၁၉၉၈-ခုနှစ်တုန်းက 20th Century Fox မှ ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ ပြသခွင့်မရခဲ့တဲ့ The Siege ရုပ်ရှင်ကားကို သူငယ်ချင်းများ ကြည့်စေချင်လို့ ညွှန်းလိုက်ပါရစေ။ ဇာတ်ကားဟောင်းတစ်ခု ဖြစ်ပေမဲ့ စိတ်ဝင်စားဖွယ်ရာ ကောင်းသလို လက်ရှိအခြေအနေနှင့်လည်း လိုက်လျောညီထွေ ဖြစ်နေဆဲမို့ မကြည့်ရသေးသူများ ကြည့်သင့်သော ဇာတ်ကားကောင်းတစ်ကားပါ။
ဒါရိုက်တာ Edward Zwick ရိုက်ကူးပြီး FBI စပါယ်ရှယ် အေးဂျင့် Anthony Hubbard အဖြစ် Denzel Washington၊ သူ့တွဲဘက် ပါတနာ လက်ဘနွန်လူမျိုး အမေရိကန်နိုင်ငံသား Frank Haddad အဖြစ် Tony Shalhoub၊ CIA အေးဂျင့် Elise Kraft အဖြစ် Annette Bening၊ မာရှယ်လောကို တာဝန်ယူကိုင်တွယ်ရသည့် US Army Major General William Devereaux အဖြစ် Bruce Willis တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
လူအပြည့်ပါတဲ့ ဘတ်စ်ကားကို ဗုံးထောင် အကြမ်းဖက်မှုတစ်ခုနဲ့ ဇာတ်လမ်းကို စ ထားပါတယ်။ ဗုံးက ကွဲသွားတဲ့အခါ paint bomb တစ်လုံးသာ ဖြစ်နေပြီး လူတွေ အန္တရာယ်မဖြစ်ခဲ့ပေမဲ့ ဗုံးထောင်သူကို မမိလိုက်ပါဘူး။ ဒါပေမဲ့ Sheikh Ahmed bin Talal ဆိုသူ အကြမ်းဖက်သမားရဲ့ သတိပေးချက် အသံဖိုင်ကို FBI က ရခဲ့ပါတယ်။ FBI အေးဂျင့် Hubbard ဟာ ဒီအမှုနောက်ကို လိုက်ရင်း CIA အေးဂျင့် Kraft နဲ့ အဆင်မပြေ ဖြစ်ကြပါတယ်။ Hubbard နဲ့ Frank တို့ အကြမ်းဖက်သမားလို့ သံသယရှိသူ တစ်ဦးနောက်ကို လိုက်ရင်း Kraft ကိုပါ မသင်္ကာစရာတွေ့လို့ ဖမ်းခေါ်လာခဲ့ ကြပါတယ်။ အဲဒီအချိန်မှာပဲ တခြားအကြမ်းဖက်သမားတစ်ယောက်က ဘတ်စ်ကားတစ်စီးကို ဗုံးထောင်ပြန်ပါတယ်။
ဗုံးထောင်ထားတဲ့ ဘတ်စ်ကားကို အားလုံး ဝိုင်းထားကြတဲ့ အချိန်မှာ Hubbard က အကြမ်းဖက်သမားကို စကားပြောစက်က တစ်ဆင့် ညှိနှိုင်းဖို့ ကြိုးစားပါတယ်။ အဲဒီနေရာကို ပါလာတဲ့ Kraft က အခြေအနေကို မြင်လိုက်တဲ့ ခဏမှာပဲ သူတို့ ညှိနှိုင်းမှာ မဟုတ်ဘူး… ပစ်စရာရှိရင် ပစ်လိုက်တော့…. လို့ Hubbard ကို သတိပေးပါတယ်။ ဒါပေမဲ့ Hubbard က ညှိနှိုင်းမှုကို ဆက်လုပ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ပထမအဆင့် ကလေးတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ Hubbard လည်း အားတက်ပြီး ဆက်လက်ညှိနှိုင်းဖို့ ကြိုးစားတုန်းမှာပဲ ဗုံးက ပေါက်ကွဲသွားပါတော့တယ်။

FBI က အသေခံဗုံးခွဲသမားတစ်ယောက်ရဲ့ ဗီဇာကို လက်မှတ်ထိုးပေးခဲ့သူ Samir Nazhde ဆိုသူကို ဖမ်းပြီး စစ်ဆေးတဲ့အခါ တခြားသူတွေ အများကြီးကိုလည်း Student Visa တွေ လျှောက်ပေးခဲ့ကြောင်း ပေါ်လာပါတယ်။ ဒါပေမဲ့ Kraft က Samir ဟာ အကြမ်းဖက်သမား မဖြစ်နိုင်ဘူးလို့ ပြောဆိုကာကွယ်ခဲ့လို့ စုံစမ်းစစ်ဆေးဆဲ (under investigation) အနေနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အကြမ်းဖက်မှုတွေက များသထက်များ၊ ကျယ်ပြန့်သထက် ကျယ်ပြန့်လာပါတော့တယ်။ New York City ရဲ့ လူစည်ကားရာ ဇာတ်ရုံတစ်ခုကို ဗုံးခွဲတိုက်ခိုက် ခံရပြီး လူ ၆၀၀ ကျော် သေကျေပျက်စီး ပြီးတဲ့နောက်တော့ အခြေအနေအရ နိုင်ငံတော် သမ္မတကနေ မာရှယ်လော ထုတ်ပြန်ပြီး ကိုင်တွယ်ဖို့ Major General William Devereaux ကို တာဝန်ပေးလိုက်ပါတယ်။ Major ကလည်း ဘရွတ်ကလင်း (Brooklyn) ရပ်ကွက်ကို စစ်အင်အားကိုသုံးပိတ်ဆို့ပြီး ကျန်တဲ့ အကြမ်းဖက်သမားတွေကို ရှာပါတယ်။ အာရပ်နွယ်ဝင် လူငယ်တွေ အားလုံးကို သိမ်းကြုံးဖမ်းဆီးပါတော့တယ်။ ပြီးတော့ Yankee Stadium အားကစားကွင်းကြီးထဲမှာ ထည့်ပြီး တပ်နဲ့ ဝိုင်းထားပါတယ်။ အဖမ်းခံရတဲ့ထဲမှာ Hubbard ရဲ့ ပါတနာ Frank ရဲ့ သားလည်း ပါသွားတာကြောင့် Frank က စိတ်ဆိုးပြီး FBI ကနေ ထွက်လိုက်ပါတော့တယ်။

စစ်တပ်ရဲ့ သိမ်းကြုံး ရမ်းကားမှုတွေကြောင့် New York မြို့သားတွေဟာ စိတ်ဆိုးဒေါသ ထွက်ကြပြီး စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြကြပါတယ်။ စစ်တပ်ရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေကို ထုတ်ဖေါ်မှတ်တမ်းတင်ကြပါတယ်။ Hubbard ဟာ သူတို့ရဲ့ အကြမ်းဖက်သမား သံသယရှိတဲ့ Tariq Husseini ကို လိုက်လံ ဖမ်းဆီးနေစဉ်မှာပဲ ဗိုလ်ချုပ်ကြီးရဲ့ စစ်တပ်ကလည်း ရောက်လာပြီး ဖမ်းဆီးပါတယ်။ ဗိ်ုလ်ချုပ်ကြီး ကိုယ်တိုင် Husseini ကို စစ်မေးတဲ့အခါ ရက်ရက်စက်စက် နှိပ်စက်စစ်မေးပြီး နောက်ဆုံး Husseini ကို သတ်ပစ်လိုက်ပါတော့တယ်။ Husseini အသတ်ခံရပြီးတဲ့နောက်မှာ တကယ်တော့ Husseini ဟာ ဘာမှ မသိခဲ့ပဲနဲ့ အပြစ်မဲ့စွာ အသတ်ခံရတယ်လို့ Hubbard သိသွားပါတယ်။ နောက်ဆုံးတော့ Kraft ဟာ Hubbard ကို အဖြစ်မှန်အတိုင်း ဖွင့်ပြောရပါတော့တယ်။

တကယ်တော့ Kraft ဟာ CIA ရဲ့ အီရတ်က ဆဒမ်ဟူစိန်အုပ်ချုပ်မှု အဆုံးသတ်ရေး အစီအစဉ် အရ ရှီရိုက်မွန်စလင်တွေကို ကာကွယ်ဖို့နဲ့ ကယ်တင်ဖို့ Samir အပါအဝင် နောက်လိုက်တွေကို တိုက်ခိုက်ရေး၊ ဖေါက်ခွဲရေး သင်တန်းပေးခဲ့ရတာပါ။ လေ့ကျင့်ပေးထားတဲ့ ဖေါက်ခွဲရေးသမားတွေဟာ တစ်ဦးချင်းစီ အလုပ်လုပ်နိုင်တဲ့အတွက် အလွန် အန္တရာယ်ကြီးပါတယ်။ တစ်ဦးက ဘယ်မှာဆိုတာ နောက်တစ်ဦးက သိချင်မှ သိပါတယ်။ ဖြစ်ချင်တော့ အဲဒီအစီအစဉ်အရ လုပ်နေတုန်း အမေရိကန်အစိုးရရဲ့ ပေါ်လစီက ပြောင်းသွားပြီး ဒီအစီအစဉ်အတွက် ဘတ်ဂျက်မပေးတော့ဘဲ ဖြတ်ချလိုက်ပါတယ်။
အဲဒီမှာတင် သင်တန်းဆင်းပြီး တော်လှန်ရေးလုပ်မဲ့ လူငယ်တွေဟာ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်တဲ့အပြင် ဆဒမ်ဟူစိန့်အဖွဲ့တွေရဲ့ ရက်ရက်စက်စက် ချေမှုန်းခြင်းကို ခံရပါတော့တယ်။ Kraft ဟာ သူ့သင်တန်းသားတွေကို သနားပြီး အမေရိကန်မှာ ဝင်ရောက်နေထိုင်ခွင့်ရအောင် အကူအညီပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ သူတို့ဟာ သူတို့ဘဝကို ပျက်ဆီးအောင် အသုံးချခဲ့တယ်ဆိုပြီး အမေရိကန်ကို မုန်းတီးစိတ်နဲ့ အကြမ်းဖက်သမားတွေ အဖြစ်ကို ရောက်လာကြတာပါပဲ။ အခု အကြမ်းဖက်မှုတွေရဲ့ လက်သည်ဟာ ဒီသင်တန်းသားတွေပဲ ဆိုတာကို Hubbard သိသွားပါတယ်။ တစ်လက်စထဲ သူတို့နိုင်ငံဟာ သူတို့အရိုးနဲ့ သူတို့ ပြန်အထိုးခံရမှန်းလည်း နားလည်သွားပါတယ်။
နောက်ဆုံး Hubbard နဲ့ Kraft ဟာ Samir ကို တွေ့ပြီး နောက်ဆုံးကျန်တဲ့ အကြမ်းဖက်သမားကို သိနိုင်အောင် ကူညီခိုင်းကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျန်တဲ့ အကြမ်းဖက်သမားဟာ Samir ပဲလို့ သိလိုက်ရတဲ့ အချိန်မှာတော့……

ဒီကားမှာ စွဲထင်ကျန်ရစ်လောက်အောင် သရုပ်ဆောင်ကောင်းတာကတော့ Hubbard အဖြစ် သရုပ်ဆောင်တဲ့ Denzel Washington ပါ။ သရုပ်ဆောင်နေတယ်လို့ မထင်ရလောက်အောင် ကောင်းမွန်သေသပ် အားပါလွန်းပါတယ်။ အကြိုက်ဆုံး စကားက လေးတွေ ရှိပါတယ်။ ဗိုလ်ချုပ်ကြီးက ဟူစိန်ကို စစ်ကြောရေး လုပ်တဲ့အချိန်မှာ လူတစ်ရာသက်သာရရဖို့ လူတစ်ယောက်ကို ထိခိုက်တာ အရေးမကြီးဘူး.... ဆိုပြီး နှိပ်စက်ဖို့လုပ်တော့ Hubbard ပြောလိုက်တဲ့ စကားက …. တစ်ယောက် နှစ်ယောက် မဟုတ်ဘဲ ပြည်သူတွေကို သတ်နေသလို ဖြစ်နေရင်ရော... ဥပဒေကို စုတ်ပြတ်သတ်အောင် လုပ်သလို ဖြစ်မနေဘူးလား....(Bend the law, shred the constitution...)...တဲ့။ စစ်အုပ်ချုပ်ရေးဆိုတိုင်း ဥပဒေမဲ့ လုပ်ချင်ရာ လုပ်ခွင့်မရှိဘူးဆိုတဲ့ သဘောပါပဲ။
နောက်ဘိတ်ဆုံး ဗိုလ်ချုပ်ကြီးကို ရာဇဝတ်မှုတွေအတွက် ဖမ်းခါနီးတော့
ဗိုလ်ချုပ်ကြီးက “I’m the law….” လို့ ပြောတော့
Hubbard က ……. မင်းမှာ တရားမျှတအောင် လုပ်ဖို့ပဲ တာဝန်ရှိတယ်... မင်းကိုပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာဟာ ရက်စက်ဖို့၊ လူသတ်ဖို့ မဟုတ်ဘူး ဂျင်နရယ်.... (You have the right not to be tortured, not to be murdered...)။ နောက်ပြီး မင်းဒီအာဏာကို ရတာဟာလည်း (State law) ဥပဒေ အရပဲ... တဲ့။
နောက်တစ်ခုကတော့ အရပ်သားအမြင်နဲ့ စစ်သားအမြင် ဘယ်လိုမှ မတူတာကို သတိထားမိပါတယ်။ စစ်သားတစ်ယောက်အတွက်တော့ လုံခြုံရေးသာ အဓိက မို့ ဖမ်းချင်တဲ့ လူတစ်ယောက်မိဖို့အတွက် သံသယရှိသူအားလုံးကို သိမ်းကျုံးဖမ်းဖို့ ဝန်မလေးသလို သေချာတယ် မသေချာဘူး စစ်နေဖို့ထက် အပြတ်ဖြတ် (သတ်ပစ်) လိုက်တာ ရှင်းတယ်လို့ တွေးပါတယ်။ အရပ်ဖက် အုပ်ချုပ်ရေးမှာကျတော့ အပြစ်ရှိသူ လွတ်တာထက် အပြစ်မရှိသူတစ်ယောက်ကို မှားယွင်းမဖမ်းမိဖို့ အဓိက ထားရပါတယ်။ FBI လို အဖွဲ့အစည်းအနေနဲ့ကျတော့ တရားခံအစစ်ကိုမိရေးပဲ ရှေးရှုပါတယ်။ စစ်တပ်လို မသင်္ကာရင် အကုန်ဆွဲထည့်လို့ မရပါဘူး။ မာရှယ်လောလို့ ဆိုလိုက်တာနဲ့ စစ်တပ်ကို အုပ်ချုပ်ရေးအာဏာ ပေးလိုက်တဲ့ သဘောဟာ ဘယ်လောက် အန္တရာယ်များတယ် ဆိုတာကို ဒီဇာတ်ကားမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံမို့ ဒီမာရှယ်လောဟာလည်း လုပ်ချင်ရာလုပ် အာဏာသိမ်းတာမျိုး မဟုတ်ဘဲ လိုအပ်လို့ လုပ်ပိုင်ခွင့်ပေးတာကို အလွဲသုံး အလွန်အကျွံလုပ်တဲ့အတွက် ပြန်ပြီး တားဆီးလိုက်နိုင်တာကို တွေ့ရပါတယ်။ သူတို့ဆီမှာ ပြန်ပြီး ထိန်းကွပ်တဲ့ နည်းလမ်းတွေ ရှိနေလို့သာ တော်တော့တယ်။ ကျွန်တော်တို့ ဆီမှာဆိုရင်တော့ ပွဲသိမ်းပါပဲ။
နောက်ပြီး နိုင်ငံရေးမှာ အခြေအနေအားလုံးဟာ တိမ်တောင်သဖွယ်မင်းရေးကျယ် ဆိုတဲ့အတိုင်း policy အပြောင်းအလဲတွေက အချိန်မရွေး ရုတ်တရက် ပြောင်းလဲတတ်သလို အပြောင်းအလဲတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတတ်တာကိုလည်း ကြောက်စရာတွေ့ရပါတယ်။ ပြီးတော့ ကိုးကွယ်ရာတူတူ မတူတူ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် နိုင်ငံသားစိတ် အပြည့်နဲ့ အလုပ်လုပ်တဲ့ Frank ရဲ့ သရုပ်ဆောင်ချက်ကလည်း ကျွန်တော်တို့ဆီက အမြင်လေးကျဉ်းကျဉ်း မျက်တောင်မွှေးတစ်ဆုံးလေး ကြည့်တတ်တဲ့ ဟိုဘက်ဒီဘက် အစွန်းရောက်လေးတွေ သတိပြူစရာပါ။ နိုင်ငံသားမှန်ရင် နိုင်ငံအတွက်ပဲ ကြည့်ရမှာပါ။

ပြီးတော့ CIA ရဲ့ ခြေရှုပ်ချက်တွေကလည်း တစ်ခါတစ်ရံ သူ့ဓါးနဲ့ သူ့ပြည်သူကို ပြန်ထိုးသလို ဖြစ်ပုံကလည်း သံဝေဂယူစရာပါ။ ဒါပေမဲ့ သူတို့ဆီက အကြမ်းဖက်မှုတစ်ခုကို ကိုင်တွယ်အရေးယူပုံနဲ့ ကိုယ်တွေဆီမှာ ဆိုရင်လို့ တွေးတော့ မောမိပါတယ်။ အခု ဆိုရင်ပဲ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ တရားဝင်ခြိမ်းခြောက်တာကို ခံနေရပါပြီ။ ဒါဟာလည်း ကိုယ်ဖန်တီးခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကျိုးဆက်ပဲလေ။ ဒါလည်း ကိုယ့်ဓါးနဲ့ ကိုယ့်ပြည်သူကို ပြန်ထိုးမိတဲ့ ကိစ္စပါပဲ။ အရင်က ဓါးနဲ့ အမွှမ်းခံနေရရာက အခုတော့ အထိုးပါ ခံရတော့မဲ့ အခြေအနေပေါ့။
ဒီလောက် နိုင်ငံတကာမှာ ဒါကို ပေါ့ပေါ့တန်တန် မတွေးဘဲ သတိပေးချက်တွေ ထုတ်လို့ ကာကွယ်မှုတွေ တပ်လှန့်မှုတွေ လုပ်နေချိန်မှာ စိုးရိမ်စရာ မရှိပါလို့ ပြောတော့ သြော်… တို့ဆီက သူများနိုင်ငံတွေထက် လုံခြုံရေး ပိုကောင်းလို့ နေမှာပါလေ လို့ အထင်တော့ ကြီးချင်သား။ ကိုယ့်ပြည်သူကို နိုင်တဲ့နေရာမှာတော့ တို့ဆီကလည်း ရဲရဲတောက်ပဲလေ။ တခြားနဲ့ ဖြစ်ရင်တော့….. ဒါလည်း…. နိုင်မှာပါ။ နေပြည်တော်မှာတော့ လုံခြုံရေးတွေက စိုးရိမ်စရာ မရှိမှာ သေချာပါတယ်လေ။
တို့တွေအတွက်ကတော့…… အင်း…. အိပ်တာပဲ ကောင်းပါတယ်လေ….
(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)