Wednesday, July 20, 2011

ခေါင်းတစ်လုံးကျောခြင်း

“သူများထက် ခေါင်းတစ်လုံးကျောချင်ရင် ဘာလုပ်ရမလဲ” ဆိုသည့် မေးခွန်းကို ကျွန်တော် GTI တက်စဉ်တုန်းက သူငယ်ချင်းတွေနဲ့ ဆွေးနွေးခဲ့ဘူးသည်။ တကယ်လည်း ကျွန်တော်တို့သည် ကျွန်တော်တို့ ဝန်းကျင်မှလူများထက် ကျော်နိုင်လျှင်ခေါင်းတစ်လုံးသာဖြစ်လိမ့်မည်။ ဒါ့ထက် မပို။ ဒါ့ထက် ပိုလာရင်ရော။ ရှင်းပါသည်။ အဲဒီဝန်းကျင်မှ ခင်ဗျားအလိုလို ထွက်သွားပြီးဖြစ်ပါလိမ့်မည်။
 
ကျွန်တော်ပြောလိုသည်မှာ ငွေကြေးဥစ္စာနှင့် သိပ်အများကြီးမဆိုင်ပါ။ နည်းနည်းတော့ဆိုင်နိုင်ပါသည်။ ပညာမတတ်သည့် သို့မဟုတ် ပညာရေးကို စိတ်မဝင်စားသည့် လူတစ်ယောက်ကို Engineer ကျောင်းသားတွေ စကားဝိုင်းထဲ ထည့်ကြည့်ပါ။ နည်းနည်းကြာသည်နှင့် ထ ပြေးမှာသေချာပါသည်။ အဘယ်ကြောင့်ဆိုသော် ပြောသောစကားအများစုသည် သူ့အတွက် ဘောင်မဝင်သောကြောင့် ဖြစ်သည်။ နောက်ဆုံး သူနဲ့လိုင်းတူတွေဆီ ပြေးပါလိမ့်မည်။ အခန့်မသင့်လျှင် ပညာတတ်များကိုပင် “ဘာကောင်တွေမှန်း မသိပါဘူး။ ဘာတွေပြောမှန်းလည်း မသိဘူး။ ကြီးကြီးကျယ်ကျယ်နဲ့” ဟု အတင်းပြောခံရနိုင်သည်။

ဘဝဟူသည် တိုက်ပွဲဟု အဓိပ္ပါယ်ဖွင့်ကြသည်။ ပြိုင်ပွဲဟုလည်း ဆိုကြသည်။ တခြားပုံစံများဖြင့်လည်း ဖွင့်ဆိုကြတာ အများကြီးရှိပါသည်။ ကျွန်တော်ကတော့ ပြေးပွဲ တစ်ခုဟု သမုတ်ချင်သည်။ ဘဝကို ခပ်ကြမ်းကြမ်း ရင်ဆိုင်ရသူအတွက် တိုက်ပွဲ ဆိုသော ဖွင့်ဆိုချက်က ပိုမှန်နိုင်ဖွယ်ရှိသည်။ အပြိုင်စိတ်ရှိသူအတွက် ပြိုင်ပွဲ ဟု ပြောခြင်းသည် ပိုမိုသင့်လျှော်ပါမည်။
 

ထို့ကြောင့် ဘယ်သူမှတော့ ဘဝကို ပြည့်စုံအောင် အဓိပ္ပါယ်ဖွင့်နိုင်မည်မထင်။ ဖြတ်သန်းရပုံခြင်း မတူကြသလို မြင်ပုံခြင်းလည်း ကွာပေလိမ့်မည်။ သေချာတာတစ်ခုက ရပ်လို့မရတာဖြစ်သည်။ မွေးချိန်မှ သေချိန်အထိ ကြားကာလတစ်ခုကို မရပ်မနားသွားနေရသည်က ဘဝရဲ့သဘောဖြစ်သည်။


ဘဝခရီးကို စတင်တာထွက်သည့် အချိန်တွင် ကျွန်တော်တို့နှင့် အစမှတ် (Starting Point) တူသူတွေ အများကြီးရှိခဲ့ကြပါသည်။ အချိန်တစ်ခုကြာပြီးသည့်အခါ ခရီးရောက်ပုံခြင်း မတူကြတော့။ အချို့က ကျွန်တော်တို့ရှေ့ ဟိုးအဝေးကြီးမှာ။ တချို့က ဟိုးနောက်မှာ ကျန်ခဲ့ကြသည်။ တချို့က မနီးမဝေးမှာ။ တချို့က ကျွန်တော်တို့ ဘေးမှာ။ ဘေးမှာရှိသေးသူများနဲ့ Speed တူနေသေးသ၍ ကျွန်တော်တို့ စကားစမြည်ပြောနိုင်ကြသည်။ မနီးမဝေးမှသူများကို လှမ်းအော်ပြောနိုင်သေးသည်။ သိပ်ဝေးသွားသူများကို ဘာမှမပြောနိုင်တော့။ တချို့ကတော့ မျက်စိအောက်မှပင် ပျောက်သွားခဲ့ပြီ။ ကျွန်တော်တို့ GTI တက်စဉ်တုန်းက အတန်းထဲမှာ လူ ၇၀ ရှိခဲ့သည်။ နောက်ဆုံးနှစ်ပြီးတော့ လူ ၆၄ ယောက်သာ ကျန်သည်။ ၆ ယောက်သော သူငယ်ချင်းတွေ အကြောင်းအမျိုးမျိုးနဲ့ ပျောက်သွားခဲ့သည်။ အဲဒီ ကျန်သော ၆၄ ယောက်ကလည်း အချိန်တန်တော့ ၆၄ ဘဝပါပဲ။ ကျောင်းခန်းထဲတွင်ရှိချိန်လေးသည် ကျွန်တော်တို့ Speed တူခဲ့ကြသော အချိန်လေးဖြစ်သည်။ ကျောင်းပြီးကတည်းက Speed တွေ ကွာသွားကြသည်။ အခုထိ Speed ညီနေသော သို့မဟုတ် မတိမ်းမယိမ်းဖြစ်နေသော သူငယ်ချင်းတွေ စကားတွေပြောဖြစ်ကြသည်။ တိုင်ပင်ကြ ဆွေးနွေးကြသည်။ နောက်ကျနေသော်လည်း လက်လှမ်းမီသော သူငယ်ချင်းတွေကို ဆွဲခေါ်ဖို့ ကြိုးစားကြသည်။ ရှေ့ရောက်နေသူများကလည်း ကူညီကြပါသည်။ တတ်နိုင်သ၍ Speed ညှိကြသည်ပေါ့။ သိပ်ရှေ့ရောက်သူတွေ သိပ်နောက်ရောက်သူတွေကို ဆက်သွယ်ဖို့ ကြိုးစားသည့်အခါများတွင်တော့ အတော်အားစိုက်ရပါသည်။

“သူများထက် ခေါင်းတစ်လုံးကျောချင်ရင် ဘာလုပ်ရမလဲ” ဆိုသည့် မေးခွန်းရဲ့အဖြေကို ကျွန်တော်တို့ သူငယ်ချင်းတွေ သဘောတူသည့်အတိုင်း ပြန်ပြောပါမည်။ သူများထက် ခေါင်းတစ်လုံးကျောချင်လျှင် များများနားထောင်ဖို့ လိုပါသည်။ များများဖတ်ဖို့ လိုပါသည်။ များများတွေးဖို့ လိုပါသည်။ များများလုပ်ဖို့ လိုပါသည် ဟူ၏။ တစ်ခုချင်းကို ရှင်းလျှင် အတော်ရှည်မည်ဖြစ်သဖြင့် ဤမျှဖြင့် ရပ်ပါမည်။

ဥပမာပြောရလျှင် ကျွန်တော်၏ အသက် ၃၆ နှစ် အထိကြုံတွေ့ခဲ့ရသော အဖြစ်အပျက် သင်ခန်းစာများကို အသက် ၂၀ မျှရှိသေးသော ညီငယ် ညီမငယ် တစ်ဦးက ကိုယ်တိုင်နာကျင်မှုမရှိဘဲ တစ်ဆင့်နားထောင်ခြင်းအားဖြင့် သင်ယူနိုင်ပါသည်။ ကိုယ်တိုင်ကြုံသလောက် လေးနက်ချင်မှ လေးနက်မည် ဖြစ်သော်ငြား ယူတတ်လျှင် ယူတတ်သလို အသိတစ်ခုတော့ ရမည်သာ။ ဤနည်းဖြင့် သူ့အသက် (၃၆) နှစ်သို့ ရောက်လာသည့်အခါ ကျွန်တော့် (၃၆) နှစ်ထက်ပိုပြီး ရင့်ကျက်လာနိုင်မည်ဖြစ်သည်။


ကျွန်တော်ကိုယ်တိုင်လည်း သူတစ်ပါးအတွေ့အကြုံများမှ သင်ခန်းစာယူထားတာတွေ အများကြီးရှိပါသည်။ အရာခပ်သိမ်းကို ကိုယ်တိုင်ကြုံမှ သိမည်ဆိုလျှင်တော့ ဤတိုတောင်းလှသော လူ့ဘဝဝယ် ဘာမှလုပ်ချိန် ရှိတော့မည်မဟုတ်။ တချို့ကိစ္စများကို ကိုယ်တိုင်လုပ်မှ သိရသည်။ ဥပမာအားဖြင့် ရေကူးခြင်းနှင့် တရားအားထုတ်ခြင်းသည် လက်တွေ့မပါဘဲ မသိနိုင်သည့်ကိစ္စမျိုးများဖြစ်သည်။ သို့သော် အချို့ကိစ္စများတွင် ကိုယ်တိုင်ကြုံစရာမလိုပါ
 

ဆရာဦးအောင်သင်းစကားအတိုင်းပြောရလျှင် လူလိမ္မာတို့မည်သည် သူတစ်ပါးအမှားမှ သင်ခန်းစာယူတတ်ရမည်သာ။ စာရေးခြင်းသည် အတွေ့အကြုံ သို့မဟုတ် ခံစားချက် တစ်စုံတစ်ရာကို လက်ဆင့်ကမ်းခြင်း၊ မျှဝေခြင်းဖြစ်သည်။ စာဖတ်ခြင်းသည် သင်ယူခြင်း သို့မဟုတ် မျှဝေခံစားခြင်း ဖြစ်သည်။ 

အတွေ့အကြုံလက်ဆင့်ကမ်းခြင်းသည် လူ့လောက တိုးတက်ခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်သည်။

ပြီးခဲ့တဲ့လ က ကျနော့်သမီးလေး လူလောကထဲ ရောက်လာခဲ့သည်။

ဤဘလော့သည် သမီးလေး စာဖတ်တတ်သည့် အရွယ် ရောက်လာသည့်အခါ ဖတ်ဖို့ အဖေတယောက်၏ စကားများ၊ အယူအဆများလည်း ဖြစ်သလို သာမာန်လူငယ်တစ်ဦး၏ ရင်ထဲတွင်သိမ်းဆည်းထားသည့် ခံစားချက်များကို ဖွင့်ဟသော၊ ဘဝနှင့်ရင်းပြီး ကြုံခဲ့ရသည့် အတွေ့အကြုံနှင့် သင်ခန်းစာများကို ဝေမျှပေးသော၊ တစ်သက်တာဖတ်ခဲ့ မှတ်ခဲ့ဘူးသမျှစာအုပ်များမှ ကောင်းနိုးရာရာလေးများကို မှတ်မိသမျှပြန်ပြောပြသော နေရာလေးတစ်ခုလည်း ဖြစ်ပါသည်။ မအားလပ်သည့်ကြားမှ ကြိုးစားဖန်တီးအပ်ပါသည်။ 

နှစ်သက်သည်များကိုယူ၍ မနှစ်သက်သည်များကို လွတ်လပ်စွာ ဖယ်ထားခဲ့နိုင်ပါသည်။

(ဓါတ်ပုံများကို Google မှ ယူသည်။)


No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...