Thursday, January 28, 2016

မှတ်မိသမျှ ပေါက်ကရ- ၂



၆ လကြီး ၆ လငယ်



  ရန်ကုန်မြို့ အထင်ကရ ဟော်တယ်တစ်ခုတွင် M&E Engineer ဘဝဖြင့် အလုပ်လုပ်ခဲ့စဉ်က ဖြစ်သည်။
ကျနော်တို့ အဖွဲ့တွင် နေရာတကာ အားကိုးရသော အလုပ်သမားတစ်ယောက် ရှိသည်။ တိုင်းရင်းသားထဲက ဖြစ်၍ အသားဖြူသော သူ့ကို အသားမဲသော ကျနော်တို့ အင်ဂျင်နီယာများက တရုတ်ကြီးဟု ခေါ်သည်။ တရုတ်ကြီးက ပညာအရည်အချင်း ၄ တန်းအထိ ဆိုလား တက်ဖူးသည်ဟု သူပြောသည်။ စာရေးစာဖတ်တတ်သော်ငြား သိပ်အများကြီးတော့ မဟုတ်။

ကျနော်တို့ အဖွဲ့မှာ သူက တောက်တိုဟု ဆိုနိုင်သော်လည်း မရှိမဖြစ် တရုတ်ကြီးဖြစ်သည်။ အင်ဂျင်နီယာတွေက ပညာတတ်သော်ငြား တချို့အလုပ်တွေဆို ပေကပ်ကပ် လုပ်တတ်ကြသည်မို့ တရုတ်ကြီးကသာ အပြေးအလွှားလုပ်ရသည်ချည်း။

တစ်ရက်တော့ ထမင်းစားရင်း ရောက်တတ်ရာရာ ပြောကြသည်။

"တရုတ်ကြီး…. မင်း မောင်နှမ ဘယ်နှစ်ယောက် ရှိသတုန်း…"

"၂ ယောက်ဗျ…. အစ်မတစ်ယောက် ရှိသေးတယ်…."

အဲဒီအထိက အကောင်း…. တရုတ်ကြီး ဆက်ပြောလိုက်သော စကားကြောင့် ကျနော်တို့ တစ်ဖွဲ့လုံး ထမင်းပင် နင် ချင်သွားသည်။ သူပြောလိုက်တာက…

"ကျနော့ အစ်မနဲ့ ကျနော်က ၆ လကြီး ၆ လငယ် လေ…".. တဲ့။

ဒီတော့ အဲယားကွန်း အင်ဂျင်နီယာက ဝင်ထောက်သည်။
"သြော်…. မောင်နှမအရင်း မဟုတ်ဘူးပေါ့…."

"မောင်နှမ အရင်းပါဗျ…"
တရုတ်ကြီးက မလျှော့။

ကျနော်လည်း ဝင်ပြောရတော့သည်။
"ငင်…. မဟုတ်သေးဘူးလေ တရုတ်ကြီးရဲ့…. မင့်ဟာ မောင်နှမ အရင်းက ဘယ်နှယ်လုပ် ၆ လကြီး ၆ လငယ် ရှိမလဲဟ…."

"မောင်နှမ အရင်းပါဗျ… ၆ လကြီး ၆ လငယ်ပါ…"

မန်နေဂျာလည်း မနေနိုင်တော့ ဝင်ပြောပြန်သည်။
"မင်းကလည်း…. လုပ်တော့မယ်... မင်းအစ်မကို မွေးပြီး ချက်ချင်း ကိုယ်ဝန်ပြန်ယူရင်တောင် အနည်းဆုံး ၁ လ ၂ လတော့ ကြားမှာ ခြားဦးမယ်…. ပြီးတော့ မင်းအမေ ဗိုက်ကြီးနဲ့ မင်းကို အစောဆုံးမွေးရင် ၇ လ ပေါ့ကွာ… အားလုံးပေါင်း မင်းအမေဗိုက်ကို ဇစ်တပ်ပြီး မွေးတောင် မင်းအစ်မနဲ့ မင်းနဲ့ ၉ လ တစ်နှစ်တော့ ခြားမှာပေါ့ဟ…."

တရုတ်ကြီးက ခေါင်းကုတ်ရင်း စဉ်းစားသည်။ ပြီးတော့မှ တွေးတွေးဆဆ ဆိုသည်။
"မဟုတ်ဘူးဗျ…. ၆ လကြီး ၆ လငယ်ပဲ…"

ကဲ… မင်းပဲ ရှင်းပြပါဦး… ဆိုတော့လည်း…
"မသိဘူး…. ဒါပေမဲ့ ၆ လကြီး ၆ လငယ် ပဲ…".. တဲ့။

နောက်ဆုံး ကျနော်သာ ဟော်တယ်အလုပ်ကနေ ထွက်လာခဲ့တယ်။
တရုတ်ကြီးကတော့ သူ့အစ်မနဲ့ ၆ လကြီး ၆ လငယ်ပဲ။
ဒလက တရုတ်ကြီးကို လက်ခံအောင် ရှင်းပြနိုင်တဲ့သူရှိရင် ပြောဗျာ...။
KFC ကျွေးမယ်.....။

*********************************

ဆက်ဆီပရောဒတ်




ဟော်တယ်မှာ အလုပ်လုပ်တော့ ထမင်းစားချိန် ကျနော်တို့ရဲ့ စကားဝိုင်းက တခါတရံ မှတ်စရာသားစရာလေးတွေ ရတတ်သည်။ အဲဒီနေ့ကလည်း ထုံးစံအတိုင်း စားပြီးသောက်ပြီး မထသေးဘဲ လေပေါကြသည်ပေါ့။

ကျနော်တို့ထဲက ဟော်တယ်ကားမောင်းသည့် အသက်အကြီးဆုံး အစ်ကိုကြီးက လူသုံးကုန်ပစ္စည်းတွေ အကြောင်းပြောရင်း…..

"ပရောဒတ် (Product) တွေထဲမှာ Sexy Product ဆိုတာ ရှိတယ်ကွ….".. ဟု စကား စ သည်။

Sexy ပရောဒတ်ဆိုတော့ ကျနော်တို့အားလုံး စိတ်ဝင်စားသွားကြသည်။ နိုင်ငံခြားပြန် မန်နေဂျာက ဝင်ထောက်သည်။ ဒီကားဆရာကြီးက သူပြောလျှင် တစ်ခါမှ မကြားဖူးတာတွေ ပါလာတတ်သမို့ ကျနော်တို့က ဆရာကြီးဟုပင် ပညတ်ကြသည်။

"လုပ်စမ်းပါဦးဗျ…. ဘယ်လိုမျိုးတုန်း… နိုင်ငံခြားမှာ ရောင်းတဲ့ Sex Toy တွေကို ပြောတာလား…."

"မဟုတ်ပါဘူးဗျ… အဲလို အတုံးလိုက် အတစ်လိုက်ကြီး မဟုတ်ဘဲ လူတွေ ပုံမှန် သုံးနေတဲ့ မြင်နေကျတွေထဲမှာကိုပဲ ရှိတာ…. ပြီးတော့ အဲဒါမျိုးတွေက ရေရှည်ခေတ်စားတယ်ဗျ…."


"ဟ…. အဆန်းပါလား…. လုပ်စမ်းပါဦး…"


"လိပ်ခုံးကားလို့ ကျနော်တို့ခေါ်တဲ့ ဗောက်စ်ဝက်ဂွန်ကားကို ကြည့်ဗျာ…. အဲဒါ ဆက်ဆီ ပရောဒတ်ပဲ…"


"ဟမ်….. ကြား…ကြားဖူးပေါင်ဗျာ…. ဗောက်စ်ဝက်ဂွန်က ဆက်ဆီဖြစ်ရတယ်လို့…"
မန်နေဂျာက အံ့သြဟန်နှင့် ဆိုသည်။


ကျနော့မျက်စိထဲမှာ ကျနော်ငယ်စဉ်က အလွန်ကြိုက်သော Herbie Goes Bananas ရုပ်ရှင်ကားထဲမှ ချစ်စရာ Volkswagen ကားလေးကို ပြေးမြင်မိသည်။ မော်ဒယ်အပြည့်အစုံမှာ Volkswagen Beetle ဖြစ်သည်။ ကျနော်တို့ဆီမှာတော့ လိပ်ခုံးကားဟုသာ ခေါ်ကြပါသည်။ ဆရာကြီးက…






။ ဒီလိုဗျ…. ဒီကား ဒီဇိုင်းဖြစ်လာပုံ ဇာတ်လမ်းရှိတယ်…  ဟု အစချီကာ ဆက်ဆီကျသော ဗောက်စ်ဝက်ဂွန်အကြောင်းကို အောက်ပါအတိုင်း မိန့်ပါသည်။

"အဲဒီတုန်းက ဂျာမဏီမှာ ကားစျေးတွေက ကြီးတယ်မို့လား…. ကား ဆိုတာ ချမ်းသာတဲ့သူမှ စီးနိုင်တာကိုး…

အဲဒီမှာတင် ဂျာမန်ကား ကုမ္ပဏီတွေဟာ စားရိတ်သက်သာပြီး သာမာန်အလုပ်သမား လူတန်းစား စီးနိုင်မဲ့ ကားဒီဇိုင်းမျိုးကို အပြိုင်အဆိုင် ထုတ်ဖို့ ကြိုးစားကြတယ်ဗျ…."

"ဗောက်စ်ဝက်ဂွန်ကုမ္ပဏီက ဒီဇိုင်နာ အဖိုးကြီးကလည်း ကားဒီဇိုင်းကို အမျိုးမျိုး စဉ်းစားပေမဲ့ ဒီဇိုင်းက စဉ်းစားလို့ မရဖြစ်နေသတဲ့ဗျ…. အဲဒါနဲ့ နေ့လည် ထမင်းစားချိန်ရောက်တော့ အိမ်ပြန်ပြီး ထမင်းစားသတဲ့ဗျ…. "

"ဂျာမန်တွေက ထမင်းစားတာလား… ပေါင်မုန့်စားတာလား…."
လျှပ်စစ်အင်ဂျင်နီယာက ဝင်ထောက်ပြန်သည်။

"ဘာစားစားကွာ…. မင်းကလဲ တစ်မျိုး....."
အဲယားကွန်း အင်ဂျင်နီယာက ကျွဲမြီးတိုဟန်ဖြင့် ထ ဟောက်သည်။

ဆရာကြီးက မျက်မှန်ကို တစ်ချက်ဝင့်ရင်း ခဏရပ်သွားတော့ လျှပ်စစ်သမားက ကွမ်းယာတစ်ယာကို ပုဆိုး ခါးပိုက်ထောင်ထဲမှ ထုတ်ပေးလိုက်သည်။ ကွမ်းယာကို ပါးစပ်ထဲထည့်လိုက်ရင်း…

"အဲဒီလို အိမ်ပြန်ပြီး ထမင်းစားပေမဲ့ ကားဒီဇိုင်းကိစ္စ ခေါင်းထဲရောက်နေတော့ သူက ထမင်းကို ဖြောင့်ဖြောင့်မစားနိုင်ဘူး ဖြစ်နေတာပေါ့…."...

အဲဒီမှာတင် သူ့မိန်းမက
ရှင် ဘာဖြစ်နေတာတုန်း… ပေါ့။

သူကလည်း ဒီလိုဒီလို ပေါ့လေ…. ကားဒီဇိုင်း ပြဿနာတက်နေလို့ပါပေါ့။

သူ့မိန်းမက ပြောတယ်။
စားစရာရှိတာ စားစမ်းပါရှင်။ ပြီးတော့မှ ကားဒီဇိုင်းအကြောင်း ပြောတာပေါ့။ ကျမ ကူညီပါ့မယ်လို့ ဆိုသတဲ့။

အဲဒါနဲ့ နေ့လည်စာ စားလို့လည်းပြီးရော သူတို့ အနောက်တိုင်းက လူတွေထုံးစံအတိုင်း မိန်းမကို ဖက်ပြီး ဟိုကိုင်ဒီကိုင် ကိုင်သတဲ့။ အဲဒီမှာတင် အောက်ဖက်ကို လက်ရောက်သွားတော့ မိန်းမက….
ကားဒီဇိုင်းကို မကိုင်နဲ့လေ… လို့ ပြောသတဲ့။

အဲဒီမှာတင် ဒီဇိုင်နာကြီးလည်း အိုင်ဒီယာတွေ ထင်းကနဲ လင်းကနဲ ဖြစ်ပြီး ဒီဇိုင်းထုတ်လိုက်တာ အခုထိ နာမည်ကြီးနေတဲ့ ဗောက်စ်ဝက်ဂွန် လိပ်ခုံးကား ဖြစ်လာတော့တာပဲကွ…. ဆိုပဲ။

ကျနော်တို့အားလုံး ပြုံးစိစိ လုပ်နေကြတော့ ဆရာကြီးက ဆက်ပြောလိုက်သေးတယ်။
"ပိုတူသွားအောင် အလယ်မှာ လိုင်းလေးတောင် ထည့်ပေးထားသေးတယ် မဟုတ်လား…." တဲ့


အဲဒီကားလေးတွေကတော့ ဒီနေ့ခေတ်ထိ မတိမ်ကောတာ အမှန်။ အခု နောက်ဆုံးပေါ် ကားတချို့ထက်ပင် အဲဒီကားလေးတွေက စျေးကြီးနေသေးသည်က မျက်မြင်။ ဗောက်စ်ဝက်ဂွန်ကလည်း မျိုးဆက်သစ် ဒီဇိုင်းသစ် Beetle မော်ဒယ်လ်တွေ ထပ်ထုတ်ပါသည်။ သို့သော် Original ပစ္စည်းတွေချည်း တပ်ထားသည့် မူလလက်ဟောင်း Volkswagen Beetle လိပ်ခုံးကားကလေးတွေဆို စျေးက အော်ပျံလန်နေမြဲ။

သူပြောသည့် Volkswagen Beetle ဇာတ်လမ်း တကယ် ဟုတ်မဟုတ်တော့ ကျနော်မသိ။ အဲဒီကားဒီဇိုင်းကလည်း သူပြောတာ ဟုတ်တုတ်တုတ်။ သေချာကြည့်လေ ဟုတ်သလိုလိုရှိလေ ဖြစ်သည်။

ကျနော်ဖြင့် ခုထိ သူပြောသည့် ဇာတ်လမ်းကို ခုထိ ဇဝေဇဝါ ဖြစ်တုန်း……။

"အာ့… ဂယ်ဂျီးလား…ဟင်…"

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

Friday, January 22, 2016

မှတ်မိသမျှ ပေါက်ကရ


ကြင်နာလွန်းသူကြီး


တစ်ခါက တရားရုံးသို့ လင်မယားကွာရှင်းမှုတစ်ခု ရောက်လာသည်။
မယားဖြစ်သူမှ ကွာရှင်းခွင့်တောင်းခြင်း ဖြစ်သည်။

တရားသူကြီးမှ မေးသည်။

"မိန်းကလေး….. မင်းခင်ပွန်းကို ဘာဖြစ်လို့ ကွာရှင်းချင်ရတာလဲ….
မင်း ခင်ပွန်းက အရက်အရမ်း သောက်လို့လား…"

တရားလို မိန်းကလေးက ပြန်ဖြေသည်။
"မဟုတ်ပါဘူး တရားသူကြီးမင်းရှင့်…."
.......

"လောင်းကစား လုပ်လို့လား…."

"မဟုတ်ပါဘူး တရားသူကြီးမင်းရှင့်…."

"ဒါဖြင့် သူက မင်းကို မကြင်နာလို့များလား…."

"မဟုတ်ပါဘူး တရားသူကြီးမင်းရှင့်…. သူက သိပ်ကြင်နာတတ်ပါတယ်…."

တရားသူကြီး အံ့သြသွားသည်။

"ဟေ…. ဒါနဲ့များ ဘာဖြစ်လို့ ကွာရှင်းချင်ရတာတုန်း…."

 "ကြင်​နာတတ်လွန်​းလို့ကို ကွာချင်​တာပါ....."

တရားသူကြီးမှ မျက်လုံးပြူးလျက်....

"ရှင်းပြပါဦး..."

တရားလိုမှ ပြန်ဖြေသည်။

"ဒီလိုပါရှင့်…. သူက ကျမ ကိုချည်း ကြင်နာတာ မဟုတ်ဘဲ ကျမ အစ်မတွေ ညီမတွေကိုပါ အကုန် လိုက်ကြင်နာနေလို့ ကြင်နာလွန်းတဲ့ဒဏ်ကို သည်းမခံနိုင်တော့လို့ပါ….." ဟူ၏။

*******************************

တင်းလွန်းလို့

သွားဆရာဝန်တစ်ယောက် ဒေါကြီးမောကြီးနှင့် လျှောက်လာသည်။ လမ်းတွင် တွေ့သမျှ ခဲလုံးများ အပင်ငယ်များကို ကန်ထုတ်ပစ်နေသည်။ မိတ်ဆွေတစ်ယောက်က သူ့ကို မြင်သွားသည်။

"ဆရာ…. ဘာတွေများ ဒီလောက်တောင် ဒေါခီးနေတာတုန်းဗျ…."

"ဟိုတလောက ကျုပ်ဆီမှာ သွားနှုတ်ပြီး ပြန်စိုက်သွားတဲ့ ကောင်ပေါ့ဗျာ…"

"အင်းလေ…. အဲဒါ ဘာဖြစ်လို့တုန်း…"

"ပိုက်ဆံ မရှိလို့ အကြွေးနဲ့ နှုတ်ပေး… အကြွေးနဲ့ စိုက်ပေးလိုက်တာဗျ…."

"ဆရာက အတော် သဘောကောင်းတာပဲ.... အခု သူက ဘာပြောလို့လဲ…"

"အခု ပိုက်ဆံသွားတောင်းတော့ မပေးနိုင်ဘူးလို့ ပြောလွှတ်တယ်ဗျ…."

မိတ်ဆွေက တရားချဖို့ ကြိုးစားသည်။
"သြော်…. ဆရာရယ် … ဆရာ့အနေနဲ့ ဒီငွေ လောက်ကလေးနဲ့ ဘာမှ ဖြစ်မသွားပါဘူး….. ဒီလိုလူတစ်ယောက်ကိုလည်း ဂရုစိုက်မနေပါနဲ့ဗျာ…."

"ဟမ်…. ကျုပ်က အဲဒီ ပိုက်ဆံမရတာကို တင်းတာ မဟုတ်ဘူးဗျ…. ကျုပ်စိုက်ပေးထားတဲ့သွားနဲ့ ကျုပ်ကို ပြန်ပြီး အံကြိတ်ပြတာကို တင်းတာဗျ…. တင်းတာ…. တောက်စ်…."


 *******************************

လူမရွေးဘူး



facebook မပေါ်သေးသောခေတ်က ဖြစ်သည်။

ကောင်မလေးတစ်ယောက် လျှောက်လာသည်။
ကောင်လေးတစ်သိုက်က မြင်သည်နှင့် နောက်က လိုက်လာပြီး ရည်းစားစကား ပြောသည်။
ကောင်မလေးက သုတ်သုတ်လျှောက်သည်။ သူ့အိမ်ကို လှမ်းမြင်နေရသည့်နေရာသို့ ရောက်လာသည်။ အိမ်ပေါက်ဝတွင် သူ့အစ်မတွေ ထိုင်နေတာကို တွေ့သည်။ သူလှမ်းပြီး လက်ပြလိုက်သည်နှင့် အခြေအနေကို သဘောပေါက်သွားသော ညီအမတွေ သူ့ဆီ စစ်ကူရောက်လာကြသည်။

စစ်ကူတွေ လာပြီဆိုတော့ လူငယ်တစ်သိုက် နည်းနည်းတွန့်သွားသည်။ ကောင်မလေးက အောင်နိုင်သူရဲ့ အသံနှင့်....
"ဟဲ့… ကောင်တွေ… နင်တို့က ငါ့ကို ဘယ်လို အစားမျိုး ထင်နေလို့လဲ…"

"သိဝူးလေ...."

အစ်မလတ်က ဝင်ထောက်သည်။
"ဟင်…. ကိုယ့်ရုပ်ကိုမှ အားမနာ…. ငါ့ညီမနဲ့ တူသလား တန်သလား…"

"မတန်လို့ ပြန်ပို့ရတယ်ဆိုတာ မရှိပါဘူး အစ်မကြီးရယ်....."

အစ်မကြီး စိတ်ထဲမှ ဒေါသတွေ အလိပ်လိုက်တက်လာသည်။ ဒီလို ကောင်တွေကများ ငါ့ညီမကို ရာရာစစ.... တွေ့ကြသေးတာပေါ့... ငါ့တို့ လက်က ပါးမရွေးဘူးဆိုတာ ဒင်းတို့ကို ပေါ်တင်ကြေငြာမှ ဖြစ်တော့မယ်.... ဟင်း...ဟင်း... ဒီမှာ.... တင်းတယ်...တင်းတယ်.... တင်းတယ်ဟေ့...

ဒေါသအလိပ်လိုက် အတောင့်လိုက် ထွက်လာသည့်အဆုံး ၇ သံချီ အော်ထည့်လိုက်တော့သည်။

"ဟေ့….. ငါတို့ကို ဘယ်လိုအတန်းအစားများ မှတ်နေသလဲ…
တို့ပါးက လူမရွေးဘူးဟေ့….." တဲ့။

************************

မရိုင်းနဲ့

 

ရပ်ကွက်ထဲတွင် တစ်အိမ်နှင့်တစ်အိမ် ခြံချင်းကပ်နေခြင်းကြောင့် လည်းကောင်း၊ သစ်သားအိမ်၊ ထရံကာအိမ်များ ဖြစ်ခြင်းကြောင့်လည်းကောင်း တစ်ဖက်အိမ်က ပြောသမျှ တစ်ဖက်အိမ်က ကြားနေရသည်။

တစ်နေ့…
ကျနော်တို့နှင့် ခြံချင်းကပ်လျက်အိမ်မှ သားအဖ ၂ ယောက် စကားပြောနေသည်ကို ကြားရသည်။
အဖေက သားကို ဆုံးမနေခြင်း ဖြစ်သည်။

"ဟေ့ကောင်..... မင်းက အဖေလား…. ငါက အဖေလား…"

"အဖေက အဖေပေါ့ဗျ…"

"ဒါဆို မင်း ငါ့စကား နားထောင်ရမှာပေါ့ကွ…. ငါအဖေက ဝါးလုံးမြင်လျက်သားနဲ့ ဝါးခြမ်းဆို ခြမ်းလိုက်ပေါ့ကွ…. အခုတော့ မင်းက ငါက ဒါဆို မင်းက ဟိုဟာ..."


သားဖြစ်သူကလည်း အညံ့မခံ…။

"မခြမ်း နိုင်ပါဘူး… ဝါးလုံးက ဝါးလုံး… ဝါးခြမ်းက ဝါးခြမ်းပေါ့…."

''တယ်…. ဒီကောင်လေးတော့ သေတော့မယ်…"


"သေသေဗျာ…. ဒီသောက်လုပ်တွေလည်း မခိုင်းနဲ့ဗျာ…. မလုပ်နိုင်ဘူး…"


အဲဒီမှာတင် အဖေက ဒေါသတကြီး ထ ဟောက်လိုက်တာက…

"တယ်…. ဒီကောင်လေးဟာ…. စကားပြောရင် ဆဲ ဆဲ မပြောပါနဲ့လို့ ဆိုနေ…. ဒီ နာရိုးမတားလေးဟာ….".. တဲ့။

အံမယ်.... ဒါတောင် သားလုပ်တဲ့သူက မရပ်သေးဘူး.... ပြန်ပြောဖြစ်အောင် ပြောသေးတယ်.... ဘာတဲ့...

"သိပါတယ် အဖေရာ.... ခဏခဏ ကြွားနေစရာ မလိုပါဘူး.."... တဲ့....။

အတီးခံရတာတောင် နည်းသေး..။

**************************

  မအ ဘူး မထင်နဲ့

 

မြို့ပေါ်သို့ အလည်သွားမည့် အူတူတူ အ တ တ သမီးကို အမေက မှာသည်။
 
"ဟဲ့…. သမီး…. ဟိုရောက်ရင် တစ်ယောက်တည်း လျှောက်လျှောက် မသွားနဲ့နော်…."

"အင်းပါ…. သိပါတယ် အမေရဲ့…."

"နင်က အူတူတူ အ တ တ မို့ ငါက စိတ်မချလို့ ပြောနေတာဟဲ့…. တော်ကြာ မြို့ပေါ်က လူလည်တွေက နင့်ကို ရောင်းစားသွားလိမ့်မယ်…."

သမီးကလည်း အမေစိတ်ချအောင် ပြန်ပြောရှာပါတယ်။

"စိတ်ချပါ အမေကလဲ…. စိတ်ပူစရာ မလိုပါဘူး….. သူတို့က ချိန်ခွင်ပေါ် တက်ခိုင်းတိုင်း သမီးက တက်ပါ့မလား အမေရဲ့…." တဲ့။


အမေလည်း စိတ်ပျက်လက်ပျက်နဲ့.....


"နင့်တော့ ငါမနိုင်တော့ဘူး....." ဆိုတော့....


သမီးကလည်း မျက်နှာငယ်လေးနဲ့....


"မနိုင်ရင်လည်း မချီနဲ့ပေါ့ အမေရယ်....." ....တဲ့။

*****************************

ကျွတ်သွားတယ်


ဟိုးရှေးရှေးတုန်းက ကောင်မလေးများကို ကြိုက်လျှင် ရည်းစားစာပေး၊ ရည်းစားစကား လိုက်ပြောရသောခေတ်က ဖြစ်သည်။

လှတပတ ကောင်မလေးတစ်ယောက် လမ်းလျှောက်သွားနေသည်။ ကောင်လေး ၃ ယောက်က နောက်က လိုက်လာသည်။ တစ်ယောက်က...

"မင်းတို့ နောက်က ကြည့်နေ.... ငါ သွားတွန်းလိုက်မယ်..."

သူငယ်ချင်း ၂ ယောက်ကလည်း အားတက်သရော ထောက်ခံသည်။

"မင်းအစွမ်းအစကို ကြည့်ရသေးတာပေါ့...."

ပြောပြောဆိုဆို ရှေ့ကို အပြေးကလေးသွားပြီး ကောင်မလေးနား ကပ်လျက်လျှောက်လိုက်သည်။

"ဟေ့... တစ်ယောက်တည်းလား...."

ကောင်မလေးက နားမကြားသလို ခပ်သုတ်သုတ် ဆက်လျှောက်သည်။

"တစ်ယောက်တည်းလားလို့....."

ကောင်မလေးက ဘေးကို လှည့်ပြီး မှုန်ကုပ်ကုပ်ကြည့်သည်။ ဘာပဲပြောပြော လှည့်ကြည့်သည်ဆိုတော့ အားတက်သွားသည်။

"စိတ်ဝင်စား လို့ပါ...."

ကောင်မလေးဆီက အသံထွက်လာသည်။

"စား.. ဘရားပေါ့...."

 "အွန်..."

ကိုယ်တော်မြတ် နည်းနည်းတော့ ဖုသွားသည်။

".. ကြိုက်လို့ပါ...."

"ကြိုက်... ဘရိုက်ပေါ့..."

"ငင်.... ဟုတ်ဝူးလေ.... တကယ် ချစ်လို့ ပြောတာပါ...."

ကောင်မလေးက မရယ်မပြုံး မိန့်သည်။

"ချစ်... ဘရစ်ပေါ့...."

ဘာဆက်ပြောရမှန်း မသိတော့သော မောင်မင်းကြီးသားလည်း အသာလေး နောက်ချန်နေရစ်ရင်း သူ့ဘော်ဒါတွေကို ပြောသည်။

"ကျွတ်တယ်ကွ...".....တဲ့...

သူငယ်ချင်းကလည်း ပြုံးစိစိနဲ့ ကြည့်ပြီး ပြောလိုက်တာက...

"ကျွတ်.... ဗလွတ် ပေါ့ကွ...." ဆိုပဲ။

ဘုရားစူးရပါစေ့။ အခုပြောသော စကားများသည် ဟိုတုန်းက လမ်းသရဲစကားမာျး ဟူသတတ်။

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

Tuesday, January 19, 2016

ဘုရားသခင် တရားမစီရင်ပါ








ဖတ်ခဲ့တာတော့ ကြာခဲ့ပါပြီ။ မဂ္ဂဇင်း ဝတ္ထုတိုလေးတစ်ပုဒ် ပါပဲ။ ဝတ္ထုနာမည်လည်း ကျနော် မမှတ်မိပါ။ ရေးသူကိုလည်း မသိ။ အကြောင်းအရာ လုံးစေ့ပတ်စေ့ မှတ်မိတာမျိုးလည်း မဟုတ်။ နှစ်သက်မိသည့် အချက်တစ်ချက်ကိုသာ အခုထိ မမေ့နိုင်တာဖြစ်သည်။ မှတ်မိသလောက် အကြမ်းဖျင်းလေးကို ဖတ်ကောင်းအောင် နည်းနည်းရေးပြပါရစေ။

နာမည်ကြီး လူသတ်သမားတစ်ယောက်ကို ရဲတွေဝိုင်းဖမ်းကြသည်။ ဒီလူသတ်သမားက Series killer ဟု ခေါ်ရလောက်အောင် လူတွေအများကြီးကို သတ်ခဲ့သည့် လူသတ်သမား။ နောက်ဆုံး ရဲက သူ့ကို အသေဖမ်းမိသည်။ ဒါတောင် သူ့ကိုဖမ်းသည့်ရဲကို သူ ရအောင် ပစ်သတ်လိုက်သေးသည်။ သို့ပေမဲ့ ရဲကလည်း မသေခင် သူ့ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၆ တောင့် ပစ်သွင်းသွားခဲ့သည်။ သို့နှင့် သူ့ကို အသေဖမ်းမိလိုက်ကြသည်။

သူ သတိရလာတော့ တရားခွင်တစ်ခုက တရားခံဝက်ခြံလေးထဲ ရောက်နေသည်ကို အံ့အားသင့်စွာတွေ့ရသည်။ 

 

Thursday, August 13, 2015

မှတ်မှတ်သားသား ဖြေရှင်းနည်းများ



စကားပလ္လင်ခံခြင်း။    ။ ဖြေရှင်းနည်းများဟုသာ ကျနော်ဆိုသည်။ ပြေလည်သည်ဟု မဆိုလို။ အဖြေဟု ကျနော် မပြော။

ဒိုးနပ် ကွန်ပလိန်း



အလုပ်ထဲက ကရင် က သူ့မန်နေဂျာအကြောင်း ဖေါက်သည်ချသည်။
“ကျနော့ မန်နေဂျာ ကွန်ပလိန်းရှင်းတာက တစ်မျိုးဗျ….”

“လုပ်စမ်းပါဦးဟ…. မင်းပြောရင် မှတ်ဖွယ်သားဖွယ် အဆန်းတွေချည်း…”

“ဒီလိုဗျ….. ကျနော်တို့ Department က လုပ်သမျှကလည်း တကယ်တမ်း အလုပ်ဖြစ်တာက ခပ်ရှားရှားရယ်….. တစ်နေ့တော့ Project Manager တစ်ယောက်က ဒေါနဲ့မောနဲ့ ကွန်ပလိန်းလာတက်ပါလေရော….. အကြောင်းကတော့ ကျနော်တို့ လုပ်တာတွေ အသုံးမကျလို့ပေါ့ဗျာ…”
(ကျနော်တို့ချင်းတော့ နာမည်တွေရော လူတွေရောကို သိပါသည်။)

“အဲဒီတော့…”

ကျနော့မန်နေဂျာက ဝင်လာတဲ့ PJM ကို……

“Cool Down…… Cool Down….. Take a seat…. Take a seat…”   တဲ့....

မြန်မာလိုတော့ စိတ်လျှော့… စိတ်လျှော့ ….. ထိုင်ပါဦး….ပေါ့လေ။ အမှန်တော့ ကရင် လုပ်ပြပုံက ပို၍ သဘာဝကျပါသည်။


Friday, July 24, 2015

ပုဏ္ဏက တိုက်သည် ဆိုရာဝယ် (၁)


ဘိုဘိုဟန်ရဲ့ ပီကေသီချင်းတွေ ရေးပေးတဲ့ တေးရေး ပုဏ္ဏက ကို ပြောချင်တာမဟုတ်။ အခုပြောမဲ့ ပုဏ္ဏက က လိုင်းတစ်မျိုး။ အခြားဘီလူးတွေက ဒါမျိုးတွေနဲ့ နာမည် မပျက်ဘူးဗျ။ ပုဏ္ဏကဘီလူးဆိုတာ ဘုရားအလောင်းတော်ရဲ့ ဇာတ်ကြီး ၁၀ ဘွဲ့ထဲက ဝိဓူရဇာတ်မှာ နဂါးမချောချောလေးကို ဖွန်ကြောင်ချင်တာနဲ့ အလောင်းတော် ဝိဓူရအမတ်ကြီးကို မြင်းနောက်မှာတင်ပြီး မသေသေအောင် လုပ်ကြံခဲ့တဲ့ ဘီလူးဗျ။

တကယ်တော့ နဂါးမကြီးက Clear Instruction မပေးလို့ သူလည်း သူထင်ရာလုပ်တယ် ထင်တာပါပဲ။

ဝိဓူရကို ခေါ်ပေးဆိုလည်း ပြီးတဲ့ဟာကို ဝိဓူရရဲ့ နှလုံးသားကို စားချင်ပါတယ်ဆိုတော့ ဘီလူးကလည်း ခပ်ပိန်းပိန်း.... နားမလည် ပါးမလည်နဲ့ ကသမ်းကရမ်းတွေ လုပ်လိုက်တာ ဘုရားအလောင်းခင်မျာ ကံကောင်းလို့ မသေတယ်။ နောက်ဆုံးတော့ နဂါးမလေးလည်း ဘီလူးနဲ့ ညားပြီး အဖတ်တော့ တင်တာပေါ့လေ။ နဂါးမကလည်း မျိုးမစောင့်ဘူး… အဟုတ်။

သူတို့ လင်မယားက ဘာလေးမွေးလည်းတော့ ဇာတ်တော်ထဲမှာ မပါတော့ မသိဘူး။ ဒီမှာတော့ ထစ်ကနဲရှိ ပုဏ္ဏက… ပုဏ္ဏက… နဲ့။ ဘီလူးထဲမှာ ဒီဘီလူးကတော့ အတော်နာမည်ပျက်နဲ့ လူသိပေမဲ့ ဝိဓူရရဲ့ တရားကို နာဖူးတဲ့ ဘီလူးဆိုတော့ ပုဏ္ဏက ကိုယ်တိုင်က ဒီလောက် ဆိုးတော့မယ် မထင်ပါဘူး။ ခုဟာတွေက ဘာဘီလူးတွေလည်းတော့ မသိ။ ကြမ်းတာတော့ အမှန်။


Wednesday, July 8, 2015

အစွဲ (၂)






အစွဲ (၁) မှာ ကျနော် ၉ တန်း ကျောင်းသားဘဝက သရဲခြောက်ခံရတဲ့ အဖြစ်ကို ရေးခဲ့ဖူးပါတယ်။ စိတ်ဝင်စားကြတဲ့ သူငယ်ချင်းတွေ ရှိသမို့ အခု တစ်ခါ မှတ်မိတဲ့ ထူးထူးဆန်းဆန်းလေးတွေကို ထပ်ပြီး ရေးလိုက်ပါတယ်။


တစ်ခေတ်တစ်ခါက ကျနော့ အဖေအပါအဝင် အမျိုးတွေထဲက ယောကျ်ားလေးတွေ အတော်များများ နိုင်ငံခြားသင်္ဘော လိုက်ကြတယ်ဗျ။ အဲဒီခေတ်က နိုင်ငံခြားသွားအလုပ် လုပ်ကြတယ်ဆိုတာ ဒီခေတ်ထက် အများကြီး ပိုဆိုးတဲ့ ဒုက္ခတွေနဲ့ လုပ်ကြကိုင်ကြရတာကလား။ Show Job နဲ့ ထွက်သွားပေမဲ့ စာရွက်အတုတွေနဲ့ သင်္ဘောပေါ်ရောက်လိုရောက်၊ Seaman နဲ့ ထွက်လာပြီးမှ ကုန်းပေါ်ရောက်ပြီး ယက်ကန်ယက်ကန် ဖြစ်သူကဖြစ်နဲ့ တကယ့် ခေတ်ဆိုးကြီးဗျ။ မဆလ လက်ထက်မှာ သွင်းကုန်တွေက ပိတ်ထား၊ နိုင်ငံခြားပစ္စည်းဆိုတာ သင်္ဘောသားတွေ၊ မှောင်ခိုတွေဆီကတစ်ဆင့်မှ တွေ့ကြကိုင်ကြရတာ။


မှတ်မိသေးတယ်။ Walkman ကက်ဆက်လေးတွေ စတွေ့ဖူးတာ သင်္ဘောသားတစ်ယောက်ဆီက။ နားကြပ်နဲ့ နားထောင်ရတဲ့ ကက်ဆက်သေးသေးလေးဟာ အဲဒီတုန်းက အထူးအဆန်းပေါ့။

Saturday, May 23, 2015

မြန်မာဖောင့်ညီညွတ်ရေး ဆရာကြီးတွေ ဖယ်ရှားပေး





နည်းနည်း မျက်စိနောက်လာလို့ မအောင့်နိုင် မအည်းနိုင် ရေးလိုက်ဦးမယ်။

မြန်မာတွေ မညီညွှတ်တဲ့ဘဝမှာ မြန်မာဖောင့်တောင် အမျိုးမျိုး။ မြန်မာစာကို ကွန်ပျူတာပေါ်မှာ စတင်နိုင်ခဲ့တာ ZawGyi နဲ့။ ZawGyi နဲ့ နေသားကျချိန်မှာ Unicode ကိစ္စဖြစ်လာတယ်။ ဖြစ်တော့လည်း ဖြစ်ပေါ့။ ဒါဟာ နည်းပညာပိုင်းအရ ဖြစ်လာတဲ့ကိစ္စပဲ။ အခုဆို HTC က စံမြန်မာ ကိုသုံးတယ်။ Microsoft က သာလွန် ကို သုံးတယ်။ Google က Myanmar 3 ကို သုံးတယ်။ အဲဒီလို မတည်မငြိမ် ဖြစ်ချင်တိုင်း ဖြစ်နေတဲ့အချိန်မှာ ကျနော်အပါအဝင် အများစုက ZawGyi နဲ့ ခရီးဆက်နေတုန်း။ သာမာန် User ဟာ Programmer လို တွေးမှာ မဟုတ်ဘူး၊ စိတ်ရှုပ်ခံမှာ မဟုတ်ဘူးဆိုတာလောက်တော့ အခြေခံကျကျ မြင်တတ်ရင် ကောင်းမှာပဲ။

မှန်တယ်။ ZawGyi က ကွန်ပျူတာမှာ ပေါ်ရုံပဲ။ ကွန်ပျူတာက နားလည်တဲ့ Unicode 5.1 ကို မလိုက်နာဘူး။ ဒါကြောင့် ကွန်ပျူတာမှာ ပေါ်ပေမဲ့ ကွန်ပျူတာစံနစ်က နားလည်တဲ့ ဘာသာစကားတစ်ခု ဖြစ်မလာဘူး။ ဒါကြောင့် နိုင်ငံတကာတန်းဝင်ဖို့ Unicode ကို သုံးဖို့ ဆော်သြကြတယ်။ ဒါကောင်းတဲ့ကိစ္စ၊ ကြိုဆိုသင့်တဲ့ ကိစ္စပဲ။


Wednesday, April 29, 2015

ဆူနာမီနှင့် ပြင်ပ ဂြိုလ်သား (ရေးသူ- Andrew Soe)



(ဆရာ Andrew Soe ၏ ခွင့်ပြုချက်ဖြင့် ဖေါ်ပြပါသည်။)


၁၁ မတ်လ ၂၀၁၁
သောကြာနေ့၊ ဂျပန် နိုင်ငံ။

အရှေ့မြောက်ဖက် ဂျပန် ကမ်းရိုးတန်းမှ ၄၃-မိုင် အကွာ ပင်လယ်ကြမ်းပြင်မှ ရုတ်တရတ် ကြီးမားစွာ ပေါက်ကွဲမှုကြောင့် ၈. ၉ မဂ္ဂနီကျူဒ် ပြင်းအားရှိ မြေငလျင်ကို ဖြစ်ပေါ် စေခဲ့ပါတယ်။ မိုင် ၂၀၀ အကွာအဝေးမှာ ရှိသော တိုကျိုမြို့ရှိ အဆောက်အဦးများ ပြင်းပြင်းထန်ထန် လှုပ်ခါခဲ့တယ်။
မြေငလျင်လှုပ်ပြီး မိနစ် (၃၀) အကြာမှာ ဂျပန် မြောက်ဖက် ကမ်းခြေကို ပေ ( ၃၀ ) အမြင့်ရှိ ဆူနာမီ ရေလှိုင်း ရိုက်ခတ်ခြင်းခံခဲ့ရပြီး ကုန်းမြေ အတွင်းပိုင်း ( ၆ ) မိုင် အထိ ရေလှိုင်း ရောက်ရှိခဲ့၍ ရေလမ်းကြောင်းဖြတ်ရာအတွင်း ရှိသမျှ အရာ အားလုံး လူနေ တိုက်တာ အဆောက်အဦး အစ သင်္ဘောကြီးငယ်မော်တော်ကား၊ လေယဉ်ပါမချန်
တံမြက်စီး လှဲသလို ရှင်းလင်း ဖျက်ဆီးပစ်ခဲ့တယ်။ တရားဝင် သတင်း ထုတ်ပြန်ချက် အရ လူပေါင်း ၁၉,၀၀၀ ဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။

ကျိုတို သတင်း အေဂျင်စီ အရ ဆူနာမီ ဖြစ်ပြီး ရက်ပိုင်း အတွင်းမှာ ထောင် နှင့် ချီသော UFO (သို့) အမျိုးအမည်မသိ ပျံသန်းနေသော ယဉ်များ ဂျပန်နိုင်ငံ ကောင်းကင်ယံမှာ မြင်ရတယ်လို့ ထုတ်ပြန်ခဲ့တယ်။ အကယ်၍ အဲဒီ သတင်းမှန်ခဲ့လျင် ဘာကိုဆိုလိုချင်တာလဲ၊ တွေးတော သိချင်စရာပါ။
အခြား ကမ႓ာမှ ဂြိုလ်သားများက မိမိတို့ လူသားများ ဒုက္ခရောက် သေကျေပျက်စီး နေတာတွေကို စိတ်ဝင်တစား ကျေကျနပ်နပ်ကြီး လာကြည့်တာလား၊ စပ်စပ်
စုစု စူးစမ်း လေ့လာတာလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင်ဘဲ သေစေချင်လို့ ဆူနာမီ ဖြစ်အောင် ဖန်တီးခဲ့တာလား၊ လူသားတွေ လိုက်မမီ နိုင်တဲ့ အဆင့်မြင့်
ပညာစွမ်းအားတွေ ရှိကြသည်မို့ မဖြစ်နိုင်ဘူး ပြောရန်လည်း ခက်သလို ဟုတ်တယ်ဆိုပြန်လျင်လည်း လူရီစရာ ဖြစ်နိုင်တာမို့ဒီထက်ပြည့်စုံပြီး ထင်သာမြင်
သာ ရှိသောသက်သေတွေ ရှိ မရှိ ရှာဖွေ ကြည့်ကြရအောင်ပါ။


Tuesday, April 28, 2015

စကြာဝဠာအတွင်းရှိ ဂြိုလ်သား (Alien) များနှင့် ပတ်သက်၍ (ရေးသူ- Andrew Soe)




နာဆာ (NASA) နှင့် အခြား ကမ႓ာမှသက်ရှိများ



၂၀ ဇူလိုင် ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယဉ်မှူးနှစ်ဦး ဖြစ်တဲ့ Neil Armastrong နှင့် Edwin "Buzz" Aldrin တို့လကမ႓ာပေါ် ပထမဆုံးခြေချသည့် လူသား နှစ်ဦး ဖြစ်လာခဲ့ပါသည်။ လပေါ် ပထမဆုံး ခြေလှမ်းချ ခဲ့သည့် Armastrong က "ဒီခြေလှမ်းဟာ ခြေလှမ်းငယ် တခုဖြစ်ပေမဲ့ လူသားထု တစ်ရပ်လုံးရဲ့ ကြီးမားတဲ့ အောင်မြင်မှုကြီး" လို့ အမွှန်းတင်ခဲ့ပါတယ်။ ဒုတိယ ဆင်းတဲ့ Buzz ရဲ့ မှတ်ချက်ကတော့ "ကျွနု်ပ်တို့နိုင်ငံခြားသားများဟာ ၂၀ ဇူလိုင် ၆၉ မှာ အံ့မခန်း လူသား အစွမ်းအစကြောင့် ရုတ်တရက် ဧဒင်ဥယဉ်ထဲ ရောက်ရှိခဲ့ပါပြီ" လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဲဒီ့ သူရဲကောင်း နှစ်ယောက် လပေါ်ရောက်ရှိဖို့မြေပြင်ပေါ်မှာ လူပေါင်း ထောင်ပေါင်းများစွာကြိုးပမ်း အားထုတ်ခဲ့ကြရပါတယ်။ နည်းပညာဆိုင်ရာ တီထွင်မှုများအပြင် လပေါ်
ဆင်းသက်မည့် အချိန်နေရာ အစီအစဉ် အတိအကျရေးဆွဲ ပုံစံချပြီး ပြိုင်တူ ဝိုင်းမတင်လိုက်ကြတာလည်းဖြစ်သလို သိပ္ပံပညာ၏ အံ့မခန်းတိုးတက် မြင့်မားမှုလို့ဆိုရင်လည်း မှားမည်မဟုတ်ပါ။ သူတို့ နှစ်ယောက် လမျက်နှာပြင်ပေါ် နှစ် နာရီခွဲကြာအောင်နေခဲ့ကြပြီး လပေါ် လမ်းလျှောက်ပြေးလွှားတာ ကျောက်တုံး ကျောက်ခဲတွေစုဆောင်းတာအပြင် အမေရိကန် အလံ စိုက်ထူတာက အစ ဗီဒီယိုကတဆင့် ကမ႓ာကို ပြခဲ့ပေမဲ့ ကင်မရာအကွယ်မှာတော့သူတို့ရဲ့ Top Secret Mission အရ ဘာတွေ လုပ်ခဲ့သလဲ မပြခဲ့ပါ။



Monday, April 27, 2015

အနုမြူ နှင့် ဂြိုလ်သား ပတ်သက်မှု (ရေးသူ - Andrew Soe)

 (ဆရာ Andrew Soe ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖေါ်ပြပါသည်။ အပိုင်းမခွဲဘဲ တစ်ဆက်တည်း ဖေါ်ပြသွားမည်ဖြစ်ပြီး ဆရာထပ်ရေးသ၍ ထပ်ပေါင်းထည့်သွားမည် ဖြစ်ပါသည်။)


၁၆ ဇူလိုင် ၁၉၄၅ မနက်လင်းအားကြီး မှာ သဲဖြူဖျာခင်းသကဲ့သို့ ဖြစ်နေတဲ့ အယ်လ်မ်မက်ဂေါ်ဒိုး ၊ နယူးမက္ကဆီကို က သဲကန္တာရ မှာ အင်အားအပြင်းဆုံး လက်နက် ဖောက်ခွဲစမ်းသပ် တာ စောင့်ကြည့်ရန် သိပ္ပံပညာရှင်များ နှင့် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် များ စုရုံးရောက်ရှိနေကြတယ်။ အချို့ က စမ်းသပ်မှု လုံးဝ အောင်မြင်မည် မဟုတ် ဟု ယုံကြည်ကြသလို အချို့ က နယူးမက္ကဆီကို ပြည်နယ်တစ်ခုလုံး ပျက်စီးနိုင်တယ် လို့ ယုံကြည်တယ်။

ဘာတစ်ခု မှ မသေချာ မရေရာတာမို့ ဖောက်ခွဲစောင့်ကြည့် စခန်းကိုတောင် ၁၀ မိုင် မှ မိုင် ၂၀ အတွင်းမှာ ဆောက်တည်ထားရှိတယ်။ အချိန် အတိအကျ ပြောရရင် လင်းအားကြီးမနက် ၅-နာရီ ၂၉ မိနစ် ၄၅ စက္ကန့် တိတိမှာ ကမ႓ာ့ ပထမဆုံး အနုမြူဗုံးစံနက်တန် ကို ၃ , ၂ , ၁ ဖိုင်းယား ဆိုပြီး မီးရှို့လိုက်တော့တယ်။

တီအန်တီ ယမ်း ၂၀, ၀၀၀ ပြင်းအားနဲ့ ညီမျှ တဲ့ ပေါက်ကွဲမှုဟာ ပေ ၆၀၀-ကျော်ကျယ် တဲ့ မီးလုံးကြီး ကို စတင်ထုတ်လွှတ်လောင်ကျွမ်းပြီး မှိုပွင့်သဏ္ဌန် မီးခိုးလုံး မိုးတိမ်ကြီး တစ်ခု အမြင့် ၇-မိုင် ထိ ကောင်းကင်ကို ထိုးဖောက်တက် သွားသလို မိုင် ၁၀၀ အကွာအဝေး က တောင် ပေါက်ကွဲမှုအရှိန် ကို ခံစားသိရှိရတယ်။

ကမ႓ာကြီး ဟာ အားအပြင်းဆုံး လက်နက် အသစ်အဆန်း တစ်ခု ကို လက်ခံရရှိလိုက်ပါပြီ။ ဒီလို ကြောက်စရာကောင်းလှတဲ့ လက်နက်ကြီး ကို ဖန်တီးခဲ့တဲ့ သူကတော့ ဒေါက်တာ ရောဘတ် အိုပင်ဟိုင်းမား ( Dr. Robert Oppenheimer ) ဖြစ်ပြီး သူကိုယ်တိုင် အံ့ဩထိတ်လန့် တုန်လှုပ်စွာ နဲ့ "လူအချို့ရီ(ရယ်)တယ် ၊ အချို့ ငိုကြတယ် ဒါပေမဲ့ အများစုက တော့ တိတ်ဆိတ် ငြိမ်သက် လျှက်ရှိတယ်" လို့ မှတ်ချက်ချခဲ့တယ်။

Sunday, April 26, 2015

ပြောရင်းရောင်းရင်း Marketing MLM (နောက်ဆက်တွဲ နိဂုံး)




တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာ ဖြစ်ပါသည်။

စင်ကာပူ Keppel သင်္ဘောကျင်းအတွင်း မိုးရွာလျှင်အလွန်အေး၍ နေပူလျှင် အလွန်ပူသော သဘာဝနှင့် နီးစပ်အောင် ဒီဇိုင်းလုပ်ထားသည့် အဆင့်မြင့် အဲယားကွန်း ကွန်တိန်နာရုံးခန်းလေး တစ်ခုထဲ၌ မြန်မာ အင်ဂျင်နီယာ ၂ ဦး ချွေးလေးတစိုစိုနှင့် မကောင်းတတ်၍ လုပ်ရသော အချိန်ပိုအလုပ်များကို လုပ်ရင်း အချိန်ပိုနေကြသဖြင့် ရောက်တတ်ရာရာ ပြောနေကြလေသည်။ သူတို့ ၂ ဦးအနက် တစ်ဦးမှာ သင်္ဘောသားဘဝမှ သင်္ဘောကျင်းအရာရှိ ဖြစ်လာသော သင်္ဘောနွယ်ဝင် သူဋ္ဌေးမင်းတစ်ယောက် ဖြစ်လျှက် မြို့တော် မဟာရန်ကုန်တဝိုက်ရှိ မြေအတော်များများကို ပိုင်ဆိုင်ရုံမက စီးတော်ယဉ် အများအပြားကိုပါ ထည်လဲမထပ်စီးနိုင်သော ခရိုမနီတနီ ခရိုပန်းရောင် တစ်ယောက် ဖြစ်လေသည်။ သူနှင့် စကားပြောနေသော အင်ဂျင်နီယာကား အလွန်တရာမှ တောင်စပ်စပ် မြောက်စပ်စပ် လုပ်တတ်၍ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရှိသော ဘလော့ဂါတစ်ယောက် ဖြစ်လေသည်။

အခုလည်း သူကြုံဖူးသော MLM တစ်ခုအကြောင်းကို သူဋ္ဌေးအင်ဂျင်နီယာအား ပြောပြနေခြင်း ဖြစ်လေသည်။ သူပြောသမျှအားလုံးမှာ စာရှုသူများ ရှေ့အပိုင်းများတွင် ဖတ်ခဲ့ပြီးဖြစ်၍ ပြန်မပြောတော့ပါ။

“MLM တွေ တွေ့ဖူးသမျှထဲမှာတော့ လိမ်စရာရှိ အကြီးကြီးလိမ် ဆိုတာ အခုကျနော်ပြောတဲ့ ကုမ္ပဏီမှ အစစ်ဗျ…”..


“အေးဗျ…. ကျနော်လည်း မြန်မာပြည်မှာ ကြုံဖူးသေးတယ်…. အဲဒါ ဒီကုမ္ပဏီပဲ ထင်တယ်ဗျ….”

“ဟုတ်လား… ကျနော် ကြားတော့ ကြားတယ်ဗျ…. မြန်မာပြည်က Summit Parkview Hotel မှာ Seminar တွေဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်ပြီး လူတစ်ယောက်ကို သိန်း ၁၅၀ နှုန်းနဲ့ လူ ၃၀ ကို ဆိုလား ၄၀ ကို ဆိုလား လိမ်သွားတယ်ဆိုတာတော့ ကြားလိုက်သေးတယ်…”

 

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...