Thursday, August 11, 2011

တစ်ကျွန်းအတွေ့အကြုံ (သို့) တစ်လနို့တစ် (အပိုင်း -၂)

တစ်ကျွန်းဆိုလို့ ကြီးကြီးကျယ်ကျယ် မထင်ပါနဲ့ဗျာ။ ရေပတ်လည် ဝိုင်းလျှက်ရှိတဲ့ ကုန်းမြေကို ကျွန်းဟုခေါ်သည်ဆိုတဲ့ သီအိုရီကိုတည်ပြီး ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေ အားလုံးကျွန်းသူ ကျွန်းသားတွေပါပဲ။ ရေမဝိုင်းတဲ့ ကုန်းမြေဆိုတာ ကမ္ဘာပေါ်မှာ ရှိလို့လားဗျာ။ ကျွန်းကြီးရင် တိုက် လို့ခေါ်တာပေါ့။ စင်ကာပူကတော့ နဂိုကတည်းက ကျွန်းနိုင်ငံငယ်လေး မဟုတ်လား။ Jurong Island က ကျွန်းကြီးပေါ်က ကျွန်းကလေးဗျ။ Singapore က ကျွန်းကြီး၊ ကျွန်းကလေး၊ ကျွန်းသားလေး၊ ကျွန်းပိစိကွေးလေးတွေနဲ့ တည်ထားရတဲ့ နိုင်ငံပါ။ ထားပါတော့။

 

Jurong Island အဆောင် အကြောင်း နည်းနည်းဆက်ပြောပြမလို့ နိဒါန်းပျိုးနေတာ။
 အဲဒီအဆောင်တစ်ခုလုံးကို သံဖရိန်တွေနဲ့ ဆောက်ထားတာ။ အဆင်သင့် ဖြုတ်လို့ တပ်လို့ ရအောင် လုပ်ထားတဲ့ အဆောင်ကြီးဗျ။ တစ်ခါတစ်ရံ ကုလားတွေရန်ဖြစ်ကြရင်… အမေရိကန်ထောင်ကားထဲက အတိုင်းပဲဗျို့။ ပတ်ပတ်လည် အတွင်းဝရန်တာတွေကနေ ဟေး…ဟား… နဲ့ ဝိုင်းအော်ကြတာဗျ။ ပြီးရင် အပေါ်ထပ်က အမှိုက်ပုံးတွေ အောက်ထပ်ကို ကန်ချကြတာ ဝုန်းဒိုင်းကို ကြဲနေတာပေါ့ဗျာ။ ဟေး…ဟား… နဲ့ ဝုန်းဒိုင်း နှစ်ခုလည်းပေါင်းရော ကျွန်တော်တို့ လူသစ်တွေ ဘယ်နေရမှန်းကို မသိတော့ပါဘူးဗျာ။ မကြောက်တဲ့ အပြင် လန့်တောင်လန့်သေး ဆိုတာမျိုးပေါ့။ မနက်မိုးလင်းလို့ ကြည့်လိုက်ရင် တစ်ဆောင်လုံး အဆောင်လမ်းတွေမှာ ညစ်ပတ်ပြီး နံစော် ရှုပ်ပွနေတော့တာပါပဲ။

စည်းကမ်းကြီးတယ်၊ ရန်ဖြစ်လို့ မရဘူးလို့ သိခဲ့ရတဲ့ စင်ကာပူဗျာ။ အဲဒီ အဆောင်မှာတော့ ကျွန်တော်ကြုံခဲ့ရတာ အမှန်ပါ။ ပြီးတော့ ဟောခန်းတစ်ခုမှာ လူ ၂၀ နေရတာဗျ။ နှစ်ထပ်ကုတင်တွေနဲ့ပေါ့။ ထမင်းဟင်းချက်ခွင့် မရှိဘူး။ ရေချိုးခန်း၊ အိမ်သာက အခန်းအားလုံးဘုံသုံးဗျာ။ အတွဲလိုက်တွေပေါ့။ ကုလားတွေက အဲဒီ အိမ်သာကရေနဲ့ မျက်နှာသစ်တယ်။ ပန်းကန်ဆေးတယ်။ ဘယ်လောက်ထိဆိုးသလဲဆို တော်တော်ကြီးကို ဆိုးပါတယ်လို့ ပြောရမှာပဲ။ အိမ်သာက အိမ်သာနံ့ မနံဘဲ ကုလားဟင်းနံ့ နံနေတဲ့ကိစ္စ၊ … တွေးကြည့်ကြဗျာ။ အဆောင်က ကုလားတွေရောင်းတဲ့ဟင်း ဖွယ်ဖွယ်ရာရာ (Menu) တွေ ကို ခင်ဗျားတို့ သားရည်ယို အောင် ကျွန်တော်ပြောပြရဦးမယ်။ ငှက်ပျောအူဟင်း၊ ငှက်ပျောသီးဟင်း၊ ငါးဟင်း (ကျွန်တော့် ရန်ကုန်အိမ်မှာ ကြောင်ကျွေးတဲ့ ပင်လယ်ငါး)၊….  အလွန်စားချင်စဖွယ် စိတ်ပျက်စရာများကို တစ်ခါတစ်ရံ မနပ်သော၊ တစ်ခါတစ်ရံ မာသော၊ တစ်ခါတစ်ရံ ပျော့သော ထမင်းနဲ့ စားရတာပါပဲ။


ဗျာ….အပြင်က ဆိုင်မှာ သွားစားပေါ့..ဟုတ်လား။ အဆောင်ပတ်လည် မြင်ကွင်းကျယ်ကို မြင်သာအောင် ပြောပြမယ်။ တစ်ကျွန်းလုံး ရေနံ၊ သဘာဝဓါတ်ငွေ့ နဲ့ ဓါတုဗေဒလုပ်ငန်းတွေချည်းရှိတာ။ အဆောင်ပတ်ချာလည်မှာ ဓါတ်ငွေ့မီးရှို့တဲ့ တာဝါတိုင်တွေချည်းပဲ။ အဲဒီ ဓါတ်ငွေ့မီးတောက်တွေက ၂၄ နာရီ တဝုန်းဝုန်းတောက်လောင်နေတာ။ အဲဒီအသံတွေက တစ်ခါတစ်ခါ ဖုန်းပြောလို့တောင် မရပါဘူးဆို။ ညဆိုလည်း အဲဒီမီးရောင်တွေနဲ့တင် တစ်ကျွန်းလုံး ထိန်ထိန်ငြီးနေပါရောဗျ။ အဲဒီကျွန်းကြီးသာ တစ်ခုခုဖြစ်လို့ကတော့ တစ်နိုင်ငံလုံးကုန်လောက်တယ်။ ရေအောက်မှာလည်း ဂက်စ်လိုင်းတွေရှိသတဲ့။ အဆောင်ပတ်ပတ်လည် ၃ မိုင်အတွင်း ဘာထမင်းဆိုင်မှ မရှိဘူးဗျို့။ ညနေစာကို အလုပ်ကနေ တစ်ခါတည်းဝယ်လာရင်တော့ မဆိုးဘူးပေါ့။

ဖုန်း ဆိုလို့ ပြောရဦးမယ်။ အဲဒီတုန်းက ဟမ်းဖုန်းတွေ အခုလောက် မတွင်ကျယ်သေးဘူးဗျ။ လူဟောင်းကြီးတွေလောက်ပဲ ဟမ်းဖုန်းကိုင်နိုင်တာ။ ကျွန်တော်တို့ကတော့ Public ဖုန်း နဲ့ပဲ ပြောရတာပေါ့။ အဲဒီတုန်းက ချစ်လှစွာသော ရွှေပြည်ကြီးက အားလုံးထဲမှာ ဖုန်းဖိုးဈေးအကြီးဆုံးခင်ဗျ။ အဲဒီတုန်းက ၁၀ ဒေါ်လာတန် ဖုန်းကဒ်တစ်ကဒ်ကို ၁၀ မိနစ်ကျော်ကျော်ပဲ ပြောရတယ်။ ကုလားတွေ တရုတ်တွေက မိနစ် ရာ နဲ့ ချီပြောလို့ရတာကိုး။ ဖုန်းတစ်ခါပြောဖို့ ထမင်းမစား ဟင်းမစား တန်းစီရတာ။ အဲဒီတော့ ကုလားတွေက IDD တစ်ခါပြောရင် အကြာကြီးပြော၊ ပြီးရင် ငါးမူးဖိုး လောက် ချန်ထားပြီး Local ဆက်ခေါ်ပြီးပြောပြန်ရော။ ကိုယ့်အလှည့်ရောက်လို့ အားရဝမ်းသာ ကောက်ခေါ်လိုက်ရော မြန်မာ့ဆက်သွယ်ရေးက ခေါ်မရ အော်မရ လုပ်ပြန်ရော။ ကြားလား ဆင်လား နဲ့တင် ဖုန်းကဒ်က ကုန်ပြန်ရောပေါ့ဗျာ။ နောက်မှာလည်း လူတွေက အများကြီး တန်းစီနေတော့ ဖယ်ပေးလိုက်ရပြန်ရော။ နောက်တစ်ခါ ပြန်ခေါ်ဖို့ အစကနေ ပြန်စီပေတော့။ ဖုန်းကဒ်တွေထဲမှာ Hello ကဒ်က မြန်မာလို ညွှန်ကြားချက်ပေးတော့ အထူးအဆန်း ဖြစ်ကြတာ မှတ်မိပါသေးတယ်။

နောက်တော့ Air-Con ပါတဲ့ အခန်းကို ပိုက်ဆံပိုပေးပြီး ရွှေ့ခဲ့ကြတယ်။ Air-Con ပါတာပဲ ထူးတာပါ။ ကျန်တာတော့ အတူတူပါပဲ။ အဲဒီမှာ တချို့က အခန်းပိတ်ပြီး ထမင်းဟင်းခိုးချက်ကြတယ်။ အခန်းအလုံပိတ်ပြီး ခိုးချက်ပါတယ်ဆိုမှ ဘာလချောင်ကြော်တဲ့ လူကပါသေးတယ်။ ကျွန်တော်တို့ အလုပ်သွားနေတဲ့ အချိန်မှာ အဆောင်ပိုင်ရှင် ကုလားတွေက အဆောင်ကို ပတ်စစ်တယ်။ Rice Cooker တွေဘာတွေ တွေ့လို့ကတော့ သိမ်းသွားရော။ အလုပ်က မောမောပမ်းပမ်းပြန်လာလို့ အဆောင်ရှေ့ရောက်ရင် မြင်ရတဲ့မြင်ကွင်းက အမောပြေချင်စရာ။ သိမ်းမိထားတဲ့ Rice Cooker တွေကို ထုချေဖျက်ဆီးပြီး ဂိတ်ဝမှာပြထားတာ။ နောက်တော့အခန်းထဲမှာ လူရှိနေတုန်း လာစစ်တဲ့ ကုလားနဲ့တွေ့ရင် ပိုက်ဆံပေးပြီး နှုတ်ပိတ်ရတယ်။ အဖွဲ့လိုက် လာစစ်တော့မယ်ဆိုရင် အဲဒီကုလားက ရှေ့ကနေအရင်လာပြီး သတင်းပေးတယ်။ လာဘ်ပေးလာဘ်ယူ မရှိပါဘူးဆိုတဲ့ စင်ကာပူ... ရွှေမြန်မာတွေနဲ့တွေ့တော့...ဟဲ..ဟဲ..ပျက်တာပါပဲ။

နောက် ဆိုးတာတစ်ခုက Air-Con ခန်းကို အားလုံး ဆန္ဒနဲ့ ရွေ့ကြပြီးတော့မှ တချို့က Air-Con မကြိုက်ဘူးလို့ ဆိုလာပါတယ်။ ကျွန်တော်တို့ လူမျိုးရဲ့ အားမနာသင့်တဲ့နေရာမှာ အားနာပြီး အားနာသင့်တဲ့နေရာမှာ လုံးဝအားမနာတတ်တဲ့ အကျင့်ဆိုးတစ်ခုကို သတိထားမိခဲ့ပါတယ်။ တကယ်တော့ Air-Con ကိစ္စပြောကြစဉ်တုန်းက လွတ်လွတ်လပ်လပ် ပြောနိုင်ပါလျက်နဲ့ မပြောခဲ့ကြ။ အများကို အားနာလို့တဲ့ဗျ။ အားလုံး ဆုံးဖြတ်ပြီး လုပ်ပြီးကာမှ ကန့်လန့်လုပ်တော့တာ။ အားလုံး အိပ်မောကျတုန်း Air-Con ကို ပိတ်ထားတာ၊ ခလုတ်ကို ဖျက်ဆီးတာ..အဲဂလို အတော်စိတ်အနှောက်အယှက် ပေးကြတာဗျို့။ အဲဒါကျတော့ အားနာဘူးဗျ။ အလုံပိတ်အခန်းထဲက တစ်ခုတည်းသော လေဝင်လေထွက်ဖြစ်တဲ့ Air-Con ကို အိပ်နေတုန်းပိတ်တော့ ချွေးစီးတွေပျံ၊ အသက်ရှုမဝဖြစ်ပြီး လန့်နိုးတာ မကြာခဏပါပဲဗျာ။ မကျေနပ်လို့ ပြောရင် ရန်လုပ်သေးတာ။  အဲဒီတုန်းက အတော် စိတ်အနှောက်အယှက် ဖြစ်ရပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက နိုင်ငံရေးပါတီ မှ ပုဂ္ဂိုလ်တချို့လည်း ဒီပုံစံအတိုင်း အများသဘောတူလုပ်ပြီးကာမှ မျက်နှာပြောင်ပြောင်နဲ့ ခွဲထွက်ကြတော့  .. သြော်…သူတို့လို လူတွေတောင် လုပ်ကြသေးတာ ငါနဲ့အတူလာသူတွေထဲမှာ ဒါမျိုးပါလာတာ မဆန်းပေဘူး လို့ မဆီမဆိုင် တွေးမိပါသေးရဲ့။

ကျနော်တို့ လူမျိုးက ပြောရမှာသာ အားနာတာ။ လုပ်ထည့်လိုက်ဖို့တော့ အားမနာဘူးဗျို့။ အဲဒါ အမှန်ပဲ။


ပြီးတော့ အလျှော့အတင်း အပေးအယူနဲ့ ဆွေးနွေးညှိနှိုင်းတတ်တဲ့ ယဉ်ကျေးမှုတစ်ခု ကျွန်တော်တို့မှာ မရှိတာကိုလည်း မြင်ခဲ့ပါတယ်။ အဆိုးဆုံးကတော့ ပြဿနာတစ်ရပ်ကို ဖြေရှင်းနည်းမျိုးစုံ ရှိတဲ့အထဲမှာ ကျွန်တော်တို့တွေဟာ အပြတ်ရှင်းတဲ့နည်း တစ်ခုတည်းကိုသာ ထပ်ခါထပ်ခါ အသုံးပြုနေခဲ့တာဟာ ခေတ်အဆက်ဆက် မပြေလည်နိုင်တဲ့ ပြဿနာတွေရဲ့ သံသရာလည်စေခြင်း အကြောင်းရင်းလားလို့တောင် တွေးမိပါတယ်။ အဲဒီတုန်းက တွေးခဲ့မိတဲ့ အတွေးတချို့ပါ။ ဒီအကြောင်းကို နောက်မှဆွေးနွေးချင်ပါသေးတယ်။ အခုတော့ ကျွန်းပေါ်ကအဆောင်နေ ဘဝလေးကို ဆက်ပါရစေဦး။

အဆောင်ကလူတွေအပြင် တခြားလူသူလေးပါး မြင်ချင်ရင်တော့ တစ်ကျွန်းလုံးမှာရှိတဲ့ တစ်လိုင်းတည်းသော ဘတ်စ်ကားကို စီးပြီးတော့ Jurong East ကို သွားပေါ့ဗျာ။ ဒါဆိုရင်တော့ အရောင်စုံလူတွေမြင်ရမယ်။ ကောင်မလေးတွေ မြင်ရတယ်။ အာလူးကြော်တစ်ထုပ်၊ Coke တစ်ဘူးနဲ့ Jurong East MRT မှာ ထိုင်နေရတဲ့ အရသာဟာ ကျွန်တော်တို့ အတွက်တော့ နတ်ပြည်ပါပဲ။
အဲဒီ Jurong Island မှာ နေခဲ့ဖူးသူအားလုံး အမှတ်ရတဲ့ နေရာလေးတစ်ခုတော့ ရှိပါတယ်။ ကျွန်တော်တို့အခေါ် JTC ကမ်းခြေလို့ ခေါ်တဲ့ နေရာလေးပါ။ သာယာပြီး ဘီယာထိုင်သောက်လို့ ကောင်းတဲ့နေရာလေးပါ။ ယပက်လက် (ထိုင်း) တွေကတော့ ဘီယာသောက်ရင်း ငါးမျှားကြပါတယ်။

ဒီလိုနဲ့တစ်နှစ်လောက် ကြာပြီးတဲ့နောက် ကျွန်တော်တို့ အလုပ်က ကျွန်တော်တို့ကို Kian Teck Lane မှာရှိတဲ့ Blue Star အဆောင်ကို ရွေ့ခိုင်းတာနဲ့ ကျွန်းကလေးကနေ ကျွန်တော်တို့ အပြီးစွန့်ခွာခဲ့ရပါတော့တယ်။
ကျွန်တော်တို့ HR (Human Resource Department) က ကျွန်တော်တို့ကို မပြောင်းခင် တစ်လကြိုတင် ၍ ပြင်ဆင်ထားရန် နို့တစ် ပေးခဲ့ကြောင်းပါခင်ဗျား။

(အပိုင်း-၃ ကို မကြာမီဆက်ပါမည်။)

(ဓါတ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...