ဇာတ်လမ်းအရ ရောမနန်းတွင်းအရှုပ်တော်ပုံကြောင့် ရောမ စစ်သူကြီး Lucius (John Cusack) နဲ့ အသက်အရွယ်ငယ်ရွယ်လွန်းသေးတဲ့ အပြင် အစ်ကိုဖြစ်သူရဲ့ လုပ်ကြံမှုကြောင့် မျက်စိ ၂ လုံးစလုံး ကွယ်နေရှာတဲ့ မင်းသားလေးဟာ သူတို့မြို့ကနေ ထွက်ပြေးလာကြရင်း စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်ချက်တွေကြောင့် ခပ်ညံ့ညံ့အရာရှိတစ်ယောက် ဦးဆောင်တဲ့ တရုတ်နယ်စပ်မြို့သစ်ကို သိမ်းယူဖို့ ကြိုးစားကြပါတယ်။ တရုတ်အရာရှိဟာ ရောမတွေ လက်ထဲကို အလွယ်တကူနဲ့ ကျသွားပေမဲ့ အဲဒီမြို့သစ်တည်ဆေက်ရေးကို ရဲဘက်အဖြစ် အပို့ခံရတဲ့ Huo An (ဂျက်ကီချမ်း) က ဦးဆောင်ပြီး ရောမစစ်သူကြီးနဲ့ တစ်ယောက်ချင်း တိုက်ကြပါတယ်။ တိုက်နေကြတုန်း သဲမုန်တိုင်းကျလာတာမို့ Huo An က မတိုက်ကြဘဲ ငြိမ်းငြိမ်းချမ်းချမ်း လက်နက်ချပြီး မြို့ထဲဝင်လိုက်ခဲ့ရင် လိုအပ်တဲ့အကူအညီတွေ ပေးမယ်လို့ ကမ်းလှမ်းပါတယ်။
ဒါနဲ့ ရောမတွေလည်း မြို့သစ်ထဲရောက်ပါတယ်။ လိုအပ်တဲ့ အကူအညီတွေပေးပြီး နောက်တစ်နေ့မှာ မြို့သစ်ကနေ ထွက်ခွါခိုင်းပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တရုတ်ဘုရင်ဆီကနေ မြို့သစ်ကို ၁၅ ရက်အတွင်း အပြီးဆောက်ဖို့ အမိန့်ကျလာပါတော့တယ်။ အဲဒါနဲ့ ရောမတွေက ကူညီဆောက်ပေးဖို့ ကမ်းလှမ်းပါတယ်။ ရောမတွေက အဲဒီအချိန်မှာကတည်းက သချင်္ာနဲ့ ဂဲသြမေတြီကို ကျွမ်းကျင်နေကြပြီ ဖြစ်တဲ့အပြင် ပိုမိုကောင်းမွန်လွယ်ကူမြန်ဆန်တဲ့ အင်ဂျင်နီယာနည်းပညာကို တတ်နေကြပြီမို့ မြို့သစ်မှာ ဆက်နေခွင့်ပြုပြီး ရောမတွေရဲ့ အကူအညီနဲ့ မြို့သစ်ကို သတ်မှတ်ချိန်အတွင်း ပြီးအောင်ဆောက်လိုက်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်တွေနဲ့ ရောမတွေလည်း ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကုန်ပါတယ်။ Lucius နဲ့ Huo An တို့လည်း တကယ့်မိတ်ရင်းဆွေရင်းတွေ ဖြစ်သွားကြပါတယ်။
ထားပါတော့။ ဇာတ်လမ်းကတော့ အရသာပျက်မှာစိုးလို့ ဒီလောက်ပါပဲ။ ဒါပေမဲ့ ပြောချင်တာလေးတွေ၊ စဉ်းစားစရာလေးတွေ အများကြီးကို ဒီရုပ်ရှင်ကားကနေ ရပါတယ်။
ဒီကားမှာ ထူးခြားချက်က ဂျက်ကီဟာ တရုတ်လူမျိုးတွေရဲ့ အစွမ်းနဲ့ ရောမတွေရဲ့ ထူးခြားပြီး မတူညီတဲ့ စွမ်းရည်တွေကို မျှတအောင် ရိုက်ယူသွားတာပါပဲ။ အားလုံး သူ့အစွမ်းနဲ့သူ ရှိသလို တကယ်တမ်းမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းပြီး စစ်ကိုရှောင်လွှဲနိုင်တာကို မီးမောင်းထိုးပြပါတယ်။
နောက်ဆုံး ခံစားချက်တွေတူလို့ ရောမရယ် တရုတ်ရယ် ကုလားရယ် မဟုတ်ဘဲ မတရားမှုသာလျှင် ဘုံရန်သူဖြစ်ကြောင်း ပြသွားပါတယ်။ ကြည့်တဲ့ ပရိတ်သတ်ရဲ့ မျက်စိထဲမှာ ရောမတွေရော၊ တရုတ်တွေရောကို အတူတူလို ခံစားရစေပါတယ်။ ဘယ်သူက သာတယ်လို့ မရှိဘဲ ဘုံရန်သူကို အတူတူတိုက်ခိုက် အောင်ပွဲခံလိုက်နိုင်တာကို တွေ့နိုင်ပါတယ်။ ဒါ့အပြင် အာဏာရူးတွေမှာ အမျိုးအဆွေ၊ မိဘ၊ ဘာသာတရား ဆိုတဲ့ စည်းတွေ ဘောင်တွေ ဘာမှ မရှိကြောင်းလည်း သတိပေးသွားသလို မတရားမှုကို တော်လှန်ဖို့မှာ လူမျိုးဘာသာ မလိုဘူး ဆိုတဲ့ message ကို သေသေချာချာ ပေးသွားတဲ့ ရုပ်ရှင်ကားပါ။
တကယ်တော့ အဖေကို သားက သတ်ပြီး ထီးနန်းလုတာမျိုးဟာ အဲဒီခေတ်တွေတုန်းက တစ်ကမ္ဘာလုံးမှာ အတူတူ ဖြစ်နေခဲ့ကြတာပါပဲ။ နောက်ပိုင်းမှာ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ နိုင်ငံရေးစံနစ်အပြောင်းအလဲတွေနဲ့ ဒီအဖြစ်မျိုးတွေကို ရပ်တန့်နိုင်ခဲ့ကြပေမဲ့ အာရှမှာတော့ ဒီအလေ့အထဟာ လုံးဝ ပျောက်ကွယ်မသွားဘဲ ပုံစံတစ်မျိုးနဲ့ ပြောင်းပြီး ကျန်နေပုံပါပဲ။ ကျနော်တို့နိုင်ငံရဲ့ အခုထိ အာဏာသိမ်းခဲတဲ့ ဖြစ်စဉ်တွေကို ပြန်ပြီး ချိန်ထိုးစဉ်းစားနိုင်ပါတယ်။
အနောက်နိုင်ငံတွေမှာ အာဏာဟာ တာဝန်အရပေးထားတဲ့ လုပ်ပိုင်ခွင့်သာဖြစ်ပြီး ကျနော်တို့ဆီမှာတော့ အာဏာဟာ အခွင့်အရေးလို့ မြင်နေဆဲဖြစ်ပါတယ်။
ဟောလိဝုဒ်မှာ နေရာယူထားနိုင်တဲ့ အာရှသားတွေထဲမှာ ဂျက်ကီချမ်းတို့၊ ဂျက်လီတို့ ချောင်ယွန်ဖတ်တို့ဟာ မသိသူမရှိတဲ့ တရုတ်လူမျိုး ဝါရင့်သရုပ်ဆောင်ကြီးတွေပါ။ သူတို့ ရုပ်ရှင်တွေကိုကြည့်ရင် သူတို့ရဲ့ အမျိုးသားရေးခံစားချက်ကိုပါ သတိထားမိခဲ့တာ ကြာပါပြီ။
တရုတ်ဟာလည်း ကိုလိုနီလက်အောက်မှာ နေခဲ့ဖူးတာမို့ အနောက်တိုင်းသားတွေအပေါ် အလာဂျီရှိတာကို မှန်းဆလို့ ရပါတယ်။ အခုခေတ်မှာဆိုရင် သူလည်း ဆူပါပါဝါနိုင်ငံဖြစ်လာလေတော့ အမေရိကန်အပေါ် တရုတ်ရဲ့ ပြိုင်ဆိုင်လိုစိတ်ဟာ အရိုးထဲ၊ အသွေးထဲ၊ အသားထဲထိ ရောက်နေတာကို တရုတ်ပြည်ကို တစ်လနီးပါးရောက်ခဲ့စဉ်တုန်းကတည်းက သတိထားမိခဲ့တာပါ။ ဒါပေမဲ့ ကျနော့အမြင်အရ ပြောရရင် တရုတ်ဟာ အမေရိကန်ကို နိုင်ဖို့မလွယ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အမေရိကန်တွေရဲ့ စိတ်ဓါတ်အခြေခံနဲ့ တရုတ်တွေရဲ့ စိတ်ဓါတ်အခြေခံကြောင့် ကွာခြားမှုကြောင့်ပါပဲ။ တခြားကွာခြားချက်တွေလည်း အများကြီး ရှိပေမဲ့ ဒီပို့စ်မှာတော့ ဒါကို သိပ်မချဲ့တော့ပါဘူး။
ဂျက်လီဆိုရင် သူ့ရဲ့ အရင်က နာမည်ကျော် ဇာတ်ကားတွေထဲမှာ အနောက်တိုင်းသားတွေကို ဇာတ်လမ်းအရ ချိုးနှိမ်ပြီး ရိုက်တတ်တာကို သတိပြုမိပါတယ်။ ဒီ ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ ကျော်ကြားမှုနဲ့အတူ တရုတ်ဟာ ကွန်ဖူးကို ဟောလိဝုဒ်အရောက် တင်ပို့နိုင်ခဲ့ပါတယ်။ အနောက်တိုင်းသားတွေ၊ အထူးသဖြင့် အမေရိကန်တွေ၊ အင်္ဂလိပ်တွေက သူတို့ကို ဆရာခေါ်ရတာ၊ သူတို့ကွန်ဖူးက အနောက်တိုင်းထက်သာတာ၊ သူတို့က အနောက်တိုင်းသားတွေထက် ပိုတော်တာ၊ ပိုပြီး သိက္ခာရှိတာမျိုးတွေကို ဇာတ်လမ်းထဲမှာ ထည့်သွင်းရိုက်ကူးတတ်ပါတယ်။ အမေရိကန်နာမည်ကြီး ဇာတ်ကားတစ်ခုဖြစ်တဲ့ Bodyguard ကို ဂျက်လီပြန်ရိုက်ထားတဲ့ The Defender ဇာတ်ကားမှာ အာရှသားတွေက ပိုပြီး ယဉ်ကျေးတယ်၊ စောင့်ထိန်းနိုင်တယ် ဆိုတဲ့သဘောမျိုး ရိုက်ခဲ့ပါတယ်။ ဂျက်လီတစ်ယောက် အခုနောက်ပိုင်းတော့ Expendable လို အက်ရှင်ကားမျိုးတွေ ရိုက်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက ခုထိ သူတို့ဇာတ်ကားတွေဆို မလွတ်တမ်းကြည့်တတ်ပါတယ်။ နဂိုကတည်းက ရုပ်ရှင်ဝါသနာပါတာလည်း ပါတာပေါ့လေ။
ဒါပေမဲ့ ဂျက်ကီချမ်းကတော့ တစ်ဘာသာပါ။ သူ့ဇာတ်ကားတွေဟာ အများအားဖြင့် ဟာသနှောပြီး အက်ရှင်ကောင်းကောင်း စွန့်စားခန်းကောင်းကောင်းတွေ ပါသလို သူပေးချင်တဲ့ message ကောင်းလေးတွေကိုပါ တွေ့ရတတ်ပါတယ်။ အသက်အရွယ်အရ ရင့်ကျက်လာတာလည်း ပါသလို သူ့ရဲ့နဂိုဗီဇကိုက မျက်နှာရွှင်ရွှင်နဲ့ ပြုံးပျော်နေတတ်တဲ့ ဂျက်ကီဟာ ရိုးသားပြီး လူချစ်လူခင်များပါတယ်။ မေတ္တာနဲ့ ငြိမ်းချမ်းရေးကို သူ့မျက်နှာနဲ့ သူ့သရုပ်ဆောင်ချက်တွေမှာ တွေ့နိုင်ပါတယ်။ နောက်တစ်ချက်က သူ့မှာ စစ်မှန်တဲ့ အမျိုးသားရေးစိတ်ရှိတယ်လို့ ကျနော်ထင်ပါတယ်။ စစ်မှန်တဲ့ အမျိုးသားရေးဆိုတာ ကိုယ့်လူမျိုးကို တိုးတက်မြင့်မား အမြင်ကျယ်စေတဲ့ စိတ်ထားမျိုးဖြစ်ပြီး တခြားလူမျိုးကို နှိမ့်ချလိုတဲ့ သဘောမျိုး မပါပါဘူး။ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုတဲ့စိတ်ထားမျိုးဟာ ကျဉ်းမြောင်းပြီး အမျိုးသားရေးလို့ နာမည်တပ်ထားတဲ့ လူမျိုးကြီးဝါဒသာ ဖြစ်ပါတယ်။
ဒီလို အမျိုးသားရေးကတော့ ပြဿနာတွေကိုသာ ဖြစ်စေပြီး ငြိမ်းချမ်းရေးနဲ့ ဝေးစေမှာပါ။
ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဆိုတာ ကိုယ့်လူမျိုးမှ ကောင်းတယ်၊ ကိုယ့်လူမျိုးမှ မြတ်တယ်၊ အခြားလူမျိုးတွေက မကောင်းဘူး၊ နိမ့်ကျတယ်ဆိုတဲ့ စိတ်ဓါတ်ပါ။ ပြောရမယ်ဆိုရင် အိန္ဒိယမှာ ထွန်းကားတဲ့ ဇာတ်နိမ့်ဇာတ်မြင့် သဘောနဲ့ အတူတူပါပဲ။ ဘုရားလက်ထက်က ဗြဟ္မဏမျိုးမှ မြတ်တယ်ထင်တဲ့ သဘောပါပဲ။ အဲဒီလို သူများလူမျိုးထက်မြင့်မြတ်ကြောင်းပြဖို့နဲ့ အာဏာတည်မြဲဖို့ ဘုရားနဲ့ အမျိုးတော်တာတို့၊ နေမင်းနဲ့ အမျိုးတော်တာတို့၊ ဗြဟ္မာနဲ့ အမျိုးတော်တာတို့ ဆိုတာမျိုးတွေ ဟောပြောပြီး ခေတ်အဆက်ဆက် လူတွေကို ဝါဒဖြန့်စည်းရုံးခဲ့ကြပါတယ်။
အဲဒီမှာ အံ့သြစရာကောင်းတာက လူမျိုးဘာသာ ခွဲခြားမှုကို ဆန့်ကျင်ရှုံ့ချလို့ အတ္တဝါဒကြားက ထွန်းတောက်လာခဲ့တဲ့ အနတ္တဝါဒ ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့ မြန်မာပြည်က ဗုဒ္ဓဘာသာဝင် ဆိုတဲ့သူတွေမှာပါ ဒီလူမျိုးရေးခွဲခြား၊ ဘုရားနဲ့ အမျိုးတော်တဲ့ အယူအဆ ကိန်းအောင်းနေတာဟာ အံ့သြစရာကောင်းသလို ကြောက်စရာလည်းကောင်းပါတယ်။ ရယ်စရာလည်းကောင်းသလို စိတ်ပျက်စရာလည်း ကောင်းပါတယ်။ သာကီဝင်မင်းမျိုးကို ဘယ်လိုဖြစ်ပြီး မြန်မာလူမျိုးနဲ့ အတူတူလို့ ယူဆတယ် မသိပါဘူး။ နောက်တစ်ချက်က မြတ်စွာဘုရားဟာ သာကီဝင်မျိုးမဟုတ်ဘဲ အခြားလူမျိုးဆို မကိုးကွယ်တော့ဘူးလားလို့ မေးစရာပါ။ တကယ်တော့ ဗုဒ္ဓရဲ့ အဆုံးအမ တရားဓမ္မတွေရဲ့ တန်ဖိုးကို တကယ်နားလည်သူအဖို့ ဗုဒ္ဓဘာလူမျိုးဆိုတာ ဘာမှ အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါ။ ဗုဒ္ဓ ဘာဟောခဲ့တယ်၊ ဘယ်လို လိုက်နာ ကျင့်ကြံမယ်သာ အရေးကြီးတာ မဟုတ်ပါလား။
တကယ်တော့ ကျနော်တို့နိုင်ငံမှာ တရုတ်တွေ၊ ကုလားတွေဟာ အစိုးရဝန်ထမ်းဝင်လုပ်ရင် ရာထူးတက်ဖို့ ခက်ပါတယ်။ မြင့်မြင့်မားမားရာထူးမျိုးကို ရဖို့ မလွယ်ပါဘူး။ အဲဒီအခါမှာ သူတို့အတွက် ကိုယ်ပိုင်လုပ်ငန်းသာလျှင် ရွေးချယ်စရာ ဖြစ်လာပါတယ်။
အကျိုးဆက်ကတော့ တရုတ် ကုလားတွေရဲ့ မျိုးဆက်တွေက လုပ်ငန်းရှင်တွေ ဖြစ်လာပြီး မြန်မာတွေက ဝန်ထမ်းမျိုးရိုးတွေ ဖြစ်လာကြပါတယ်။ တကယ်တော့ အရင်းစစ်ရင် အားလုံး ကိုယ့်စေတနာ ကိုယ့်အကျိုးပေးတွေချည်းပါပဲ။ ဆိုလိုတာက ကိုယ်စိုက်ခဲ့တဲ့ အပင်ရဲ့ အသီးအပွင့်ပါပဲ။
ဒါပေမဲ့ ကိုယ့်ကိုယ်ကို မမြင်ဘဲ သူများကိုသာ လက်ညိုးထိုး ပုံချတတ်ပြီး တာဝန်မယူချင်တဲ့သူတွေဟာ ကိုယ်တွေရဲ့ ညံ့ဖျင်းမှုကို ဖုံးကွယ်ဖို့ သူတစ်ပါးရဲ့ အကျိုးစီးပွားကို ရန်လိုတဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ အသိဉာဏ်နည်းသူတွေကို အသုံးချတာပါပဲ။ နောက်ဆုံးတော့ မကောင်းတဲ့စေတနာက ထပ်ပြီးသံသရာလည်ပြန်ပါတယ်။ တရုတ်တွေ ကုလားတွေ ကြီးပွားတာဟာ ကိုယ့်ဆီက ဓါးပြတိုက်သွားတာ မဟုတ်၊ လုယူသွားတာ မဟုတ်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်က စီးပွားရေးပညာမှာ သူတို့လို မကျွမ်းကျင်တဲ့အတွက် ကျေကျေနပ်နပ်ကြီး သွားပေးတာပါ။ ဒါကြောင့် သူတို့ထက် သာချင်ရင် စီးပွားရေးပညာမှာ သူတို့ကို ယှဉ်နိုင်အောင် ကြိုးစားရမယ်ဆိုတဲ့ ယုံကြည်ချက် ရှိပါတယ်။ သူတို့ကို အတုခိုးရပါမယ်။ ကြိုးစားရပါမယ်။
ယေဘူယျ ပြောရမယ်ဆိုရင် အစ္စလာမ်အယူဝါဒကို ကျနော်သဘောမကျတာကို ဝန်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ အယူမတူလို့ ဆိုတာထက် ဘာသာဝင်တွေရဲ့ လုပ်ပုံပြောပုံနေပုံတွေကိုက တခြားသာသာဝင်တွေနဲ့ အဆီအငေါ်မတည့်တာကို ကျနော့လိုပဲ သတိထားမိသူ များပါလိမ့်မယ်။ သူတို့ကိုယ်သူတို့ တစ်သီးတစ်ခြား နေဖို့ အားပေးသလို ဖြစ်နေတဲ့ အချက်တွေ တော်တော်များများ ရှိနေပုံပါပဲ။ ဘာသာဝင်တွေရဲ့ ယုံကြည်မှု အလွဲတွေအပြင် မူရင်းအဆုံးအမမှာကိုက အပေါ်မှာပြောခဲ့သလို ကျဉ်းမြောင်းတဲ့ အမျိုးသားရေးကို ကိုးကွယ်ရာဘာသာထဲမှာ ထည့်သွင်းပြဋ္ဌာန်းထားတယ်လို့ ယူဆစရာ ဖြစ်နေပါတယ်။ အမျိုးသားရေးနဲ့ ဘာသာရေးဟာ အစွန်းရောက်လာရင် အကဲဆတ်တာချင်း အတူတူပါပဲ
အခုနောက်ဆုံး ကမ္ဘာ့ကိုးကွယ်မှုသမိုင်းမှာ မကြုံစဖူး ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ အကြမ်းဖက်မှုတွေနဲ့ တွဲမြင်လာစေတဲ့ ဖြစ်ရပ်မျိုးတွေ မြန်မာပြည်မှာ ဖြစ်ခဲ့ပါတယ်။ ဒါလည်း နိုင်ငံရေးဂိမ်းအတွက် အမျိုးသားရေးနာမည်ခံတဲ့ လူမျိုးကြီးဝါဒကို အခြေခံပြီး ဘာသာရေးကိုပါ ဆွဲသွင်းလာခဲ့တဲ့ နောက်ဆက်တွဲပဲ ဖြစ်ပါတယ်။ မေတ္တာကို အခြေခံတဲ့၊ လူမျိုးဘာသာခွဲခြားမှုကို ရှုတ်ချတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို ဗုဒ္ဓဘာသာဝင်ဆိုသူတွေ ကိုယ်၌က သေသေချာချာ လေ့လာလိုက်စားမှု အားနည်းတဲ့အတွက် ဘယ်လိုမှ မဆီလျှော်တဲ့ အစွန်းရောက်ကိစ္စမျိုးတွေ မြန်မာပြည်မှာ ဖြစ်လာပါတယ်။
ရိုးရိုးလေးပဲတွေးပြီး ဘေးလူအမြင်နဲ့ကြည့်ရင် ဘာသာဝင်တွေရဲ့ လုပ်ဆောင်ချက်နဲ့ပဲ ဘာသာကို သုံးသပ်ကြမှာမို့ အကြမ်းဖက်မှုတိုင်းမှာ ဘာသာကို ရှေ့တန်းတင်နေတဲ့အခါ ဘာသာရဲ့ ပုံရိပ် ကျဆင်းလာတာ မဆန်းပါဘူး။
ဟစ်တလာရဲ့ ခြေဖျားကို မှီဖို့ဝေးစွ၊ ဘာအိုင်ဒီယာမှ မရှိတဲ့ ကျနော်တို့ဆီက မျက်ကန်းမျိုးချစ်တွေဆိုတာ အာဏာရူးတွေနဲ့ ကိုယ်ကျိုးရှာသမား လူယုတ်မာတွေအတွက်တော့ အသုံးချစရာ ထိုးကျွေးစရာ အမာခံတပ်သားတွေပါပဲ။ အထူးသဖြင့် တရားဥပဒေစိုးမိုးမှု အားနည်းပြီး ပညာရေးနိမ့်ကျခဲ့တဲ့ ကျနော်တို့လို နိုင်ငံမျိုးမှာ အင်မတန် အန္တရာယ်ကြီးပါတယ်။ အခုတော့ ဘာသာဝင် မျက်ကန်းတွေအပြင် ရဟန်းတွေပါ ပါဝင် အကြမ်းဖက်တဲ့ အဖြစ်မျိုးတွေကြောင့် မပြေးသော် ကံရာရှိဆိုသလို ဗုဒ္ဓဘာသာဟာ အကြမ်းဖက်တံဆိပ်နဲ့ တွဲဖက်ပြီး သမိုင်းတွင်ခဲ့ပါပြီ။ အကြမ်းဖက်ဖို့ အဆုံးအမဆိုလို့ ဘာတစ်ခုမှ မရှိတဲ့ ဗုဒ္ဓဘာသာ၊ လက်စားချေဖို့ အားပေးတဲ့ စကားဆိုလို့ တစ်ခွန်းတစ်ပါဒမှ မရှိတဲ့ ဗုဒ္ဓဓမ္မတွေကို အစွန်းရောက်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးနဲ့ အကျည်းတန်စေခဲ့ပါပြီ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ အမျိုးဇာတ်ခွဲခြားခြင်းကို အတိအလင်းဆန့်ကျင် ဟောကြားခဲ့တာပါ။ ဒါကြောင့် မြတ်စွာဘုရားရဲ့ လက်ဝဲရံ လကျ်ာရံ ဧတဒဂ်ရ အရှင်သူမြတ်တွေကို ကြည့်ရင် အမျိုးဇာတ်အမျိုးမျိုး ဖြစ်နေတာကို တွေ့ရမှာပါ။ အဲဒီလို ဘုရားမျိုးရဲ့ အဆုံးအမ သာသနာမှာ နေပြီး သာကီဝင်တွေ မြတ်တယ်၊ တခြားသူတွေ နိမ့်တယ်တွေ လျှောက်ပြောနေတာဟာ ရှက်တတ်မယ်ဆို လဲသေသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ FB မှာဆို ဘုရားပုံ ပရိုဖိုင်တွေတင်ပြီး အယုတ္တ အနတ္တတွေ ဆဲဆို ရိုင်းစိုင်းနေတာဟာ ဘာသာခြားတွေအနေနဲ့ကြည့်ရင် ဒီဘာသာအဆုံးအမက ဒီလိုကိုးလို့ ထင်စရာပါပဲ။ ဒါကိုမှ ကိုယ်မှားတာကို မှားတယ်လို့ နားမလည်တဲ့အပြင် ထပ်ကွန့်လာပြီး ဆဲသင့်က ဆဲမည် ဆိုတာမျိုး အရှက်အကြောက်မရှိ ကြွေးကျော်သူက ကြွေးကျော်ပါသေးတယ်။
ပြီးတော့ ဝိဘဇ္ဇဝါဒီလို့ခေါ်တဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်ကို အားပေးပြီး ကာလမသုတ္တန်လို ရှင်းလင်းလှတဲ့ သုတ္တန်မျိုးတွေ ထင်ရှားရှိပါရဲ့နဲ့ သင်္ကန်းခြုံလိုက်တာနဲ့ ပြောချင်ရာပြောလို့ရတဲ့ သဘောမျိုး၊ ဘာကိုမှ ဝေဖန်ခွင့်မရှိသလို လှေနံဓါးထစ် နားလည်လက်ခံနေကြတာဟာလည်း ပညာဉာဏ်ဦးစီးတော်မူတဲ့ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတွေကို သိက္ခာချနေသလိုပါပဲ။ မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာဆိုတဲ့ စကားလုံးလောက်ကို အဟုတ်ထင်ပြီး အကြမ်းဖက်အစွန်းရောက် အမုန်းတရားတွေ ဖြန့်ဖြူးနေတဲ့ လူ၊ ရဟန်း အားလုံးဟာ အချိန်တန်ရင် ကိုယ့်သမိုင်းနဲ့ကိုယ်၊ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးလိမ့်ဦးမယ် ဆိုတာလေးလည်း သတိပေးလိုက်ပါရစေ။
ကနေ့ ကမ္ဘာ့လေဆိပ်တွေမှာ မွတ်စ်လင်တွေကို အဓိက မင်္သကာတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံရ၊ အရှာခံရတယ်ဆိုတာလည်း စေတနာအကျိုးပေးပါပဲ။ အခု ဗုဒ္ဓဘာသာကို အကြမ်းဖက်တံဆိပ်တပ်ခံရတဲ့ အဖြစ်ရောက်တာလည်း သဘောတရားအတူတူပါပဲ။ အားလုံးက ဒီနေ့လုပ်တဲ့အလုပ်၊ နောက်နေ့ သမိုင်းဖြစ်တာပါပဲ။ ဒီလိုနည်းနဲ့ အနာဂတ်တွေ အကျည်းတန်ကြရတာပါ။
အကြောဆိုတာ တင်းလွန်းရင် လှုပ်ရှားရာမှာ လေးကွေးလာပါတယ်။ သွက်ခြာပါဒလိုက်တတ်ပါတယ်။ အမျိုးသားရေး အကြောတင်းရင် နိုင်ငံ ဒရွတ်ဆွဲပါတယ်.. ငြိမ်းချမ်းရေးနဲ့ ဝေးပါတယ်… လို့ တွေးမိသမျှ ဝေမျှလိုက်ပါတယ်။
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)
စောင့်ဖတ်နေပါတယ် စာများများရေးပါဦး
ReplyDelete