Saturday, July 23, 2011

ကြိုက်ပါဘူးဆို…


“မစားဘူးသေးတဲ့ အစားတစ်ခုကို သုံးခါတော့စားကြည့်…၊ အဲဒါမှ မကြိုက်ရင် မကြိုက်လို့ပဲ..၊ ကြိုက်ရင်များများစား… မကြိုက်ရင်နည်းနည်းစား၊ မစားဘူးဆိုတာ ဘာမှမရှိစေနဲ့…..”။ အဲဒါ ကျွန်တော့် အမေရဲ့ လက်သုံးစကားဖြစ်သည်။
ကျွန်တော်ငယ်ငယ်က ဂေါ်ဖီထုပ်မစား။ အမေက ပါးပါးလေးတွေလှီး၍ ထမင်းနဲ့ရောနယ်ပြီးကျွေးသည်။ ကျွန်တော်ကလည်း ဂေါ်ဖီတစ်မျှင်ချင်း ဖယ်၍စားသည်။ မစားမချင်း နေ့တိုင်းကျွေးသည်။ ကြာတော့ တော်တော်စိတ်ရှည်သော ကျွန်တော်စိတ်မရှည်တော့။ Complain တက်လျှင်လည်း အတီးခံရမှာ သေချာသလောက်ရှိသည်။ နောက်ဆုံးတော့ စိမ်းစိမ်းစိုစို ဂေါ်ဖီကြော်သည် ကျွန်တော်နှစ်သက်သည့် အစားအသောက်တစ်ခု ဖြစ်လာခဲ့သည်။

ရှမ်းခေါက်ဆွဲနဲ့ မုန်ညှင်းချဉ်လည်း ဒီလိုပါပဲ။ တချိန်က မုန်ညှင်းချဉ်အနံ့ကို ချဉ်စုတ်စုတ်နဲ့ဟု ပြောခဲ့သော ကျွန်တော်သည် အခုတော့ ရှမ်းခေါက်ဆွဲဆိုင်သွားစားလျှင် မုန်ညှင်းချဉ်ထပ်ထပ်တောင်းနေရသည်က အလုပ်တစ်ခု။

နောက်တော့ အမေစားတာမှန်သရွေ့ ကျွန်တော်စားသည်။ အမေက အစားချေးမများတော့ ကျွန်တော်လည်း အစုံစားသတ္တဝါ ဖြစ်သွားသည်ပေါ့။ အပူ အစပ် အချဉ် အငံ အကုန်တီးသည်။ အမေ့စကားအတိုင်း (၃) ခါ စားပြီးလျှင် ဆက်စားဖြစ်တာများပါသည်။ ကျွန်တော် မကြိုက်တာတွေတော့ ရှိပါသည်။ မစားတာတော့ နည်းပါ   သည်။ ခွေး၊ ကြောင် ကဲ့သို့ အိမ်မွေး တိရစ္ဆာန်များတော့ လုံးဝမစားပါ။ အခုချက်ချင်း လက်ညှိးထိုးသတ်ခိုင်းပြီးစားရသည့် ဂဏန်း၊ ဖါး လို အစားအသောက်များလည်း မစားပါ။ အသေသား (သို့) ချက်ပြီးသားတော့ တီးပါသည်။ ချေးထူပြီး ရှောင်ခြင်းမဟုတ်ပါ။ နားလည်နိုင်လိမ့်မည် ထင်ပါသည်။

အခုခေတ် ကလေးတွေရဲ့ ဘဝက ကျွန်တော်တို့တုန်းကနဲ့ မတူ။ ရွေးစရာ Option တွေက ပိုများလာသည်။ ထမင်းဝါးခွံ့တဲ့ခေတ်မှ အာဟာရမှုန့်ခေတ်ဖြစ်လာသည်။ သန့်သည်။ လွယ်သည်။ သို့သော် ပြဿနာက ကလေးတွေ အချိုစွဲခြင်းဖြစ်သည်။ အာဟာရမှုန့်က ချိုသည်ကိုး။ ကလေးက မချိုရင် မစားတော့။ ကျွန်တော်တို့ မိဘတွေဆိုတာကလည်း အရင်တစ်ခါ facebook မှာရေးဘူးသလိုပါပဲ.. ကလေးထိန်းသည်ဟု နာမည်ခံပြီး ကလေးခိုင်းသမျှ လျှောက်လုပ်ပေးသောမိဘ နှင့် ကလေးငိုသည်နှင့် နားအေးလျှင်ပြီးရော မိဘမျိုးက (ကျွန်တော်အပါအဝင်) အများစု ဖြစ်လေရကား ဒီလိုနည်းနှင့် ချေး (ဂျီး) ထူသော ကလေးများဖြစ်လာတော့သည်။ နောက်တော့ တစ်အိမ်တည်း အတူနေပြီး လူငါးယောက်ကို ဟင်းငါးခွက်ချက်နေရတဲ့ မိသားစုတွေ ကျွန်တော်ကိုယ်တိုင် မြင်ဘူးပါသည်။

အစားအသောက် ချေးထူခြင်းသည် ကျွန်တော့အမြင်ပြောရလျှင် မိမိကိုယ်တိုင်လည်း ကိုယ့်ဒုက္ခကိုယ်ရှာသလို သူများကိုလည်း ဒုက္ခပေးသည်ဟု ဆိုနိုင်သည်။ ကိုယ့်ရှိတာလေးနှင့် လှုချင်တန်းချင် ကျွေးချင်မွေးချင်ရင်သော်မှ ဟိုဟာ မစား ဒီဟာ မစား တစ်ယောက်ပါလာလျှင် အနည်းနှင့်အများ ကသိကအောင့် ဖြစ်ကြရသည်မျိုး ကြုံဘူးကြပါလိမ့်မည်။
ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင်လည်း အချို့ဓါတ်များသည် အစားအသောက်တစ်ခုတွင် ပေါများစွာပါသလောက် အခြားအစားအသောက်များတွင် အလွန်နည်းပါးစွာပါ ပါသည်။ လူ့ခန္ဓာကိုယ်တွင် ဓါတ်ကြီး ၄ ပါး ညီမျှဖို့ရာ အစားအသောက်မျိုးစုံကို တန်ဆေးလွန်ဘေး မျှတအောင် ချင့်ချိန်စားတတ်ခြင်းသည် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ကျွန်တော် Singapore ကို လာစဉ်က အတူနေအခန်းဖော် တစ်ဦးဆိုလျှင် ဝက်သား၊ အမဲသား၊ ကြက်သား မစားပါ။ ငါးဆိုလျှင်လည်း အတော်များများကို မစားပါ။ အသီးအရွက်ကျတော့လည်း ထိုနည်းလည်းကောင်း။ ကြက်သားကြက်ဥသာ ပေါသော Singapore တွင် သူဘာစားမည်နည်း။

ကျွန်တော်တို့ စုပြီးချက်စားကြတော့လည်း ဟိုဟာ မစား ဒီဟာ မစား သကောင့်သားကို ဘယ်သူမှစိတ်မရှည်။ ကျွန်တော်တို့မှာ လစာကလည်း $၄၅၀ စား သဘောင်္ကျင်း အလုပ်သမားများသာဖြစ်ရာ ဈေးကြီးသော အသားငါးကို အဘယ်မှာလျှင်မှီဝဲနိုင်အံ့နည်း။ နောက်ဆုံးတော့ သူ့ခင်မျာ ငါးခြောက်နှင့် ကြက်ဥသာ အလဲအလှယ်လုပ်၍ စားရလေသည်။ အလုပ်ကလည်း ပင်ပန်းလှသော အလုပ်မျိုးဖြစ်ရာ အာဟာရမပြည့်ဝသော သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း အားနည်းဖြူရော်လျှက် ရှိတော့သည်။ နောက်ဆုံး ခန္ဓာကိုယ်ရဲ့ သဘာဝ အားနည်းခြင်းနှင့် အလုပ်ပင်ပန်းခြင်း နှစ်ခုမိတ်ဆွေဖွဲ့ကာ လေဖြတ်သွားတော့သည်။ ဆရာဝန်ကပြော ကျွန်တော်တို့ကပြောနှင့် အားရှိအောင် ကြက်သားစားရန် သူ့အိမ်သို့ ဖုန်းဆက်၍ ခွင့်တောင်းကာ စားရသည်ဟူသတတ်။

ဒေဝဒတ်၏ သတ်သတ်လွတ်စားရန် အဆိုပြုချက်ကို ဘုရားရှင်က ပယ်တော်မူခဲ့သည်။ ကျွန်တော်နားလည်တတ်သည့် အရွယ်ရောက်သည့်အခါ ဘုရားရှင်၏ ဗတ်ဒဘိုင် (ဒတ်လဘိုင် မဟုတ်) ဘုန်းပေးသည့် အကြောင်းဖတ်ရသည့်အခါ ကျက်သည်းထ မိသည်။ ထမင်းကို အရောင်စုံစားတတ်သည့် လူမျိုးများထံမှ ခံယူရရှိသည့် ဆွမ်းအစုံကို ရောပြွန်းပြီး နယ်ထားသောဆွမ်းသည် မည်သို့ရှိမည်နည်း။ သို့သော် ရသာတဏှာကို ဦးစားမပေးနိုင်၊ တရားထူးရရှိရေး ခန္ဓာမြဲအောင်ရည်ရွယ်ချက်ဖြင့် ဘုရင့်သားတော် သိဒ္ဓတ္ထသည် ဤဆွမ်းကို ဘုန်းပေးခဲ့ရသည်သာ။ သည်နေရာကို ဖတ်ရတိုင်း ဘုရားရှင်မဖြစ်သေးသည့် အလောင်းတော်ကိုပင် အလွန်ကြည်ညိုရပါသည်။

သာမညတောင် ဆရာတော်ဘုရားကြီးကဲ့သို့ နယ်တစ်ခုလုံး သတ်သတ်လွတ်စားအောင် ဖန်တီးထားနိုင်လျှင်တော့ အလွန်ကောင်း၍ အေးချမ်းမည်ဖြစ်သည်မှာ ယုံမှားစရာမရှိပါ။ ဒါမျိုးကတော့ ခြွင်းချက်ဖြစ်ပေမည်။ ပုံမှန်အားဖြင့်တော့ ဒကာဒကာမများ ကပ်လှုသောဆွမ်းကို အားပြု၍ သာသနာ့ဝန်ထမ်းနေသော ရဟန်းများအနေနှင့် ဟိုဟာမကြိုက်ဘူး ဒီဟာမစားချင်ဘူး လုပ်၍အဘယ်မှာလျှင် သင့်တော်ပါမည်နည်း။ ဒကာဒကာမများလည်း ဝန်ထုပ်ဝန်ပိုးဖြစ်ပေမည်။

အမေကတော့ ပြောသည်။ရွေးဖို့အခွင့်အရေးရှိရင်ရွေး…. မရှိရင် ရှိတာနဲ့စား။ မွေ့ယာရှိလျှက်နဲ့တော့ ဖျာနဲ့အိပ်ဖို့မလို။ ဖျာပဲရှိလျှင်တော့ ဖျာနဲ့ပဲအိပ်…တဲ့။ အသီးအရွက်ပဲရှိရင် အသီးအရွက်ပဲစား၊ အသားဟင်း မတောင့်တနဲ့…တဲ့။ အသားဟင်းပဲရှိရင်လည်း အဲဒါပဲစားပေါ့..တဲ့။ ပြီးတော့ ကိုယ့်ဗာရီဟကိစ္စ ကိုယ့်ဟာကိုယ်   ရှင်းနိုင်အောင်လုပ်၊ သူများကို အားမကိုးနဲ့…တဲ့။ ဒါနဲ့ပဲ ကိုယ်စားချင်တာ ကိုယ့်ဘာသာ ချက်တတ်သော ကျွန်တော် ဘယ်သွားသွား ဝါးတီးမပူရပါ။
ဝါးတီး ဂျီကျသော ကလေးများ အရွယ်ရောက် အိမ်ထောင်ကျလျှင် သူတို့ရဲ့ အိမ်ရှင်မစိတ်ညစ်ရသည်။ အိမ်ရှင်မ ဂျီကျလျှင် အိမ်ဦးနတ်ငတ်ပြီ။ သူတို့က မွေးလျှင်လည်း ဂျီလေးတွေဖြစ်ဖို့ ရာနှုံးများပေမပေါ့။ ဒီလိုနည်းနှင့် ဂျီမျိုးဆက် ဆက်တော့သည်။

 ယနေ့ ကမ္ဘာမှာ အငတ်ဘေးဆိုက်သည့် တိုင်းပြည်တွေ အကြီးအကျယ်ငတ်နေသည်။ ပေါများသည့် နေရာတွေမှာ အကြီးအကျယ် ပေါများနေသည်။ အစားအသောက်တွေ မစားရဘဲ လွင့်ပစ်သူတွေ လွင့်ပစ်နေကြသည်။

ဂျာမဏီမှာ အစားသောက်တွေ အလျှံပါယ်မှာ စားပြီး မကုန်နိုင်တော့ ဒီအတိုင်းထား ပိုက်ဆံရှင်းပြီး ထ သွားခဲ့သည့် ရွှေမြန်မာများကို ဘေးစားပွဲမှာ စားသုံးသူတစ်ဦးက ရဲကို တိုင်သဖြင့် ဒဏ်ရိုက်ခံခဲ့ရသည့်အကြောင်း ဖတ်ရတော့ စဉ်းစားစရာတွေ ဖြစ်ရသည်။ ကျနော်တို့ လူမျိုးက ကပ်စေးနဲသည် ထင်မည်စိုးသဖြင့်သော် လည်းကောင်း၊ ကြွားဝါလိုသောကြောင့် လည်းကောင်း၊ အခြား အကြောင်းပြချက်များကြောင့်သော် လည်းကောင်း... ဘာလုပ်လုပ် ပိုပိုလျှံလျှံ ပေါပေါများများ လုပ်ချင်တတ်ကြသည်။ ပြီးလျှင် မကုန်နိုင် မခမ်းနိုင်တွေကို လွှင့်ပစ်ပေတော့။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဖြုန်းတာ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဟု ယုံကြည်ကြသည်။

တကယ်တော့ လူကြီးမင်းရဲ့ ပိုက်ဆံသည် လူကြီးမင်း ပိုင်သော်လည်း သဘာဝအရင်းအမြစ်များမှာ တစ်ကမ္ဘာလုံးနှင့် ဆိုင်သော အများပိုင် ဖြစ်ပါသည်။ ကျနော်တို့ အားလုံးနှင့် ဆိုင်ပါသည်။ ပိုက်ဆံရှိတိုင်း ဝယ်ယူဖြုန်းတီးခွင့် မရှိပါ။ ဤသည်မှာ လူသားတစ်ယောက်ရဲ့ ကျင့်ဝတ်ဖြစ်သည်။ ကမ္ဘာကြီးကို ဝိုင်းဝန်ထိန်းသိမ်း စောင့်ရှောက်ရမှာ ကမ္ဘာသားတစ်ယောက်ရဲ့ တာဝန် ဖြစ်သည်။
ကျွန်တော်တို့ရဲ့ ချေး(ဂျီး)ထူတတ်သည့် အကျင့်တွေအတွက် ဆင်ခြေဆင်လက်တွေ ဒီအကျင့်တွေကို မျိုးဆက်သစ်များသို့ လက်ဆင့်မကမ်းသင့် ဟုတော့ထင်သည်။ ကျွန်တော်တို့ရဲ့ ကိုယ်ချင်းစာတရားတွေလည်း Globel ဖြစ်ဖို့လိုပြီထင်သည်။ 

ပြောမဲ့သာ ပြောရသည်။ နားထဲမှာ ကြားတာက……

ကြိုက်ပါဘူးဆို….…….


(ဓါတ်ပုံများကို Google မှ ယူသည်။)

1 comment:

  1. ကိုသက်ရေ ကြိုက်လွန်းလို့ share လိုက်ပြီ

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...