Monday, July 13, 2020

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၃)

(၂) Institutional Approach
 
လူမျိုးစုရေးရာ ပဋိပက္ခဖြစ်နိုင်ချေကို ဆန်းစစ်ရာမှာ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းများ ပြုလုပ်ပြီး လူမျိုးစုများအကြား ဆက်နွယ်ပတ်သက်မှုတွေကို ဖော်ကျူးပေးနိုင်တာက အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Crawford ဆိုသူက အင်စတီကျူးရှင်းများအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းမျဉ်းများ၊ ဓလေ့ထုံးစံများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ရေး၊ ကိုယ်စားပြုရေး၊ တာဝန်ခံမှုရှိရေး စတာတွေကို အားပေးဖော်ဆောင်လို့ ရကြောင်း အကြံပြုထားခဲ့ပါတယ်။ identity politics မှ ပဋိပက္ခအဖြစ် မပြောင်းလဲ သွားစေရေးအတွက် နိုင်ငံတော် အင်စတီကျူးများပေါ်မှာ မူတည်ကြောင်း သူမက ဆိုထားခဲ့ပါတယ်။
 
 
identity politics ရှိနေချိန်မှာ နိုင်ငံတော်အနေနဲ့ ငြိမ်းချမ်းစွာ နိုင်ငံရေးယှဉ်ပြိုင်မှုကို အားပေးခြင်း၊ တိုင်းရင်းသားလူမျိုးစုများနဲ့ သဘောတူလက်ခံထားတဲ့ စာချုပ်စာတမ်းပါ ကတိကဝတ်များအတိုင်း ဖော်ဆောင်မှုရှိခြင်း၊ လူမျိုးစုအခြေခံ နိုင်ငံရေးဇာတ်ကောင်များအကြား ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးပမ်းခြင်းများ ပြုလုပ်နိုင်ပါက ပြည်တွင်းစစ်ဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်းကိုလဲ မီးမောင်းထိုးဖော်ပြခဲ့ပါတယ်။
 
အင်စတီကျူးရှင်း ချဉ်းကပ်နည်းလမ်းကို ထောက်ခံသူများက ၁၉ ရာစုခေတ်ကာလမှာ ဆွစ်ဇလန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးစုသုံးစုအကြားက တင်းမာမှုတွေကို ယခုအချိန်မှာ consociational democracy အပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးစနစ်အရ ethnic pluralism ကျင့်သုံးပြီး၊ အုပ်စုသုံးစုအကြား အာဏာခွဲဝေခြင်း နည်းလမ်းနဲ့ စီမံခန့်ခွဲနိုင်ခဲ့ကြောင်း ဥပမာပေး ဖော်ပြထားကြပါတယ်။
 
နိုင်ငံရေးပညာရှင် Enloe နဲ့ Nagel ဆိုသူတို့က နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ဥပဒေဆိုင်ရာ အင်စတီကျူးရှင်းများဟာ အရင်းအမြစ်များကို လူမျိုးစုအပေါ်မှာ အခြေခံ ခွဲဝေပြီး၊ လူမျိုးစုများအပေါ်မှာ အခြေခံတဲ့ political mobilization ကို ပြုလုပ်လေ့ရှိကြကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သို့ပေမယ့် ethnic identity ကို အလွန်အမင်းအာရုံစိုက်ပြီး၊ နိုင်ငံရေးအင်စတီကျူးရှင်းတွေက မြှင့်တင်တဲ့ တိုင်းပြည်တွေမှာ၊ ကွဲပြားခြားနားသော လူမျိုးစုများအကြား လူမှုရေး ပေါင်းကူးဆက်နွယ်ရေးကို မြှင့်တင်တဲ့ တိုင်းပြည်တွေထက် လူမျိုးစုရေးရာ ပဋိပက္ခပိုမိုများပြားကြောင်း သုတေသနပြုချက်များမှာ တွေ့ရှိခဲ့ကြပါတယ်။
 
ကိုလိုနီစနစ်နဲ့ ဒီမိုကရေစီစနစ်တို့ရဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေဟာ လူမျိုးစုများအကြား ဆက်ဆံရေးကို ကြီးမားစွာ အကျိုးသက်ရောက်မှုရှိစေပါတယ်။ ကိုလိုနီစနစ်မှာ လူမျိုးစုများအလိုက် ခွဲခြားအုပ်ချုပ်ရေး မဟာဗျူဟာကို အသုံးပြုပြီး၊ ကိုလိုနီစနစ်ခိုင်မြဲအောင် ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့်လဲ ကိုလိုနီစနစ်လက်အောက်က လွတ်မြောက်လာတဲ့ တိုင်းပြည်တွေမှာ ယခင်အစိုးရဟောင်းရဲ့ အုပ်ချုပ်ရေးယန္တရား လျော့နည်းလာတာနဲ့ တပြိုင်နက် လူမျိုးစုများအကြားမှာ ပြည်တွင်းစစ် ဖြစ်လာ တတ်ပါတယ်။ အခြေအနေတွေကို ငြိမ်းချမ်းစွာ မဖြေရှင်းပဲ စစ်ရေးအရ ဖြေရှင်းလိုတဲ့ ခေါင်းဆောင်များ ရှိနေခဲ့ရင် လက်နက်ကိုင်ပဋိပက္ခဖြစ်နိုင်ချေက ပိုပြီး မြင့်မားတတ်ပါတယ်။
 
ဒီမိုကရက်တစ်အင်စတီကျူးရှင်းများဟာ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးမြှင့်တင်ပြီး၊ ပဋိပက္ခဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ကြောင်း သုတေသန တွေ့ရှိချက်များက အဆိုပြုထားကြပါတယ်။ နိုင်ငံရေးပညာရှင် Prazauskas ဆိုသူက ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ လူမျိုးစုများ စုပေါင်းနေထိုင်ရာ တိုင်းပြည်တခုမှာ တည်ငြိမ်အေးချမ်းမှုကို နိုင်ငံရေးအပေးအယူ လုပ်ခြင်းများ၊ တွေ့ဆုံဆွေးနွေးမှုများနဲ့ ဖော်ဆောင်လေ့ရှိတဲ့အတွက် လူမျိုးစုရေးရာ ပဋိပက္ခ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ကြောင်း ဆိုထားခဲ့ပါတယ်။ နိုင်ငံရေး ပညာရှင် Dixon ဆိုသူကလဲ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ တိုင်းပြည်များဟာ ပဋိပက္ခများ စတင်ဖြစ်ပွားလာချိန်မှာ ဆက်လက် မပြန့်ပွားသွားအောင် ထိန်းချုပ်နိုင်ရေးအတွက် အကောင်းဆုံး ယန္တရားများကို အခြားစနစ်များထက် ပိုပြီး ပြည့်စုံကြောင်း မီးမောင်းထိုးပြထားခဲ့ပါတယ်။
 
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းတဲ့ လူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်တွေရဲ့ အသွင်ကူးစအချိန်မှာ စစ်ဆေးထိန်းချုပ်မှုများကို အင်အားသုံးပြုလုပ်တဲ့ စနစ်ကို စတင်ဖြေလျှော့ရလေ့ရှိပါတယ်။ ဒီလိုအခြေအနေတွေမှာ လူမျိုးစုအဖွဲ့အစည်းတွေရဲ့ စည်းရုံးရေး၊ လှုပ်ရှားဆောင်ရွက်ရေး နယ်ပယ်နဲ့ လုပ်ပိုင်ခွင့်တွေ ပိုမိုကျယ်ပြန့်လာပါတယ်။ ဒါကို အကြောင်းပြုပြီး ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ နိုင်ငံရေးဇာတ်ကောင်များ ရှိသလို၊ အာဃာတနဲ့ အမုန်းတရားများကို ပြန်လည်ဖော်ထုတ်ပြီး နိုင်ငံရေးအရ ပါဝါအခြေခံတည်ဆောက်တဲ့ နိုင်ငံရေးဇာတ်ကောင်များလဲ ရှိလာတတ်ပါတယ်။ ဒီဇာတ်ကောင်များအကြားမှာလဲ အချင်းချင်း အားပြိုင်မှုဖြစ်ပြီး၊ အားသာတဲ့ဘက်ရဲ့ နိုင်ငံရေးလမ်းစဉ်က လူထုအကြားမှာ ပျံ့နှံ့သွားတတ်ပါတယ်။
 
ဒီမိုကရေစီအသွင်ကူးပြောင်းစမှာ လူမျိုးစုတွေအကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြားကိစ္စတရပ်ကတော့ ရုတ်ခြည်း နိုင်ငံရေးအခြေအနေပြောင်းလဲမှုမှာ လူများစုများက လူနည်းစုများကို လွှမ်းမိုးချုပ်ကိုင် အနိုင်ယူသွားမှာကို စိုးရိမ်ကြောင့်ကြစိတ်ဖြစ်ပါတယ်။ ဒါကြောင့် အသွင်ကူးပြောင်းမှုကို ဦးဆောင်တဲ့ နိုင်ငံရေးဇာတ်ကောင်များက ဒီစိုးရိမ်ကြောင့်ကြစိတ်များ လျော့နည်းစေရန် ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု တို့ကို အခြေခံတဲ့ ဆက်ဆံရေးစနစ်တခုကို လူမျိုးစုများနဲ့ ထားရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးပညာရှင် Lijphart ဆိုသူကMajority rule ဟာ အာဏာရှင်စနစ်နဲ့ civil strife ကိုသာ ဦးတည်စေတဲ့အတွက် consensus နဲ့ inclusion တို့ကို အခြေခံတဲ့ ဒီမိုကရေစီအစိုးရတရပ်ကို ဖော်ဆောင်သင့်ကြောင်း အကြံပြုထားခဲ့ပါတယ်။
 
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး (၂၀၁၃)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...