Tuesday, January 20, 2015

ဇဝေဇဝါ နှစ်ခွအတွေး ရေးဖို့ရယ်ခက်ပါ့



ပြောရရင်တော့ ဒီကောင်နဲ့ သူငယ်ချင်း ဖြစ်ကတည်းက စ တာ။ ဒီကောင်ဆိုတာ ကျနော့ မိတ်ရင်း၊ ဆွေရင်း၊ သူငယ်ချင်း အရင်းကြီးပေါ့ဗျာ။ ရင်းနှီးလို့လည်း ဒင်းကို ဒီကောင်လို့ ပြောတာပေါ့။ ဒီအတွက် အားနာစရာ မရှိပေါင်ဗျာ။

ဒီကောင်ပြောပုံကို စဉ်းစားကြည့်ပါဗျ။ ငယ်ငယ်က လူကြီးတွေက ပြောတယ်။ မြေကြီးအောက်မှာ ငရဲပြည် ရှိသတဲ့။ ကျောင်းရောက်တော့ သိပ္ပံမှာ သင်ပြန်ရော။ ကမ္ဘာကြီးထဲမှာ ကျောက်ရည်ပူတွေ ရှိသတဲ့။ ဘယ်ဟာ အမှန်တုန်းလို့ မစဉ်းစား၊ ဒါမှမဟုတ် ဒီလို အဆီအငေါ်မတည့်တဲ့ ကိစ္စနှစ်ခုကို ဆီလျှော်တဲ့ အဖြေရှာဖို့ မစဉ်းစား၊ ၂ ခု စလုံးကို ဒီအတိုင်း ကျနော်တို့ လက်ခံခဲ့ကြသတဲ့။
သူပြောတော့မှ ကျနော့မှာ ငရဲပြည်အကြောင်း စာတွေ ရှာဖတ်ရတယ်။

 

သိပ္ပံကတော့ လောကဓါတ်ကျောင်းတက်ခဲ့ဖူးတဲ့ အင်ဂျင်နီယာ ဆိုတော့ကာဒီကျောက်ရည်ပူတွေ ဘာတွေ ကိစ္စ ကြားဖူးနားဝ ရှိပြီးသား။ ဒါပေမဲ့ ငရဲပြည်အကြောင်းတွေ အများကြီး ရှာဖွေဖတ်ရှုရင်းနဲ့မှ ငယ်ငယ်က သဘောပေါက်ထားသလို မဟုတ်ဘဲ ငရဲဆိုတာ ကံ ကြောင့် ဖြစ်လာရတဲ့ သဘောဆိုတာကို အသက် ၃၀ ကျော်မှ နားလည်ပြီး ငရဲနဲ့ ကျောက်ရည်ပူပြဿနာ ရင်ထဲမှာ ပြေလည်သွားတော့တယ်။ ကျနော့လို သိချင်ရင်တော့ ကိုယ့်ဟာကိုယ်သာ လေ့လာပေတော့လို့ ပြောရမှာပဲ။ အထာကိုင်တယ် မထင်ပါနဲ့…. တချို့ဟာတွေက post လေးတစ်ခု Comment လေးတစ်ခုလောက်နဲ့ သချင်္ာဖေါ်မြူလာလို ရှင်းလို့ရတာ မဟုတ်။ ထွက်လာတဲ့ အဖြေတိုင်းမှာ ကိုယ့်ရဲ့ တစ်သက်စာ အတွေ့အကြုံ ဗဟုသုတနဲ့ အခြေခံစဉ်းစားလို့ ကျနော် ဘဝင်ကျပေမဲ့ ကျနော်နဲ့ အခြေခံမတူတဲ့သူတွေ အနေနဲ့ လက်ခံချင်မှ လက်ခံမယ်ဆိုတာ သိနေလေတော့ ငြင်းလို့ ခုန်လို့ အကျိုးမများတဲ့ ကိစ္စမျိုးတွေကို အကျယ်ချဲ့ပြီး မပြောတော့ပါဘူး။ ထားတော့။ ဒါက တစ်ခု။


 နောက်တစ်ခါ ဗိုလ်ချုပ်အောင်ဆန်းမှာ ဝတ်စုံ ၃ စုံပဲ ရှိတာကို တခုတ်တယ ပြောဆို ချီးမွမ်းချင်ရင် ဒေါ်အောင်ဆန်းစုကြည်မှာ ဝတ်စုံတွေ အများကြီးဖြစ်နေတာ ဘာလို့ မပြောသလဲ… တဲ့။ ဝတ်စုံ ၃ စုံပဲ ရှိတာကို ကောင်းတယ်လို့ ပြောရင် ဝတ်စုံ အများကြီးရှိတာ မကောင်းဘူးလို့ ပြောရမှာပေါ့…တဲ့။ လုပ်ပြန်ပါရော။

ကျနော်လည်း စဉ်းစားရပြန်ရော။ ဒေါ်စုမှာ ဝတ်စုံအများကြီးရှိတာ အရေးမကြီးဘူးလို့ ပြောရင် ဗိုလ်ချုပ်မှာ ဝတ်စုံ ၃ စုံတည်း ဆိုတဲ့ ကိစ္စကို ရေးကြီးခွင်ကျယ် လုပ်ပြီး ပြောမနေနဲ့ ပေါ့။ အင်း… ဒါလည်း ဟုတ်ပြန်တာပဲ။ 

သူပြောချင်တာ ကျနော်သိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြီး ပြောတာမဟုတ်ဘူး။ လူတွေမှာ လိုတစ်မျိုး မလိုတစ်မျိုး ဆိုတဲ့ Double Standard ဖြစ်နေတဲ့ သဘောကို ပြောတာ။

 

တစ်ခုတော့ရှိတယ်။ အဝတ်အစားဆိုတာကို ကျနော့ရဲ့ နားလည်မှုက တစ်မျိုး။ အဖြစ်အပျက်လေးတစ်ခု ပြောပြမယ်။ အပျိုကြီးတစ်ယောက်က အဝတ်အစားကို သပ်သပ်ရပ်ရပ် ဝတ်တယ်။ သနပ်ခါးလေးလူး နှုတ်ခမ်းနီ ဖွဖွဆိုးလို့ ကြည့်လိုက်ရင် လှလှပပ သပ်သပ်ရပ်ရပ် နေသတဲ့။

မျက်နှာကလည်း ပြုံးပြုံးရွှင်ရွှင် ဖေါ်ဖေါ်ရွေရွေ ရှိသတဲ့။ ဒါနဲ့ သူ့မိတ်ဆွေ တစ်ယောက်က မေးတယ်။ အပျိုကြီးရယ်… မြင်လိုက်ရင် လန်းဆန်း သပ်ရပ်ပြီး လှပနေတာပဲ…. ဘာဖြစ်လို့လည်း… သိပ်လှချင်လို့လား…. တဲ့။ အပျိုကြီး ပြန်ဖြေတဲ့ အဖြေလေးက….. မြင်ရတဲ့သူ စိတ်ချမ်းသာအောင် လို့ပါ..တဲ့။

တစ်ပိုင်းအားဖြင့်လည်း တစ်ဖက်သားပေါ် ပေးတဲ့ လေးစားမှု လို့လည်း ကျနော်ထင်တယ်။ ဒါဟာ ကြွားဝါတဲ့သဘောမျိုးနဲ့ မတူဘူး။ အဝတ်အစားကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် ဝတ်ဆင်ခြင်း၊ သူ့နေရာနဲ့သူ သင့်လျှော်အောင် ဝတ်တတ်စားတတ်ခြင်းဟာ အရည်အချင်းတစ်ရပ်လို့ ယုံကြည်တဲ့အတွက် လူနဲ့ လူ့ပါတ်ဝန်းကျင် သဟဇာတဖြစ်ဖို့ရာမှာ အဝတ်အစားဟာလည်း အရေးပါတယ်လို့ ကျနော်က ထင်တယ်။ ကိုယ်ပိုင် အတွေ့အကြုံအရလည်း ကျနော်တို့ လူတွေနဲ့ ဆက်ဆံတဲ့အခါ သေသေချာချာ အတွင်းကျကျ ရင်းနှီးသူတွေမှာ အကြောင်းမဟုတ်ပေမဲ့ ကိုယ်နဲ့ အပေါ်ယံကျော သိသူတွေ၊ ခဏတာတွေ့ကြုံရသူတွေ အတွက်တော့ Personality ဟာ အရေးကြီးတယ်လို့လည်း ထင်တယ်။

လွန်လွန်ကဲကဲ ကြွားကြွားဝါဝါ လုပ်တာမျိုးကတော့ ပေါင်းသင်းဆက်ဆံရေးကို အကူအညီမဖြစ်တဲ့အပြင် အမြင်ကပ်တဲ့စိတ်ကိုသာ တိုးပွားစေမှာမို့ ကာလံဒေသံလိုက်ပြီး သင့်လျှော်အောင် ဝတ်သင့်စားသင့်တယ်လို့ ကျနော်ထင်တယ်။ ရွှေတွေ ဝတ်လို့ လူအထင်ကြီးမယ်ဆိုတဲ့ တောကျကျ အယူအဆမျိုးတော့ ကျနော် လက်မခံချင်။ ဒါပေမဲ့ အဲလိုဝတ်တာကို ကျနော် အထင်မကြီးတတ်ဘူးလို့ ပြောတာက ပိုပြီး မှန်မယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲလို ဝတ်တာကို အထင်ကြီးသူတွေ ကျနော်မြင်ဖူးလို့ပါပဲ။ ဒီတော့ ဒါဟာ တစ်ဦးချင်းစီရဲ့ အယူအဆမို့ မှန်တယ်မှားတယ် ပြောဖို့တော့ ခက်လှတယ်။

ဘာပဲဖြစ်ဖြစ် ဒီကောင်နဲ့ ပြောပြီးတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဝတ်တာစားတာ ကျနော် မကန့်ကွက်သမို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဝတ်စုံ ၃ စုံကိစ္စ ကျနော် သိပ်မပြောဖြစ်တော့တာတော့ အမှန်။

အခုတစ်ခါ ဓမ္မစေတီခေါင်းလောင်းကိစ္စ…. ဆရာချစ်စံဝင်းတို့ လုပ်တုန်းက ကျနော် စိတ်ဝင်စားတယ်။ ရှေးဟောင်း ပစ္စည်းတစ်ခု အနေနဲ့ပေါ့။ ကျနော်က သမိုင်းကို စိတ်ဝင်စားတယ်။ နောက်တော့ ဆရာချစ်စံဝင်းတို့ရဲ့ ခေါင်းလောင်းကိစ္စက ပဟေဋိဆန်ဆန် ပြီးသလိုလို မပြီးသလိုလိုနဲ့ ရပ်သွားတယ်။ ဆရာချစ်စံဝင်းရဲ့ သား သေဆုံးရတာ ဒီကိစ္စကြောင့် လိုလို ကြားရတယ်။

နောက်တော့ ဦးစံလင်းနဲ့ နဂါးကိစ္စ ဖြစ်တယ်။ ယုတ္တိယုတ္တ မရှိတာတွေမှန်း သိသိကြီးနဲ့ လူတွေ အလုပ်ပျက် အကိုင်ပျက် သွားကြည့်ကြ၊ အချိန်တွေ ကုန်ကြ၊ အာရုံတွေ များကုန်ကြတယ်။





နဂါးက သောင်တူးစက်ပိပါတယ် ပြောတော့လည်း ယုံကြတာပဲ။ နောက်ဆုံးတော့ ငွေကုန်၊ အကျိုးမရှိရုံမက စိတ်ပျက်စရာတွေနဲ့ နိဂုံးချုပ်သွားတယ်။ ရှင်းရှင်း ပြောရရင် ဦးစံလင်းကိစ္စက လိမ် တာပဲ။ ဒါတောင် ကျိုက်ထီးရိုးက ရွှေနန်းကျင်နဲ့ ဓမ္မစေတီမင်းက နဂါးဥက ပေါက်တဲ့ မောင်နှမ အရင်းတွေပါ ဆိုပြီး လုပ်သေးတယ်။ ရောသမမွှေချက်တွေက ပြောရရင် မကုန်နိုင်ဘူး။ နတ်စင်တစ်ရာ ဆရာတော်ကပါကူပြီး ရောမွှေလိုက်သေး။ သီရိဓမ္မာသောကမင်းကြီးသေတော့ နဂါးကြီးဖြစ်လို့ ရှင်မဟာမောဂ္ဂလန်ကိုယ်တော်မြတ်ကြီးက ဆုံးမရပါတယ် လုပ်သေးတာ။ အဲဒါလည်း ယုံတဲ့သူတွေ ယုံတုန်း။ ခဏခဏ လိမ်တိုင်းခံနေရတယ်ဆိုတဲ့ Society တစ်ခုရဲ့ စဉ်းစားဉာဏ်ရေချိန်ဟာ တွေးကြည့်ရုံနဲ့ သဘောပေါက်လောက်ပါရဲ့။

ဓမ္မစေတီခေါင်းလောင်းကိစ္စကလည်း ဒီမှာတင် မပြီးဘူးခင်ဗျ။ ဦးစံလင်းပြီးတော့ နောက်ထပ် ဦးကျော်ဝင်းက ဖေါ်မယ် လုပ်လာပြန်ရော။ ဖြစ်ချင်တော့ အဲဒီ ဦးကျော်ဝင်းက ကျနော်နဲ့ အတော်ရင်းနှီးတဲ့ သင်္ဘောသားကြီးခင်ဗျ။ ပြဿနာက အဲဒီမှာ စ ပါတယ်။ သူ့အကြောင်း ကျနော်က အတော်လေး သိသလို သူ့သားလေး စင်ကာပူမှာ ကျောင်းတက်နေတာကိုပါ သိတယ်။

လွန်ခဲ့တဲ့ နှစ် အနည်းငယ်လောက်ထိ စင်ကာပူကို သင်္ဘောကပ်တိုင်း ကျနော့ကို ဖုန်းခေါ်ပြီး ကျွေးမွေးတတ်တဲ့ ဦးကျော်ဝင်းဟာ ကျနော့အပေါ် ကျေးဇူးရှိတယ်ဆိုရင် မမှားပါဘူး။ အဲဒီအချိန်မှာ ကျနော်က ပေါ်လီတက်နေတုန်း၊ ရတဲ့ လခလေး $400 ကျော်နဲ့ ဘယ်လိုမှ မလောက်ငတဲ့ ကျနော်ဟာ သူ့သင်္ဘော စင်ကာပူကို ဝင်ပြီဆိုရင် ပျော်ပါတယ်။ ဝါးတီးကောင်းကောင်း ဆွဲရတော့မှာကိုး။

ပြီးတော့ သူက ရိုးသားတယ် ဆိုတာထက် ရိုးရိုးကြီးလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ သူ အလုပ်လုပ်တဲ့ သင်္ဘောကိုလည်း လိုက်သွားဖူးပါတယ်။ သူ့ကွန်ပျူတာ တစ်ခုခုဖြစ်တိုင်း အားကိုးတကြီးခေါ်တတ်တဲ့ မိတ်ဆွေကြီးကို ကျနော် သံယောဇဉ်ရှိပါတယ်။ 

သူ့ရဲ့ ထူးခြားချက်တစ်ခုက အိပ်မက်တွေ ခဏခဏ မက်တတ်သလို သူ့အိပ်မက်တွေကိုလည်း တကယ်လိုလို ယုံကြည်ပြောပြတတ်တာပါပဲ။ ဥပမာအားဖြင့် သူ လေထဲကို မြောက်သွားတယ်။ သူ့အိမ်ကို ရောက်သွားတယ် ဆိုတာမျိုးတွေပါ။ နတ်တွေက သူ့ကို လာပြီး အရိုအသေပေးတာမျိုးလည်း ပြောတတ်ပါတယ်။ စီကာပတ်ကုံး ပြောလို့ပြီးရင် ဦး အိပ်မက်ထဲမှာ… ဆိုတာနဲ့ အဆုံးသတ်တတ်သူပါ။ နောက်တစ်ချက် အဆီအငေါ်မတည့်တာကတော့ အစိုးရမကောင်းကြောင်း လုံးဝ ပြောလို့ မရတာပါပဲ။ သူ့အယူအဆက အစိုးရဆိုတာ မင်း…. ရေမြေ့သနင်းကွ ဆိုတာမျိုးပါ။ 

စင်ကာပူကလူတွေ မီးလင်းတာ အစိုးရမီးကို မှီနေရတာ… တို့ဆီက ကိုယ်ပိုင် မီးစက်နဲ့ လင်းတာဆိုတော့ ဂုဏ်ယူဖို့တောင် ကောင်းသေးလို့ ပြောတတ်ပါသေးတယ်။ နောက်နေတယ် မထင်ပါနဲ့။ အဲဒါ တကယ်ပဲ သူ့ရဲ့ ယုံကြည်ချက် အမှန်ပါ။

အဲဒီလိုတွေ ပြောနေပေမဲ့ BE ဘွဲ့ရပြီး နိုင်ငံတကာပတ်နေတဲ့ သင်္ဘော EO ကြီးပါ။ သူ့ရဲ့ ပညာတွေ၊ အရည်အချင်းတွေနဲ့ သူ့ရဲ့ ဂမ္ဘီရယုံကြည်ချက်တွေကတော့ တစ်မျိုးတစ်ဘာသာစီ ဖြစ်နေတယ်လို့ ပြောရမှာပါပဲ။ အဲ… သူ့သားတွေ သမီးတွေကတော့ ကျနော်သိသလောက် ပြောရရင် အားလုံး ပညာရေးထူးချွန်ကြပါတယ်။

အခုခေါင်းလောင်းကိစ္စကိုလည်း သူ ကျနော့ကို ပြောဖူးတာက သူဟာ ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ဖို့ သင်္ဘောလိုက်ရင်း ပါရမီဖြည့်နေတယ် ဆိုတာပါပဲ။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ပြောခဲ့တဲ့ စကားပါ။ ပြီးတော့ ခေါင်းလောင်းကြီးကို ဆယ်လို့ရရင် ဦးတို့ တိုင်းပြည်ကြီးလည်း မကြုံစဖူး သာယာဝပြောပြီး အေးချမ်းသွားမယ် ဆိုတာမျိုးကို ပုံပြောနေသလို တွေးတွေးဆဆ ဆိုတတ်ပါသေးတယ်။

ကျနော်ကတော့ ခေါင်းလောင်းဆယ်ဖို့ သင်္ဘောလိုက်ပြီး ပါရမီဖြည့်ရတာကိုလည်း နားမလည်သလို ခေါင်းလောင်းတစ်လုံး ဆယ်ရုံနဲ့ တိုင်းပြည်ကြီး သာယာသွားမယ် ဆိုတာလည်း ဘယ်လို ဆက်စပ်ရမှန်း မသိတာ အမှန်ပါ။ အစ ကတော့ အတိုက်အခံ ပြောပါသေးတယ်။ နောက်တော့ ဘယ်လိုမှ ပြောလို့ ရမှာ မဟုတ်တဲ့အပြင် သူပြောတာတွေ ကျနော်လည်း နားမလည်တာက များသမို့ ဘာမှ ပြန်ပြောမနေတော့ပါဘူး။ သူကလည်း ကျနော်နဲ့တွေ့ရင် သူ့ခံစားချက်တွေ ယုံကြည်ချက်တွေ နားထောင်တတ်တဲ့ မိတ်ဆွေတစ်ယောက်လို သဘောထားတယ် ထင်ပါရဲ့။ ဒါကြောင့်လည်း ခင်ပုံ ပေါ်ပါတယ်။ ကျနော့အကျင့်က ကျနော်နဲ့ အယူအဆ မတူပေမဲ့ သူတစ်ဖက်သား အမှန်တကယ် ယုံယုံကြည်ကြည် ပြောနေတာမျိုးဆို နည်းနည်း ပြောပြီး တည့်မတ်ဖို့ကြိုးစားကြည့်တယ်။ ခက်တာက တစ်ယူသန်တာရယ်၊ ဘဝင်မြင့်တာရယ်ဟာ ကာယကံရှင်ကိုယ်တိုင် သိခဲတယ်ဗျ။ တချို့က ဘယ်လိုမှ ပြောမရတာ။

ဒါ့အပြင် ကိုယ်ကိုယ်တိုင်လည်း အမြဲမမှန်နိုင်ဘူးလို့ ယုံကြည်တာက တစ်ကြောင်း၊ တချို့ဟာတွေက ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အတွက် မှားတယ်မှန်တယ် မပြောတတ်တာက တစ်ကြောင်း၊ လူတိုင်းမှာ ကောင်းကွက် မကောင်းကွက် ရှိသမို့ တတ်နိုင်သ၍ မကောင်းကွက်ကို သွားမထိတာက အန္တရာယ်ကင်းပြီး လူမုန်းနည်းတယ်လို့ ယူဆတာက တစ်ကြောင်း၊ ကျနော့ ပင်ကိုယ်က အလုပ်လုပ်ရင် ဆုံးဖြတ်ချက်မြန်ပြီး ခဏခဏ ဒုက္ခရောက်တတ်သမို့ သူများကို မှားတယ်ပြောဖို့ အရည်အချင်း မပြည့်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်တာကတစ်ကြောင်း…. စတဲ့ အလားတူ အကြောင်းတွေကြောင့် သိပ်အများကြီး အတိုက်အခံ ပြောလေ့ပြောထ မရှိပါဘူး။


နောက်တစ်ချက်ကတော့ အလုပ်က သင်ပေးတဲ့ Training တွေရဲ့ အကျိုးလို့ ပြောရမယ်ထင်ပါတယ်။ သူများပြောရင် လေးလေးစားစား နားထောင်တတ်တဲ့ အကျင့်ပါ။ တစ်ခါတစ်ရံ ကိုယ် လက်မခံနိုင်တာတွေပေမဲ့ စိတ်ရှည်လက်ရှည် နားထောင်ပေး၊ စဉ်းစားပေးလို့ ဘေးကလူတွေ စိတ်မရှည်ကြတာမျိုးလည်း ကြုံရပါတယ်။ ကျနော့ အမြင်တော့ လူတိုင်းဟာ သူယုံကြည်ရာ သူပြောနိုင်ပါတယ်။ သူ့ယုံကြည်မှုကို လမ်းခုလတ်ကနေ ပြက်ရယ်မပြုဘဲ အရင်နားထောင်၊ ပြီးမှ ကိုယ်ပြောချင်ရာကို ပြောခြင်းဟာ နည်းလမ်းကျတယ်လို့ ထင်ပါတယ်။ နားထောင်ပေးခြင်းအားဖြင့် လူတစ်ယောက်နဲ့ တစ်ယောက် နားလည်မှု တိုးစေပါတယ်။ လူတိုင်းဟာ သူတို့စိတ်ထဲ ရှိရာကို ဖွင့်ပြောလို့ရရင်၊ ဂရုတစိုက် နားထောင်ပေးရင် အဲဒီလူကို ခင်မင်တတ်ကြပါတယ်။ ဒါပေမဲ့ အရေးတကြီး အချိန်လုနေတဲ့ အနေအထားမျိုးမှာ ကျနော့လုပ်ပေါက်တွေဟာ စိတ်မရှည်ချင်စရာ၊ ကိုင်ဆောင့်ချင်စရာ ဖြစ်နေမယ် ဆိုတာကိုတော့ ကျနော် ဝန်ခံပါတယ်။

ဒါနဲ့ပဲ ဒီခေါင်းလောင်းနဲ့ ဦးကျော်ဝင်းကိစ္စကို သိပ်မပြောတော့ပါဘူးလို့ စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။ ဒါပေမဲ့ FB မှာ မိတ်ဆွေတစ်ယောက်က စကား စ လာတော့ စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်မိပါတယ်။ လူချင်းခင်နေတာရယ်၊ သဘောရိုးနဲ့ လုပ်တာ ဖြစ်တဲ့အတွက်ရယ်၊ လူတွေဆီက အလှုုခံမှာ မဟုတ်ဘူးဆိုတာကို ယုံကြည်တဲ့အတွက်ရယ် (သူ့စိတ်ကို ကျနော်ခံစားမိသလောက် တကယ် အလှုခံမှာ မဟုတ်လောက်ဘူးလို့ ယုံကြည်ပါတယ်)၊ သူ့ပိုက်ဆံ သူအကုန်ခံ လုပ်ပြီး ကုန်ရင် ရပ်သွားပေမပေါ့လို့ တွေးမိတာရယ်၊ ဒီခေါင်းလောင်းက သူ့ရဲ့ နှစ်ပေါင်းများစွာက အိပ်မက်မို့ တားလို့ မရဘူးဆိုတာ သေချာတဲ့အတွက်ရယ်ကြောင့် သိပ်ပြီး ဝင်မပြောတော့ဘူးလို့ တွေးထားတဲ့အကြောင်း မိတ်ဆွေကို FB ပေါ်မှာ ပြောမိပါတယ်။

အဲဒီမှာတင် ဒီကောင်က အဲဒါကိုတွေ့ပြီး ဖုန်းဆက်တော် မူပါတယ်။ သူပြောတာက သူ့ဟာသူ မှန်တယ်လို့ ရိုးရိုးသားသား ယုံကြည်လို့ လုပ်တာမို့ ဘာမှ မပြောဘူးဆိုရင် စစ်အစိုးရနဲ့ သူ့အဆွယ်အပွားတွေ မှန်တယ်ထင်လို့ လုပ်လိုက်တာ တိုင်းပြည်ကြီး မွဲသွားပါတယ် ဆိုတာကို မင်းလက်ခံရမယ်။ သူတို့ကို အပြစ်ပြောလို့ မရတော့ဘူးလို့ လုပ်ပြန်ပါရော။ မှန်တယ်မှားတယ်ဆိုတာ ဖြစ်လာတဲ့ Impact (ရိုက်ခတ်မှု) တွေကို ထည့်စဉ်းစားရမယ်လို့ ဆိုလာပါတယ်။ ဆိုလိုတာက သူ့ဟာသူ ခေါင်းလောင်းဆယ်တာလို့ ပြောလို့ ရပေမဲ့ စောစောက ပြောသလို အသိဉာဏ်ရေချိန်နည်းပါးနေတဲ့ Society ထဲမှာ ဒီကိစ္စဟာ အနည်းနဲ့ အများ ရိုက်ခတ်မှုတွေ ရှိလာဦးမှာ အသေအချာပါ။ (ဒီလိုပြောလို့ ကိုယ့်လူမျိုးကိုယ် နှိမ်တာ မဟုတ်ရပါ။ အဖြစ်အပျက်တွေက သက်သေပါပဲ။) ထိုင်ခုံမြဲဖို့ဆို မလုပ်ဝံ့တာ မရှိတဲ့သူများကလည်း ဒီလို လူမျိုး၊ ဒီလို ကိစ္စမျိုးကို အခွင့်ကောင်းတစ်ခုလို အသုံးချ ဖွကြဦးမှာ အသေအချာ။

အာဏာရှင်နဲ့ လက်ကိုင်ဒုတ် ပါလေရာ အကုန်သိ ရေဘူးပေါက် ပုဂ္ဂိုလ်များကလည်း သူတို့ကိုယ်သူတို့ တိုင်းပြည်အတွက် စေတနာနဲ့ အနစ်နာခံလုပ်လိုက်တာ ကံမကောင်းလို့ မွဲသွားပါတယ်လို့ တကယ်ကြီးကို ယုံကြည်နေကြတာလည်း အမှန်ခင်ဗျ။ အဲဒါကလည်း အဲဒီ အသိုင်းအဝိုင်းထဲက နီးစပ်သူတွေဆီက သိရတာပါ။

ကျနော် အမြဲစိတ်ဝင်စားတဲ့ ကိစ္စက ဒီလူတွေဟာ သူတို့ကိုယ်သူတို့ မှားမှန်းသိသိကြီးနဲ့ ကိုယ်ကျိုးအတွက် လုပ်နေကြတာလား….. မှန်တယ်လို့ တကယ်ယုံကြည်ပြီး လုပ်နေကြတာလား …. ဆိုတဲ့ ကိစ္စပါပဲ။ လက်လှမ်းမှီသလောက် ပြောရရင် ဒုတိယအမျိုးအစားကလည်း ရာခိုင်နှုန်းမနည်းလှဘူးဗျ။ တစ်တိုင်းပြည်လုံး ဒီအခြေအနေရောက်တာတောင် ကိုယ့်အပြစ်ကိုယ် မမြင်ဘဲ Sanction ကြောင့်တို့၊ ဒေါ်စုကြောင့်တို့၊ ကုလားကြောင့်တို့ လျှောက်ပြောနေတာ တချို့ကအဲဒီအတိုင်း တကယ်ကို ယုံနေတာဗျ။ သီတဂူဆရာတော်ကြီး ဟောသလို လူမိုက်သည် လမ်းမှားကြီးကို လုပ်၏။ အမှားကိုလည်း အမှန်ထင်၏… ဆိုတာမျိုးပေါ့ဗျာ။

နောက်တစ်ချက်က သူတို့ လူမိုက်အချင်းချင်းလည်း တစ်ယောက်အမှားကို တစ်ယောက်က ဖါထေးပြီး ကျီးဘုတ်မြှောက်၊ ဘုတ်ကျီးမြှောက် လုပ်နေကြတာဆိုတော့ ကျနော့လိုပဲ လူချင်းခင်လို့၊ ကျေးဇူးရှိလို့ဆိုပြီး မှားမှန်းသိပေမဲ့ မပြောတာတွေလည်း ရှိကြမှာ အသေအချာပေါ့ခင်ဗျာ။ အဆင်ပြေသလောက် မှိန်းနေကြတာလည်း ပါမှာပေါ့။ အဲဒါတွေကို ဆက်စပ်တွေးမိတော့ ငါလည်း သူတို့အသိုင်းအဝန်းထဲရောက်သွားရင် မှန်တဲ့ဘက်ကို သိသည့်တိုင် ရပ်ရဲပါ့မလား… ပြောရဲပါ့မလား… မှိန်းပြီး ကြိတ်နေမဲ့အစားထဲ ငါ ပါနေမလား... လို့ တွေးမိပါတယ်။

ကျနော်နဲ့ ရင်းနှီးနေတဲ့သူတွေ အမှားလုပ်နေတာကို သိသိကြီးနဲ့ မျက်နှာပျက်မှာစိုးလို့ မပြောဘဲနေတာဟာ မိတ်ဆွေစစ်စိတ် မရှိလို့များလား။ ငါဟာ အကျိုးစီးပွားကိုပဲ ကြည့်ပြီး ပေါင်းသင်းတတ်သူလား…. ဆိုတာမျိုးတွေ တွေးမိတော့ အာခေါင်တွေ ခြောက်လာပါတယ်။ အဓိက နှောက်ယှက်တဲ့ စိတ်ကတော့ ငါဟာ ငါ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေပေါ်မှာ အကျိုးစီးပွားကို သိပ်ကြည့်မိနေသလား၊ ငါဟာ သူတို့အတွက် မရိုးသားတဲ့ မိတ်ဆွေများ ဖြစ်နေသလား…. ဆိုတာမျိုးကို တွေးမိတော့ မျက်မှောက်ကျုတ်လာပါတယ်။ ထမင်းစားရင်း မျက်မှောက်ကျုတ်နေတဲ့ ကျနော့ကို ဇနီးသည်က ဘာဖြစ်နေတာလဲ… လို့ မေးလာပါတယ်။ ဒီ ငနာ ပြောလိုက်တာ ကျနော့မှာ သွားလည်းဒီစိတ်၊ စားလည်းဒီစိတ် ဖြစ်နေပါရော။ သူပြောသလို အပြောတစ်မျိုး အလုပ်တစ်မျိုး လူစားမျိုးလားလို့ စဉ်းစားမိပါတယ်။


  ဒီကောင်နဲ့ ကျနော့ကြားမှာ သူဘာပြောပြော ကျနော်က စိတ်ဆိုးလေ့ မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူ့စေတနာကို တကယ်နားလည်လို့ပါ။ သူကတော့ သူ့သံမဏိစည်းမျဉ်းတွေအတိုင်း ပြောလည်းပြော လုပ်လည်း လုပ်တတ်သူပါ။ ဒါပေမဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ ကြားမှာ Flexibility မရှိဘူးလို့၊ Deal လုပ်ရ ခက်တယ်လို့ မကြာခဏ ပြောမိကြရတဲ့ လူစားမျိုးပါ။ တစ်နည်းအားဖြင့် နည်းနည်း ဂွ (ခွ) ကျတယ် ပြောရမှာပေါ့။ ခက်တာက သူပြောတာတွေကို မှားတယ်ပြောဖို့လည်း ခက်တယ်ဗျ။ သူ့အထောက်အထား၊ သူ့အကိုးအကားနဲ့ သူ့အယူအဆတွေက အမှန်အတိုင်း တကယ်ရပ်ချင်တဲ့သူ၊ အပြောနဲ့အလုပ် တကယ်ညီချင်သူတွေအတွက်တော့ မှန်ကို မှန်နေတဲ့ အချက်တွေပါ။ ငြင်းဖို့ ခက်တယ်။ မှားတယ် ပြောဖို့ ခက်တယ်။ ဒါကြောင့်လည်း ကျနော်က သူ့ကို ဆရာမောင်စိန်ဝင်းစကား ကိုးကားပြီး ပြောရရင် သူရဲကောင်းနဲ့ သာမာန်လူ့ အမှန်အမှားကို ပိုင်းခြားသိတဲ့အထိ တူမယ်ဆို တူနိုင်သေးတယ်။ ဒါပေမဲ့ ဘာကွာသလဲဆိုတော့ သူရဲကောင်းက မှန်တဲ့ဘက်က ရပ်ရဲတယ်။ ကျနော်တို့က ကြောက်တယ်…. အဲဒီမှာ ကွာတာပဲ…တဲ့။

ကျနော့ သူငယ်ချင်းလည်း ကျနော့ မျက်စိထဲမှာတော့ ဂွ(ခွ)ကျတဲ့ သူရဲကောင်း တစ်ယောက်ပါပဲ။ လိုတိုးပိုလျော့ လောကကြီးထဲမှာ သူဟာ တောင့်တောင့်ကြီး ဖြစ်နေတော့တာပါပဲ။ သူ့ရဲ့ ရပ်တည်မှု အတွက် အားလုံးနဲ့ ဆန့်ကျင်ပြီးတော့လည်း ရပ်ရဲသူပါ။ သူ့အသိုင်းအဝန်း အတော်များများဟာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တဲ့နေရာမှာ အားလုံးနီးပါး တောင့်တောင့်ကြီးသမားတွေဗျ။ မာကျောတယ်။ မှန်တယ်ထင်တဲ့ကိစ္စအတွက် မတွန့်မဆုတ်သမားတွေ။

ကျနော် စဉ်းစားမိသလောက်တော့ ကျနော်ဟာ သူ့လောက် အများနဲ့ ဆန့်ကျင်ပြီး မှန်တဲ့ဘက်က မရပ်ရဲသေးဘူးလို့ တွေးမိပါတယ်။ ကျနော်က သာမာန်ပဲ။ ပြီးတော့ ကျနော်က ကျနော့ကိုယ်ကျနော် ဒေါက်မျိုးစုံ ထောက်ထားတတ်တယ်။ ဒါကြောင့်လည်း ဘဝမှာ အတက်အကျကြမ်းကြမ်းတွေ ခဏခဏဖြစ်ပေမဲ့ ရပ်တည်လို့ ရနေတာ။ ကျနော့မှာ အပြန်အလှန် အမှီသဟဲပြုနေကြတဲ့ အသိုင်းအဝန်းတစ်ခု ရှိတယ်။ ဒီအချက်ဟာ သူနဲ့ ကျနော်နဲ့ ဘဝနေထိုင်ပုံချင်းကို ကွာဟစေတယ် ထင်ပါရဲ့။

နောက်ဘိတ်ဆုံးတော့ ကြံဖန်ပြီး ကိုယ့်ကိုယ်ကို ဖြေရပါတယ်။ အလုပ်က သင်သလိုပေါ့။ လူတစ်ယောက်ကို ပြောတဲ့အခါ ကောင်းတာလေးကို အရင် မြင်အောင်ကြည့်ပြီး တစ်ဖက်သားနဲ့ စိတ်ချင်း နားလည်မှု Synchro လုပ် အပေးအယူလေး လုပ်ပြီးတော့မှ ပြောရင် ကိစ္စအတော်များများ အောင်မြင်တယ် လို့ ဆိုပါတယ်။ တကယ့် လက်တွေ့မှာလည်း အလုပ်ဖြစ်တဲ့ သီအိုရီပါ။ ကျနော်လည်း ဖြစ်နိုင်ရင်တော့ မှန်တဲ့အတိုင်း ရပ်ချင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ရပ်ဖို့ဆိုတာ သတ္တိလိုတယ်။ အမှီအခို ကင်းဖို့လိုတယ်။ အမှီအခိုကင်းရင် သတ္တိလည်း အလိုလို ရှိလာမှာပါပဲ။

လောလောဆယ်တော့ မဖြစ်နိုင်သေးသမို့ ငါ့ရဲ့ Flexibility က ရှိနေရလိမ့်ဦးမယ် သူငယ်ချင်းရေ။ မင်းပြောတာကို သဘောပေါက်ပေမဲ့ Negotiating အားသန်တဲ့ ငါ့စရိုက်နဲ့တော့ ခဏသည်းခံတော်မူဦး။ ငါးပါးသီလလိုပဲ… တကယ်ကို ရိုရိုးရှင်းရှင်း သီလလေး ၅ ပါးကိုတောင် ၁၀၀% လုံခြုံအောင် မစောင့်ထိန်းနိုင်သေးတဲ့ မင်းသူငယ်ချင်းဟာ အခုအချိန်မှာတော့ အတတ်နိုင်ဆုံး လိုက်နာပါ့မယ် လောက်ပဲ ပြောဝ့ံသေးသကွ။ တစ်နေနေ့တော့ အပြီးပြတ်စောင့်ထိန်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တော့ ရှိပါတယ်ဟ။

အဲဒီကျမှ မင်းနဲ့ ငါ ရွာပြင်မှာ တဲထိုးနေကြမယ် ဟကောင်ရေ့……

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...