ ချဲ့ရင်ချဲ့သလောက် ကုန်တဲ့အမျိုးပါ။ အကုန်ခံတဲ့ လူတွေကို အပြစ်ပြောခြင်း မဟုတ်ရပါ။ ဒီကိစ္စတွေက No right, no wrong ပါပဲ။ ဘယ်သူမှ မှန်တယ်မှားတယ် မဟုတ်ပါ။

 ငွေကြေးချမ်းသာသူတွေ၊ အသိုင်းအဝိုင်း ကြီးသူတွေကတော့ စိတ်ချမ်းသာသလို လုပ်ကြပေါ့ဗျာ။ သူ့အထွာနဲ့ သူ၊ သူ့အယူအဆနဲ့ သူ ပါပဲ။ ကျွန်တော်က ကျွန်တော့် အယူအဆနဲ့ ကျွန်တော်ပါ။ ကျွန်တော်ကတော့ အရမ်းချမ်းသာမယ်ဆိုလည်း အပိုချဲ့တာတွေတော့ သိပ်စိတ်မဝင်စားပါ။ မင်္ဂလာဆောင်တုန်းကလည်း ရန်ကုန် (၈) မိုင်ခွဲက သဒ္ဓမရံသီကျောင်းတိုက်မှာ မင်္ဂလာဦးဆွမ်းကျွေးသာ လုပ်ခဲ့ပါတယ်။ ဆရာတော်ကြီး နဲ့ ယောဂီတွေကို ဆွမ်းကပ်၊ နှစ်ဘက် မိတ်ဆွေတွေကို ကျောင်းတိုက်မှာပဲ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ အကျွေးမွေးအားလုံးကို သဒ္ဓမရံသီ ယောဂီအဖွဲ့မှ လိုလေသေးမရှိ၊ အလေအလွင့် မရှိစီစဉ်ပေးခဲ့ပါတယ်။ ကုန်ကျစရိတ်မများလှသလို နောက်ဆံတင်းစရာ လုံးဝမရှိ ပြည့်ပြည့်စုံစုံ ရှိခဲ့ပါတယ်။ ပြန်တွေးတိုင်း မကျေမနပ် ဖြစ်စရာ အကုသိုလ်ဖြစ်စရာ မရှိတာကိုက ယောဂီအဖွဲ့ကို အခုထိကျေးဇူးတင်ရပါတယ်။ တကယ်တမ်းမှာ မင်္ဂလာဆောင်ပြီးနောက်ပိုင်းမှ တကယ့်ဘဝက စ တာပါ။ ကျွန်တော်ရော ဇနီးသည်ရော မင်္ဂလာဆောင်ကို အကျယ်ချဲ့ဖို့ထက် အိမ်ထောင်သည်ဘဝ ရင်ဆိုင်ရမဲ့အပေါ်မှာ ပိုပြီး အာရုံရှိပါတယ်။

အခုလည်း သမီးကို မွေးဖို့ ကိစ္စကို စင်ကာပူမှာ မွေးဖို့နဲ့ ရန်ကုန်မှာမွေးဖို့ အမျိုးမျိုးစဉ်းစားကြပါတယ်။ ပထမတော့ စင်ကာပူမှာ မွေးဖို့စဉ်းစားပါသေးတယ်။ ဒါလည်း စောစောကပြောခဲ့ သလိုပါပဲ။ မှန်တယ် မှားတယ် မရှိပါ။  စင်ကာပူမှာကလေးမွေးရတာကို ကြိုက်တဲ့လူ၊ မကြိုက်တဲ့လူ အစုံရှိပါတယ်။ အကြောင်းပြချက်တွေကလည်း မျိုးစုံပါ။ တစ်ယောက်မေးရင် တစ်မျိုးကြားရပါတယ်။ ဒါပေမဲ့ အားလုံးမှာ ယေဘူယျတူနေတာလေးတွေ ရှိပါတယ်။ အဲဒါလေးတွေ စုဆောင်းစဉ်းစားရင်း ဒီစာကို ရေးဖြစ်တာပါပဲ။

 ပထမဆုံး ကွာခြားချက်က ကုန်ကျစားရိတ်ပါ။ စင်ကာပူမှာမွေးရင် PR တစ်ယောက်အတွက် ဒေါ်လာ ၂၀၀၀ မှ ၃၀၀၀ လောက် အနည်းလေးကုန်ပါတယ်။ ဒါတောင် ကလေးရော လူကြီးပါ ကျန်းကျန်းမာမာ ရှိမှပါ။ တစ်ခုခုမှားလို့ကတော့ ဒေါ်လာ ၇၀၀၀ မှ ၈၀၀၀ လောက်အထိ ကုန်ပါတယ်။ တချို့တဝက်ကို CPF ကပေးလို့ ရပေမဲ့ ကုန်တာကကုန်တာပါပဲ။ ဆေးရုံမှာ (၃) ရက် နေရပါတယ်။ မြန်မာနိုင်ငံနဲ့ စင်ကာပူ ကလေးတစ်ယောက် မွေးရတဲ့ ကွာခြားမှုတွေကို ရှာဖွေဖတ်ရှု စုံစမ်းမေးမြန်း အကြိတ်အနယ် ဒူးတိုက်ဆွေးနွေးကြပြီး နောက်ဆုံးတော့ မြန်မာပြည်မှာပဲ မွေးဖို့ စိတ်ပိုင်းပြတ်သွားပါတယ်။
စ တုန်းကတော့ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံမှာ မွေးဖို့ပါပဲ။ ပုဂ္ဂလိကဆေးရုံတွေ ဘယ်လောက်ကောင်းကောင်း အရေးအကြောင်း တစ်ခုခုဖြစ်ရင် နောက်ဆုံး အဲဒီပဲရောက်တာပဲ မဟုတ်လားဗျာ။ ဆေးရုံကို ပုံမှန်သွားပြမနေတော့ဘဲ ဆေးရုံက ဆရာဝန်ရဲ့ ဆေးခန်းကို ပုံမှန်သွားပြ၊ မွေးတော့မယ်ဆိုမှ အဲဒီဆရာဝန်နဲ့ ပါတ်သက်တဲ့ ဆေးရုံသွားမွေး… ဒီလိုပေါ့ဗျာ။ ဒါပေမဲ့ ပြဿနာက ကိုယ်နဲ့ပထမဆုံးတွေ့တဲ့ ဆရာဝန်က အဆင်မပြေဘူးခင်ဗျ။ ကိုယ်နဲ့ အဆင်ပြေတဲ့ဆရာဝန်နောက် လိုက်ရင်းနဲ့ နောက်ဆုံးတော့ ရွှေဂုံတိုင်ဆေးရုံမှာ မွေးဖြစ်ပါတယ်။ ဆေးရုံမှာ (၇) ရက် နေရပါတယ်။ ဘာတစ်ခုမှ အပြစ်ပြောစရာမရှိ အကုန်အဆင်ပြေပါတယ်။ အဲဒီလောက် လိုလေသေးမရှိမွေးတာတောင် စင်ကာပူပုံမှန်ကုန်ကျစားရိတ်ရဲ့ တဝက်လောက်ပဲ ကုန်ပါတယ်။ ဆေးရုံမှာရှိနေတဲ့ တစ်ချိန်လုံးမှာလည်း ဆွေတွေမျိုးတွေ စောင့်ရှောက်မဲ့သူတွေ အများကြီးပါပဲ။ ပျော်ဖို့တောင် ကောင်းပါသေးရဲ့။

အဲဒီ ကလေးမွေးတဲ့ကိစ္စလို ကိစ္စမျိုးတွေမှာ လူမျိုးစုံ အတွေးပေါင်းစုံ၊ အယူအဆမျိုးစုံပါပဲ။ အတွေ့အကြုံတွေကို ဝိုင်း share ကြတာလည်း စုံလို့ပါပဲ။ စင်ကာပူမှာမွေးတာ၊ မြန်မာပြည်မှာမွေးတာနဲ့ ပါတ်သက်လို့ အတွေးအခေါ်ထူးခြားတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ တကယ်လို့များ မင်းကလေးက မင်းလို အင်ဂျင်နီယာလောက် မဟုတ်ဘဲ နိုင်ငံအုပ်ချုပ်တဲ့ အဆင့်လောက်ထိ အရည်အချင်းရှိနေရင် ဘယ်လိုလုပ်မလဲ…တဲ့။ အဲဒီလို အဆင့်တွေဆို ဒီနိုင်ငံကို အုပ်ချုပ်မဲ့သူက ဒီနိုင်ငံမှာ မွေးတဲ့လူပဲ ဖြစ်ရတယ်…တဲ့။ ဖြစ်လာမယ်လို့ ပြောတာ မဟုတ်ပေမဲ့ မဖြစ်ဘူးလို့ရော ဘယ်သူပြောနိုင်သလဲ..တဲ့။ ကလေးရဲ့ ဖြစ်နိုင်စွမ်းကို ကြိုတင်ပြီး မကန့်သတ်သင့်ဘူးလို့ ဆိုပါတယ်။ သူတွေးတာလည်း ဟုတ်တာပါပဲ။ မစဉ်းစားမိတဲ့ ရှုထောင့်တစ်ခုပါ။ ဒီလိုပဲ တစ်နေ့တစ်နေ့ မွေးနေတဲ့ ကလေးတွေထဲက အနာဂတ်ခေါင်းဆောင်တွေ ထွက်လာတာပဲ မဟုတ်လား။

ကျွန်တော်ကတော့ သူတွေးသလို တွေးတတ်လို့မဟုတ်ပါ။ ဒါပေမဲ့ စင်ကာပူမှာ မွေးရင် မမွေးခင် (၃) လ လောက်က စ လို့ မွေးပြီး အနည်းဆုံး (၆) လ တစ်နှစ် လောက်အထိ အနီးကပ် စောင့်ရှောက်ဖို့ လူတစ်ယောက် အနည်းဆုံးလိုပါတယ်။ ဒါအနည်းဆုံး ပြောတာပါ။ ကလေးဆိုတာမျိုးကလည်း အမြဲတမ်းကောင်းနေ၊ လန်းနေတာမျိုးမှ မဟုတ်ပဲကိုး။ အထူးသဖြင့် ဒီနိုင်ငံမှာ နေရတဲ့ ကျွန်တော်များမှာ အချိန်ဆင်းရဲလှပါတယ်။ ကိုယ့်သူငယ်ချင်း ကိုယ့်မိသားစု ဘယ်လောက်ပဲချစ်ချစ် အချိန်တန်ရင် အလုပ်သွားရပါတယ်။ အနားမှာ နေနိုင်စွမ်း မရှိပါ။ ငွေ နဲ့ တာဝန်က အမြဲမောင်းနှင်နေခြင်း ခံနေရတာ ကျွန်တော်တို့ ဘဝတွေပါ။ ဒါကြောင့်လည်း Rich Dad, Poor Dad ထဲကလို ဝန်ထမ်းဘဝကနေ လွတ်မြောက်ဖို့ အမြဲကြံစည်နေရတာပါ။ ကျွန်တော်မလွတ်တောင် ကျွန်တော့်သားသမီးတွေ အလှည့်မှာ လွတ်အောင်ဆိုပြီး ရည်မှန်းချက်ထား ကြိုးစားနေရတာပါ။ ကြီးကြီးကျယ်ကျယ် ပြောတာမဟုတ်ပါ။ ကျွန်တော့် မျိုးဆက်ကို သူများဝန်ထမ်း မဖြစ်စေချင်ပါ။ ဒါပေမဲ့ ဝန်ထမ်းမျိုးရိုးက ဆင်းသက်လာတဲ့ ကျွန်တော့်မှာ စီးပွာရေးအတွေ့အကြုံ သေးသေးလေး တစ်ခုလောက်ရဖို့တောင် အတော်ရင်းရပါတယ်။ ထင်သလောက် မလွယ်ပါ။ ဘေးကလျှောက်ပြော၊ ဝေဖန်ရတာ လွယ်သလောက် တကယ်ကြိုးစားရင် တကယ်အားထုတ်ရပါတယ်။

အိမ်ဖော်နဲ့ကလေး စဉ်းစားတွေး

အနီးကပ်စောင့်ရှောက်ဖို့ လူတစ်ယောက်ဆိုတာကလည်း လူဖြစ်ပြီးရော မရပါဘူး။ အိမ်ဖော်ခေါ်နိုင်တယ်..ထား။ အိမ်ဖော်ဆိုတာက သူစိမ်းပဲလေ။ အများအားဖြင့်တော့ ပညာအများကြီး မတတ်လို့ အိမ်ဖော်အလုပ် လုပ်တာပေါ့ဗျာ။ ပညာအများကြီး တတ်မှတော့ အိမ်ဖော်ဘယ်လုပ်ပါ့မလဲ။ ချွငး်ချက်တွေတော့ ရှိနိုင်ပါတယ်။ အဲဒီတော့ အိမ်ဖော်တွေ ကလေးထိန်းတယ်ဆိုတာ အများအားဖြင့်တော့ ကလေးကို အသံတိတ်ရင်ပြီးရော မငိုရင်ပြီးရော လုပ်တာပါပဲ။ သင့်သင့် မသင့်သင့် ကလေးကြိုက်တာတွေ ပေးလုပ်ထားပြီး ဖုန်းပြောနေတတ်တဲ့ အိမ်ဖေါ်၊ ကလေးငိုတာနဲ့ ပါးစပ်ထဲ နို့ဘူးအတင်းထည့်ထားဖို့လောက် တတ်တဲ့ အိမ်ဖေါ်၊ ကလေးကို မိဘကွယ်ရာမှာ ကြောက်အောင် နှိပ်စက်တတ်တဲ့ အိမ်ဖေါ်…. စသဖြင့် အများကြီးပါပဲ။

ကလေးဆိုတာ နို့ဘူးတိုက်တာကမှ အစ၊ စနစ်တကျ တိုက်ရပါတယ်။ နို့မှုန့်ဆိုတာ မိခင်နို့ကို တုထားတဲ့ နို့အတုပါ။ ဘယ်လောက် ဈေးကြီးတဲ့ နို့မှုန့်ဖြစ်ဖြစ် မိခင်နို့လောက်တော့ မကောင်းနိုင်ပါဘူး။ စနစ်တကျ မတိုက်ရင် ကလေးအဝလွန်တဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။ ကလေးတစ်ယောက် လိုအပ်တာထက်လိုပြီး ဝ ရင် မကောင်းပါဘူး။ ဒါကြောင့် ကလေးအငိုတိတ်ရင်ပြီးရော နို့ဘူးချည်း ဖိမတိုက်ရပါဘူး။ ကလေးက အတိုင်းအဆ ဘယ်သိပါ့မလဲ။ အိမ်ဖေါ်ကလည်း ဒါတွေဘယ်နားလည် ပါ့မလဲ။ ကလေးက သူ့ကို မကြိုက်ရင် ကလေးမိဘ သူ့အလုပ်ရှင်က ဘယ်ကြည်ဖြူပါ့မလဲ။ ဒါဆို သူ့အနာဂတ် မသေချာဘူးလေ။ သူ့ဘက်ကကြည့်တော့လည်း မှန်တာပဲ။

မိဘဆိုတာကလည်း သားသမီးနဲ့ သူစိမ်းယှဉ်လာရင် ကိုယ့်သားကိုယ့်သမီးသာ မှန်တယ်ထင်တာပဲ မဟုတ်လား။ နောက်ပြီး ကလေးထိန်းတာနဲ့ ပါတ်သက်လို့ကလည်း လူတစ်ယောက်ကို အတွေ့အကြုံ တစ်မျိုးစီဆိုတော့ မိသားစုထဲမှာတောင် အယူအဆတွေက တူတာမှ မဟုတ်တာ။ ဒီဘက်မိသားစုက ကလေးကို ဒီလိုထိန်းရတယ်၊ တစ်ဘက်ကလည်း ဟိုလိုထိန်းရတယ်နဲ့၊ ကလေးတစ်ယောက် လူလားမြောက်ဖို့ ကိစ္စမှာ ဝိုင်းဝန်းကြတဲ့ လူကြီးတွေရဲ့ ပဋိပက္ခတွေကလည်း မသေးလှပါ။ နောက်ဘိတ်ဆုံး အဖေအရင်း အမေအရင်းချင်းတောင် ကလေးနဲ့ ပါတ်သက်ရင် စကားများကြရပါတယ်။ ကိုယ့်ဆီက အလုပ်သမားနဲ့ ကိုယ့်ကလေး ယှဉ်လာတာဆို ပိုဆိုးတော့မပေါ့။

ကလေးက မိဘကို ကူလီကူမာ ပလီစိချောက်ချက်တွေ ပြောပြီး အိမ်ဖေါ်ကို ဂျောက်ချတာမျိုးလည်း ရှိပါသေးတယ်။ အိမ်ဖေါ်က ကောင်းပြန်တော့လည်း့ ကလေးက အိမ်ဖေါ်ကိုပဲ အမေလို ဖြစ်နေပြီး အမေအရင်းကို စိမ်းနေလို့ အမေအရင်းက အိမ်ဖေါ်ကို ပြန်ပြီး မနာလိုဖြစ်၊ နှိပ်စက်၊ အလုပ်ဖြုတ်ပစ်တာတွေလည်း မြင်ရကြားရပါတယ်။ အိမ်ဖေါ်ကို အတင်းနှိမ်ထားတတ်တဲ့ မိဘမျိုးရဲ့ သားသမီးတွေဟာ လူလူချင်း အနိုင်ကျင့် နှိပ်စက်တတ်တဲ့ ကလေးမျိုးတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် ဆန့်ကျင်ဘက် ရလာဒ်အဖြစ် အိမ်ဖေါ်ဆီက ကြောက်စိတ်တွေ၊ လစ်ရင်လစ်သလို လုပ်တာမျိုးတွေ၊ လိမ်ပြောတာမျိုးတွေ ကလေးဆီကို မသိမသာကူးစက် လာတတ်ပါသေးတယ်။ အိမ်ဖေါ်ရဲ့ အနိုင်ကျင့်တာကို ခံရတဲ့ကလေးတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ချုံ့ပြီးပြောရရင်တော့ ကလေးမှာ အိမ်ဖေါ်ကြောင့် မလိုလားအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ ပြဿနာတွေ အများကြီးရှိပါတယ်။ ခြွင်းချက်အနေနဲ့ တချို့မိသားစုတွေမှာတော့ အိမ်ဖော်ကလည်း သဘောထားရိုးရိုးဖြောင့်ဖြောင့်နဲ့ မိသားစုဝင်လို ဖြစ်နေပြီး မိသားစုကိစ္စတွေမှာ ဝင်ရောက်သဘောထားပေးနိုင်သလို အိမ်ရှင်ကလည်း မှန်ကန်ပြည့်ဝတဲ့ သဘောထားမျိုးနဲ့ ကလေးတွေကလည်း လိမ်မာလို့ ဆိုတာမျိုးက ရှိတော့ရှိတယ်…ဒါပေမဲ့ ကြုံတောင့်ကြုံခဲခင်ဗျ။

အဖေကယ်ပါ၊ အမေကယ်ပါ၊ ဘုန်းဘုန်းကယ်ပါ




(ကယ်ပါမျိုးရိုးဟု ပြောလိုရင်းမဟုတ်ပါ..။)
အဲဒီတော့ နောက်ဆုံး သူစိမ်းနဲ့ ကိုယ့်ကလေး စိတ်မချတာနဲ့ ဘယ်ဘက်လှည့်မလဲဆိုတော့ မြန်မာပြည်မှာရှိတဲ့ အဖေ အမေတွေ၊ အစ်မတွေဆီပဲ မြားဦးကလှည့်တော့တာပါပဲ။ အဲဒီအခါမှာလည်း အဲဒီလူတွေ စင်ကာပူမှာ နေထိုင်ခွင့်ရဖို့ လုံးပန်းရပြန်တာပါပဲ။ မြန်မာပြည်ကမိသားစုတွေ တစ်ယောက်တစ်လည့် လာလိုက်ကြ၊ ဗီဇာသက်တမ်းတိုးရ၊ ပြန်လိုက်ကြနဲ့ တကယ်ကို မလွယ်ပါဘူး။ အဖေတွေ အမေတွေမှာလည်း တစ်သက်လုံးလည်း ပင်ပင်ပန်းပန်း ရှာရဖွေရ၊ လောကဓံတွေနဲ့ လူမှုဒုက္ခအမောတွေကနေ ခဏတဖြုတ်လေးတောင် နားချိန်မရဘဲ မြေးထိန်းရတဲ့ ကိစ္စနဲ့ အစကနေ ပြန်မောကြရပြန်တာပါပဲ။ အမှန်ဆို ဗုဒ္ဓဘာသာဝင်တွေရဲ့ အဓိကအလုပ်ဖြစ်တဲ့ ဝိပဿနာအလုပ်ကို ဇောက်ချလုပ်ကြရတော့မဲ့ အချိန်၊ အခုတော့ သားတွေသမီးတွေနောက်လိုက်လို့ မောရပြန်ပါရော။ ပိုဆိုးတာက စင်ကာပူဆိုတဲ့ နိုင်ငံက ကိုယ့်ရပ်ကိုယ့်ရွာလည်း မဟုတ်။ ကိုယ့်လို သက်တူတန်း တရားဓမ္မလေးဘာလေး ဆွေးနွေးဖို့တောင် အခြေအနေကမပေး။ ကိုယ်လို သက်တူဘက်တူ အများစုကလည်း ကိုယ်လို မြေးထိန်းနေကြရတာက အများစုကိုး။ တချို့အဖိုးကြီး အဖွားကြီးတွေဆို ကိုယ့်သားကိုယ့်သမီးတွေ သက်သာပါစေကြောင်း ရတဲ့အချိန်လေးလုပြီး အချိန်ပိုင်းအလုပ်လေးတွေ လုပ်ရသေးတာကို ကိုယ်တိုင်မြင်ဖူးပါတယ်။  
ပြီးရင် စင်ကာပူက မြန်မာတွေရဲ့ အဆီအငေါ်မတဲ့ တဲ့ ဘဝတွေကို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းတဲ့နေရာမှာ စင်ကာပူရောက် ဘုန်းဘုန်းတွေလည်း မနေရပါဘူး။ စင်ကာပူက မြန်မာတွေ လုပ်နေကျအလုပ်တွေထဲမှာ ကလေးကို တစ်ပါတ်တစ်ခါ ဘုန်းကြီးကျောင်းပို့ကြတာ ပါ ပါတယ်။ ပုံမှန်အားဖြင့်တော့ ဘာသာရေးမဝေးအောင်၊ မြန်မာ့ ယဉ်ကျေးမှုမပျောက်အောင်၊ မြန်မာစကားကို မမေ့အောင် ဆိုတဲ့သဘောနဲ့ ပို့ကြတာပါပဲ။ မြန်မာစကားအကြောင်း၊ ဗုဒ္ဓဘာသာအကြောင်းပြောရင် “ကလေးကို တစ်ပါတ်တစ်ခါ ဘုန်းကြီးကျောင်း ပို့တယ်လေ… အမလေး… ဘုန်းဘုန်းက သားကို သိပ်ချစ်တာ…. ဘာညာ…” ပြောတဲ့မိဘတွေ အများကြီး။ ဘုန်းကြီးကျောင်းပို့တာ မကောင်းဘူးလို့ မဆိုလိုပါ။ ဒါပေမဲ့ ဒါဟာ ပြည့်စုံတဲ့ အဖြေမဟုတ်ဘူးဆိုတာကိုတော့ သတိချပ်ဖို့ လိုပါလိမ့်မယ်။

ပထမဆုံး focus လုပ်ချင်တာက အချိန်ပါ။ တစ်ပါတ်လုံးလုံး စင်ကာပူကျောင်းတက်နေရတဲ့ ကလေးတစ်ယောက်ကို တစ်ပါတ်တစ်ခါ ဘုန်းကြီးကျောင်းပို့ရုံနဲ့ လုံလောက်တယ်ထင်ပါသလား။ (ထင်ရင်လည်းပြီးရော…) ဒါတောင် တစ်ပါတ်တစ်ခါ မှန်မှန်ဒုက္ခခံပြီး ပို့တဲ့မိဘကို ပြောတာ။ ဒါလည်း တစ်နေကုန် ဟုတ်ချင်မှဟုတ်တာ။ ဘုန်းကြီးကျောင်း မသွားခင်၊ ဒါမှမဟုတ် အပြန်ကို ရေကူးကန်ပို့ရဦးမယ်။ ကစားကွင်း ပို့ရဦးမယ်။ တချို့မိဘတွေဆို သူတို့ဆုံးမလို့ မနိုင်တော့မှ ဘုန်းကြီးကျောင်း အတင်းပို့တာ။ ဘုန်းဘုန်း… ဆုံးမပေးပါဦးပေါ့။ မိဘတွေကိုယ်တိုင်သော်မှ မနိုင်တဲ့ကလေးကို ဘုန်းဘုန်းတွေက တစ်ပါတ်တစ်ခါလေးတွေ့ပြီး ဆုံးမရုံနဲ့ ရမယ်လို့ ဘယ်လိုများစဉ်းစားတယ် မသိပါဘူး။ မကောင်းကျောင်းပို့.. ဆိုတာမျိုးပေါ့။ (အဲဒီ မကောင်းကျောင်းပို့ ရဲ့ မူရင်းအမှန်က သားမက်မကောင်း ကျောင်းပို့..တဲ့ဗျ။ အင်းလေးစကားပုံ တစ်ခုပဲ။ နောက်မှ ကြုံရင်ရေးပါဦးမယ်။ အခုတော့ လိုချင်သလို ဖြတ်သုံးလိုက်ကြောင်း ဝန်ခံပါ၏။)

ဘုန်းဘုန်းတွေခင်မျာလည်း ဒကာဒကာမတွေ အရေးကြုံလာတော့ ဘယ်နေလို့ရမလဲ။ အဓိက ကတော့ ကလေးတွေကို မြန်မာစာအရေး၊ အဖတ်၊ အပြော နဲ့ ဗုဒ္ဓဘာသာ အခြေခံလေးတွေ သင်ရတာ ဆိုပါတော့။ စ လုံးကျောင်းတက်လာတဲ့ ကလေးတွေဆိုတော့ ကွန်ပလိန်းကလည်း တက်သလား မမေးနဲ့။ ခေါင်းစဉ်တစ်ခု သင်ပြီးရင် ရှေ့ဆက်မတက်တော့ဘူး။ တစ်ယောက်တစ်ပေါက်တက်နေတဲ့ ကွန်ပလိန်းတွေကို ရှင်းနေရတာနဲ့။

အဓိကပြဿနာကို ပြောရရင် မိဘတွေကိုယ်၌က ဘာသာရေးအားနည်းတာ။ ဘုန်းဘုန်းက သင်လိုက်ပေမဲ့ ကလေးက နားမလည်တာလေးတွေရှိလို့ အိမ်မှာပြန်မေးရင် အိမ်ကမိဘက မဖြေတတ်တော့ဘူး။ ဘုန်းဘုန်းနဲ့တွေ့မှ မေးဆိုတာချည်းပဲ။ ကျွန်တော်နဲ့သိတဲ့ အန်တီတစ်ယောက် ပြောပြတာလေး ပြန်ပြောပြမယ်။ “ငါ့သမီးကို ကျောင်းမှာ သူများတွေက ဗုဒ္ဓဘာသာဆိုတာ ဘာလဲလို့.. မေးတယ်..တဲ့။ အဲဒါ သမီးမဖြေတတ်လို့။ ဘယ်လိုဖြေရမလဲ မာမီ..” .. လို့ သူ့ကို မေးတယ်တဲ့။ အဲဒါနဲ့ သူကဖြေတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ ကံငါးပါးကို လုံရတယ်..ပေါ့။ အဲဒီ ကံငါးပါးဆိုတာ ဘာတွေလဲ မာမီ..လို့ မေးသတဲ့။ ငါလေ…. ငါးပါးသီလကို ရွတ်တာ ငါးပါးကို မပြည့်နိုင်ဘူး… လေးပါးပဲရပြီး ပတ်ချာလည်နေလို့…တဲ့။ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ဆိုတဲ့ လူရွှင်တော်တွေ ပျက်လုံးလိုပဲ။ ရယ်လိုက်ရတာ။ ဒါပေမဲ့ ဒါရယ်စရာ မဟုတ်ဘူးခင်ဗျ။ ရယ်စရာ မောစရာ ဆိုတာ ဒါမျိုးဗျ။ ရယ်စရာရဲ့နောက်မှာ မောစရာက တွဲလာတာ။ အန်တီ့ကို သရော်မော်ကား ကဲ့ရဲ့လိုခြင်း မဟုတ်ရပါ။

ဒါပေမဲ့ အဲဒီလိုမိဘတွေက မွေးတဲ့ကလေးမျိုးတွေ ဘာသာပြောင်းကုန်တာတို့၊ ဘာသာမဲ့ ဖြစ်ကုန်တာတို့ ဘာဆန်းမလဲ ခင်ဗျ။ စင်ကာပူက ဘာသာမဲ့လူငယ်တွေ အတော်ပေါတာရယ်။ ဘာသာမဲ့လေးတွေကလည်း ပေါ့သေးသေးမထင်နဲ့။ သူတို့ကို သူတို့ပေးထားတာ အမည်လှလှလေးနဲ့ဗျ။ ဘာတဲ့… Free Thinker ဆိုပဲ။ အဲဒီ စကားလုံးလှလှတွေကလည်း လူတွေရဲ့အတွေးကို ဝါးတားတားဖြစ်အောင် လုပ်တဲ့နေရာမှာ အတော်စွမ်းပါတယ်။ ခိုးတာကို ဘတ်တယ်လို့ ပြောသလိုပေါ့ဗျာ။ သူများပြောတိုင်း မယုံတာကို လက်ခံပေမဲ့ Free Thinker လို့ ကြီးကြီးကျယ်ကျယ် နာမည်တပ်ရအောင် ဘာတွေများ၊ ဘယ်လောက်ပြည့်စုံအောင် တွေးနိုင်နေလို့တုန်း။ အမှန်ကတော့ ဟိုစပ်စပ်ဒီစပ်စပ်တွေ လျှောက်ကြည့်ပြီး ဘယ်ဟာကောင်းတယ်လို့ မဆုံးဖြတ်တတ်လေတော့ ဘာမှမကိုးကွယ်တာပဲ ကောင်းပါတယ်လေဆိုပြီး ခေါင်းစားမခံချင်တော့တာ။ (တကယ်တမ်းမှာ အများစုက ဘာဟိုစပ်စပ် ဒီစပ်စပ်မှ ကြည့်ဖို့ကို စိတ်မဝင်စားတာပါ။) သေသေချာချာ စိတ်ဝင်တစားလေ့လာရင်တော့ ကိုးကွယ်ရာ အမှန်တစ်ခုကို ရမှာပါပဲ။ အမှန်ကတော့ လူတွေမှာ အနိမ့်ဆုံးအဆင့် အထိန်းအကွပ်အနေနဲ့ ဘာသာအယူဝါဒဆိုတာ ရှိသင့်တယ်လို့ ကျွန်တော်ယူဆတယ်။ ကျွန်တော်ယူဆတာ ပြောတာပါ။ ကျွန်တော်မှန်တယ်လို့ မပြောပါ။ ကျွန်တော်မှန်တယ် ထင်တာကို ပြောတာသာ ဖြစ်ပါတယ်။ အငြင်းအခုံတော့ မလုပ်ကြပါနဲ့ဗျာ။ ကျွန်တော်ပြောတာ မကြိုက်ရင်လည်း ထားခဲ့လိုက်ပါ။

ကျွန်တော်က ဗုဒ္ဓဘာသာဝင် မြန်မာတစ်ယောက်မို့ ကိုယ်နဲ့ခံစားချက်နီးစပ်နိုင်တဲ့ ကိုယ်နဲ့ဘဝတူတွေအတွက်ပဲ နားလည်သလို ပြောပါရစေ။ ကျွန်တော်ရေးတာကို သည်းခံပြီး ဖတ်တဲ့သူတွေထဲမှာ ဘာသာခြားမိတ်ဆွေတွေလည်း ပါသမို့ အဓိပ္ပါယ်တစ်မျိုးပေါက်သွားမှာ စိုးလို့ပါ။ ထားပါတော့လေ။ ကျွန်တော်ဆိုလိုချင်တာက ဗုဒ္ဓဘာသာကို တကယ်နားလည်တန်ဖိုးထားရင် မိဘကိုယ်တိုင်က သေသေချာချာနားလည်အောင်၊ သိအောင် အားထုတ်မှသာ သားသမီးကလည်း လိုက်နိုင်မှာပါ။ အဲဒီလိုမဟုတ်ဘဲ မျက်ကန်းအသိ၊ မိရိုးဖလာအသိ၊ သိချင်ရင် ဘုန်းဘုန်းနဲ့ တွေ့မှမေးချည်း လုပ်နေရင်တော့ ကိုယ့်အလားအလာ ကိုယ်သဘောပေါက်ပေါ့လေ။
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရမှာ ပြောတိုင်းယုံစရာ မလိုဘူး ဆိုတာကို ကာလာမသုတ္တန်မှာ အတိအကျဟောတော်မူခဲ့တာပါ။ ကြိုက်သလို ဝေဖန်ဆန်းစစ်ပိုင်ခွင့် ရှိပါတယ်။ ဘယ်အရာမဆို သေသေချာချာ ဆန်းစစ်ပြီးမှ လက်ခံတာ အကောင်းဆုံးပါ။ ဒါပေမဲ့ သံသယတွေ များလွန်းရင် တစ်ချို့ကိစ္စတွေမှာ ရှေ့ဆက်တိုးလို့ မရတော့ပါ။ ကိုယ့်ရဲ့ လေ့လာအားနဲ့ စဉ်းစားနိုင်စွမ်းဆိုတာလည်း အကန့်အသတ်တွေနဲ့ ဆိုတာကို မမေ့ရပါဘူး။ အရာရာတိုင်းကို ကိုယ်တွေ့ကြုံမှချည်း လုပ်နေရင်လည်း ခက်ရချည်ရဲ့။ တောက ကျွန်တော့် ဘကြီးတစ်ယောက် ဆိုရင် လ ပေါ်လူရောက်တယ်ဆိုတာ သူက မယုံဘူးခင်ဗျ။ ဘယ်လိုပြောပြော လက်မခံတာ။ ဟာ…အဘကလဲ…. TV က ဂြိုလ်တုသတင်းတွေဘာတွေမှာ ပါနေတာ မကြည့်ရဘူးလား… ဆိုတော့…. ဒါမျိုးတွေ နိုင်ငံခြား ရုပ်ရှင်တွေမှာလည်း ပါနေတာ မင်းမတွေ့ဖူးဘူးလား… တဲ့။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိပါ။ ကျွန်တော့ ဘကြီးကတော့ သေသာသွားရော၊ လ ပေါ်လူရောက်တာ သူမယုံသွားပါ။ ကျွန်တော်လည်း သူသေတဲ့အထိ သက်သေမပြနိုင်လိုက်ပါ။ အဲဒီတော့ ဆန်းစစ်ဝေဖန်တယ်ဆိုတာလည်း ကျွန်တော်တို့မှာ အကန့်အသတ်တွေရှိပါတယ်။ ၁၀၀% သေချာမှ လက်ခံမယ်ဆိုရင်တော့ စောစောကပြောတဲ့ Free Thinker သာ လုပ်လိုက်ပါတော့။ ဘကြီးကို လက်ခံနိုင်အောင် ပြောလို့ရတဲ့ စကားလုံးလေးများ စဉ်းစားမိရင်လည်း ပြောကြပါဦး။ ဘကြီး သေသွားပေမဲ့ နောက်ထပ် ဘကြီးတွေနဲ့ ကြုံခဲ့ဆုံခဲ့ရင် နည်းနည်းပါးပါး ပြောကြည့်မလို့။
 
ပြောချင်တာက ဘုန်းဘုန်းတွေဆိုတာလည်း သူတို့အကန့်အသတ်နဲ့ သူတို့ဗျ။ စင်ကာပူကျောင်းသား ဒီဘကြီးအသေးစားလေးတွေကို နိုင်အောင်ရှင်းဖို့ဆိုတာ လွယ်တယ်ထင်သလား။ အဲဒီတော့ ကလေးတစ်ယောက်အတွက် အခြေခံကောင်းလေးတွေ ရဖို့ဆိုတာ မိဘတွေကိုယ်တိုင်က အသိတရားရှိမှ၊ ဗဟုသုတရှိမှ ဖြစ်တာ။ ဘုန်းဘုန်းက တစ်ပါတ်တစ်ကြိမ်၊ မိဘကရော တစ်ပါတ်ကို ဘယ်နှစ်နာရီလောက် ကလေးနဲ့ နေနိုင်သလဲ ဆိုတာလေးပါ ထည့်တွက်ဗျာ။ အလုပ်ချိန်နဲ့ အိုဗာတိုင်ကို တွက်သလို အဲဒါလေးပါ ထည့်တွက်ကြည့်ရင် ပိုကောင်းမယ် ထင်တာပါပဲ။ အဲဒါတောင် စ လုံးမှာ ကျောင်းတက်တဲ့ ကလေးရဲ့ဝန်းကျင်ဆိုတာ….. သိတဲ့အတိုင်းပဲလေ။ No Right, No Wrong ပါ။ ကြိုက်ရင် လက်ခံနိုင်ရင် ပြီးတာပဲလေ။ မှန်တယ်မှားတယ် မရှိပါဘူး။ တစ်ခုတော့ ပြောလိုက်ရဦးမယ်။ တစ်ပါတ်မှ တစ်ခါပို့တဲ့ ဘုန်းကြီးကျောင်းက သင်ပေးတဲ့မြန်မာစာ၊ မြန်မာစကားနဲ့ တစ်ပါတ်လုံးလုံး တက်နေရတဲ့ စ လုံးကျောင်းကသင်တဲ့စာ၊ သင်တဲ့စကား…. ကလေးက ဘာနဲ့ပြောရတာ ပိုပြီးအားရမယ် ထင်သလဲ…။ ပြီးတော့ စ လုံး culture နဲ့ မြန်မာ culture ဘယ်ဒင်းကို ပိုပြီး ကြိုက်ကြမယ်ထင်သလဲ။ ကလေးဆိုတာ အရှည်ကြီးတွေ သိပ်မစဉ်းစားတတ်ပါ။ ဖြူရင်ဖြူ၊ မဖြူရင်မဲ လို့ အဖြူအမဲခပ်ရှင်းရှင်း တွေးတတ်တာ ကလေးသင်္ကေတပါ။ မဖြူတိုင်း မဲချင်မှမဲမှာပေါ့ ဆိုတဲ့အတွေးက လူကြီးအတွေးပါ။ တချို့ဆို လူသာကြီးလာတယ်။ အဖြူအမဲ အတွေးထဲက မထွက်နိုင်ပါ။ အသက်အရွယ်နဲ့ စဉ်းစားဉာဏ် အချိုးညီညီ ဖွံ့ဖြိုးလာဖို့ဆိုတာ လူကြီးမိဘတွေရဲ့ တာဝန်သာဖြစ်ပါတယ်ခင်ဗျား။ စ လုံးတွေ ပြောသလို ပြောရရင် …..

…..Try lar…. Try…Try……

(ဒါပေမဲ့ Try ရတာ ကိုယ့်ကလေးရဲ့ ဘဝနဲ့ ရင်းပြီး Try ရတယ် ဆိုတာလေးတော့ မမေ့နဲ့ပေါ့ဗျာ။ ဒီကိစ္စက အလောင်းအစား၊ အရောင်းအဝယ်စကားနဲ့ ပြောရရင် အရင်းအနှီး ကြီးတယ်ဗျ….. သိလား…..)

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...