Saturday, August 20, 2011

ကျောက်ခဲစွပ်ပြုတ်

ပုံပြင်တစ်ပုဒ် ပြောပြပါမည်။ ဟိုးရှေးရှေးတုန်းကပေါ့ဗျာ…..ကပ်စေးနဲသော အဖွားကြီးတစ်ဦး ရှိခဲ့သည်..တဲ့။ တစ်နေ့ သူ့ဆီကို လူတစ်ယောက် ရောက်လာပြီး ပြောသည်။

"စားစရာ တစ်ခုခုလေးများ ရနိုင်မလား ခင်ဗျာ.."

အဖွားကြီးက "ဘာမှမရှိဘူး" ဟု တိုတိုပြတ်ပြတ်ပြောသည်။

ထိုလူက အဖွားကြီးရဲ့ ပန်းခြံထဲမှ ကျောက်ခဲတစ်လုံးကို လက်ညှိးထိုးပြရင်း

"အဲဒီကျောက်ခဲလေး ကျွန်တော့်ကို ပေးပါလား အဖွားရယ်...." ဟု တောင်းသည်။
အဖွားကြီးက
"ဘာလုပ်ဖို့လဲ..." ဟု မေးသည်။
"ကျောက်ခဲစွပ်ပြုတ် လုပ်သောက်ဖို့ပါ...." ဟု ပြောသည်။

အဖွားကြီး အံ့သြစိတ်ဝင်စားသွားသည်။ ကျောက်ခဲစွပ်ပြုတ်ဆိုတာ သူမကြားဖူးပေ။ 
 
 
"ဘယ်လိုလုပ်ရသလဲ...."ဟု မေးသည်။
 "အရမ်းကောင်းတာ အဖွားရဲ့။ အဖွားမသောက်ဖူးဘူးလား…" ဟု ပြန်မေးသည်။
ဒါနဲ့ အဖွားကြီးလည်း ကျောက်ခဲစွပ်ပြုတ် သောက်ချင်လာသည်။ ထိုလူကို အိမ်ထဲခေါ်သည်။
 "ကဲ…ပြော ဘယ်က စ လုပ်ရမလဲ…" အဖွားကြီးကမေးသည်။

"ကျောက်ခဲကို ရေစင်စင်ဆေးလိုက်ပါ…။ အိုးထဲကို ရေထည့်ပြီး ကျောက်ခဲကို ပါထည့်လိုက်ပါ။ အိုးကို မီးဖိုပေါ်တင်ပြီး ဆူအောင်တည်ပါ….".။ အဖွားကြီးက ထိုလူပြောသည့်အတိုင်း လုပ်သည်။

"ဆားလေးနည်းနည်း ထည့်လိုက်ပါ.."
"မုန်လာဥနီ၊ မုန်ညှင်းရွက်နဲ့ ခရမ်းချဉ်သီးလေးများ မရှိဘူးလား အဖွား.."
"ရှိတာပေါ့…"
ထည့်လိုက်ပြန်သည်။
"အို…မေ့နေလိုက်တာ…ကျောက်ခဲစွပ်ပြုတ်က အသားနည်းနည်းပါမှ ပိုအရသာရှိတာ..အသားနည်းနည်းလောက် ထည့်လိုက်ပါလား အဖွားရဲ့…"
"OK သိပ်ရတာပေါ့.."
 ကျောက်ခဲစွပ်ပြုတ်မှ တဘွမ်းဘွမ်းဆူပွက်သံနှင့်အတူ မွှေးကြိုင်သော အနံ့များထွက်လာသည်။ "ကဲ...ငရုတ်ကောင်းလေး နည်းနည်းဖြူးပြီး စားကြစို့....."

အင်း….ဒီကျောက်ခဲစွပ်ပြုတ် ကျိန်းသေပေါက် ကောင်းမည်ဟု ကျွန်တော်ပြောရဲပါသည်။ သင်ရော…ဘယ်လို ထင်ပါသလဲ။ ပုံပြင်လေးက ဒါပါပဲ။

နောက်ထပ် စီးပွားရေးပုံပြင် နှစ်ပုဒ် ပြောပြချင်ပါသေးသည်။

ဟိုးရှေးရှေးတုန်းကပါပဲ…… လူတစ်ယောက် မနက်စောစော မီးလှုံနေသည်။ မီးတောက်များကြားမှ မီးသွေးတုံးကို ကြည့်နေရင်း အတွေးတစ်ချက်လက်သွားသည်။ သူက ဟိုစပ်စပ် ဒီစပ်စပ် ဓါတုဗေဒသမား။ သူ့အတွေးကို အပျော်သဘော အကောင်အထည်ဖေါ်လိုက်သည့်အခါ ကျောက်မီးသွေးမှ စား၍ရသော အမည်းရောင် အစာဆိုးဆေးတစ်မျိုးကို ရလာသည်။ ထိုကိစ္စကို သိသွားသော ညီအစ်ကို နှစ်ယောက်မှ ဤဖေါ်မြူလာကို ဝယ်ချင်သည်ဟု ဆိုတော့ ဒေါ်လာ ၅၀ ဖြင့် သူရောင်းလိုက်သည်။
သကောင့်သား ညီအစ်ကိုနှစ်ယောက်က ထို အစာဆိုးဆေးကို အခြားအရသာရှိသော ပစ္စည်းများ ထည့်သွင်းလျှက် ဖျော်ရည်လုပ်ရောင်းကြသည်။ ယင်းညီအစ်ကိုနှစ်ယောက်ရဲ့နာမည်ကို ကြားဖူးပါသလား။ Coca နဲ့ Cola ဟု ခေါ်ပါသည်။ Coca Cola ဖျော်ရည်ကို Coke ဟု ခေါ်ပါသည်။ Coke ဆိုတာ ကျောက်မီးသွေးပါ ခင်ဗျား။

ဟုတ်ကဲ့…ကျောက်မီးသွေး ဖျော်ရည်ပုံပြင် ဤတွင်ပြီးပါတယ်။

နောက်ပုံပြင်တစ်ခု ပြောပါရစေဦး။ ဟိုးရှေးရှေးတုန်းက ပဲဗျ။ အင်မတန် ဉာဏ်နီဉာဏ်နက်များတယ် ပြောရမလား၊ တော်တယ်ပြောရမလား၊ စီးပွားရေးမျက်စိရှိတယ်ပြောရမလား မသိနိုင်တဲ့ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ရှိတယ်။ သူက ဘာလုပ်တုန်းဆို အဲဒီခေတ်က လူကြိုက်များတဲ့ စီးကရက်တွေထဲက တချို့ကို ဝယ်တယ်။ ပြီးတော့ တံဆိပ်ပြောင်းရိုက်ပြီးရောင်းတယ်။ သူရိုက်တဲ့ တံဆိပ်တွေက 999 တို့ 888 တို့ 777 တို့လို ဟာမျိုးတွေ။ အဲဒီလိုလုပ်ရင်းနဲ့ 555 ကို ရောက်တော့ အဲဒီတံဆိပ်က ပေါက်သွားပါရော..တဲ့။ တံဆိပ်ကြီး ပြဲသွားတာကို ပြောတာမဟုတ်ဘူး။ လူကြိုက်များသွားတယ် ပေါ့ဗျာ။ နောက်တော့မှ ကုမ္ပဏီထောင်၊ ကိုယ်ပိုင်ဆေးစပ်ပြီး ကိုယ်ပိုင်စတိုင်နှင့် ထုတ်လုပ်ရောင်းချခဲ့ပါသည်..တဲ့။

ဒီလိုနဲ့ 555 စီးကရက် ကမ္ဘာကျော်သွားပါသည်။

ဤပုံပြင်များ၊ ဖြစ်ရပ်များကို ကျွန်တော်ဖတ်ခဲ့ဖူးတာ ကြာခဲ့ပါပြီ။ နှစ်တွေကြာလည်း အကြောင်းအရာတွေကို ကျွန်တော်မမေ့နိုင်ခဲ့။ ခုနှစ်တွေ သက္ကရာဇ်တွေတော့ ကျွန်တော်မေ့သွားပါပြီ။ ကျွန်တော့်ခေါင်းက ခုနှစ်သက္ကရာဇ်တွေကို သိပ်မှတ်မိလေ့မရှိ။ အလေးမထား စိတ်မဝင်စားတာလည်း ဖြစ်ပါလိမ့်မည်။ ဟိုတုန်းက တကယ်ဖြစ်ခဲ့သည်ဆိုလျှင် ကျွန်တော့အတွက် လုံလောက်ပြီ။ သမိုင်းပညာရှင် မဟုတ်သော ကျွန်တော်၏ ကိုယ်ပိုင်ဘဝနှင့် အယူအဆအရတော့ ခုနှစ်သက္ကရာဇ်တွေသည် ငြင်းဖို့ ခုန်ဖို့လောက်ကလွဲလျှင် သိပ်အသုံးမတည့်လှပါ။ ငြင်းရခုန်ရတာလည်း ကျွန်တော် ဝါသနာမပါ။
အခုလည်း ဤဖြစ်ရပ်များတကယ်ဖြစ်ခဲ့၊ မဖြစ်ခဲ့ကို ငြင်းခုန်ဖို့ မဟုတ်ပါ။ ထို့ကြောင့်ပင် ပုံပြင်ဟု ကျွန်တော်ဆိုခဲ့သည်။ ကျွန်တော်ဆိုလိုချင်သည်က လူတွေကြည့်တတ်တဲ့ အပေါ်ယံဆိုတာကို ပြောချင်ခြင်းဖြစ်သည်။

 ကျောက်ခဲစွပ်ပြုတ်ထဲမှ ကျောက်ခဲသည် နာမည်ခံသာဖြစ်သည်။ ကျောက်ခဲကြောင့် စွပ်ပြုတ်ကောင်းသည်မဟုတ်။ ဒါပေမဲ့ နာမည်ကတော့ ကျောက်ခဲစွပ်ပြုတ်ပါပဲ။ Coca Cola မှ Coke သည် အရောင်ဆိုးဆေးမျှသာဖြစ်သည်။ လူတွေနှစ်သက်သည့် စူးရှချိုမြသော အရသာသည် Coke ကြောင့် မဟုတ်ပါ။ လူကြိုက်များပြီးသား ပစ္စည်းတစ်ခုတည်းကို တံဆိပ်ပြောင်းတပ်လိုက်သည့်အခါ မကြိုက်ကြတော့ သည်ကို 555 ပုံပြင်တွင် တွေ့နိုင်ပါသည်။ တံဆိပ်တစ်ခု ပေါက်ပြီဆိုလျှင်လည်း ဘယ်လိုဖြစ်ဖြစ် ကြိုက်နေတတ်သော ကျွန်တော်အပါအဝင် လူအများစုမှာ တကယ့်တကယ်တွင် အရည်အသွေးထက် တံဆိပ်ကိုသာ ကြည့်ကြိုက်ကြခြင်း ဖြစ်သည်။ ကြော်ငြာကောင်းလျှင်၊ အများကကောင်းသည်ပြောလျှင် ကောင်းလိုက်တာပါပဲ။ Quality, Quality နှင့် ပြောကြသော်ငြား အရည်အသွေးကို တကယ်နားလည်သော စားသုံးသူများ နည်းပါသေးသည်။

Observation ခေါ် စူးစမ်းတတ်သည့် အကျင့်ကို စနစ်တကျ သင်ကြားထားသော အနောက်တိုင်းလူ့အဖွဲ့အစည်း၌ပင် ဤပြဿနာမျိုးရှိနေသေးလျှင် ကျွန်တော်တို့လို လက်ညှိးထောင် ခေါင်းငြိမ့် အာဏာရှင်စနစ်ဖြင့်သာ တစ်သက်လုံး ယဉ်ပါးလာသူများအဖို့ ဆိုဖွယ်ရာမရှိတော့။ ဘယ်နေရာသွားသွား ကျွန်တော်တို့ မြန်မာများ မေးခွန်း ဆင်းရဲကြပါသည်။ ကျောင်းမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ် မည်မျှပင်ပြောပြော ဘယ်လောက်ပဲပဲ မရှင်းမရှင်းဖြစ်ဖြစ် ပြန်မမေးတာ ကျွန်တော်တို့ပါပဲ။ ပြန်မေးလိုက်ရင် ရိုင်းရာများ ကျသွားမလား..။ စိတ်များဆိုးသွားမလား..။ လူရယ်စရာများ ဖြစ်နေမလား..။ သိက္ခာများကျသွားမလား..။ ကျွန်တော့်အလုပ်ထဲမှ လုပ်ဖေါ်ကိုင်ဘက်တစ်ယောက်ကတော့ မေးတယ်ဆိုတာ မေးသင့်တဲ့မေးခွန်း ရှိတယ်။ မမေးသင့်တဲ့ မေးခွန်းရှိတယ်..ဟု ဆိုပါသည်။ အဲဒီ မေးသင့် မမေးသင့် ချင့်ချိန်နေတာနှင့် ကျွန်တော်တို့ နှုတ်တွေ ဆွံ့ကုန်သည် ဟု ကျွန်တော်ကတော့ ထင်တာပါပဲ။ သူများကိုယ်ရေးကိုယ်တာကို အကျိုးမဲ့ စပ်စုစော်ကားတာမျိုးကလွဲလျှင် မရှင်းမလင်းမသိတာများကို ရိုးသားစွာမေးခြင်းသည် အပြစ်ဟု ကျွန်တော်မထင်ပါ။ ငယ်စဉ်ကတည်းက မမေးတတ်အောင် သင်ကြားပေးထားသော ကျွန်တော်တို့ဆီက ပညာရေးကိုပဲ အပြစ်ပြောရမည်လား၊ ဆိတ်ဆိတ်နေ ထောင်တန် ဟု ပါးစပ်ပိတ်နားထောင်ခြင်းကို အားပေးသော လူနေမှုစနစ်ကိုပဲ ရိုးမယ်ဖွဲ့ရမည်လား မသိပါ။ တကယ်ပဲ မြန်မာတွေ စကားနည်းကြသလား ဆိုတော့လည်း....Online Chat Room တွေနဲ့ Facebook မှာတော့ စကားများနေကြတာပါပဲ..။

ကျွန်တော်တို့ အလုပ်ထဲတွင် ကျွန်တော့် လုပ်ငန်းခွင်ဝတ်စုံကိုသာ အပြင်လူတစ်ယောက်ကို ဝတ်ပေးပြီး လွှတ်လိုက်လျှင် မည်သူမျှသိမည်မထင်။ စစ်ဆေးမေးမြန်းကြမည်လည်းမဟုတ်။ တစ်စုံတစ်ယောက်က သတင်းမပေးလျှင် သိနိုင်ဖွယ်ရာမမြင်။ အပေါ်ယံဝတ်စုံကိုသာ ကြည့်ကြတာပါပဲ။ Managing Director က အရူးထပြီး Worker ဝတ်စုံ ဝတ်လာလျှင်လည်း မည်သူမျှ ဂရုစိုက်ကြမည် မထင်။

အမေရိကန်တွင်တော့ FBI ကပါဟု ဆိုလျှင်တောင် အမေးခံရသူက IC (Identity Card) ပြပါဟု ပြန်မေးတတ်ကြသည်။ ကျွန်တော်တို့ကတော့ အချိန်မတော် ဧည့်စာရင်းစစ်မလို့ပါ ဟု ပြောလျှင် ဘာမှပြန်မေးမနေ။ ပြန်မေးလျှင်လည်း ဆရာတွေက မကြိုက်။ သူတို့ ရွှေစိတ်တော် ညိုသွားလျှင် အချုပ်ခန်းထဲမှာ တစ်ညလောက်တော့ အိပ်ရနိုင်သည်။ အဲဒီတော့ တံခါးဖွင့်ပေးလိုက်တာပါပဲ။ ဒီလိုနည်းနဲ့ ဧည့်စာရင်းစစ်ယောင်ဆောင်ပြီး ဓါးပြတိုက်သွားတာတွေ ကျွန်တော်တို့ဆီမှာ ဒုနဲ့ဒေး။ တကယ်တော့ အများသူငါ အိပ်စက်အနားယူချိန်ကို အော်ကြီးဟစ်ကျယ်လိုက်နှိုးပြီး အနှောက်အယှက်ပေးခြင်းသည် ယဉ်ကျေးမှုအဆင့်ယိုင်နဲ့လွန်းသော ရိုင်းစိုင်းသည့် သရုပ်သကန်တစ်ခုသာဖြစ်သည်။ သို့သော် ကျွန်တော်တို့မှာ ပြန်ပြောခွင့်မရှိ။ အကြောက်တရားများသာ ကြီးစိုးသော လူ့အဖွဲ့အစည်းတွင် အဝတ်အစား အဆောင်အယောင်သည် အာဏာဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က စစ်ဗိုလ်သူငယ်ချင်းတစ်ယောက်ဆီမှ စစ်ဦးထုပ်တစ်လုံး လက်ဆောင်တောင်းသည်။ ဘာလုပ်ဖို့လည်းဆိုတော့ သူ့ကားရှေ့ ဒတ်ရှ်ဘုတ်မှာ တင်ထားချင်လို့ဟု ဖြေသည်။ အကျိုးကျေးဇူးကတော့ ယာဉ်ထိန်းရဲ မရစ်ရဲအောင်ဟု ဆိုပါသည်။
ယခင်က ကျွန်တော်တို့မြန်မာ အများစုရဲ့ Observation ကရှင်းသည်။ ကျောင်းစိမ်းဝတ်ထားလျှင် ကျောင်းသား၊ သင်္ကန်းဝတ်ထားလျှင် ဘုန်းကြီး၊ စစ်ဝတ်စုံဝတ်ထားလျှင် စစ်သား….ဒါပဲဖြစ်သည်။ ယခုတော့ ကျောင်းစိမ်းဝတ်တိုင်း ကျောင်းသားဖြစ်ချင်မှ ဖြစ်မည်။ သင်္ကန်းဝတ်တိုင်း ဘုရားသားတော် ဟုတ်ချင်မှဟုတ်မည် ဆိုတာမျိုးတွေ တွေးတတ်ဖို့ သင်ခန်းစာတွေ ရခဲ့ကြသည်။ ပိုတတ် ပိုနပ်လာသည်ဟု ဆိုနိုင်သည်။ သို့သော် နောက်ဆက်တွဲ ပြဿနာက မသင်္ကာစိတ်တွေ များလာခြင်းဖြစ်သည်။ ကိုယ့်ဘေးကလူကို မသင်္ကာ။ သူကလည်း ကိုယ့်ကိုစိတ်မချ။ ဒီလိုနည်းနှင့် မြန်မာတွေ ညီညွတ်မှု မရှိဘူး ဆိုသည့် အသံတွေကျယ်လောင်စွာ ကြားလာရသည်။

ယုံကြည်မှုဆိုတာမျိုးကလည်း ခက်သည်။ ယုံလွန်းပြန်တော့ ဒုက္ခဖြစ်သည်။ ဘယ်သူ့ကိုမှ မယုံတော့လည်း ဘယ်လိုမှ အလုပ် လုပ်လို့ ရတော့မည်မဟုတ်။ အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုပေး၊ ပြီးမှ လုပ်ရပ်ပေါ်မူတည်ပြီး အတိုးအဆုတ် လုပ်ရတာမျိုးဖြစ်သည်။ အပေါ်ယံအခွံကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ အကျင့်မျိုးနဲ့ ရှေ့လျှောက်အဆင်မပြေနိုင်တာကတော့ သေချာလှသည်။ ကျောက်ခဲစွပ်ပြုတ်နဲ့ Coke ရဲ့ နောက်က အရသာကို မြင်တတ်ဖို့တော့ အတွေ့အကြုံတွေ လိုပါသေးသည်။

ဤပုံပြင် ၃ ပုဒ်သည် ကျွန်တော်တို့အတွက် သင်ခန်းစာတွေ တစ်ထွေးတစ်ပိုက် သယ်ဆောင်လာခဲ့သည်။ နောက်ရှုထောင့်တစ်မျိုးမှ ကြည့်မည်ဆိုလျှင် အမည်ခံတစ်ခုရဲ့ နောက်ကွယ်မှ အမည်မထွက်သော လုပ်အားရှင်များကို မြင်ကြည့်နိုင်သည်။ ကျွန်တော်ကတော့ အပေါ်ယံအခွံနှင့် အနှစ်အသားခွဲခြားမြင်တတ်ဖို့ကို ဆိုလိုချင်သည်။ အနှစ်အသားက တန်ဖိုးရှိ၍ အပေါ်ယံအခွံက တန်ဖိုးမရှိဟု မဆိုလိုပါ။ အရသာရှိသော ဒူးရင်းသီးဖြစ်ဖို့ အရုပ်ဆိုးဆိုးဆူးတွေဖြင့် အတိပြီးသော အခွံလိုပါသည်။ အခွံမရှိဘဲ သီးသော ဒူးရင်းသီးလှလှ လောကမှာမရှိပါခင်ဗျား။

လူကြီးမင်းရဲ့ ဥပဓိရုပ်သည် လွန်စွာခန့်ငြား၍ မယုံကြည်စရာ တစက်ကလေးမှ မရှိပါ။

ဒါပေမဲ့….IC လေး တဆိတ်လောက် ပြပါ.......


(ဓါတ်ပုံများကို Google မှ ကူးယူပါသည်။)

2 comments:

  1. Fri
    အရမ်းကောင်းတာပဲ။ အရမ်းလည်းကြိုက်တယ်။ ရှိသေးရင် uynutoo1482617@gmail.com ကို ပို့ပေးနိုင်မလားခင်ဗျား-

    ReplyDelete

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...