Sunday, April 26, 2015

ပြောရင်းရောင်းရင်း Marketing MLM (နောက်ဆက်တွဲ နိဂုံး)




တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာ ဖြစ်ပါသည်။

စင်ကာပူ Keppel သင်္ဘောကျင်းအတွင်း မိုးရွာလျှင်အလွန်အေး၍ နေပူလျှင် အလွန်ပူသော သဘာဝနှင့် နီးစပ်အောင် ဒီဇိုင်းလုပ်ထားသည့် အဆင့်မြင့် အဲယားကွန်း ကွန်တိန်နာရုံးခန်းလေး တစ်ခုထဲ၌ မြန်မာ အင်ဂျင်နီယာ ၂ ဦး ချွေးလေးတစိုစိုနှင့် မကောင်းတတ်၍ လုပ်ရသော အချိန်ပိုအလုပ်များကို လုပ်ရင်း အချိန်ပိုနေကြသဖြင့် ရောက်တတ်ရာရာ ပြောနေကြလေသည်။ သူတို့ ၂ ဦးအနက် တစ်ဦးမှာ သင်္ဘောသားဘဝမှ သင်္ဘောကျင်းအရာရှိ ဖြစ်လာသော သင်္ဘောနွယ်ဝင် သူဋ္ဌေးမင်းတစ်ယောက် ဖြစ်လျှက် မြို့တော် မဟာရန်ကုန်တဝိုက်ရှိ မြေအတော်များများကို ပိုင်ဆိုင်ရုံမက စီးတော်ယဉ် အများအပြားကိုပါ ထည်လဲမထပ်စီးနိုင်သော ခရိုမနီတနီ ခရိုပန်းရောင် တစ်ယောက် ဖြစ်လေသည်။ သူနှင့် စကားပြောနေသော အင်ဂျင်နီယာကား အလွန်တရာမှ တောင်စပ်စပ် မြောက်စပ်စပ် လုပ်တတ်၍ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရှိသော ဘလော့ဂါတစ်ယောက် ဖြစ်လေသည်။

အခုလည်း သူကြုံဖူးသော MLM တစ်ခုအကြောင်းကို သူဋ္ဌေးအင်ဂျင်နီယာအား ပြောပြနေခြင်း ဖြစ်လေသည်။ သူပြောသမျှအားလုံးမှာ စာရှုသူများ ရှေ့အပိုင်းများတွင် ဖတ်ခဲ့ပြီးဖြစ်၍ ပြန်မပြောတော့ပါ။

“MLM တွေ တွေ့ဖူးသမျှထဲမှာတော့ လိမ်စရာရှိ အကြီးကြီးလိမ် ဆိုတာ အခုကျနော်ပြောတဲ့ ကုမ္ပဏီမှ အစစ်ဗျ…”..


“အေးဗျ…. ကျနော်လည်း မြန်မာပြည်မှာ ကြုံဖူးသေးတယ်…. အဲဒါ ဒီကုမ္ပဏီပဲ ထင်တယ်ဗျ….”

“ဟုတ်လား… ကျနော် ကြားတော့ ကြားတယ်ဗျ…. မြန်မာပြည်က Summit Parkview Hotel မှာ Seminar တွေဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်ပြီး လူတစ်ယောက်ကို သိန်း ၁၅၀ နှုန်းနဲ့ လူ ၃၀ ကို ဆိုလား ၄၀ ကို ဆိုလား လိမ်သွားတယ်ဆိုတာတော့ ကြားလိုက်သေးတယ်…”

 

“ဟုတ်တယ်ဗျ… အဲဒီတုန်းက မိတ်ဆွေတစ်ယောက်ခေါ်လို့ ကျနော် ရောက်သွားသေးတယ်… အဲဒီမှာ နည်းနည်းဝဝ ရုပ်ခပ်သန့်သန့် မျက်နှာထားတင်းတင်းနဲ့ တစ်ယောက်ကဆို အင်္ဂလိပ်လိုချည်းပဲ ပြောတာဗျ…. နောက်တစ်ယောက်က ပြောတာတော့ အဲဒါ စင်ကူပူရီယန်သူဋ္ဌေးဆိုလား ပြောတယ်…. မြန်မာလို တစ်ခွန်းမှ မပြောသွားဘူး… ကျနော်ကတော့ သူတိုု့ပြောတာ နားမရှင်းတာနဲ့ မလုပ်ဖြစ်လိုက်ဘူး… ကျနော့မိတ်ဆွေကတော့့ အတော်စိတ်ဝင်စားနေပုံပဲ….. သိန်း ၁၅၀ ကို လူ ၃ ယောက် ရှာပေးရုံနဲ့ ပြန်ရမယ်…. ပြီးရင် ပုံမှန် ဝင်ငွေ စရပြီ လို့ပဲ အကြမ်းဖျင်း သိတယ်လေ…. အဲဒါကြီးကိုပဲ ကျနော် ဘဝင်မကျတာ….”

အင်္ဂလိပ်လိုတွေ မွှတ်နေအောင် လွှတ်သွားသူရဲ့ ပုံစံကို မေးကြည့်လိုက်တော့ ဘယ်သူဆိုတာ ကျနော်သိလိုက်သည်။ ကျိန်းသေပေါက် အဲဒါ ကျနော့ အမျိုးနီးစပ် ပုဂ္ဂိုလ်ပါပဲ။ သူ့အင်္ဂလိပ်စကား လေယူလေသိမ်းကို ကျနော် သိပါသည်။  စင်ကာပူရီယန်ဆိုတာတော့ ဟုတ်သည်။ နိုင်ငံသားပြောင်း ထားသည်ကိုး။

ကျနော် သိသလောက်တော့ ကျနော့သူငယ်ချင်းလင်မယား၏ အထက်ပုဂ္ဂိုလ်နှင့် ကျနော့ အမျိုးနီးစပ်ပုဂ္ဂိုလ် ၂ ယောက်က ထိပ်သီး ပြိုင်ဘက်များ ဖြစ်သည်။ လူတွေက ငယ်သလောက် ပိုက်ဆံကလည်း အရွယ်နဲ့ မမျှ ရကြသည် ဆိုပါတော့။ နောက်တော့ အရွယ်နှင့် လောဘ မမျှလောက်အောင် ဖြစ်လာရာက မြန်မာပြည်ဈေးကွက်ကို အပြိုင်ဖေါက်ဖို့ ကြိုးစားကြသည်လား ပူးပေါင်းလိုက်ကြသည်လားတော့ ကျနော်မသိ။ သူတို့ မိခင် ထိုင်ဝမ်ကုမ္ပဏီက မြန်မာပြည်ကို ဝင်ဖို့ သဘောမတူသည့်ကြားက ဝင်ကြခြင်းဟု သိရပါသည်။ နောက်ဆုံးတော့ ပစ္စည်းတွေလည်း မပေးနိုင်၊ ပိုက်ဆံတွေလည်း မအမ်းနိုင်နှင့် ပြဿနာတက်ကြသည်ဟု ကြားပါသည်။

အဲဒီတုန်းက ခုလို Facebook မတွင်ကျယ်သေးသည်က သူတို့ကံကောင်းဖို့ ဖြစ်ပါလိမ့်မည်။ တစ်နေ့တော့ ကျနော့ဆီကို တစ်ဆင့်စကား၊ တစ်ဆင့်လက်ဖြင့် မိတ္တူစာရွက်တွေ ရောက်လာခဲ့ပါသည်။ အထဲမှာ ရေးထားသည်က သူတို့အုပ်စု၏ အလိမ်ဇာတ်လမ်းတွေ။ ဓါတ်ပုံတွေပါ ပါသည်။ ကျနော်သိခဲ့သော မျက်နှာများပါပဲ။ အရင်က အဲဒီ စာရွက်တွေ သိမ်းလိုက်သေးသော်လည်း အဆောင်တွေ ပြောင်း၊ အိမ်တွေပြောင်းနှင့် ဘယ်ရောက်ကုန်မှန်း မသိတော့ပါ။

ထားတော့။ နောက်ထပ် MLM အချို့အကြောင်း နည်းနည်းပြောပြီး ဤစာကို ရပ်ပါမည်။

နောက်ကုမ္ပဏီတစ်ခုက တစ်မျိုး။ သူတို့ ထုတ်ကုန်များသည် ဓါတုဗေဒပစ္စည်းများ မပါဘဲ လူ့ခန္ဓာကိုယ်မှ Immune System (ကိုယ်ခံစွမ်းအား) ကို မြှင့်တင်ပေးခြင်းဖြင့် ရောဂါများကို တွန်းလှန်စေသော နည်းပညာကို အသုံးပြုထားသည့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချသည်ဟု ဆိုသည်။ တရုတ်မလေးတစ်ယောက် မျက်နှာမှာ အပိန့်များ၊ အမည်းစက်များထွက်၍ မလှမပ ဖြစ်နေရာမှ ဤကုမ္ပဏီထုတ် ပရောဒတ်များဖြင့် ပျောက်ကင်းကာ လှပသွားရာမှ ယုံကြည်ပြီး ဤအလုပ်ကို လုပ်ဖြစ်သည်ဟု ဆိုလာသည်။ တရုတ်မလေးနှင့် ကျနော် City Hall ရှိ ကျနော်နှင့် ခင်မင်နေသော ဆိုင်တစ်ဆိုင်တွင် စတင်တွေ့ရာမှ ဇာတ်လမ်း စ ပါသည်။ သူ့အရင်ပုံနှင့် ယခုပုံ ကွာခြားပုံကို ဓါတ်ပုံလေး ပြကာ ပြကာဖြင့် ရှင်းပြပါသည်။ ဓါတ်ပုံထဲတွင် မလှမပ ဖြစ်နေသော တရုတ်မလေးနှင့် အပြင်မှာ ကျနော်နှင့် စကားပြောနေသည်က လှပသော တရုတ်မလေး ဆိုပါတော့။

သူတို့ ပရောဒတ်များထဲတွင် လွယ်လွယ်ကူကူ စမ်းသပ်စရာ ထုတ်ကုန်တစ်ခုခုကို ရှာကြည့်လိုက်သည်။ တွေ့ပါပြီ။ ဗောက်သေခေါင်းလျှော်ရည်။ ကျနော်နှင့် ဗောက်က အမြဲပြဿနာဖြစ်သည်။ မြန်မာ့ဆေးအလိုအရတော့ ကိုယ်တွင်းအပူကြီးခြင်းက ဗောက်ထခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်။ အင်္ဂလိပ်ဆေးအလိုအားဖြင့် အရေပြားခြောက်သွေ့ခြင်း၊ ဓါတ်မတည့်ရောဂါ ရှိခြင်း၊ မှိုစွဲကပ်ခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် ဦးရေပြားဆဲလ်များ သေဆုံးရာမှ ဗောက်ဖြစ်လာသည်ဟု ဆိုသည်။

ကျနော်ကတော့ ခေါင်းတင် ဗောက်ထသည်မဟုတ်၊ မျက်ခုံးမွှေးထိ ထ သောဗောက်ကြောင့် အလွန် စိတ်ညစ်ရသည်။ Clear Shampoo နှင့် ခေါင်းလျှော်ပြီး တစ်ရက်ကျော်သည်နှင့် ပြန်ရောက်နေသည်သာ။ အခြားရှန်ပူများနှင့်ဆိုလျှင် ခေါင်းလျှော်ပြီး ၂ နာရီအတွင်း ဗောက်က ပြန်ရောက်နေပြီးသား။
ထို့ကြောင့် ဒီလောက်ညွှန်းတဲ့ ပရောဒတ်၊ ကြည့်ရသေးတာပေါ့ဟု ဆိုကာ Shampoo တစ်ဘူးဝယ်လိုက်သည်။ ထုံးစံအတိုင်း ဈေးကတော့ ကြီးလှသည်။ Clear တစ်ဘူးမှ $6 သာပေးရသောအချိန်တွင် သူ့ Product က ဘူးသေးသေးတစ်ဘူးကို $30 ကျော် ပေးရသည်။ အခြားအမျိုးတူ ထုတ်ကုန်များထက် ဈေးကြီးခြင်းကလည်း MLM ၏ ထူးခြားချက်တစ်ခုပါ။

စမ်းသုံးကြည့်လိုက်တော့ ခေါင်းလျှော်ပြီး ခဏအတွင်း ဦးရေပြားလုံးဝ ခြောက်သွေ့ကြမ်းတမ်းသွားသည်။ နောက်တစ်ရက်မှာပဲ ဆံပင်တချို့ ကျိုးပြတ်သွားသည်ကို တွေ့ရသည်။ ဗောက်မထသော်လည်း ဦးရေပြား အလွန်ယားယံသည်က မခံမရပ်နိုင်လောက်အောင်ပင်။

ပထမဆုံး စဉ်းစားစရာရှိသည်က ဓါတုဗေဒပစ္စည်းမပါဘဲ Shampoo လုပ်လို့ ရသလား ဆိုသည့် ကိစ္စဖြစ်သည်။ နောက်တစ်ချက်အားဖြင့် ခန္ဓာကိုယ်၏ Immune System ကို တင်ပြီး သဘာဝအလျှောက် တုန့်ပြန်စွမ်းကိုသာ မြှင့်တင်သည့် ထုတ်ကုန်အမျိုးအစားဟု ဆိုပါက ဤကဲ့သို့ ဖြစ်ရန် အကြောင်းမရှိဟု ထင်သည်။ ယိုထိုးခြင်း၊ ချဉ်ဖတ်စိမ်ခြင်းမှ လွဲ၍ သဘာဝအတိုင်း ဓါတုဗေဒမပါဘဲ ကြာရှည်ခံအောင် လုပ်ဖို့ဆိုသည်က ဘယ်ဟာမှ မလွယ်။ တလျော်၊ ကင်ပွန်းလို သဘာဝ ခေါင်းလျှော်ရည်ကို ကြာရှည်ခံအောင် ထုတ်ပိုးပုံ ကောင်းကောင်းဖြင့် ထုတ်နိုင်ပါသည်။ သို့သော် အထုတ်ကို ဖေါက်ပြီး ချက်ချင်းသုံးမှသာ ဖြစ်ပေမည်။ ရက်နည်းနည်းကြာသည်နှင့် ပျက်စီးသွားမည်သာ။ Shampoo ဆိုသည်က တစ်ဘူးဆိုလျှင် လနှင့်ချီ သုံးတတ်သော အလှကုန်မျိုး ဖြစ်လေရာ ဓါတုဗေဒပစ္စည်းမပါဘဲ အဘယ်မှာလျှင် ထုတ်၍ ရနိုင်အံ့နည်း။

ထို့ပြင် ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်ခြင်းနည်းကို အသုံးပြုထုတ်လုပ်သော ထုတ်ကုန်တစ်ခုသည် ဤမျှလောက်ထိ ဦးရေပြားကြမ်းတမ်းခြောက်သွေ့သွားခြင်းနှင့် ဆံပင်ကျိုးပြတ်ခြင်းမျိုး မဖြစ်တန်ရာဟု ယူဆပါသည်။ ဗောက်သေသည်ထား…. ဘေးထွက်ဆိုးကျိုးများက ကိုယ်တွေ့ဖြစ်သည်။

ဤနေရာတွင် သတိပေးလိုသည်မှာ တချို့သော MLM Product များသည် ကောင်းသည်မှန်သော်လည်း ဘေးထွက်ဆိုးကျိုးကို ထည့်သွင်းမပြောပါ။ ဥပမာအားဖြင့် မျက်လုံးအားကောင်းအောင် သောက်ရသည့်ဆေး ဆိုပါစို့။ တကယ်လည်း မျက်လုံးသက်သာသည်က အမှန်။ ထို့ကြောင့် အခြားသူများကိုလည်း ကိုယ်က ညွှန်းသည်။ သို့သော် ဘေးထွက်ဆိုးကျိုးအနေနှင့် အသည်းထိခိုက်သွားတာကို မသိလိုက်။

နောက်ကုမ္ပဏီတစ်ခုကလည်း ဓါတ်စာဟု ပြောရမည်လား၊ ဆေးဟု ဆိုရမည်လားမသိ။ သူ့ဓါတ်စာကိုသာစား၊ ထမင်းပင် စားစရာမလိုဟု ဆိုသည်။ သူငယ်ချင်းတစ်ယောက်က ဤအလုပ်ကို သူ့အနာဂတ်ဟုဆိုကာ နေ့နေ့ညည ကြိုးစားလုပ်ရှာသည်။ တစ်နေ့တစ်နေ့ သူ့အမှုန့်တွေ သူ့ဟာသူ နွားနို့တွေနှင့် ဖျော်သောက်ပြီး စမ်းသပ်ရရှာသည်။ ကျနော့ သူငယ်ချင်းကလည်း နှယ်နှယ်ရရတော့ မဟုတ်။ စင်ကာပူရဲကားက ရဲတွေကိုပါ သူကဓါတ်စာ ဝင်ရောင်းလိုက်သေးသည်။

ကျနော်က သူ့ကို မေးသည်။

“မင်းပြောတာ ဟုတ်တော့ ဟုတ်တုုတ်တုတ်ပါပဲ…. ဒါပေမဲ့ လူတွေက ဘာဖြစ်လို့ အစားစားလဲ သိလား….” ဆိုတော့….


“အသက်ရှင်ဖို့ စားတာပေါ့….” …တဲ့။


“နောက်တော့ရော…..” ဆိုတော့….


“အင်း…. ဒါပဲ မဟုတ်ဘူးလား…” တဲ့။


“မင်းဟာကလည်း ခန္ဓာမြဲဖို့ စားရအောင် ရိပ်သာဝင်နေတာမှ မဟုတ်ဘဲဟ… ကြိုက်လို့ စားတာလဲ ပါတာပေါ့…. တခြားအကြောင်းတွေလည်း ရှိမှာပေါ့…. မင်းဟာကြီး ဖျော်သောက်လို့ ကျန်းမာရေးအတွက် အားလုံး OK တယ်ထား….. ဘာမှ စားစရာ မလိုဘူးထား…. ကြိုက်တာလေးလည်း စားပါရစေဦး…. ဒါလေးဖျော်သောက်လို့ ဘာမှ မလိုတော့ဘူးဆိုရင် ငါတို့ ပိုက်ဆံရှာတာ မင်းဟာဝယ်ဖို့ သပ်သပ်လို ဖြစ်နေမှာပေါ့….. ပြီးတော့ မင်းဟာတွေသောက်ပြီး အကုန်ပြည့်စုံပါပြီဆိုမှ ထပ်စားတော့လည်း အပိုတွေဖြစ်ပြီး ကယ်လိုရီတွေ တက်ကုန်မှာပေါ့….. လူလေးဖြစ်တုန်း စားချင်တာလေးလည်း စားပါရစေကွာ….” လို့ ပြောရပါတယ်။

အခုတော့လည်း သူ့အနာဂတ်ကြီးကို စွန့်ပြီး သူ့ပုံမှန်အလုပ်ဖြစ်တဲ့ အင်ဂျင်နီယာဘဝနဲ့သာ ဘဝကို ဆက်လျှောက်နေတာပါပဲ။



ပြောပြချင်ပါသေးသည်။ MLM နှင့် ပါတ်သက်လျှင် ပြောစရာတွေက မကုန်နိုင်။

ကြားထဲက ထွေထွေရာရာများကို မပြောတော့ဘဲ မြန်မာပြည်သို့ MLM ကို တင်သွင်းလာသော မူလလက်ဟောင်း ကုမ္ပဏီကြီး၏ OPP အကြောင်းလေး ပြောပြရင်း နိဂုံးချုပ်ပါမည်။ ကျနော် MLM ကို စတင် သိကျွမ်းရတာ ထိုကုမ္ပဏီကြီးကြောင့် ဖြစ်သည်။ တိတိကျကျ ဆိုရလျှင် အိမ်နားမှ OPP သမား သားအမိ ၂ ယောက်ကြောင့် ဆိုပါတော့။

အဲဒီတုန်းက ကျနော်တို့ မိသားစု မြောက်ဥက္ကလာမှာ နေကြသည်။ ခြေရင်း ၂ အိမ်ကျော်မှာ ရင်းနှီးနေသော မိသားစုတစ်စု ရှိသည်။ အဖေလုပ်သူက လိုင်းကားထောင်သည်။ အမေကတော့ အိမ်ရှင်မသာ ဖြစ်သည်။ သမီး ၂ ယောက်က ကျောင်းသူတွေ။ ထိုစဉ်က သမီးအကြီးမ ၁၀ တန်း ဖြေထားဆဲ။

တစ်နေ့သ၌ပေါ့ ခင်ဗျာ…
သူတို့ သားအမိ ၂ ယောက်က ကျနော့ကို စီးပွားရေး လုပ်ငန်းတစ်ခုအကြောင်း OPP ပြောပြချင်လို့ပါဟု ဆိုလာသည်။ OPP ဆိုတာ ဘာကြီးမှန်းမသိသော်လည်း ညနေ အိမ်ကိုလာခဲ့ဖို့ ပြောလိုက်ပါသည်။ ညနေကျတော့ သားအမိ ၂ ယောက်သား ရောက်လာကြသည်။ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းသည်က

“အမှန်ဆို ဒီလို စကားမျိုးကို ဒီလိုနေရာမှာ မပြောသင့်ဘူး…. တန်ဖိုးရှိတဲ့ စကားကို ဒီလို မပြောရဘူးလို့ သင်ထားတယ်….”


စိတ်ထဲမှာ နည်းနည်းတော့ ပြူးသွားသည်။


“ဒီမှာက ဘာဖြစ်လို့လဲ….”


“TV ဖွင့်ထားလို့…. ဘေးမှာလည်း စကားပြောသံတွေ ရှိလို့….”


“ဟမ်…. အင်း… ထားပါတော့… TV ပိတ်လိုက်ပါ့မယ်…. ခုရော ပြောလို့ ရပြီလား….” ဆိုတော့..

“မဆိုးပါဘူး…. ဒီလိုပဲ ပြောပါ့မယ်……”

ရောင်စုံဖိုင်ကြီးကို စဖွင့်ရင်း ဓါတ်ပုံများကို ပြကာ စတင်၍ OPP တော် မူပါသည်။ OPP ၏ အဓိပ္ပါယ်ကား Opportunity (အခွင့်အလမ်း) ဟူ၏။ ယခုလို ပြောပြသောအလုပ်ကို OPP ဟု အတိုကောက်ခေါ်ခြင်း ဖြစ်ချေသည်တမုံ့။ ဓါတ်ပုံများကား လင်ဇီးဟု အများသိကြသော မှိုတစ်မျိုး၏ ပုံသာလျှင် အများဆုံး ဖြစ်လေ၏။ ထိုမှတစ်ပါး တြိဂံပုံအဆင့်ဆင့်နှင့် MLM System တစ်ခု၏ ပုံများသာ ဖြစ်လေတော့သည်။ ကျနော်နှင့် MLM ၏ ရေစက်ကား ဤတွင် စ လေတော့သတည်း။

သူတို့ပြောသည့် အကြောင်းများတွင် လင်ဇီးမှို၏ အံ့မခန်းစရာ ရောဂါပျောက်ပုံပြင်များ မြောက်များစွာ ပါသည်။ ပျောက်သည့် ရောဂါများကလည်း နှာစေးချောင်းဆိုးမှ စ၍ ကင်ဆာလို ရောဂါမျိုးကြီးတွေ အထိပါသည်။ ဒါဆို ဘာလို့ မီဒီယာတွေကတစ်ဆင့် ကြော်ငြာပြီး မရောင်းသလဲ….. ဆိုတော့ အဲဒီလိုရောင်းရင် မီဒီယာကို ပေးရမည့်စားရိတ်က အလွန်ကြီးပြီး စားသုံးသူများက မီဒီယာဖိုး မျှပေးရသလို ဖြစ်နေကြောင်း၊ ယခုလို လူသတင်း လူချင်းဆောင်နည်းကို သုံးခြင်းဖြင့် မီဒီယာကို ပေးရမည့်အစား ကိုယ်စားလှယ်များ ဝင်ငွေရသည့်စံနစ်ဟူ၏။ အမှတ်တမဲ့သော်ကား တကယ်လိုလို အဟုတ်လိုလို စံနစ်ဖြစ်လေ၏။ ရောဂါပျောက်ရန် စားရသောအရာဖြစ်သော်လည်း ဆေးဟု မခေါ်ရ။ ဓါတ်စာဟု ခေါ်ရမည်ဟု ဆိုလေ၏။

၁၉၉၄ ခုနှစ်တွင် ဓါတ်စာတစ်ဖုံလျှင် ၆ သောင်းမျှ ကျလေရကား အလွန်ဈေးကြီးသော ဓါတ်စာ (သို့) ဆေး ဖြစ်လေတော့၏။ ကျနော့မှာ ဆေးကိုသာလျှင် တစ်ဖုံ နှစ်ဖုံ စသဖြင့် ခေါ်ဝေါ်သည်ကို ကြားဖူးလေရကား ဓါတ်စာ တစ်ဖုံ နှစ်ဖုံ ဆိုသော အသုံးအနှုန်းမှာ အတော်ပင် ဆန်းနေသကဲ့သို့ ဖြစ်နေလေသည်။ ထိုမှတစ်ပါး ဓါတ်စာဆိုသည်ကို နားလည်ပုံကလည်း သဘာဝအတိုင်း အသီးအနှံ၊ အသားငါးကို ဆေးအလို့ငှာ ခန္ဓာကိုယ်၏ လိုအပ်ချက်အရ စားသုံးခြင်းဟုသာ နားလည်ပါသည်။ စတုမဓူကဲ့သို့သော လူကြီးများစားသည့် ယိုမျိုးကိုမူ ဓါတ်စာဟု ဆိုသော် ရနိုင်ပါသေးသည်။ သို့သော် စတုမဓူ တစ်ဖုံ နှစ်ဖုံ ဟူ၍လည်း မကြားဖူးလေရကား ဓါတ်စာနှင့် ဖုံကိစ္စကတော့ မတင်မကျဖြင့်သာ လက်ခံလိုက်ရလေ၏။ ဤ လင်ဇီးထုတ်ကုန်များကို ဓါတ်စာဟု သတ်မှတ်ရန်ကား ဓါတ်စာနှင့် ဆေး ကို အဓိပ္ပါယ်တိတိကျကျ ဖွင့်မှသာလျှင် ဖြစ်ချေမည်ဟု သဘောပိုက်မိပါသည်။

ဤ အံ့မခန်း မှိုတီဋာကို တစ်နာရီနီးပါး၊ MLM စံနစ်အကြောင်းနှင့် OPP အကြောင်းကို တစ်နာရီနီးပါး နားသောတဆင်ပြီးသည်၌ စိတ်ထဲတွင် တစ်ခုခုမှားသလို ခံစားရလေ၏။ အကြောင်းမှာ အလုံးစုံ အပြစ်ကင်းသော အရာဟူ၍ လောကတွင် မရှိလေရကား မကောင်းသည့်အချက်လည်း ပြောပြပါဦးဟု မေးကြည့်မိလေသည်။ ထိုအခါကျမှ အလွန်တရာ အပြစ်ကင်း ချောမွေ့ခြင်းသည် မသင်္ကာစရာကောင်းသည်ဟူသော အယူရှိသည့် ကျနော့ကို Reaction ပြန်ခြင်းကိစ္စ ရှင်းပြကြလေ၏။



Reaction ပြန်ခြင်းဟူသည်ကား ဤဆေး (သို့) ဓါတ်စာကို စတင်သောက်သုံးသည့်အခါ အခန့်မသင့်လျှင် တစ်သက်လုံး ဖြစ်ခဲ့ဖူးသမျှသော ရောဂါတို့သည် ပြန်လည်ပေါ်ပေါက်သော ဟူ၏။ ဤသို့ဖြစ်လျှင်လည်း ကြောက်ရန်မရှိ… ဆက်သောက် ဟုသာ လင်ဇီးကိုယ်စားလှယ်များက ဆိုလေ၏။ နဂိုက ကျန်းမာရေးမကောင်း၍ စားပါသည်ဆိုမှ ရောဂါဟောင်းများ ပြန် ထ ခြင်းသည် အန္တရာယ်မရှိနိုင်ဘူးလား။ ရောဂါဟောင်းတွေ ပြန်ထခြင်းကို မခံနိုင်၍ သေဆုံးသွားပြီ ဆိုပါစို့။ ဤ MLM ကိုယ်စားလှယ်တော်ကြီးက တာဝန်ယူမှာတဲ့လား။ မထင်ပါ။ ဒါဖြင့် သူ့အထက်က ပုဂ္ဂိုလ်တွေ Diamond တွေ၊ Duke တွေက တာဝန်ယူမှာတဲ့လား။ ဒါဖြင့် နောက်ဆုံးအဆင့် သူတို့ ကုမ္ပဏီက တာဝန်ယူမှာတဲ့လား။ တစ်ဆင့်စကားဖြင့်လာသော ဆေးကို မည်သူက တာဝန်ယူမည်လဲ။ လက်တွေ့တွင်လည်း ဤဖြစ်ရပ်များ တကယ်ဖြစ်နေသည်ကို Facebook တွင် မကြာခဏတွေ့နေရပါသည်။

တကယ်တော့ ဆေးဝါးကို ဓါတ်စာဟု နာမည်တပ်ခြင်းက ဥပဒေကို လက်တစ်လုံးခြား လုပ်သည့်ကိစ္စသာဖြစ်သည်။ ဆေးဝါးဆိုသည့် ခေါင်းစဉ်အောက်ကို ထည့်လိုက်သည်နှင့် ဆေးဝါးဥပဒေအရ တာဝန်ယူမှုတွေ ရှိလာတော့မည်မှာ မုချ။ ဒါတွေကို ရှောင်ချင်သဖြင့် ဓါတ်စာဟု မလိမ့်တပါတ် ပြောရောင်းခြင်းသာ။ နောက်ဆုံးတော့ လင်ဇီးလား၊ လိမ်ဇီးလားဆိုပြီး အလိမ်ဇာတ်တွေ ဖြစ်ကုန်သည်။ တချို့ဆို တစ်အိမ်တက်ဆင်း လိုက်လံဟောပြောရာမှ ပြဿနာတွေ တက်ကြ၊ အော်ကြ ဟစ်ကြတွေ ဖြစ်ကုန်သည်။ ကျယ်ပြန့်လာသော Network ကို ဘယ်လို စီမံခန့်ခွဲသည် ဆိုတာကလည်း အလွန်ရယ်စရာကောင်းသည့်ကိစ္စ ဖြစ်သည်။

နောက်ထပ် ရယ်စရာကောင်းသည့်အချက်က OPP တွေ စကားပြောလျှင်
“မင်္ဂလာပါ ခင်ဗျ….”… “မင်္ဂလာပါ ရှင့်….”… “ဟုတ်ပါတယ် ခင်ဗျာ…” ဆိုသည့် သဘာဝမကျသော မျက်နှာပေးများနှင့် အာလုပ် ယဉ်ကျေးမှုတွေကို တွေ့ရပါလိမ့်မည်။အကြောင်းကတော့ ဦးနု၏ မိတ္တဗလဋီကာကို ကျောရိုးထားပြီး သင်ပေးထားရာ စာထဲပါသည့်အတိုင်း လျှောက်လုပ်၊ လျှောက်ပြောနေကြခြင်းသာ ဖြစ်လေတော့သည်။ တကယ်တမ်း ယနေ့ခေတ်ကာလနှင့် ဦးနု၏ မိတ္တဗလဋီကာသည် အံဝင်ဂွင်ကျ မဖြစ်တာတွေ အများကြီးဖြစ်သည်။ ခက်သည်က စာမဖတ်သောသူများအတွက်မူ ဤစာအုပ်သည် အလွန်တရာကြီးကျယ်ခမ်းနားနေမည်မှာ သေချာပါသည်။ ထိုမှတပါး ကော်လံကတုံးလေးပါ ဝတ်ခိုင်းလိုက်သည့်အခါ အတော်ပင် ကိုယ့်ကိုယ်ကို ကြည်ညိုစိတ် ပေါက်ကုန်ကြပါတော့သည်။ ဒါသည်ပင်လျှင် MLM ၏ Motivate ဖြင့် သိမ်းသွင်းခြင်း နည်းနာတစ်ခုပါ။

တချို့ကတော့ သိပ်ယဉ်ကျေးတဲ့ အဖွဲ့အစည်းပဲဟု ချီးမွမ်းပါသည်။ ကျနော်ကတော့ အပိုတွေဟုသာ မြင်ပါသည်။ ယဉ်ကျေးမှုဆိုတိုင်း ဘုရင်တွေခေတ်လို နန်းတွင်းစကားတွေ ပြောနေဖို့မလိုပါ။ တကယ်ယဉ်ကျေးလျှင် တကယ်စေတနာမှန်နှင့်သာ ဆက်ဆံတတ်ဖို့ လိုပါသည်။ သေချာတာတစ်ခုက MLM မှ ရသော မိတ်ဆွေများကို သင်ယုံကြည်ပါက တစ်ခုခု ဖြစ်ကြည့်လိုက်ပါ။ အကုန်လုံး လူကြားကောင်းရုံ မိတ်ဆွေယောင်တွေချည်းပဲ ဆိုတာ လက်တွေ့သိရပါလိမ့်မည်။ သင်မှားနေလျှင် မှားနေသည်ဟု စိတ်ဆိုးခံ၊ အမုန်းခံပြီး ပြောမည့်သူ တစ်ယောက်မှ မပါပါ။ တစ်ဆက်တည်း အရင်က တကဲ့ကောင်းတူဆိုးဘက် ရဲဘော်ရဲဘက် သူငယ်ချင်းမိတ်ဆွေတွေက သင့်ကို ရှောင်ကျဉ်ကြသည်ကိုပါ အနည်းနဲ့ အများ ကြုံရပါလိမ့်ဦးမည်။ နောက်ဆုံးတော့ MLM နည်းဖြင့် တကမ္ဘာလုံး ကိုယ့်အောက်ရောက်လာမတတ် လေကြီးမိုးကြီးတွေနှင့် အတူ အယောင်ဆောင်ယဉ်ကျေးမှုတွေ၊ အယောင်ဆောင် မိတ်ဆွေတွေနှင့် သင့်မိတ်ဆွေကောင်းတွေကို လဲစားမိသည့် အဖြစ်ကို ကံကောင်းလျှင် စဉ်းစားမိနိုင်ပါသည်။

နောက်တစ်ချက်ကတော့ အပေါ်မှ ထိုင်ထားသူတွေ၊ Founder တွေကတော့ ဗုဒ္ဓဂါယာခရီးစဉ်တွေ၊ လူမှုရေးလုပ်ငန်းတွေ၊ အလှုအတန်းတွေ၊ နိုင်ငံတကာ ခရီးစဉ်တွေနဲ့ အထင်ကြီးစရာတွေ လုပ်ပြတတ်တာလည်း MLM တွေရဲ့ ထုံးစံပါပဲ။ ဒါမှလည်း ဝါဒဖြန့်၍ ကောင်းမည် မဟုတ်ပါလား။

ရေးစရာတွေ ကျန်သေးသော်လည်း အခြားအကြောင်းအရာတွေ ရှိသေးသဖြင့် နိဂုံးချုပ်ရမည်ဆိုလျှင် မရိုးသားမှုများနှင့် တင်းကြမ်းပြည့်နေသော MLM လှည့်ကွက်များကို နားလည်ပြီး၊ အလုပ်တစ်ခုကို လုပ်လျှင် ခံစားခွင့်၊ ရပိုင်ခွင့်များကိုသာ မမြင်ဘဲ ကိုယ်ယူရမည့် တာဝန်ကို သေချာစွာ စဉ်းစားတတ် လုပ်ကိုင်တတ်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...