မေမြတ်မွန်အသံနဲ့ ပြောရရင်.... (ပြောရုံပဲ ပြောမှာ.. သူ့လို ပြစရာတော့ ရှိဘူး..)
သူငယ်ချင်းတို့ရေ...... ကြယ်တွေ၊ နက္ခတ်တာရာတွေ၊ နေတွေ၊ လတွေ၊ ကောင်းကင်က လက်လက်လက်လက်လေးတွေကို စိတ်ဝင်စားသော်ငြား ဘာမှ နားမလည်တဲ့ ငပိန်းလေးတစ်ကောင်ရဲ့ တယ်လီစကုတ်တစ်လုံး ဝယ်တဲ့အကြောင်းကိုနားထောင်ကြမလား။ နားမထောင်ချင်လည်း အတင်းပြောပြမှာပါပဲနော်။
စင်ကာပူက အရုပ်ဆိုင်တွေမှာ ကလေးတွေရဲ့ သိချင်တတ်ချင်စူးစမ်းချင်တဲ့စိတ်ကို နှိုးဆွပေးတဲ့ ကစားစရာလေးတွေ အများကြီး ရောင်းပါတယ်။ Anti-Gravity အကြောင်း စမ်းသပ်တာ၊ မော်တာနဲ့ အရုပ်လေးတွေဆင်တာ၊ ပုရွက်ဆိတ်လေးတွေ အိမ်ဖွဲ့တာ၊ တိမ်အတု ဖန်တီးတာ စသဖြင့် ကစားရင်း ပညာရစေမဲ့ ကစားစရာတွေ အမျိုးမျိုးကို ရနိုင်ပါတယ်။ တချို့ကစားစရာတွေက အဆင့်မြင့် နည်းပညာကို ကလေးဆော့တဲ့အဆင့် ဖြစ်အောင် ဖန်တီးထားတာကို အံ့သြစရာ တွေ့ရမှာပါ။ ပြီးတော့ တယ်လီစကုတ်တွေ၊ မိုက်ခရိုစကုတ်တွေပါ ရောင်းပါတယ်။ ကလေးဆော့တဲ့ဟာရယ်လို့ ပေါ့ပေါ့တော့ မထင်လိုက်ပါနဲ့။ အခြေခံကနေ အလယ်အလတ်အဆင့်လောက်ထိ သုံးလို့ရတဲ့ အဆင့်မီ equipment တွေပါ။










