Tuesday, September 30, 2014

Shipyard vs Construction (အပိုင်း-၂)



 အပိုင်း (၁) မှာ Keppel Shipyard ရဲ့ Take-5 လို့ ခေါ်တဲ့ Safe Work Procedure ကို အကျဉ်းသဘော ရှင်းပြခဲ့ပါတယ်။ အဲဒီ Safe Work Procedure ကို အကောင်အထည်ဖေါ်ဖို့ Safe Work Method ဆိုတာကို နည်းနည်းလောက် ပြောပြပါရစေဦး။ သဘောကတော့ ကလေးတစ်ယောက်ကို လိမ်မာပါလို့ ပြောရုံနဲ့ မပြီးပါဘူး။ လိမ်မာတယ် ဆိုတာဘာလဲ…. ဘယ်လို နေတာထိုင်တာကို လိမ်မာတယ် ခေါ်သလဲဆိုတာကိုပါ ရှင်းပြမှသာ ထိရောက်မှာ ဖြစ်ပါတယ်။ ဟော်တယ်လုပ်ငန်းမှာဆိုရင် Hygiene & Sanitation ဆိုပြီး ရှိသလိုပါပဲ။ သန့်ရှင်းခြင်းနဲ့ သန့်ရှင်းအောင် ပြုလုပ်ခြင်းပေါ့။ အခုလည်း ဒီလိုပါပဲ။ Safe ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ… ဒီအတွက် ဘယ်လို စံနစ်တွေနဲ့ ထိန်းချုပ်ထားသလဲ…. ကြည့်ရအောင်ပါ။

ပထမအချက်အနေနဲ့ Shipyard မှာ ဘာအလုပ် လုပ် လုပ်၊ ခွင့်ပြုမိန့် (Permit) လျှောက်ရပါတယ်။ ဒါကို PTW (Permit to Work System) လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သင်္ဘောတစ်စီးမှာ အလုပ် လုပ်နေတဲ့ ကန်ထရိုက်တာတွေ၊ အဖွဲ့တွေက အများကြီး ခင်ဗျ။ တချို့ အလုပ်တွေက အကြောင်းအမျိုးမျိုးကြောင့် သူလုပ်နေရင် ကိုယ်လုပ်လို့ မရ…. ကိုယ်လုပ်နေရင် သူလုပ်လို့ မရတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးသုတ်တဲ့ လုပ်ငန်းနဲ့ ဝရိန်ဆော်တဲ့ လုပ်ငန်းမျိုးကို တစ်နေရာတည်းမှာ သွားလုပ်ခိုင်းလို့ မရပါဘူး။ မီးလောင်မှု ကျိန်းသေ ဖြစ်မှာ ဖြစ်ပါတယ်။ ပါမစ်ကို လျှောက်တဲ့အခါ ဒီအလုပ်ကို လုပ်ဖို့ တာဝန်ကျတဲ့ အနည်းဆုံး Supervisor/ Technician အဆင့်က VSCC လို့ ခေါ်တဲ့ Vessel Safety Coordination Committee အစည်းအဝေးမှာ လက်မှတ်ထိုး လျှောက်ရပါတယ်။

ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ( မောင်သာချို )





ဒီ Blog လေးကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးတွေသာ တင်ဖို့ ရည်ရွယ်သည်။ သူတစ်ပါးစာတွေကို နှစ်သက်လျှင်တောင်မှ ကိုယ်ပိုင်အတွေးနှင့် ပြန်ရေးပြီး ရည်ညွှန်းကိုးကားအနေနှင့် ထည့်ရေးသည်။ အခုတော့ ကျနော့ Blog လေးလည်း ကျနော့ Cloud လေး ဖြစ်မှန်းမသိ ဖြစ်နေပါပြီ။ ဘာကြောင့်လည်းဆိုတော့ တချို့သော Facebook  က စာလေးတွေက၊ ဂျာနယ်ဆောင်းပါးတွေက ကောင်းလွန်းလှသည်။ ပြန်ဖတ်လျှင် အသိတိုးသည်။ မမေ့သင့်တဲ့ ဘဝ သင်ခန်းစာတွေ ဖြစ်သည်။ သမီးလေး စာတွေ ဖတ်တတ်လာလျှင် ဖတ်စေချင်သည်။ အဲဒီအချိန်ကျ ဒီစာတွေ ပြန်ရှာလို့ မရမှာ စိုးသည်။ ကွန်ပျူတာထဲမှာ MS Words နှင့် သိမ်းထားတာတွေကလည်း ပြန်လိုချင်လျှင် Facebook လိုပင် တော်တော်ရှာရခက်သည်။ File Management က အမြဲ ပြန်လုပ်နိုင်သည်မဟုတ်။ မှားဖျက်တာ၊ HDD ပျက်တာတွေက ရှိသေးသည်။ ဒီလိုနှင့် ကျနော့ Blog လေးပေါ်တွင် ကောင်းနိုးရာရာလေးများကို Backup အနေနှင့် သိမ်းမိပါသည်။


အခုလည်း ဆရာ မောင်သာချိုရဲ့ 7Days News ဂျာနယ်ပါ ကျောင်းပရိဝုဏ်အတွင်း၌ တိုက်စစ်ဆင်ခြင်း ဆောင်းပါးလေးကို ပျောက်ဆုံးမခံနိုင်သောကြောင့် Backup လိုက်ရပါသည် ခင်ဗျား...။


Friday, September 12, 2014

ဘင်လာဒင်၏ နောက်ဆုံးညများ (ကိုဇော်ဝင်း)

(ဘင်လာဒင်၏ နောက်ဆုံးညများ အပိုင်း ၄ ခုစလုံးကို မျှော်လင့်ခြင်းခရီးသည် တွင် ဖေါ်ပြခွင့်ပြုသော မူရင်းရေးသားသူ ကိုဇော်ဝင်းကို ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/zaw.win?fref=ts)





၂ဝ၁၁ ခုနှစ် မေလ ၁ ရက် တနင်္ဂနွေနေ့ ညသန်းခေါင်။ တနင်္လာနေ့သို့အကူး။ ထိုနေ့သည် အိုစမာဘင်လာဒင် လူ့ဘဝတွင် အသက်ရှင် နေထိုင်ခဲ့သော နောက်ဆုံးနေ့ ဖြစ်သည်။ အာဖဂန်နစ္စတန် စံတော်ချိန် ည ၁၂နာရီ ။ အာဖဂန်ရှိ ဂျလာလာဘတ် အမေရိကန် စစ်စခန်းမှ ဘလက်ဟော့ခ် MH-60 အမျိုးအစား ရဟတ်ယာဉ် နှစ်စင်း။ ချင်းနွတ် Chinook ရဟတ်ယာဉ် သုံးစင်းတို့ ပျံတက်လာကြသည်။

ဘလက်ဟော့ရဟတ်ယာဉ် နှစ်စင်းပေါ်တွင် ရေတပ် အထူးတပ်ဖွဲ့ဝင် Navy SEAL ၂၄ ဦး၊ စကားပြန်တစ်ဦးနှင့် စစ်ခွေးတစ်ကောင်တို့ လိုက်ပါလာသည်။ ရဟတ်ယာဉ်လေထဲသို့ ရောက်လာသည်အခါတွင်မှ ဦးတည်သွားရမည့် ပစ်မှတ် တည်နေရာ အညွှန်း GPS ကို လက်ခံရရှိသည်။ ရန်သူ့ရေဒါပေါ်တွင် မမြင်နိုင်စေရန် ပြုပြင်တည်ဆောက်ထားသည့် ကိုယ်ပျောက် ရဟတ်ယာဉ်များ ဖြစ်သော်လည်း ရေဒါလှိုင်းကို တတ်နိုင်သမျှ ကွင်းရှောင်သောအားဖြင့် ငါးစင်းစလုံး သစ်ပင်ထိပ်ဖျား အမြင့်ခန့်သာ ခိုင်ဘာ- Khyber တောင်ကြားအတိုင်း ပျံသန်းလာကြသည်။ ချင်းနွတ်ရဟတ်ယာဉ် သုံးစင်းသည် ခရီးသုံးချိုးနှစ်ချိုး အရောက်၌ မြေပြင်တွင် ဆင်းသက်ကာ တောင်ကြားတစ်ခုတွင် အရန်အဖြစ် ခိုနေခဲ့သည်။ ထိုစစ်ဆင်ရေးကို ဂျရောနီမိုဟု အမည်ပေးထားသည်။


Thursday, September 11, 2014

The Siege (1998)




၁၉၉၈-ခုနှစ်တုန်းက 20th Century Fox မှ ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ ပြသခွင့်မရခဲ့တဲ့ The Siege ရုပ်ရှင်ကားကို သူငယ်ချင်းများ ကြည့်စေချင်လို့ ညွှန်းလိုက်ပါရစေ။ ဇာတ်ကားဟောင်းတစ်ခု ဖြစ်ပေမဲ့ စိတ်ဝင်စားဖွယ်ရာ ကောင်းသလို လက်ရှိအခြေအနေနှင့်လည်း လိုက်လျောညီထွေ ဖြစ်နေဆဲမို့ မကြည့်ရသေးသူများ ကြည့်သင့်သော ဇာတ်ကားကောင်းတစ်ကားပါ။

ဒါရိုက်တာ Edward Zwick ရိုက်ကူးပြီး FBI စပါယ်ရှယ် အေးဂျင့် Anthony Hubbard အဖြစ် Denzel Washington၊ သူ့တွဲဘက် ပါတနာ လက်ဘနွန်လူမျိုး အမေရိကန်နိုင်ငံသား Frank Haddad အဖြစ် Tony Shalhoub၊ CIA အေးဂျင့် Elise Kraft အဖြစ် Annette Bening၊ မာရှယ်လောကို တာဝန်ယူကိုင်တွယ်ရသည့် US Army Major General William Devereaux အဖြစ် Bruce Willis တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

လူအပြည့်ပါတဲ့ ဘတ်စ်ကားကို ဗုံးထောင် အကြမ်းဖက်မှုတစ်ခုနဲ့ ဇာတ်လမ်းကို စ ထားပါတယ်။ ဗုံးက ကွဲသွားတဲ့အခါ paint bomb တစ်လုံးသာ ဖြစ်နေပြီး လူတွေ အန္တရာယ်မဖြစ်ခဲ့ပေမဲ့ ဗုံးထောင်သူကို မမိလိုက်ပါဘူး။ ဒါပေမဲ့ Sheikh Ahmed bin Talal ဆိုသူ အကြမ်းဖက်သမားရဲ့ သတိပေးချက် အသံဖိုင်ကို FBI က ရခဲ့ပါတယ်။ FBI အေးဂျင့် Hubbard ဟာ ဒီအမှုနောက်ကို လိုက်ရင်း CIA အေးဂျင့် Kraft နဲ့ အဆင်မပြေ ဖြစ်ကြပါတယ်။ Hubbard နဲ့ Frank တို့ အကြမ်းဖက်သမားလို့ သံသယရှိသူ တစ်ဦးနောက်ကို လိုက်ရင်း Kraft ကိုပါ မသင်္ကာစရာတွေ့လို့ ဖမ်းခေါ်လာခဲ့ ကြပါတယ်။ အဲဒီအချိန်မှာပဲ တခြားအကြမ်းဖက်သမားတစ်ယောက်က ဘတ်စ်ကားတစ်စီးကို ဗုံးထောင်ပြန်ပါတယ်။

ဗုံးထောင်ထားတဲ့ ဘတ်စ်ကားကို အားလုံး ဝိုင်းထားကြတဲ့ အချိန်မှာ Hubbard က အကြမ်းဖက်သမားကို စကားပြောစက်က တစ်ဆင့် ညှိနှိုင်းဖို့ ကြိုးစားပါတယ်။ အဲဒီနေရာကို ပါလာတဲ့ Kraft က အခြေအနေကို မြင်လိုက်တဲ့ ခဏမှာပဲ သူတို့ ညှိနှိုင်းမှာ မဟုတ်ဘူး… ပစ်စရာရှိရင် ပစ်လိုက်တော့…. လို့ Hubbard ကို သတိပေးပါတယ်။ ဒါပေမဲ့ Hubbard က ညှိနှိုင်းမှုကို ဆက်လုပ်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ပထမအဆင့် ကလေးတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ Hubbard လည်း အားတက်ပြီး ဆက်လက်ညှိနှိုင်းဖို့ ကြိုးစားတုန်းမှာပဲ ဗုံးက ပေါက်ကွဲသွားပါတော့တယ်။

FBI က အသေခံဗုံးခွဲသမားတစ်ယောက်ရဲ့ ဗီဇာကို လက်မှတ်ထိုးပေးခဲ့သူ Samir Nazhde ဆိုသူကို ဖမ်းပြီး စစ်ဆေးတဲ့အခါ တခြားသူတွေ အများကြီးကိုလည်း Student Visa တွေ လျှောက်ပေးခဲ့ကြောင်း ပေါ်လာပါတယ်။ ဒါပေမဲ့ Kraft က Samir ဟာ အကြမ်းဖက်သမား မဖြစ်နိုင်ဘူးလို့ ပြောဆိုကာကွယ်ခဲ့လို့ စုံစမ်းစစ်ဆေးဆဲ (under investigation) အနေနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ အကြမ်းဖက်မှုတွေက များသထက်များ၊ ကျယ်ပြန့်သထက် ကျယ်ပြန့်လာပါတော့တယ်။ New York City ရဲ့ လူစည်ကားရာ ဇာတ်ရုံတစ်ခုကို ဗုံးခွဲတိုက်ခိုက် ခံရပြီး လူ ၆၀၀ ကျော် သေကျေပျက်စီး ပြီးတဲ့နောက်တော့ အခြေအနေအရ နိုင်ငံတော် သမ္မတကနေ မာရှယ်လော ထုတ်ပြန်ပြီး ကိုင်တွယ်ဖို့ Major General William Devereaux ကို တာဝန်ပေးလိုက်ပါတယ်။ Major ကလည်း ဘရွတ်ကလင်း (Brooklyn) ရပ်ကွက်ကို စစ်အင်အားကိုသုံးပိတ်ဆို့ပြီး ကျန်တဲ့ အကြမ်းဖက်သမားတွေကို ရှာပါတယ်။ အာရပ်နွယ်ဝင် လူငယ်တွေ အားလုံးကို သိမ်းကြုံးဖမ်းဆီးပါတော့တယ်။ ပြီးတော့ Yankee Stadium အားကစားကွင်းကြီးထဲမှာ ထည့်ပြီး တပ်နဲ့ ဝိုင်းထားပါတယ်။ အဖမ်းခံရတဲ့ထဲမှာ Hubbard ရဲ့ ပါတနာ Frank ရဲ့ သားလည်း ပါသွားတာကြောင့် Frank က စိတ်ဆိုးပြီး FBI ကနေ ထွက်လိုက်ပါတော့တယ်။


စစ်တပ်ရဲ့ သိမ်းကြုံး ရမ်းကားမှုတွေကြောင့် New York မြို့သားတွေဟာ စိတ်ဆိုးဒေါသ ထွက်ကြပြီး စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြကြပါတယ်။ စစ်တပ်ရဲ့ လူသတ်မှု၊ ရာဇဝတ်မှုတွေကို ထုတ်ဖေါ်မှတ်တမ်းတင်ကြပါတယ်။ Hubbard ဟာ သူတို့ရဲ့ အကြမ်းဖက်သမား သံသယရှိတဲ့ Tariq Husseini ကို လိုက်လံ ဖမ်းဆီးနေစဉ်မှာပဲ ဗိုလ်ချုပ်ကြီးရဲ့ စစ်တပ်ကလည်း ရောက်လာပြီး ဖမ်းဆီးပါတယ်။ ဗိ်ုလ်ချုပ်ကြီး ကိုယ်တိုင် Husseini ကို စစ်မေးတဲ့အခါ ရက်ရက်စက်စက် နှိပ်စက်စစ်မေးပြီး နောက်ဆုံး Husseini ကို သတ်ပစ်လိုက်ပါတော့တယ်။ Husseini အသတ်ခံရပြီးတဲ့နောက်မှာ တကယ်တော့ Husseini ဟာ ဘာမှ မသိခဲ့ပဲနဲ့ အပြစ်မဲ့စွာ အသတ်ခံရတယ်လို့ Hubbard သိသွားပါတယ်။ နောက်ဆုံးတော့ Kraft ဟာ Hubbard ကို အဖြစ်မှန်အတိုင်း ဖွင့်ပြောရပါတော့တယ်။

တကယ်တော့ Kraft ဟာ CIA ရဲ့ အီရတ်က ဆဒမ်ဟူစိန်အုပ်ချုပ်မှု အဆုံးသတ်ရေး အစီအစဉ် အရ ရှီရိုက်မွန်စလင်တွေကို ကာကွယ်ဖို့နဲ့ ကယ်တင်ဖို့ Samir အပါအဝင် နောက်လိုက်တွေကို တိုက်ခိုက်ရေး၊ ဖေါက်ခွဲရေး သင်တန်းပေးခဲ့ရတာပါ။ လေ့ကျင့်ပေးထားတဲ့ ဖေါက်ခွဲရေးသမားတွေဟာ တစ်ဦးချင်းစီ အလုပ်လုပ်နိုင်တဲ့အတွက် အလွန် အန္တရာယ်ကြီးပါတယ်။ တစ်ဦးက ဘယ်မှာဆိုတာ နောက်တစ်ဦးက သိချင်မှ သိပါတယ်။ ဖြစ်ချင်တော့ အဲဒီအစီအစဉ်အရ လုပ်နေတုန်း အမေရိကန်အစိုးရရဲ့ ပေါ်လစီက ပြောင်းသွားပြီး ဒီအစီအစဉ်အတွက် ဘတ်ဂျက်မပေးတော့ဘဲ ဖြတ်ချလိုက်ပါတယ်။

 အဲဒီမှာတင် သင်တန်းဆင်းပြီး တော်လှန်ရေးလုပ်မဲ့ လူငယ်တွေဟာ ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်တဲ့အပြင် ဆဒမ်ဟူစိန့်အဖွဲ့တွေရဲ့ ရက်ရက်စက်စက် ချေမှုန်းခြင်းကို ခံရပါတော့တယ်။ Kraft ဟာ သူ့သင်တန်းသားတွေကို သနားပြီး အမေရိကန်မှာ ဝင်ရောက်နေထိုင်ခွင့်ရအောင် အကူအညီပေးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ သူတို့ဟာ သူတို့ဘဝကို ပျက်ဆီးအောင် အသုံးချခဲ့တယ်ဆိုပြီး အမေရိကန်ကို မုန်းတီးစိတ်နဲ့ အကြမ်းဖက်သမားတွေ အဖြစ်ကို ရောက်လာကြတာပါပဲ။ အခု အကြမ်းဖက်မှုတွေရဲ့ လက်သည်ဟာ ဒီသင်တန်းသားတွေပဲ ဆိုတာကို Hubbard သိသွားပါတယ်။ တစ်လက်စထဲ သူတို့နိုင်ငံဟာ သူတို့အရိုးနဲ့ သူတို့ ပြန်အထိုးခံရမှန်းလည်း နားလည်သွားပါတယ်။

နောက်ဆုံး Hubbard နဲ့ Kraft ဟာ Samir ကို တွေ့ပြီး နောက်ဆုံးကျန်တဲ့ အကြမ်းဖက်သမားကို သိနိုင်အောင် ကူညီခိုင်းကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျန်တဲ့ အကြမ်းဖက်သမားဟာ Samir ပဲလို့ သိလိုက်ရတဲ့ အချိန်မှာတော့……
ဒီကားမှာ စွဲထင်ကျန်ရစ်လောက်အောင် သရုပ်ဆောင်ကောင်းတာကတော့ Hubbard အဖြစ် သရုပ်ဆောင်တဲ့ Denzel Washington ပါ။ သရုပ်ဆောင်နေတယ်လို့ မထင်ရလောက်အောင် ကောင်းမွန်သေသပ် အားပါလွန်းပါတယ်။ အကြိုက်ဆုံး စကားက လေးတွေ ရှိပါတယ်။ ဗိုလ်ချုပ်ကြီးက ဟူစိန်ကို စစ်ကြောရေး လုပ်တဲ့အချိန်မှာ လူတစ်ရာသက်သာရရဖို့ လူတစ်ယောက်ကို ထိခိုက်တာ အရေးမကြီးဘူး.... ဆိုပြီး နှိပ်စက်ဖို့လုပ်တော့ Hubbard ပြောလိုက်တဲ့ စကားက …. တစ်ယောက် နှစ်ယောက် မဟုတ်ဘဲ ပြည်သူတွေကို သတ်နေသလို ဖြစ်နေရင်ရော... ဥပဒေကို စုတ်ပြတ်သတ်အောင် လုပ်သလို ဖြစ်မနေဘူးလား....(Bend the law, shred the constitution...)...တဲ့။ စစ်အုပ်ချုပ်ရေးဆိုတိုင်း ဥပဒေမဲ့ လုပ်ချင်ရာ လုပ်ခွင့်မရှိဘူးဆိုတဲ့ သဘောပါပဲ။

နောက်ဘိတ်ဆုံး ဗိုလ်ချုပ်ကြီးကို ရာဇဝတ်မှုတွေအတွက် ဖမ်းခါနီးတော့

ဗိုလ်ချုပ်ကြီးက “I’m the law….” လို့ ပြောတော့

Hubbard က ……. မင်းမှာ တရားမျှတအောင် လုပ်ဖို့ပဲ တာဝန်ရှိတယ်... မင်းကိုပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာဟာ ရက်စက်ဖို့၊ လူသတ်ဖို့ မဟုတ်ဘူး ဂျင်နရယ်.... (You have the right not to be tortured, not to be murdered...)။ နောက်ပြီး မင်းဒီအာဏာကို ရတာဟာလည်း  (State law) ဥပဒေ အရပဲ... တဲ့။

နောက်တစ်ခုကတော့ အရပ်သားအမြင်နဲ့ စစ်သားအမြင် ဘယ်လိုမှ မတူတာကို သတိထားမိပါတယ်။ စစ်သားတစ်ယောက်အတွက်တော့ လုံခြုံရေးသာ အဓိက မို့ ဖမ်းချင်တဲ့ လူတစ်ယောက်မိဖို့အတွက် သံသယရှိသူအားလုံးကို သိမ်းကျုံးဖမ်းဖို့ ဝန်မလေးသလို သေချာတယ် မသေချာဘူး စစ်နေဖို့ထက် အပြတ်ဖြတ် (သတ်ပစ်) လိုက်တာ ရှင်းတယ်လို့ တွေးပါတယ်။ အရပ်ဖက် အုပ်ချုပ်ရေးမှာကျတော့ အပြစ်ရှိသူ လွတ်တာထက် အပြစ်မရှိသူတစ်ယောက်ကို မှားယွင်းမဖမ်းမိဖို့ အဓိက ထားရပါတယ်။ FBI လို အဖွဲ့အစည်းအနေနဲ့ကျတော့ တရားခံအစစ်ကိုမိရေးပဲ ရှေးရှုပါတယ်။ စစ်တပ်လို မသင်္ကာရင် အကုန်ဆွဲထည့်လို့ မရပါဘူး။ မာရှယ်လောလို့ ဆိုလိုက်တာနဲ့ စစ်တပ်ကို အုပ်ချုပ်ရေးအာဏာ ပေးလိုက်တဲ့ သဘောဟာ ဘယ်လောက် အန္တရာယ်များတယ် ဆိုတာကို ဒီဇာတ်ကားမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံမို့ ဒီမာရှယ်လောဟာလည်း လုပ်ချင်ရာလုပ် အာဏာသိမ်းတာမျိုး မဟုတ်ဘဲ လိုအပ်လို့ လုပ်ပိုင်ခွင့်ပေးတာကို အလွဲသုံး အလွန်အကျွံလုပ်တဲ့အတွက် ပြန်ပြီး တားဆီးလိုက်နိုင်တာကို တွေ့ရပါတယ်။ သူတို့ဆီမှာ ပြန်ပြီး ထိန်းကွပ်တဲ့ နည်းလမ်းတွေ ရှိနေလို့သာ တော်တော့တယ်။ ကျွန်တော်တို့ ဆီမှာဆိုရင်တော့ ပွဲသိမ်းပါပဲ။

နောက်ပြီး နိုင်ငံရေးမှာ အခြေအနေအားလုံးဟာ တိမ်တောင်သဖွယ်မင်းရေးကျယ် ဆိုတဲ့အတိုင်း policy အပြောင်းအလဲတွေက အချိန်မရွေး ရုတ်တရက် ပြောင်းလဲတတ်သလို အပြောင်းအလဲတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတတ်တာကိုလည်း ကြောက်စရာတွေ့ရပါတယ်။ ပြီးတော့ ကိုးကွယ်ရာတူတူ မတူတူ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် နိုင်ငံသားစိတ် အပြည့်နဲ့ အလုပ်လုပ်တဲ့ Frank ရဲ့ သရုပ်ဆောင်ချက်ကလည်း ကျွန်တော်တို့ဆီက အမြင်လေးကျဉ်းကျဉ်း မျက်တောင်မွှေးတစ်ဆုံးလေး ကြည့်တတ်တဲ့ ဟိုဘက်ဒီဘက် အစွန်းရောက်လေးတွေ သတိပြူစရာပါ။ နိုင်ငံသားမှန်ရင် နိုင်ငံအတွက်ပဲ ကြည့်ရမှာပါ။


 

 ပြီးတော့ CIA ရဲ့ ခြေရှုပ်ချက်တွေကလည်း တစ်ခါတစ်ရံ သူ့ဓါးနဲ့ သူ့ပြည်သူကို ပြန်ထိုးသလို ဖြစ်ပုံကလည်း သံဝေဂယူစရာပါ။ ဒါပေမဲ့ သူတို့ဆီက အကြမ်းဖက်မှုတစ်ခုကို ကိုင်တွယ်အရေးယူပုံနဲ့ ကိုယ်တွေဆီမှာ ဆိုရင်လို့ တွေးတော့ မောမိပါတယ်။ အခု ဆိုရင်ပဲ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုရဲ့ တရားဝင်ခြိမ်းခြောက်တာကို ခံနေရပါပြီ။ ဒါဟာလည်း ကိုယ်ဖန်တီးခဲ့တဲ့ အဓိကရုဏ်းတွေရဲ့ အကျိုးဆက်ပဲလေ။ ဒါလည်း ကိုယ့်ဓါးနဲ့ ကိုယ့်ပြည်သူကို ပြန်ထိုးမိတဲ့ ကိစ္စပါပဲ။ အရင်က ဓါးနဲ့ အမွှမ်းခံနေရရာက အခုတော့ အထိုးပါ ခံရတော့မဲ့ အခြေအနေပေါ့။

ဒီလောက် နိုင်ငံတကာမှာ ဒါကို ပေါ့ပေါ့တန်တန် မတွေးဘဲ သတိပေးချက်တွေ ထုတ်လို့ ကာကွယ်မှုတွေ တပ်လှန့်မှုတွေ လုပ်နေချိန်မှာ စိုးရိမ်စရာ မရှိပါလို့ ပြောတော့ သြော်… တို့ဆီက သူများနိုင်ငံတွေထက် လုံခြုံရေး ပိုကောင်းလို့ နေမှာပါလေ လို့ အထင်တော့ ကြီးချင်သား။ ကိုယ့်ပြည်သူကို နိုင်တဲ့နေရာမှာတော့ တို့ဆီကလည်း ရဲရဲတောက်ပဲလေ။ တခြားနဲ့ ဖြစ်ရင်တော့….. ဒါလည်း…. နိုင်မှာပါ။ နေပြည်တော်မှာတော့ လုံခြုံရေးတွေက စိုးရိမ်စရာ မရှိမှာ သေချာပါတယ်လေ။

တို့တွေအတွက်ကတော့…… အင်း…. အိပ်တာပဲ ကောင်းပါတယ်လေ….

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

Tuesday, September 2, 2014

မိုးပေါ်သို့ ချောင်းကြည့်ခြင်း



 မေမြတ်မွန်အသံနဲ့ ပြောရရင်.... (ပြောရုံပဲ ပြောမှာ.. သူ့လို ပြစရာတော့ ရှိဘူး..)

သူငယ်ချင်းတို့ရေ...... ကြယ်တွေ၊ နက္ခတ်တာရာတွေ၊ နေတွေ၊ လတွေ၊ ကောင်းကင်က လက်လက်လက်လက်လေးတွေကို စိတ်ဝင်စားသော်ငြား ဘာမှ နားမလည်တဲ့ ငပိန်းလေးတစ်ကောင်ရဲ့ တယ်လီစကုတ်တစ်လုံး ဝယ်တဲ့အကြောင်းကိုနားထောင်ကြမလား။ နားမထောင်ချင်လည်း အတင်းပြောပြမှာပါပဲနော်။

စင်ကာပူက အရုပ်ဆိုင်တွေမှာ ကလေးတွေရဲ့ သိချင်တတ်ချင်စူးစမ်းချင်တဲ့စိတ်ကို နှိုးဆွပေးတဲ့ ကစားစရာလေးတွေ အများကြီး ရောင်းပါတယ်။ Anti-Gravity အကြောင်း စမ်းသပ်တာ၊ မော်တာနဲ့ အရုပ်လေးတွေဆင်တာ၊ ပုရွက်ဆိတ်လေးတွေ အိမ်ဖွဲ့တာ၊ တိမ်အတု ဖန်တီးတာ စသဖြင့် ကစားရင်း ပညာရစေမဲ့ ကစားစရာတွေ အမျိုးမျိုးကို ရနိုင်ပါတယ်။ တချို့ကစားစရာတွေက အဆင့်မြင့် နည်းပညာကို ကလေးဆော့တဲ့အဆင့် ဖြစ်အောင် ဖန်တီးထားတာကို အံ့သြစရာ တွေ့ရမှာပါ။ ပြီးတော့ တယ်လီစကုတ်တွေ၊ မိုက်ခရိုစကုတ်တွေပါ ရောင်းပါတယ်။ ကလေးဆော့တဲ့ဟာရယ်လို့ ပေါ့ပေါ့တော့ မထင်လိုက်ပါနဲ့။ အခြေခံကနေ အလယ်အလတ်အဆင့်လောက်ထိ သုံးလို့ရတဲ့ အဆင့်မီ equipment တွေပါ။

Thursday, August 21, 2014

ခက်ရချည်သေး




 အနုပညာဆိုတဲ့ စကားလုံးက စာလုံးလေး ၄ လုံးထဲပေမဲ့ သူ့အကြောင်းပြောရင် အတော်ကျယ်ပြန့်တဲ့ ကိစ္စပါ။ အနုပညာတွေ အမျိုးမျိုး ရှိတဲ့ထဲကမှ စိတ်ထဲမှာ ရှိသမျှနဲ့ ကျွန်တော့ကိုယ်ပိုင် ခံစားမိသမျှ စိတ်ကူးပေါက်ရာ အနုပညာအကြောင်း နည်းနည်းတို့ထိချင်တာနဲ့ ဒီစာကို ရေးပါတယ်။
ကျွန်တော်ငယ်ငယ် ကျောင်းသားဘဝလောက်တုန်းက နွေရာသီကျောင်းပိတ်ရက်တိုင်း သင်တန်းတစ်ခုမဟုတ်တစ်ခု တက်ရပါတယ်။ တစ်ခုသော နွေကျောင်းပိတ်ရက်မှာ ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတဲ့ ကျွန်တော့ကို အမေက YMCA မှာဖွင့်တဲ့ ပန်းချီသင်တန်းကို ပို့ပါတယ်။ အခု ပန်းချီဆရာမလေး ချောအိသိမ်းရဲ့ အဖေ ဦးမောင်မောင်သိမ်းက ကျွန်တော်တို့ ဆရာပေါ့။ အဲဒီကတည်းက ဆရာ့ကျေးဇူးနဲ့ အလင်းအမှောင်၊ အနီးအဝေးသဘော၊ မျဉ်းတွေရဲ့ အလှ၊ ကောက်ကြောင်းတွေရဲ့ အလှကို ခံစားတတ်ခဲ့ပါတယ်။

Monday, July 28, 2014

Shipyard vs Construction (အပိုင်း-၁)


ကျွန်တော်က Singapore သင်္ဘောကျင်းမှာ ၁၁ နှစ်ကျော်လောက် Electrician ဘဝကနေ Snr. Engineer အဆင့်အထိ လုပ်ခဲ့ပြီးမှ ဆောက်လုပ်ရေးဘက်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ပါတယ်။ တစ်နှစ်လောက်တော့ ရှိပြီဆိုပါတော့။ အဲဒီမှာ လုပ်ငန်းသဘောသဘာဝ ကွာခြားမှုလေးတွေကို မှတ်တမ်းတင်တဲ့သဘောနဲ့ရော၊ နောက်များ ကိုယ့်ဖာသာကိုယ်ပြန်ဖတ်တဲ့အခါ ဒီသင်ခန်းစာတွေကို မမေ့ချင်တဲ့သဘောနဲ့ရော၊ လုပ်ငန်းအတွေ့အကြုံ ဗဟုသုတလေးတွေ လိုချင်တဲ့သူ၊ စိတ်ဝင်စားတဲ့သူတွေအတွက်လည်း ဝေမျှတဲ့သဘောနဲ့ ဒီစာကို ရေးပါတယ်။ သင်ခန်းစာတချို့၊ အတွေ့အကြုံတချို့နဲ့ ဒိုင်ယာယီ post လေးတစ်ခုပေါ့။

အရင်ဆုံး ပြောချင်တာက Keppel Shipyard ဆိုတာ ဝန်ထမ်းဦးရေ အကြမ်းဖျင်း ၅၀၀၀ ကျော်ရှိတဲ့ Singapore ရဲ့ အကြီးဆုံးကုမ္ပဏီကြီးတွေထဲမှာ ပါပါတယ်။ ကျွန်တော် နောက်ထပ်ပြောင်းလိုက်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ၁ နှစ်သားကျော်ကျော် ဝန်ထမ်းအင်အား ၂၀ ကျော်ပဲရှိတဲ့ မြန်မာပိုင် ကုမ္ပဏီသေးသေးလေးပါ။ သင်္ဘောကျင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသဘာဝ ကွာဟရုံတင်မဟုတ်ဘဲ ကုမ္ပဏီကြီးနဲ့ ကုမ္ပဏီအသေးရဲ့ ကွာခြားမှုကိုပါ လက်တွေ့ကြုံခဲ့ရတာပါပဲ။

Sunday, February 16, 2014

ရန်ကုန်မှတ်စု

ရန်ကုန်မှတ်စု (၁)


ပုစ္ဆာတစ်ပုဒ်မှာ ပေးထားချက်ဆိုတာ ရှိတယ်။ အဲဒီပေးထားချက်ကို မူတည်ပြီး အဖြေပေးရတယ်။ ဥပမာအားဖြင့် ပန်းသီး ၁ဝလုံးရှိတယ်။ ၇ လုံး ပိုးကိုက်သွားတယ်။ ဘယ်နှစ်လုံး ကျန်မလဲ… ၃ လုံး ကျန်ပါတယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ အခုပြဿနာက ပုစ္ဆာကို ပေးခွင့်ရှိတဲ့လူတွေက ပေးတာမဟုတ်ဘဲ ဖြေရမဲ့လူက ပြန်ပြီး မေးခွန်းထုတ်သလို ဖြစ်နေတာဗျ။ အခုဟာက ပုစ္ဆာကို သူတို့ဖါသာသူတို့ စိတ်ကြိုက်ရေး၊ မသိကိန်းတွေ အကုန် သူတို့လက်ထဲမှာ ထားပြီး ဆရာကြီးအထာနဲ့ မေးခွန်းထုတ်တာကို ကျွန်တော်တို့က ၃ လုံး ကျန်ပါတယ်လို့ ကိုယ့်ဖါသာတွက်ပြီး ဖြေနေကြရတာ။ ၇ လုံး ပိုးကိုက်သွားတယ် ပြောတာလည်း သူတို့ပဲ။ ၁၀ လုံး ရှိတယ် ပြောတာလည်း သူတို့ပဲ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက သူတို့မေးတာ ဖြေရမဲ့အဆင့်လားဗျ။ တကယ်ဆို ပြည်သူတွေရဲ့ အခက်အခဲတွေ၊ ပုစ္ဆာတွေကို ဖြေရှင်းရမှာ ဘယ်သူတွေတုန်း။ မေးခွန်းက ဘယ်သူထုတ်ရမှာတုန်း။…..
ဆရာ apk နဲ့ ပြောဖြစ်သည်များကို မှတ်မိသ၍ ချရေးသည်။

Friday, January 24, 2014

ခေတ်မိဘ (သို့) သံသရာစမ်းရေ (အပိုင်း ၁၁)




ကျွန်တော်ငယ်ငယ်တုန်းကပေါ့။ ကျောင်းက ဆရာမက ကျေးဇူးကြီးလှ မိနှင့်ဘ ဆိုတဲ့ စာစီစာကုံးတစ်ပုဒ်ရေးခိုင်းတော့ အချက်အလက်တွေ ရှာရင်း ကျွန်တော့ မေမေရဲ့အဖေ ကျွန်တော့ ဘဘနဲ့ စကားပြောမိတယ်။ ကျွန်တော်က "တကယ်တမ်းကျတော့ လောကမှာ ဘုရား၊ တရား၊ သံဃာ (အရိယာသံဃာ) ကသာ စိတ်ချရတဲ့ သဘောရှိပြီး မိဘနဲ့ ဆရာကတော့ ပုထုဇဉ်သဘောထဲမှာ ပါလို့ အခန့်မသင့်ရင် အပါယ်ကို ပို့နိုင်တဲ့ အန္တရာယ်ရှိတယ်၊ သိပ်စိတ်မချရဘူးထင်တယ်နော် ဘဘ".... လို့ ပြောမိတယ်။ (ကျွန်တော်ကလည်း အလယ်တန်းကျောင်းသား ဘဝလောက်ကတည်းက အဲဒီလို လူအမြင်ကတ်အောင် ပြောတတ်ပါသဗျ။) ကျွန်တော် ဆိုလိုတာက ဒီလိုပါ။ အဇာတသတ်လို ဒေဝဒတ်ကို ဆရာတင်မှားလို့ အပါယ်ရောက်ရတာနဲ့ အခုခေတ်မိဘတွေ သားသမီးအပေါ် ဆိုဆုံးမမှု မဟုတ်တဲ့ အတွက် သားသမီးတွေ လမ်းလွဲပြီး ဒုက္ခရောက်ကြရတာတွေကို ဆက်စပ်တွေးရင်း ပြောမိတာပါ။ ပြီးတော့ ကိုယ့်ကလေးကိုယ် အဆိပ်ခပ်သတ်တဲ့မိဘ၊ ကိုယ့်သားသမီးကို ဆေးလိပ်မီးနဲ့ ထိုးတဲ့ အဖေ၊ ကိုယ့်သားသမီးကို ဓါးနဲ့ထိုးသတ်တဲ့ အမေ… စသဖြင့်ပေါ့… ဖေါက်လွဲဖေါက်ပြန် မိဘတွေအကြောင်းကလည်း ကြားဖူးနေတာကိုး။

Wednesday, November 6, 2013

မိမိကိုယ်ကို နှိမ့်ချခြင်း




 မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတာ တရားအားထုတ်တဲ့ သူတွေအတွက် မရှိမဖြစ်အကျင့်တစ်ခုပါ။ ရိုးသားခြင်းရဲ့ ပြယုတ်တစ်ခုလို့လည်း သွယ်ဝိုက်ပြီး ဆိုနိုင်ပါတယ်။ မာန်တွေ ခံနေရင် တရားမရပါဘူး။ ရိုးသားမှု မရှိရင်လည်း တရားမရပါဘူး။ မာန်မာနကြီးသူဟာ နာယူလွယ်တဲ့စိတ် မရှိနိုင်ပါဘူး။ ဒါဆိုရင် တရားရဖို့ ဝေးသထက် ဝေးနေဦးမှာပါ။

ကိုယ့်ကိုယ်ကို နှိမ့်ချတယ်ဆိုတာကို တလွဲအဓိပ္ပါယ် ပေါက်နေသူတွေ များတယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့စွာနဲ့ ငါက ညံ့တယ်၊ သုံးမရဘူးလို့ ဆိုလိုရာ မရောက်သလို ကိုယ့်ရဲ့ အားသာချက်၊ ထူးချွန်တဲ့ အချက်တွေကို မျက်ကွယ်ပြုခြင်းလည်း မဟုတ်ပါဘူး။ ကိုယ့်အရည်အချင်းကို ထုတ်ဖေါ်ပြသခြင်းဟာ အပြစ် မဟုတ်သလို ရှိကိုရှိရမဲ့ အကျင့်တစ်ခုပါ။ တကယ်နားလည် တတ်ကျွမ်းစွာ ပြောဆိုမှုဟာ ကြွားဝါတာ မဟုတ်ပါ။ ကိုယ့်ထက်သိသူ တတ်သူများကို ချဉ်းကပ်ဆည်းပူးတာဟာ ကောင်းတဲ့ကိစ္စဖြစ်သလို ကိုယ့်လောက်မသိသူတွေကို ဝေမျှခြင်းဟာလည်း နတ်လူနှစ်သက်စရာ ဖြစ်ပါတယ်။

တကယ်တော့ မိမိကိုယ်ကိုယ်နှိမ့်ချခြင်းဟာ သူတစ်ပါးကို အလေးအမြတ်ပြုခြင်း ဖြစ်ပါတယ်။ သေတဲ့အထိ မပြီးဆုံးနိုင်တဲ့ သင်ယူမှုတွေအတွက် စိတ်ကို အသင့်ပြင်ခြင်း (သို့) ဖွင့်ထားတဲ့ စိတ်အခြေအနေ တစ်ခုပါ။ မိမိရဲ့ တတ်ကျွမ်းနားလည်မှုတွေအတွက် မထောင်လွှား မကြွားဝါဘဲ ရိုးသားတဲ့ စိတ်လို့လည်း ဆိုနိုင်ပါတယ်။ မြန်မာလူမျိုးတွေထဲမှာတော့ အဲဒီစကားကို အဓိပ္ပါယ်တလွဲကောက်သူတွေက တတ်ကျွမ်းနားလည်သူတွေရဲ့ စကားကို ကြားရတဲ့အခါ ကိုယ့်ကိုယ်ကို ဖေါ်တယ်ဆိုပြီး စွပ်စွဲတတ်ကြတာမို့ အသိဉာဏ်ပိတ်ရာ အယူလွဲမှုတစ်မျိုး ဖြစ်နေတတ်ပါတယ်။ တချို့ကလည်း ကိုယ့်ကိုယ်ကို နှိမ့်ချတယ်ဆိုပြီး ထက်ထက်မြက်မြက် လုပ်စရာရှိတာတွေကို မလုပ်ကြဘဲ ဆင်ခြေပေးလို့ နေတတ်ပါသေးတယ်။

Tuesday, October 22, 2013

သံသရာစမ်းရေ (အပိုင်း-၁၀)



 သမီးလေးရေ…. အခုဆိုရင် ဖေဖေ့သမီးလေး ၂ နှစ်နဲ့ ၄ လ ဖြစ်လာပြီပေါ့။ အခုအချိန်ထိတော့ ဖေဖေနဲ့ မေမေဟာ အပြင်းအထန်ရုန်းကန် နေကြရဆဲပဲ။ အစကတည်းက ရည်မှန်းချက် ကြီးတဲ့ ဖေဖေဟာ အခုဆို သမီးအတွက်ပါ ရည်မှန်းချက်တွေ အိပ်မက်တွေ မက်နေရပြီလေ။ အဲဒီတော့ အရင်ကထက် ပိုကြိုးစားရတော့မယ်။

သမီးလေးရေ… ဖွားဖွားတို့ ဖိုးဖိုးတို့ဆီက သိရသလောက် သမီးဟာ ပြောစကားနားမထောင်ဘူး ဆိုကွဲ့…။ ရေချိုးမယ်ဆို မချိုးနဲ့လို့ ပြောမှ ချိုးသတဲ့။ စားစေချင်ရင် မစားနဲ့လို့ ပြောမှ စားသတဲ့။ ဖေဖေနဲ့ တူတာလား.. မေမေနဲ့ တူတာလားပဲနော်။ ပြီးတော့ သမီးဟာ အလွန် စ တတ်၊ နောက်တတ်တယ်လို့ သမီးမေမေက ပြောတယ်။ ဒါကတော့ ဖေဖေ၊ မေမေ ၂ ယောက်စလုံးဆီက ရတဲ့ အမွေထင်ပါရဲ့။ သမီးမေမေ မြန်မာပြည်ပြန်လို့ ၂ လအတွင်း သမီးကို ၂ ခါ တီးရသတဲ့။ သမီးက ဖိုးဖိုးကျော်နဲ့ ဖွားဖွားစန်းစန်းကို တယ်နိုင်တယ် ဆိုပဲ… ဟုတ်လား။ မေမေ့ကိုတော့ ချစ်လည်းချစ် ကြောက်လည်းကြောက်တယ်လို့ ပြောကြတယ်။

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...