Wednesday, July 20, 2011

အားအားယားယား

 ကျွန်တော် facebook မှာ သမီးကို အကြောင်းပြုပြီး post တချို့ရေးဖြစ်ရာမှ စိတ်ကူးပေါက်ပြီး Blog လေးတစ်ခု ဖန်တီးမိသည့်အခါ မိတ်ဆွေအချို့က “အားနေလား” ဟု နောက်ပြောင်ကြသည်။ အမှန်တော့ Shipyard Engineer တစ်ယောက်ရဲ့ ဘဝမှာ ကိုယ်ပိုင်အချိန်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိလှပါ။ အထူးသဖြင့် သွားသုတ်သုတ် လာသုတ်သုတ် Singapore တွင် ကျွန်တော်များမှာ အချိန်အတော် ဆင်းရဲကြပါသည်။
 
သို့သော် ဆရာကိုတာ ပြောသလိုပင်… သူငယ်စဉ် ကျောင်းတက်သည့်အခါ ကျောင်းနဲ့အိမ် အဝေးကြီးသွားရသည်..တဲ့။ ကားပေါ်မှာတင် အချိန်တွေ ကုန်ခဲ့သည်။ စာအုပ်စာပေကလည်း ရှားသေးသမို့ မုန့်ထုပ်တဲ့စက္ကူကအစ သိမ်းထားပြီး ကားပေါ်မှာဖတ်ရသည်..တဲ့။ နောက်ဆုံး ဆရာပြောသည့် “….အဲဒီလိုနည်းနဲ့ ကျွန်တော့အချိန်တွေ ကျွန်တော်ပြန်ရခဲ့ပါတယ်..”
ဆိုသည့် စကားတစ်ခွန်းကတော့ ကျွန်တော်မမေ့။ 

 

 ကျွန်တော်တို့ အသက်တွေ ကြီးလာသည်နှင့်အမျှ တာဝန်တွေက များလာသည်။ ကိုယ်ပိုင်အချိန်တွေ နည်းလာသည်။ ကိုယ်စိတ်ဝင်စားတာလေးတွေ လုပ်ဖို့ အချိန်ရှားလာသည်။ လုပ်သင့်တာတွေချည်း ဦးစားပေးနေရတာနဲ့ လုပ်ချင်တာလေးတွေ မလုပ်ရတော့။ ကြာတော့ မွန်းကြပ်လာသည်။ လူဖြစ်ကျိုးရှုံးလာသည် ဟုပင် ဆိုနိုင်သည်။

Time Management က ဘဝရဲ့ သော့ချက်ဖြစ်လာသည်။ အကန့်တွေခွဲတတ်ဖို့ လိုလာသည်။ ဦးစားပေးအဆင့်တွေ သတ်မှတ်လာရသည်။ မွန်းကြပ်မှုတွေက လွတ်မြောက်ဖို့ နည်းလမ်းတွေရှာရသည်။ တချို့က အရက်သောက်သည်။ မူးယစ်ဆေးဝါးဖြင့် မေ့ဖျောက်ဖို့ကြိုးစားသည်။ ယစ်မူးခြင်းဖြင့် ဒုက္ခအပေါင်း၊ မွန်းကြပ်မှုအပေါင်းတို့မှ ခဏတာ လွတ်မြောက်မှုကိုရသည်။

အပြစ်မကင်းသော ယာယီလွတ်မြောက်မှုတွေက ကျွန်တော်တို့ ဝန်းကျင်မှာ များလှသည်

ကျွန်တော်ကတော့ ရုပ်ရှင်ဖြင့်မူးလိုက်၊ Internet ဖြင့်မူးလိုက်၊ စာအုပ်တွေနဲ့ မူးလိုက်…. စသည့် ကျွန်တော့်အကြိုက် မူးနည်းမျိုးစုံနဲ့ မူးတာပါပဲ။ အခု ကျွန်တော့်နောက်ဆုံးပေါ် မူးယစ်နည်းတွေကတော့ facebook နဲ့ blog ရေးခြင်း ဖြစ်လာသည်။

နောက်တစ်ခု ကြီးကြီးကျယ်ကျယ် ပြောရလျှင် ကျွန်တော်တို့ လေးစားရသော ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်းဦးသန့်လည်း စာရေးသည်။ ဒေါ်စုလည်း စာရေးသည်။ ပါမောက္ခတွေ စာရေးသည်။ ဆရာဝန်တွေ စာရေးသည်။ အမေရိကန် သမ္မတတွေလည်း ရေးသည်။

အခုလက်ရှိ ဘလောဂ်ဂါတွေထဲမှာလည်း ထင်ရှားသော၊ လေးစားရသောသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီးပါသည်။ သူတို့လည်း အားအားယားယား ရေးကြသည်မဟုတ်တန်ရာ။ သူတို့စာတွေဖတ်လျှင် သူတို့စေတနာ သူတို့ခံစားချက် သူတို့ဝါသနာကို မြင်ရသည်။ Blog ရေးခြင်းက ပိုဆိုးသည်။ ဒီအလုပ်က ပိုက်ဆံရသည့်အလုပ်မဟုတ်။ အခန့်မသင့်လျှင် ကိုယ်ကြိုးစားပမ်းစား ရေးထားသည့် post လေးကို comment တွင်ဝင်ပြီး ဗလာချည် ဆဲသွားတာခံရသေးသည်။

ကျွန်တော့်အတွက်တော့ ကျွန်တော့ Blog လေးသည် ကျွန်တော်၏ ယစ်မူးရာ၊ တိုင်တည်ရာ၊ တတ်သလောက် မှတ်သလောက်လေးတွေ ဝေမျှရာ၊ ရိုးစင်းသော နေရာလေးတစ်ခုသာ။

(ဓါတ်ပုံများကို Google မှ ယူသည်။)

1 comment:

  1. ကောင်းတယ် ကိုသက်ရေ... carry on

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...