Friday, July 29, 2011

ဗိုလ်အောင်ဒင်များနှင့် တွေဆုံခြင်း

( facebook တွင် ကျွန်တော်ရေးခဲ့ဘူးသော စာစုတစ်ခုကို ပြန်လည်မွမ်းမံ အသက်သွင်းပါသည်။)

အကောင်းမြင် ဝါဒသမားက လူသားတွေ သွားရေးလာရေး လွယ်ကူစေဖို့ လေယဉ်ပျံကို တီထွင်သည်ဟု ဆိုပါသည်။ အဆိုးမြင် ဝါဒသမားက လေယဉ်ပျံပျက်ကျရင် ဘယ့်နှယ်လုပ်မတုန်းဟု တွေးကာ လေထီးကို ထွင်သည်…တဲ့။ တကယ်လိုလို အဟုတ်လိုလိုပါပဲ။
သို့သော် ဒီနေရာမှာ တကယ်ဟုတ်တယ် မဟုတ်ဘူး ငြင်းဖို့မဟုတ်ပါ။ အကောင်းပဲမြင်မြင် အဆိုးပဲမြင်မြင် အကျိုးရှိအောင် တွေးဖို့၊ လုပ်ဖို့လိုရင်းဖြစ်သည်။

တကယ်တော့ ဘာလုပ်လုပ် အကောင်းချည်းမြင်ခြင်း အဆိုးချည်းမြင်ခြင်းသည် အစွန်းရောက်ခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့မှာ အကောင်းဘက်က ကြည့်ဖို့မျက်လုံးတစ်လုံး၊ အဆိုးဘက်က ကြည့်ဖို့မျက်လုံးတစ်လုံးပါသည်ဟု ဆိုနိုင်သည်။ ကောင်းတာလေးတွေ နားထောင်ဖို့နားတစ်ဖက်၊ ဆိုးတာတွေနားထောင်ဖို့ နားတစ်ဖက်လည်း ပါသည်။

သို့သော် ပြောဖို့ပါးစပ်ကတော့ တစ်ပေါက်သာပါသည်ပဲ။ ကောင်းတာပြောလည်း ဒီပါးစပ်၊ ဆိုးတာပြောလည်း ဒီပါးစပ်ပါပဲ။ တကယ်တော့ အကောင်းအဆိုး မျှမျှတတကြည့်၍ မှန်မှန်ကန်ကန် မြင်တတ်လျှင် အကောင်းဆုံးဖြစ်သည်။ ဒါကလည်း ပြောသလောက်တော့ မလွယ်။ အမှား အမှန် ရောထွေးနေတတ်တာ လောကသဘာဝပါ။ မှန်တိုင်းပြောလို့မဖြစ်တာတွေကလည်း အများသားကိုး။


မျိုးကျော့မြိုင် သီဆိုသည့် “မှားတဲ့ဘက်မှာ” သီချင်းကို ကြားဘူးကြပါလိမ့်မည်။ လမင်းကြီးဆီမှ ရွှေလင်ဗန်းကို လိုချင်သော၊ ကောက်ကျစ်သော ယုန်ကလေးကိုမှ အားကျသော၊ ငရန်မန်ကန်းကိုမှ သဘောကျသောသူများ လောကတွင် အများကြီးရှိပါသည်။  
     

မှားတဲ့လူက အကုန်မှား၍ မှန်တဲ့လူက ခြောကြ်ပစ်ကင်းနေတာမျိုးတော့ မြန်မာရုပ်ရှင်ထဲမှာပဲရှိသည်။ သူတို့ရုပ်ရှင်ထဲမှလူများသည် ချစ်ရမည့်သူကလည်း တချစ်တည်းချစ်၍ တခြားအလုပ်မရှိ၊ ရန်ညိုးဖွဲ့သူကလည်း ကလဲ့စားချေဖို့ တစ်ခုသာရှိ၍ ဘာမှဟုတ်တိပတ်တိ လုပ်ကြသည်မဟုတ်။ အပြင်လောကမှာ အဲဒီလောက်မလွယ်ပါ။ ရုပ်ရှင်သည် ရသတစ်စုံတစ်ရာ ပေးနိုင်ရေးသာဖြစ်၍ အပြင်လောကမှ ကျွန်တော်တို့က သူတို့ထက်သာသော စွယ်စုံပညာရှင်များ ဖြစ်ကြလေကုန်၏။

ကျွန်တော်က ရုပ်ရှင်အတော်ကြိုက်ပါသည်။ ရန်ကုန်မှ အဆင့်မြင့်ရုပ်ရှင်ရုံ တစ်ရုံတွင် အသံပိုင်းအင်ဂျင်နီယာအဖြစ် တစ်နှစ်နီးပါး တာဝန်ထမ်းခဲ့ဘူးပါသည်။ ရုပ်ရှင်အမျိုးအစား အမျိုးမျိုးနှင့် လာကြည့်သည့် လူတန်းစားအမျိုးမျိုးရဲ့ မတူညီမှုများကို ကျွန်တော်သတိထားမိပါသည်။ အင်္ဂလိပ်ကားကြိုက်သည့် ပရိတ်သတ်နှင့် မြန်မာကားပရိတ်သတ် Sensitive ဖြစ်ပုံခြင်း မတူပါ။

မြန်မာကားကြည့်လျှင် ရပ်ရမည့်ဘက်ကရှင်းသည်။ ဇာတ်လိုက်နှင့် လူဆိုး အလွန်သိသာသည်။ အကောင်းနှင့် အဆိုး ကွဲပြားမှုကရှင်းသည်။

အင်္ဂလိပ်ကားတွေက ဇာတ်လိုက်ရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ လူဆိုးရဲ့ အရည်အချင်းကို အရင်မြှင့်သည့်နည်းကိုသုံးသည်။ လူကြီးလူကောင်းပုံ ဖမ်းထားသော တည်ငြိမ်သည့် ဇာတ်ကောင်စရိုက်ကို အေးစက်စက် ရက်စက်မှုဖြင့် အဆိုးသရုပ်ဖေါ်တတ်ခြင်းနှင့် နည်းပညာကျွမ်းကျင်မှုက အများစုသော Hollywood ရုပ်ရှင်များရဲ့ အားသာချက်ဖြစ်သည်။

နောက်တော့ “အထူးရဲ ကွန်မန်ဒို” ကဲ့သို့သော ဟောင်ကောင်ဇာတ်လမ်းတွဲတွေ ခေတ်စားလာသည့်အခါ ကြင်နာခြင်းနှင့် ရက်စက်ခြင်းကဲ့သို့သော ဆန့်ကျင်ဘက်စရိုက်များကို သူတို့၏ဇာတ်ကောင်များတွင် ထည့်သွင်းခြင်းအားဖြင့် ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့သည်။
အကောင်းအဆိုးစည်းသည် အတိအကျကြီး ကွဲပြားနေတာမျိုးမဟုတ်တော့။
ပရိတ်သတ်ရင်ထဲတွင် ကြောက်လန့်ခြင်းနှင့် ဂရုဏာသက်ခြင်းကို တစ်ပြိုင်နက်တည်း ခံစားစေခြင်းဖြစ်သည်။ အခုနောက်ဆုံး ကိုရီးယားကားတွေလည်း ဒီသဘောပဲဖြစ်သည်။

အကောင်းအဆိုးတွဲနေသော ဇာတ်ကောင်များသည် ပရိတ်သတ်ရင်ထဲတွင် ဝေခွဲမရဖြစ်စေသည်။ ဤသည်ကပင် သူတို့ဇာတ်လမ်းတွဲများကို ကျွန်တော်တို့ စွဲလမ်းရခြင်း အကြောင်းတစ်ခုဖြစ်သည်။ ဇာတ်ကောင်များ ချောမောလှပခြင်းသည်လည်း မင်းသား မင်းသမီးကို အလှကြည့်တတ်သော ကျွန်တော်တို့လူမျိုးအတွက် ကြိုက်စရာတစ်ခုပါ။

ဗိုလ်အောင်ဒင်ဇာတ်ကားသည် အကောင်းအဆိုးကို အသေသပ်ဆုံး တွဲစပ်ပြနိုင်ခဲ့သည့် မြန်မာရုပ်ရှင်သမိုင်းတစ်ခုဖြစ်သည်။ ဟောင်းသော်လည်း idea ပိုင်းအနေနှင့် လွန်စွာခေတ်မီသော၊ အဆင့်အတန်းမြင့်သော ကားကောင်းတစ်ကားဟု ဆိုချင်သည်။ ဗိုလ်အောင်ဒင်သည် လူပီသခြင်း၏ သရုပ်တစ်ခုဖြစ်သည်။

ကျွန်တော်ပြောလိုသည်မှာ အပြင်လောကသည် အကောင်းအဆိုးတွဲသော လောကတစ်ခုဖြစ်သည်။ ဗိုလ်အောင်ဒင်များရဲ့ လောကဖြစ်သည်။ မည်သူမျှ လုံးလုံးလျားလျားကြီး ကောင်းမနေပါ။  လုံးလုံးလျားလျားကြီး ဆိုးလည်းမနေကြပါ။ စိတ်ပညာသဘောအရပြောလျှင် ဖြူရင်ဖြူ၊ မဖြူရင်မဲရမည် ဆိုသည့်စိတ်သည် ၅ နှစ်သားစိတ် ဖြစ်သည်။ မဖြူတိုင်း မဲချင်မှမဲမှာပေါ့ဟု တွေးတတ်သောစိတ်သည် ၁၅ နှစ်သားစိတ်ဟုဆိုပါသည်။ တကယ်တော့ ကျွန်တော်တို့လောကသည် အဖြူအမဲချည်းမဟုတ်။ ရောင်စုံဖြစ်သည်။ ၁၅ နှစ်သားစိတ် များများမွေးဖို့လိုပါလိမ့်မည်။
မျှမျှတတ မြင်တတ်သုံးသပ်တတ်ခြင်းသည်လည်း ကျင့်ယူ၍ရပါသည်။ ကိုယ်ချင်းစာတရားရှိခြင်းက သူတစ်ပါး၏ ခံစားမှုကို နားလည်စေပါသည်။ အစွဲကင်းကင်း စဉ်းစားတတ်ခြင်းက အမှန်ကိုမြင်ဖို့အကောင်းဆုံးသော့ချက်ပါ။ မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်ဖို့ကတော့ ဉာဏ်နဲ့အတွေ့အကြုံ လိုပါလိမ့်မည်။

နောက်ဆုံးတော့ ဘာရယ်လို့သေသေချာချာ မသိသေးသည့် ကိစ္စများကို သတိရှိရှိ အကောင်းမြင်ဖြင့် ချဉ်းကပ်ခြင်းက အဆင်အပြေဆုံး ဖြစ်ပါလိမ့်မည်။ တကယ်အလုပ်ဖြစ်သည့်နည်း ဖြစ်ပါသည်။
လူတစ်ယောက်ကို လူတစ်ယောက်က ရုပ်ရှင်ထဲကလို ဒုက္ခပေးဖို့ နေ့မအား ညမအား ကြံနေတာမျိုးကတော့ အပြင်မှာရှားပါသည်။ အပြင်လောကမှလူတွေက ရုပ်ရှင်ထဲက လူတွေလောက် မအားပါခင်ဗျား။

(ပတ်ဝန်းကျင်မှ လူတွေအားလုံး သူတို့ကို မကောင်းကြံနေသည်ဟု အထင်ရောက်ကာ မည်သို့မျှ တရားချမရသည့် မိတ်ဆွေတချို့အကြောင်း စဉ်းစားမိပြီး ဤစာကိုရေးပါသည်။ အားလုံးကို ပျော်စေချင်ပါသည်။)

(ဓါတ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...