Monday, July 13, 2020

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၈)


(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကွဲပြားခြားနားမှုများအား အပြန်အလှန် အသိအမှတ်ပြုလက်ခံပြီး၊ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းထားပေးနိုင်စေတဲ့ နိုင်ငံရေးအစီအမံတခုအဖြစ် အသုံးပြုလေ့ ရှိကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာ auto (အဓိပ္ပာယ်– ကိုယ်ပိုင်) နဲ့ nomos (အုပ်ချုပ်ခြင်း) စတာတွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒီသဘောတရားကို ယနေ့ခေတ်ကာလမှာ ဒဿနိကဗေဒ၊ သဘာဝသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံစတဲ့ ဘာသာရပ်နယ်ပယ် သုံးခုမှာ အသုံးပြုကြပါတယ်။ ဒဿနိကဗေဒပညာရှင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကိုယ့်ကြမ္မာ ကိုယ်စီရင်ခွင့်ရှိတဲ့ တဦးချင်းပါဝါအဖြစ် သတ်မှတ်ထားကြပါတယ်။ သဘာဝသိပ္ပံပညာရှင်များကတော့ organic independence အဖြစ် သတ်မှတ်ထားကြပြီး၊ နိုင်ငံရေးသိပ္ပံဘာသာရပ်နယ်ပယ်မှာတော့ အုပ်ချုပ်ရေး၊ နိုင်ငံရေးရှုထောင့်ကနေ ရှုမြင်လေ့လာကြပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို အချို့သော အင်စတီကျူးရှင်းများမှာ နိုင်ငံတော်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ကန့်သတ်ပြီး၊ လူနည်းစု များကို စောင့်ရှောက်ပေးတဲ့ နိုင်ငံရေးအစီအမံတခုအဖြစ် ရှုမြင်ထားကြပါတယ်။
ဒေသအခြေစိုက် နိုင်ငံရေးရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (territorial political autonomy) ဆိုတာ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်တဲ့ အခြားလူမျိုးစုများနဲ့ ကွဲပြားသော လူမျိုးစုများရဲ့ အခြေချ နေထိုင်ရာ ဒေအချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးတဲ့ နိုင်ငံရေးအစီအမံတခု ဖြစ်ပါတယ်။ ဒီစနစ်မှာ အားနည်းချက်တခု ရှိပါတယ်။ အကယ်၍ အခြေချနေထိုင်သူတွေက တနေရာကနေ တနေရာကို ရွှေ့ပြောင်းနေထိုင်မှုများပြားလာချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ယခင်က ရှိနေတဲ့ လူများစုက လူနည်းစုပြန်ဖြစ်သွားတဲ့အခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ လူမျိုးစုခေါင်းဆောင်များမှာ legitimacy ဆုံးရှုံးသွားမှု ဖြစ်ပါတယ်။
(၄) Power-sharing arrangements
နိုင်ငံတကာ အဖွဲ့အစည်းများက ပါဝါခွဲဝေကျင့်သုံးတဲ့ နိုင်ငံရေးအစီအမံများကို အားပေးထောက်ခံ လေ့ရှိပါတယ်။ သံတမန်ရေးရာ carrots and sticks များကို အသုံးပြုပြီး ပဋိပက္ခပြီးဆုံးစ နိုင်ငံတွေမှာ ပါဝါခွဲဝေမှုအစီအမံများကို သက်ဆိုင်ရာ လူမျိုးစုများက လက်ခံလာအောင် လုပ်ဆောင်ပေးတတ်ကြ ပါတယ်။ ဒီလိုအစီအမံများကို ပဋိပက္ခဖြစ်ပွားမှုရေချိန် တင်းမာမြင့်မားနေချိန်မှာ ချပြဆွေးနွေးဖို့ ခဲယဉ်းလှပေမယ့်၊ ရေချိန်လျော့သွားပြီး စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုပြုလုပ်ရန် ခက်ခဲလာချိန်တွေမှာတော့ ချပြဆွေးနွေးဖို့ အဆင်ပြေလာတတ်ပါတယ်။
ပါဝါခွဲဝေမှုများကို လက်တွေ့ကျင့်သုံးရာမှာ အခြေအနေ၊ အချိန်အခါ ထည့်သွင်းစဉ်းစား ရမှုတွေရှိတဲ့အတွက် ပဋိပက္ခအားလုံးအတွက် အသုံးပြုနိုင်တဲ့ တခုတည်းသော သဏ္ဍာန်ဆိုတာတော့ မရှိနိုင်ပါဘူး။ ရေရှည်မှာ ဒီမိုကရေစီစနစ်ကျင့်သုံးမှုက အကောင်းဆုံးဖြစ်ပေမယ့်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စတင်ချိန်မှာကတည်းက လူနည်းစုအခွင့်အရေးများ ပေးအပ်ခြင်း၊ လူမျိုးစု အားလုံးရဲ့ အခွင့်အရေးတွေ တန်းတူညီမျှရှိတဲ့ လုံခြုံရေးအင်အားစုများ တည်ဆောက်ခြင်း စတာတွေက ရေရှည်ခံငြိမ်းချမ်းရေးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။
ပါဝါခွဲဝေတဲ့ နိုင်ငံရေးအစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပဋိပက္ခထဲမှာ ပါဝင်တဲ့ အစွန်းမရောက်သော နိုင်ငံရေးခေါင်းဆောင်များ ပါဝင်ပြီး၊ သူတို့ရဲ့ ဦးဆောင်မှုကို လူထုက အသိအမှတ်ပြုခြင်း၊ လက်တွေ့ဆောင်ရွက်ရာမှာ အရင်းအမြစ်များကို တန်းတူညီမျှ ခွဲဝေအသုံးပြုခြင်း၊ တဘက်နှင့်တဘက် အနိုင်ယူရန် ဆန္ဒမရှိပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသည့် နိုင်ငံရေး ယဉ်ကျေးမှု ထွန်းကားခြင်း စတဲ့ အခြေအနေတွေ ရှိနေမယ်ဆိုရင် အောင်မြင်မှုနှုန်း မြင့်မားပါတယ်။
လူမျိုးစုပဋိပက္ခများကို ပါဝါခွဲဝေတဲ့ အစီအမံများနဲ့ ဖြေရှင်းရာမှာ လူနည်းစုများရဲ့ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် inclusive decision making သဘောတရားကို အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီသဘောတရားအရ ဗဟိုအစိုးရရဲ့ central decision making organs တွေထဲမှာ လူနည်းစုခေါင်းဆောင်များပါဝင်ဖို့ ဆောင်ရွက်ရန်လိုအပ်ပြီး၊ ဒီခေါင်းဆောင်များက လူနည်းစုများရဲ့ စစ်မှန်သောအသံများကို ကိုယ်စားပြုဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
အချို့ပညာရှင်များကတော့ လူနည်းစုခေါင်းဆောင်များကို ဗဟိုအစိုးရမှာ ထည့်သွင်းထားတဲ့ သဘောတရားထက်စာရင် လူမျိုးစုများနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုရေးရာများကို သီးခြားဝန်ကြီးဌာနများ သတ်မှတ်ထားရှိပြီး၊ ဒီဝန်ကြီးဌာနများမှာ လူမျိုးစုအုပ်စုများရဲ့ ဆုံးဖြတ်ခွင့်များရှိလာစေရန် လုပ်ဆောင်ပေးခြင်းဖြစ်တဲ့ partitioned decision making က ပိုမိုထိရောက်တယ်လို့ ဆိုကြပါတယ်။
အချို့ပညာရှင်များကတော့ ပါဝါခွဲဝေမှုပြုလုပ်ရာမှာ နယ်မြေဒေသဆိုင်ရာ သဘောတရားကို အခြေခံမည်လား၊ လူ့အဖွဲ့အစည်းကို အခြေခံမည်လား ဆိုတဲ့ အချက်ကို အဆိုပြုမှုနဲ့ ငြင်းဆိုမှုတွေ ပြုလုပ်ကြပါတယ်။ နယ်မြေဒေသ သဘောတရားကို အခြေခံမှုဟာ လူမျိုးစုဖယ်ဒရယ်စနစ်ကို ဖော်ဆောင်ပြီး၊ လူ့အဖွဲ့အစည်းကို အခြေခံမှုက ethnocorporatism စနစ်ကို ဖော်ဆောင်ပေးနိုင်ပါတယ်။ Ethnocorporatism စနစ်ဆိုရာမှာ လူမျိုးစုများကို ပါဝါခွဲဝေပေးခြင်းက နယ်မြေဒေသအပေါ်မှာ အခြေမခံပဲ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအပေါ် အခြေခံပါတယ်။ ဥပမာ အားဖြင့် နယ်မြေဒေသတခုမှာ အေ၊ ဘီ၊ စီ စတဲ့ လူမျိုးသုံးစု နေထိုင်ရာမှာ သက်ဆိုင်ရာ လူမျိုးအလိုက် လူမျိုးစုလွှတ်တော်များ ထားရှိပေးခြင်း၊ သူ့လူမျိုးစုနဲ့ သူ အုပ်ချုပ်နိုင်သော အုပ်ချုပ်ရေး ယန္တရားများ ထားရှိပေးခြင်း စတာတွေ ဖြစ်ပါတယ်။
ပါဝါခွဲဝေမှုဆိုင်ရာ နိုင်ငံရေးအစီအမံများ ပြုလုပ်ရာမှာ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကြုံတတ်ရလေ့ရှိပါတယ်။ inclusive decision-making ဖော်ဆောင်ရာမှာ ဗဟိုအစိုးရ ဆုံးဖြတ်ချက်များ deadlock ဖြစ်သွားအောင် နိုင်ငံရေးကစားခံရတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာတတ်ပါတယ်။ partitioned decision-making ဖော်ဆောင်ရာမှာလဲ လူမျိုးစုနယ်မြေတွေမှာ စစ်ဘုရင်တွေ ကြီးစိုးမှုများ မတော်တဆ ရှိလာတဲ့အခါ စစ်အင်အား တိုးချဲ့လာပြီး၊ ဗဟိုအစိုးရကို ခြိမ်းချောက်မှုပြုတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာတတ်ပါတယ်။
အကြီးမားဆုံးစိန်ခေါ်မှုကတော့ နိုင်ငံရေးအသွင်ကူးပြောင်းမှုများ ပြုလုပ်ချိန်မှာ ဖြစ်ပါတယ်။ နိုင်ငံရေး အသွင်ကူးပြောင်းချိန်မှာ ခေါင်းဆောင်များအကြား စိုးရိမ်မှု၊ သံသယဖြစ်မှုနဲ့ မရေရာမှုတွေ ပေါ်ထွက်လာတတ်ပါတယ်။ လူနည်းစုခေါင်းဆောင်များက လူမျိုးကြီးဝါဒ ကျင့်သုံးပြီး၊ အနိုင်ယူ လွှမ်းမိုးလာမှာကို စိုးရိမ်တတ်ကြသလို၊ လူမျိုးစုခေါင်းဆောင်များကလဲ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို အခွင့်ကောင်းယူပြီး ခွဲထွက်ရေးလှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ်လေ့ရှိကြပါတယ်။ ဒီအတွက် ပါဝါခွဲဝေမှု နိုင်ငံရေးအစီအမံများမှာ fear-reducing mechanisms များကို စနစ်တကျ ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။
နိဂုံး
Chiapas ကနေ Chechnya အထိ၊ India ကနေ Indonesia အထိ၊ Algeria ကနေ Angola နဲ့ Afghanistan အထိ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့ပဋိပက္ခများစွာမှာ ethnic factor က အရေးကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေခဲ့ပါတယ်။ လူမျိုးစုရေးရာ ပဋိပက္ခများကြောင့် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ သားကောင်ဖြစ်ခဲ့ရသူတွေလဲ သန်းပေါင်းများစွာ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းရင်းများကို စနစ်တကျ လေ့လာဖော်ထုတ်ပြီး၊ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေ (conditions) များ ဖန်တီးခြင်း၊ ပဋိပက္ခဖြေရှင်းနိုင်သော နိုင်ငံရေးအစီအမံများ အကောင်အထည် ဖော်ခြင်းများ လုပ်ဆောင်ရန် အရေးကြီးပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၄၊ ၄၊ ၂၀၁၃)
ရည်ညွှန်းကိုးကား
Akbar, Ahmed S. 1995. Ethnic Cleansing”: A Metaphor of Our Time? Ethnic and Racial Studies 18(1):1-20.
Blindenbacher, R and Koller, A (Eds) (2002) Federalism in a changing world: Learning from each other: Scientific background, proceedings and plenary speeches of the International Conference on Federalism 2002, Montreal: Mc Gill-Queens University Press.
Brownlie I, (1998) Principles of public international law, Oxford: Clarendon Express.
Bonacich, Edna.1972. A Theory of Ethnic Antagonism: The Split Labor Market. American Sociological Review 38: 547-59.
Blagojevic, Bojana. 2004. Ethnic Conflict and Post-Conflict Development: Peacebuilding in Ethnically Divided Societies. Ph.D. diss., Rutgers University.
Crawford, Beverly. 1998. The Causes of Cultural Conflict: An Institutional Approach. In The Myth of ‘Ethnic Conflict, edited by Beverly Crawford and Ronnie D. Lipschutz. International and Area Studies Research Series/Number 98. Berkeley: University of California.
De Varennes, Fernand. 2003. Peace Accords and Ethnic Conflicts: A Comparative Analysis of Content and Approaches. In Contemporary Peacemaking: Conflict, Violence and Peace Process, edited by John Darby and Roger MacGinty. New York: Palgrave Macmillan.
Diamond, L and Plattner, M (1994) Nationalism, ethnic conflict and democracy, Baltimore: The John Hopkins University Press and National Endowment for Democracy.
Dixon, William J. 1994. Democracy and the Peaceful Settlement of International Conflict. American Political Science Review 88(1):14.
Earle, V (1968) Federalism: Infinite variety in theory and practice, Illinois: Peacock Publishers.
Enloe, Cynthia. 1981. The Growth of the State and Ethnic Mobilization: The American Experience. Ethnic and Racial Studies 4: 123-36.
Fearon, James D. and David D. Laitin. 1996. “Explaining Inter-ethnic Cooperation.” The American Political Science Review 90(4):715,730.
Franck, T (Ed) (1968) Why federations fail: An inquiry into the successful requisites for successful federalism New York: New York University Press.
Gagnon, A & Tully J (2001) Multinational democracies, Cambridge: Cambridge University Press.
Ganguly, Rajat. 1998. Why Do Ethnic Groups Mobilize? In National Identities and Ethnic Minorities in Eastern Europe, edited by R. Taras. New York: St. Martin’s Press.
Ghai, Y (Ed) (2001) Autonomy and ethnicity: Negotiating competing claims in multi-ethnic states, Cambridge: Cambridge University Press.
Gurr, Ted Robert. 1993. Why Minorities Rebel: A Global Analysis of Communal Mobilization and Conflict Since 1945. International Political Science Review 14(2).
Hannan, Michael T. 1979. The Dynamics of Ethnic Boundaries in Modern States. In National Development and the World System, edited by J. W. Meyer and Michael T. Hannan. Chicago: University of Chicago Press.
Horowitz, Donald L. 1985. Ethnic Groups in Conflict. Los Angeles: University of California Press.
Jalali, Rita and Lipset, Seymour Martin. 1992-93. Racial and Ethnic Conflicts: A Global Perspective. Political Science Quarterly 107(4):595-597, 600.
Knop, K, Ostry S, Simeon, R and Swinton K (Eds) (1995) Rethinking federalism: Citizens, markets and governements in a changing world, Vancouver: University of British Columbia Press.
Kaufman, Chaim. 1996. Possible and Impossible Solutions to Ethnic Wars. International Security 21(2):138, 143.
Lake, David A. and Donald Rothchild. 1996. Ethnic Fears and Global Engagement: The International Spread and Management of Ethnic Conflict. Working Paper. In Columbia International Affairs Online, http://www.ciaonet.org.
Lapidoth R (1996) Autonomy: Flexible solutions to ethnic conflicts, Washington DC: USIP Press.
Nagel, Joane. 1986. The Political Construction of Ethnicity. In Competitive Ethnic Relations, edited by Susan Olzak and Joane Nagel. Boston: Academic Press.
Olzak, Susan and Joane Nagel, eds. 1986. Competitive Ethnic Relations. Orlando and Boston: Academic Press.
Prazauskas, Algis. 1991. Ethnic Conflicts in the Context of Democratizing Political Systems. Theory and Society 20:581-2, 592-6.
Reychler, Luc. 1999. Democratic Peace-Building and Conflict Prevention: The Devil is in Transition. Leuven: Leuven University Press, Center for Peace Research and Strategic Studies (CPRS), 1999.
Roe, Paul. 2005. Ethnic Violence and the Societal Security Dilemma. New York: Routledge.
Rothschild, Joseph. 1981. Ethnopolitics: A Conceptual Framework. New York: Columbia University Press.
Somer, Murat. 1997. Explaining the Hardly Predictable: Causes and Consequences of Ethnification. Working Paper. In Columbia International Affairs Online, http://www.ciaonet.org.
Suny, Ronald Grigor. 2001. “Constructing Primordialism: Old Histories for New Nations,” The Journal of Modern History 73(4):869-870, 896.
Williams, R.M. 1994. The Sociology of Ethnic Conflicts: Comparative International Perspectives. Annual Review of Sociology 20:55.

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၈)

(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကွဲပြားခြားနားမှုများအား အပြန်အလှန် အသိအမှတ်ပြုလက်ခံ...