“ငါတို့ Cable တွေကို Megger ရိုက်သလို ငါကမင်းတို့ကိုလည်း Megger ရိုက်နေတာ… RYB လိုင်းတစ်လိုင်း Megger ကျတာနဲ့ ကြိုးတစ်ချောင်းလုံး လဲပစ်ရသလို Safety, Discipline နဲ့ Performance မှာ တစ်ခုခု ညံ့တာနဲ့ မင်းတို့လည်းသွားတာပဲ…”
ဟူ၏။ သိပြီးသား အကြောင်းအရာတစ်ခုကိုပင် ထူးထူးခြားခြား စကားဥပမာများနှင့် ပြောတတ်ခြင်းက သူ့အရည်အချင်းတစ်ရပ်ဖြစ်သည်။
သူပြောချင်သည့် ဆိုလိုရင်းကို စာရှုသူနားလည်ပါသလား။ လျှပ်စစ်နှင့် ပတ်သက်လုပ်ကိုင်နေသူ ဆိုလျှင်တော့ နားလည်နိုင်ပါလိမ့်မည်။ မပတ်သက်သူများအတွက် ကျွန်တော်ရှင်းပြပါ့မည်။
ကျွန်တော်တို့ အလုပ်က ကျွန်တော်တို့ သင်္ဘောကျင်းတွင် တည်ဆောက်နေသော သင်္ဘောများပေါ်မှ Cable များကို ကောင်းမကောင်းစစ်ရသည့် အလုပ်တစ်ခု အပါအဝင်ဖြစ်သည်။ ထိုလျှပ်စစ်ကေဘယ် တစ်ချောင်းစီတွင် ယေဘူယျအားဖြင့် အနီ၊ အဝါ၊ အပြာ ဟူ၍ အတွင်းကေဘယ် ၃ ချောင်းစီပါသည်။ ထို ကေဘယ်များ၏ လျှပ်ကာသတ္တိ ကောင်းမကောင်းကို ကျွန်တော်တို့အခေါ် မဂ်ဂါမီတာ (Megger meter) ဖြင့် တိုင်းတာစစ်ဆေးရသည်။ ဤအတွင်းကြိုး ၃ ချောင်းမှ တစ်ချောင်းချောင်းသည် အနိမ့်ဆုံးသတ်မှတ်ထားသည့် မဂ်ဂါတန်ဖိုး မပြည့်မှီပါက ထို Cable တစ်ချောင်းလုံးကို အစအဆုံး ဖြုတ်လဲပေရော့။ ဆက်သုံးလျှင် အန္တရာယ်ရှိသည်ဟု သတ်မှတ်ပါသည်။ ဤသည်ကို ရည်ညွန်း၍ အနီ (Red)၊ အဝါ (Yellow) နှင့် အပြာ (Blue) တည်းဟူသော ကြိုး ၃ ချောင်းကို ဘေးအန္တရာယ်ကင်းအောင် အလုပ်လုပ်တတ်မှု (Safety), စည်းကမ်းလိုက်နာမှု (Discipline) နှင့် ထိထိရောက်ရောက်အလုပ်လုပ်တတ်မှု (Performance) တို့ဖြင့် တင်စားကာ အနှိုင်းထပ်တူပြုလိုက်ခြင်းပင်တည်း။
Singapore ကုမ္ပဏီများမှ ကျွန်တော်တို့ နိုင်ငံတွင် လာခေါ်သည့် အလုပ်အင်တာဗျူးများတွင် ဖြစ်လေ့ရှိသည့် ကိစ္စတစ်ခုကို ပြောပြချင်ပါသည်။ ကျွန်တော် Singapore သင်္ဘောကျင်းအလုပ် လျှောက်တုန်းကဖြစ်သည်။ အဲဒီတုန်းက ခေါ်သည့်အလုပ်များမှာ Electrician, Welder, Machinery, Shipwright စသဖြင့် တော်တော်စုံပါသည်။ အဲဒီမှာ Welder လာလျှောက်သော အစ်ကိုတစ်ယောက်ကို မှတ်မိနေခဲ့သည်။ လက်ရှိလည်း ဝရိန်ဆော်သည့်အလုပ်ဖြင့် အသက်မွေးသူဖြစ်လေရာ Welder လာလျှောက်သူများထဲတွင် ဆရာကြီးဖြစ်နေတော့သည်။ အားလုံးကလည်း အားကိုးတကြီး သူ့ကိုသာ အကူအညီတောင်းနေရသည်။
သို့သော် ရွေးချယ်ခံရသူများစာရင်း ထွက်လာသောအခါ သူမပါ ပါ။ အားလုံးနားမလည်နိုင်ကြ။ နောက် Singapore သင်္ဘောကျင်းကို ကျွန်တော်ရောက်ပြီး ထိုစဉ်က အင်တာဗျူးလာသောအဖွဲ့မှ Officer တစ်ယောက်နှင့် ရင်းနှီးလာတော့ အစဖေါ်ပြီးမေးကြည့်မိသည်။ သူပြောသည်က ထိုပုဂ္ဂိုလ် လုပ်ငန်းကျွမ်းကျင်မှန်း သူသိပါသည်…တဲ့။ ဒါပေမဲ့ Safe ဖြစ်အောင်မလုပ်တတ်လို့..ဟု ဆိုပါသည်။ သူအလုပ်လုပ်ပုံမှာ အန္တရာယ်များလွန်းသည်..ဟု စိတ်ရှည်လက်ရှည် ရှင်းပြသွားပါသည်။
စည်းကမ်းလိုက်နာခြင်း (Discipline) ကတော့ ဝန်ထမ်းတစ်ဦးအတွက် အနိမ့်ဆုံးလိုအပ်ချက် ဖြစ်သည်။ လူဖြစ်လျှင် လူစည်းကမ်းကို လိုက်နာရမည်။ ဘုန်းကြီးဝတ်လျှင် ဝိနည်းကို လိုက်နာရမည်။ ထိုနည်းတူ ဝန်ထမ်းသည်လည်း ဝန်ထမ်းစည်းကမ်းတော့ လိုက်နာရမည်သာ။ လူဆိုသည်က လူအမျိုးမျိုး စိတ်အထွေထွေဖြစ်သည်။ မ တစ်ထောင်သားများ မည်သို့မျှမတူနိုင်။ ဤသို့ မတူကွဲပြားသော လူမျိုးပေါင်းစုံကို စုစည်း၍ လုပ်ငန်းများလုပ်သည့်အခါ စည်းကမ်းသည် မရှိမဖြစ် ဖြစ်လာရသည်။ စိတ်ဓါတ်ချင်းမတူ၊ စရိုက်ချင်း မတူ၊ ယဉ်ကျေးမှုချင်း မတူသူများစုပေါင်း၍ လုပ်ကြသော အလုပ်တိုင်းတွင် ဘုံရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ရသည်။ ထိုရည်မှန်းချက်ကို အကောင်အထည်ဖေါ်ရာတွင် အနိမ့်ဆုံးတူညီရမည့် ဆောင်ရန် ရှောင်ရန်များသည် စည်းကမ်းပင်ဖြစ်တော့သည်။
သို့သော် စည်းကမ်းသည် မရှိမဖြစ် အသက်သွေးကြောတစ်ခု ဖြစ်သလို များတိုင်းလည်း ကောင်းသည်မဟုတ်ချေ။ လူဆိုသည်မှာ အပြစ်မကင်းသော သတ္တဝါဖြစ်သည့်အတိုင်း လူတွေဖန်တီးသော စည်းကမ်းများသည်လည်း အခါခပ်သိမ်း ပြည့်စုံမှန်ကန်နေသည်မဟုတ်။
စည်းကမ်းတစ်ခုကို ပြဌာန်းရသည်မှာ လွယ်သလောက် လိုက်နာအောင် လုပ်ရတာခက်လှသည်။
အစကတည်းက ကြောင်းကျိုးမညီညွတ်ပဲ အတ္တ၊ မာနနှင့် ဆန္ဒပေါ်မူတည်၍ ထုတ်ပြန်သော စည်းကမ်းများသည် နောက်ဆုံးမည်သူမျှ မလိုက်နာသော စည်းကမ်းပေါကြီးများ အဖြစ် ချုပ်ငြိမ်းသွားရမြဲဖြစ်သည်ကို ကျွန်တော်ကိုယ်တိုင် အများကြီးကြုံဘူးပါသည်။
စည်းကမ်းကို အကောင်အထည်ဖေါ်သော ပုဂ္ဂိုလ်ပေါ်လည်း အများကြီးမူတည်ပါသည်။ စည်းကမ်းအကြောင်းပြောလျှင် စာတစ်စောင် ပေတစ်ဖွဲ့ လိုရင်းပျောက်မည်စိုး၍ စည်းကမ်းကိစ္စ ဤမျှဖြင့် ရပ်ပါမည်။
နောက်ဆုံးအချက်ဖြစ်သည့် အလုပ်လုပ်နိုင်စွမ်း (Performance) (သို့မဟုတ်) မည်မျှ ထိထိရောက်ရောက် အလုပ်လုပ်နိုင်သည် ဆိုသည့်ကိစ္စမှာ အားလုံးထဲတွင် မြင်သာထင်သာ အရှိဆုံးနှင့် အငြင်းပွားစရာ အဖြစ်ဆုံးဖြစ်လေသည်။ ကျွန်တော်တို့ အတွေ့အကြုံအရ အများစုသော ဝန်ထမ်းများမှာ အစွမ်းအစရှိသော်လည်း ရောက်ခါစ လ အနည်းငယ်မျှ အပြင်းအထန်လုပ်ပြီး နောက်ပိုင်း တဖြည်းဖြည်း အရေထူကာ စွမ်းရည်ကျဆင်းလာတတ်သည်မှာ ထုံးစံတစ်ခုလို ဖြစ်နေတော့သည်။ ရာထူးငယ်သော်လည်း အလုပ်ကို ထူးထူးခြားခြား ဦးဆောင်နိုင်သော ဝန်ထမ်းများလည်း မကြာခဏ တွေ့ရတတ်ပါသည်။ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် လုပ်သော်ငြား တစ်ချိန်လုံး မကျေမနပ်ဖြစ်နေတတ်သော ဗျစ်တောက်ဝန်ထမ်း၊ ကိုယ်လည်း အလုပ်ကို ကောင်းကောင်းမလုပ်… တခြားဝန်ထမ်းများကိုလည်း လုပ်ချင်စိတ်မရှိအောင် ပြောတတ်သော Virus ဝန်ထမ်း၊ ဖြစ်ချင်ရာဖြစ် ကျေနပ်နေသော OK ဝန်ထမ်း စသဖြင့် အမျိုးစုံတွေ့ရတတ်ပါသည်။ အားလုံးကို မဆိုလိုသလို ဝန်ထမ်းအမျိုးအစား အားလုံးကိုလည်း ကျွန်တော်မရေတွက်နိုင်ပါ။ သို့သော် ခြောက်ပစ်ကင်းသူ တစ်ဦးမျှ မရှိနိုင်သော လောကကြီးတွင် ကိုယ့်ကိုယ်ကိုပင် စိတ်တိုင်းကျ မဖန်တီးနိုင်ရကား အဘယ်သူသည် ကျွန်တော်တို့ စိတ်တိုင်းကျဖြစ်အံ့နည်း။
နောက်ဆုံးတော့ ကျွန်တော်တို့သည် ဟိုလူ့စိတ်တိုင်းမကျလိုက်၊ ဒီလူ့စိတ်တိုင်းမကျလိုက်၊ သားသမီးကို စိတ်တိုင်းမကျ၊ ဇနီး ခင်ပွန်းကို စိတ်တိုင်းမကျလိုက်၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျလိုက်နှင့် ကျွန်တော်တို့ ကမ္ဘာအပြင်မှ တစ်စုံတစ်ယောက်သည် ကျွန်တော်တို့ဖြစ်အင်ကို စောင့်ကြည့်ခဲ့သည်ရှိသော် ဟာသတွေချည်းဖြစ်ကာ အတောမသတ် ရယ်မောနေရဖွယ်ရှိသည်တကား။ ရှိစေဦးတော့။ စိတ်သွားတိုင်း လက်ကမလိုက်နိုင်ရကား ဒီကိစ္စလည်း တို့လို့တန်းလန်းထားလိုက်ဦးမည်။
တကယ်သာ ပြည့်စုံအောင်ရေးရလျှင် နှစ်ကုန်သည်အထိ ဤ post တင်ဖြစ်တော့မည်မထင်။
အနှစ်ချုပ်ရလျှင် ကြိုး ၃ ချောင်းရဲ့ ရာဇဝင်သည် ကျွန်တော်တို့ ကိုယ်တိုင်ရေးသော ကျွန်တော်တို့ ရာဇဝင်ဖြစ်သည်။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝများကိုလည်း ကြိုး ၃ ချောင်းဖြင့် တိုင်းတာနိုင်ပါသည်။ မကြာသေးမီက ကျွန်တော် သမီးလေးတစ်ယောက် ရခဲ့ပါသည်။ သမီးကို ဘယ်ပုံစံနှင့် ကြီးပြင်းခိုင်းမလဲ ဆိုသည့်ကိစ္စကို ဇနီးသည်နှင့် ကျွန်တော်တိုင်ပင်ကြပါသည်။ Singapore တွင် ကြီးပြင်းခိုင်းရမည်လား။ မြန်မာပြည်တွင် ကြီးပြင်းခိုင်းရမည်လား။
ကျွန်တော်ကတော့ Safety နဲ့ Discipline ကို ဦးစားပေးဖို့ ဆုံးဖြတ်ထားပါသည်။ Management စကားနှင့် ပြောရလျှင် Performance ကို ငွေဖြင့်ဝယ်ယူ၍ ရပါသည်ခင်ဗျား။
(ကျွန်တော့် ကိုယ်ပိုင်အယူအဆများသာ ဖြစ်၍ စိတ်တိုင်းမကျပါက ကျွန်တော့်အရေးအသား မတတ်ခြင်းကြောင့် ဖြစ်ပါသည်။ ခွင့်လွှတ်တော်မူကြပါကုန်။)
(ဓါတ်ပုံများကို Google မှ ယူသည်။)
Like tal bya....carry on ... Cheersssss!!!!
ReplyDelete