Sunday, September 9, 2012

အချိန်ခရီးသွားခြင်း


ကြားဖူးနားဝလေးတစ်ခုကို ပုံကြီးနည်းနည်းချဲ့ကြောင်း ကြိုတင်ဝန်ခံပါရစေ။ အခြားသော အကြောင်းအရာများ၊ ရေးလက်စများ ရှိသော်လည်း ယခုအတောအတွင်း အားလပ်ချိန် ဆင်းရဲနေသောကြောင့် တစ်ခုမှ လက်စမသတ်နိုင်ပါ။ အချို့သော အကြောင်းအရာတို့မှာ အလွတ်သဘောလျှောက်ရေး၍ မရသဖြင့် အထောက်အထားရှာရပါသည်။ စာများများ ဖတ်ရပါသည်။ အေးအေးလူလူ စာထိုင်ဖတ်နိုင်သော ဘဝမဟုတ်သဖြင့် ကြုံသလို ဖတ်ရပါသည်။ အထောက်အထား မရှိပါဘဲ ရေးလိုက်မိ၍ စာဖတ်သူတစ်ယောက်ယောက် အမှတ်မှား အသိမှား ဖြစ်သွားနိုင်သည်ကိုလည်း စိုးရိမ်သဖြင့် post တစ်ခုတင်ဖို့ အတော်အားထုတ်ရပါသည်။

သို့သော် ယခုဤ post သည် ထင်ရာမြင်ရာ ရေးသော post အမျိုးအစား ဖြစ်ခြင်းကြောင့် စကားပလ္လင်ခံနေခြင်း ဖြစ်ကြောင်း၊ ဖတ်မိမှတ်မိသမျှထဲမှ တောင်တစ်စ မြောက်တစ်စ ဆွဲယူဆက်စပ် တွေးတောမိသည်များကို ချရေးမိခြင်းဖြစ်ကြောင်း၊ တချို့သော အကြောင်းအရာများမှာ အထောက်အထားမယ်မယ်ရရ မပြနိုင်သည့်အတွက် မရေမရာအချက်အလက် တချို့အပေါ် မနှစ်သက်ပါက အပြစ်တော်မယူဘဲ ဝေဖန်သုံးသပ်ပေးမည်ဆိုလျှင်လည်း ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောလိုရင်း ဖြစ်ပါသည်။

Friday, August 3, 2012

Philadelphia စမ်းသပ်ချက် (အပိုင်း ၇ မှ ၁၂) - (ခင်မမမျိုး)


 (မျှော်လင့်ခြင်းခရီးသည်ကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးစာစုများကိုသာ ဖေါ်ပြမည်ဟု ရည်ရွယ်ရင်းရှိခဲ့ပါသည်။ အခြားသူများရေးသားသော စာများကိုမူ နှစ်သက်လျှင် နှစ်သက်သလို credit ပေး၍ facebook တွင်သာ ဝေမျှခဲ့ပါသည်။ ယခု မခင်မမမျိုး၏ Philadelphia စမ်းသပ်ချက် ဘာသာပြန်ဝတ္ထုကိုမူ နှစ်သက်လွန်း၍သော်လည်းကောင်း၊ ကျွန်တော်ငယ်စဉ်ကတည်းက အလွန်စိတ်ဝင်စားခဲ့သော အကြောင်းအရာဖြစ်သောကြောင့် လည်းကောင်း၊ နောင်ပြန်လည်ဖတ်ရှုချင်သည့်အခါ ရှာမရမည်စိုးသောကြောင့် လည်းကောင်း၊ ကျွန်တော့်ဘလော့လေးသို့ အလည်လာတတ်သော သူငယ်ချင်းများကိုလည်း ဖတ်စေချင်သောကြောင့် လည်းကောင်း၊ အချိန်ကုန်လွန်းသဖြင့် facebook ကို Deactivate လုပ်ကာ အဆက်အသွယ်ဖြတ်ထားသဖြင့် လည်းကောင်း ကျွန်တော်ဘလော့တွင် ကူးယူဖေါ်ပြပါသည်။ မခင်မမမျိုးဘာသာပြန်ဆိုရေးသားသော်လည်း နေ့သစ် Website မှ ကူးယူရရှိသည် ဖြစ်ခြင်းကြောင့် မခင်မမမျိုးနှင့် နေ့သစ် ကို အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်ခင်ဗျား။

တစ်ပိုင်းစီ တစ်ပိုင်းစီ စောင့်ဆိုင်း၍ ဖတ်ရှုရသော ဤဘာသာပြန်ဝတ္ထုကို တစ်ဆက်တစ်စပ်တည်း ဖတ်လိုခြင်းကြောင့် အစမှ အဆုံး အပိုင်း ၁ မှ ၁၂ အထိကို ဆီလျှော်သလို တွဲ၍ တတ်နိုင်သမျှ တစ်ဆက်တည်း တင်လိုက်ပါသည်။)

Philadelphia စမ်းသပ်ချက် (အပိုင်း ၁ မှ ၆) - (ခင်မမမျိုး)


 (မျှော်လင့်ခြင်းခရီးသည်ကို စတင်ဖန်တီးစဉ်က ကိုယ်တိုင်ရေးစာစုများကိုသာ ဖေါ်ပြမည်ဟု ရည်ရွယ်ရင်းရှိခဲ့ပါသည်။ အခြားသူများရေးသားသော စာများကိုမူ နှစ်သက်လျှင် နှစ်သက်သလို credit ပေး၍ facebook တွင်သာ ဝေမျှခဲ့ပါသည်။ ယခု မခင်မမမျိုး၏ Philadelphia စမ်းသပ်ချက် ဘာသာပြန်ဝတ္ထုကိုမူ နှစ်သက်လွန်း၍သော်လည်းကောင်း၊ ကျွန်တော်ငယ်စဉ်ကတည်းက အလွန်စိတ်ဝင်စားခဲ့သော အကြောင်းအရာဖြစ်သောကြောင့် လည်းကောင်း၊ နောင်ပြန်လည်ဖတ်ရှုချင်သည့်အခါ ရှာမရမည်စိုးသောကြောင့် လည်းကောင်း၊ ယခုတလော အလုပ်တာဝန်များ များပြားလွန်းသောကြောင့် post အသစ်မရေးနိုင်သေးခင် ကျွန်တော့်ဘလော့လေးသို့ အလည်လာတတ်သော သူငယ်ချင်းများကိုလည်း ဗဟုသုတအဖြစ် ဖတ်စေချင်သောကြောင့် လည်းကောင်း၊ အချိန်ကုန်လွန်းသဖြင့် facebook ကို Deactivate လုပ်ကာ အားလုံးနှင့် အဆက်အသွယ်ဖြတ်ထားသောကြောင့် facebook တွင် share ၍ မရသဖြင့် လည်းကောင်း ကျွန်တော်ဘလော့တွင် ကူးယူဖေါ်ပြပါသည်။ မခင်မမမျိုးဘာသာပြန်ဆိုရေးသားသော်လည်း နေ့သစ် Website မှ ကူးယူရရှိသည် ဖြစ်ခြင်းကြောင့် မခင်မမမျိုးနှင့် နေ့သစ် ကို အထူးကျေးဇူးတင်စွာဖြင့် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်ခင်ဗျား။

တစ်ပိုင်းစီ တစ်ပိုင်းစီ စောင့်ဆိုင်း၍ ဖတ်ရှုရသော ဤဘာသာပြန်ဝတ္ထုကို တစ်ဆက်တစ်စပ်တည်း ဖတ်လိုခြင်းကြောင့် ယခုအထိ ရရှိသမျှ အပိုင်း ၁ မှ ၁၂ အထိကို ဆီလျှော်သလို တွဲ၍ တတ်နိုင်သမျှ တစ်ဆက်တည်း တင်လိုက်ပါသည်။)

Sunday, July 22, 2012

Facebook မရှိတဲ့ ကမ္ဘာ

ကွန်ပျူတာဆိုတဲ့ ပစ္စည်းက တော်တော်ခက်တယ်ဗျ။ သူက ရည်းစားထားတာနှင့် အလားသဏ္ဌာန် တူတယ်။ တူပုံက ဒီလို။

ရည်းစားဆိုတာ မရှိတုန်းက တစ်ယောက်တည်း ကိုယ့်ဖာသာကိုယ် အဆင်ပြေပြေပါပဲ။ ရည်းစားရှိလာတော့ စိတ်တိုင်းတွေကျပြီး OK နေပြန်ပါရော။ ဒါပေမဲ့ ရည်းစားနဲ့ ပြတ်လည်းသွားရော….. သွားရော…။ အရင်က ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်းနေတာ အကောင်း။ ရည်းစားရှိပြီး ပြတ်သွားတော့မှ လမ်းသွားရင်လည်း လက်က ဘယ်နားထားရမှန်း မသိ။ ခါတိုင်းလို ဆွဲသွားစရာ၊ ကိုင်ထားစရာက မရှိ (လက်ကို ပြောတာ..)။ ပြဿနာက အဲဒီမှာ စတာပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ။ ကိုယ့်ခြေမကြီးပဲ ကိုယ်ကုန်းကိုက်ရတော့မလိုလို….။ ဟတ်ကော့ကြီးဆိုတာ ဒါမျိုးကို ခေါ်တာနေမှာ။

ကွန်ပျူတာ ဆိုသဟာလည်း ဒီလိုပဲဟ။ ကွန်ပျူတာမရှိဘဲ နေတုန်းကလည်း ဘာမှမဖြစ်ပါဘူး။ နေ နေတာပဲ။ အဲဒီ ကွန်ပျူတာနဲ့ အင်တာနက်နဲ့ ပေါင်းလိုက်တော့ ပိုဆိုး..။ အခုတော့ အရင်တုန်းက ကွန်ပျူတာ နဲ့ အင်တာနက် မရှိဘဲ ငါဘယ်လို နေခဲ့ပါလိမ့်လို့ မနည်းပြန်စဉ်းစားနေရတယ်။ အင်တာနက်မရှိဘဲ ကွန်ပျူတာချည်းပဲတောင် အကျင့်က တော်တော်ပျက်တယ်။ စာလေးနည်းနည်းပါးပါး ရေးရပြီဆိုရင် ကွန်ပျူတာကို သတိရတယ်။ ဆရာဦးအောင်သင်းက ပြောဖူးတယ်။ လူတစ်ယောက် လက်ရေးမလှဘူးဆိုတာ သူ့မူလတန်းဆရာမ ညံ့လို့...တဲ့။ ကွန်ပျူတာထဲမှာဆို စာလုံးတွေက ပိုလည်းလှတယ်။ လက်ရေးမလှလည်း အကြောင်းမဟုတ်ဘူး။ ဆရာမလည်း အပြောလွတ်တာပေါ့..…. ကွန်ပျူတာထဲမှာ Font တွေလည်း ပြောင်းလို့ရတယ်။ အရောင်တွေလည်း ပြောင်းလို့ရတယ်။ စာရင်းလေး နည်းနည်းပါးပါး ပေါင်းနှုတ်မြှောက်စား လုပ်ရပြီဆိုရင် ကွန်ပျူတာကို သတိရတယ်။ Excel နဲ့ဆို အရမ်းလွယ်မယ်နော်။

Thursday, June 28, 2012

လမ်း


လမ်း ဆိုသည်ကို ပါဠိဘာသာဖြင့် မဂ် ဟု ခေါ်သည်။ မဂ္ဂင် (၈) ပါးဟူသည့် ဗုဒ္ဓဘာသာဝင်တို့၏ လျှောက်ရမည့် လမ်း (၈) သွယ်ကို ကြားဖူးကြပါလိမ့်မည်။ လမ်း ဆိုသည်မှာ လျှောက်ရမည့်လမ်း၊ လုပ်ရမည့် နည်းလမ်း စသဖြင့် နေ့စဉ်ဘဝထဲတွင် နေရာမျိုးစုံ၊ အသုံးမျိုးစုံဖြင့် မြင်ကြ၊ ကြားကြ၊ ပြောနေကြသည်ပင်။ အဓိကဆိုလိုရင်း အနက်ကတော့ လိုရာရောက်အောင် အသုံးပြုဖို့သာ။ လျှောက်ရမည့်လမ်းဖြစ်စေ၊ ကျင့်သုံးရမည့် နည်းလမ်းဖြစ်စေ လမ်းဆိုသည်နှင့် မှန်ဖို့လိုသည်။ တစ်နည်းအားဖြင့် သမ္မာမဂ္ဂင် ဖြစ်ဖို့ လိုပါလိမ့်မည်။

လျှောက်ရမည့်လမ်းသည် မှန်ကန်သောလမ်း ဖြစ်မှသာ လိုရာခရီးကို ရောက်မည်ဖြစ်သလို ရည်မှန်းချက်တစ်ခုကို အရောက်သွားရာ၌လည်း မှန်ကန်သော နည်းလမ်းကို ကျင့်သုံးဖို့ လိုပါလိမ့်မည်။ ကမ္ဘာ့နိုင်ငံတိုင်း သူ့တို့နည်း သူတို့ဟန်နှင့် ချမ်းသာအောင် လုပ်ကြပါသည်။ သာယာအောင် လုပ်ကြပါသည်။ သို့သော် မဟုတ်မတရားနည်းနှင့် ချမ်းသာအောင် လုပ်သော နိုင်ငံများသည် ငွေကြေးအားဖြင့် ချမ်းသာလာသော်လည်း တိုင်းသူပြည်သားများ၏ အကျင့်စာရိတ္တများ ချွတ်ချုံကျလာခြင်းကို ဘေးထွက်ဆိုးကျိုးအဖြစ် ရလာမည်မှာ မလွဲပါ။

ဥပမာအားဖြင့် တရုတ်နိုင်ငံကို ကြည့်ပါ။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ချမ်းသာသော အင်အားကြီး နိုင်ငံတစ်ခု ဖြစ်ကြောင်း လူတိုင်းသိကြပါသည်။ တစ်ပြိုင်နက်တည်းမှာပင် တရုတ်တို့၏ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်လွန်းသော၊ သိက္ခာမဲ့သည့် နိုင်ငံရေး ပေါ်လစီကိုလည်း တရုတ်၏ ကြွယ်ဝချမ်းသာမှုနှင့် အတူ ရိပ်စားမိကြပါသည်။ ဈေးချိုသော တရုတ်နိုင်ငံမှ ထွက်ကုန်များသည် နိုင်ငံတကာသို့ ပျံ့နှံ့နေသည်မှာ ငြင်းစရာမရှိပါ။ ကျွန်တော့်တို့ နိုင်ငံကဲ့သို့ အင်အားသေးသော နိုင်ငံငယ်များမှ ဆင်းရဲသားလူတန်းစားများအကြားတွင် တရုတ်၏ ဈေးပေါပေါပစ္စည်းများကြောင့် ၂၁ ရာစု နည်းပညာများကို ဈေးချိုချိုနှင့် သုံးနိုင်ကြခြင်းကို ကြံဖန်အကောင်းမြင်ပေးနိုင်ပါသည်။ ရေရှည်တွင်မူ ဤအချိုအချောင်ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများက ဒုက္ခလှလှ ပေးမည် ဖြစ်ပါသည်။

Monday, June 18, 2012

အစွဲ


 အိပ်ပျော်နေတုန်း ဘီလူးစီးတယ်ဆိုတာမျိုး အတော်များများ မကြုံဖူးတောင် ကြားဖူးကြပါလိမ့်မယ်။ အဓိက ကတော့ အိပ်ပျော်တဲ့အခါ ကိုယ်နေဟန်ထား မမှန်မှုကြောင့်ဖြစ်စေ၊ အခြားအကြောင်းတမျိုးမျိုးကြောင့်ဖြစ်စေ၊ နှလုံးကို ဖိထားမိခြင်းလို အကြောင်းမျိုးကြောင့် အိပ်နေတုန်း သတိရသလို မရသလိုနဲ့ တစ်ကိုယ်လုံး လှုပ်မရ အသံမထွက်နဲ့ ချွေးစေးတွေပျံပြီး အတော်အခံရခက်တဲ့ ဝေဒနာမျိုးပါ။ အင်္ဂလိပ်လိုတော့ Sleep Paralysis လို့ ခေါ်ပါတယ်။ အနီးစပ်ဆုံး ပြောရရင်တော့ အိပ်ပျော်နေရာက ရုတ်တရက်နိုးလာပြီး အသိစိတ်ပြန်ဝင်လာပေမဲ့ လှုပ်ရှားမရ ဖြစ်တာမျိုးကို ဘီလူးစီးတယ်လို့ ခေါ်တာပါပဲ။

သရဲခြောက်တယ် ဆိုတာကိုလည်း အမျိုးမျိုးသော လေ့လာချက်တွေ ရှိကြပါတယ်။ ထင်ရှားတဲ့ အယူအဆတစ်ခုကတော့ အသံအောက် အသံလို့ ခေါ်တဲ့ Ultra Low Frequency ကြောင့် ဖြစ်ရတယ်လို့ ဆိုကြတာတွေ ရှိပါတယ်။ လူတစ်ယောက်ရဲ့ နားဟာ ကြိမ်နှုန်း 20Hz ကနေ 20000Hz အတွင်းကိုပဲ ကြားနိုင်စွမ်း ရှိပါတယ်။ 20000Hz အထက် ကြိမ်နှုန်းရှိ အသံမျိုးကို Ultra High Frequency လို့ ခေါ်ပြီး Ultra Sound လို့ လူသိများပါတယ်။ ဆီးကျောက်ခြေတာလိုမျိုး ရောဂါဘယတွေကို ကုသရာမှာ သုံးပါတယ်။

အသံအောက်အသံ (Ultra Low Frequency) ဆိုတာကတော့ လူ့နားနဲ့ မကြားသိနိုင်တဲ့ အလွန်နိမ့်တဲ့ Frequency မျိုးပါပဲ။ 20Hz ထက်နိမ့်တဲ့ အသံပေါ့။ အဲဒီအသံမျိုးကြားရတဲ့အခါ စိတ်မှာ ခြောက်ခြားရုံတင်မက အရိပ်တွေ အကောင်တွေပါ မြင်လာတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီ အသံကြိမ်နှုန်းမျိုးကို Frequency of Fear လို့ ခေါ်ပါတယ်။ တခြားအသံတွေ ရှိနေစဉ်မှာ မသိပေမဲ့ တစ်ယောက်ထဲ ရှိတဲ့အချိန် အရမ်းတိတ်ဆိတ်နေတဲ့ ဝန်းကျင်မျိုးမှာ ဒီအသံမျိုး ထွက်နေတဲ့ အရာတစ်ခုခု (ဥပမာ- ပန်ကာအဟောင်း၊ ကျောက်နံရံထဲမှ ရေစိမ့်ကျခြင်း မျိုး) တွေကနေ ထွက်နေတဲ့ ဒီအသံကို နားက ကြားပါတော့တယ်။ ဒါပေမဲ့ သိနိုင်တဲ့ ကြိမ်နှုန်းမျိုး မဟုတ်တဲ့အတွက် အသံရယ်လို့ မသိပါဘူး။ ဒါပေမဲ့ စိတ်မှာ စတင်ခြောက်ခြားလာပြီး မျက်လုံးထဲမှာ အရိပ်တွေပါ ထင်ယောင်ထင်မှားတွေ ဖြစ်လာပါတော့တယ်လို့ ဆိုပါတယ်။

ကိုယ်တွေ့လေး တစ်ခု ပြောပြပါရစေ။ ကျွန်တော် ၉ တန်းလောက်က ဆိုတော့ ၁၉၉၁ လောက်က ဖြစ်မယ်ထင်တယ်။ အတိအကျကြီးတော့ မမှတ်မိတော့ပါ။ မြောက်ဥက္ကလာ ကြိုးတံတားနားက ရပ်ကွက်သားတွေအခေါ် အလီဘာဘာရပ်ကွက် ဆိုတဲ့ ရတနာကျွန်းရပ်ကွက်ကြီး စ တည်ခါစကပါ။ အဲဒီရပ်ကွက်ကြီး ဘေးက ဖြတ်သွားတာက သုနန္ဒာလမ်းမကြီးပါ။ အဲဒီ လမ်းမကြီးရဲ့ ရေကန်ကြီး ၂ ခု ရှေ့က ကျွန်တော်တို့ အိမ်ပေါ့။ အိမ်က လုံးချင်းသစ်သားအိမ်၊ ပေ ၂၀ x ပေ ၆၀ မြေကွက်ပေါ်မှာ ဆောက်ထားတာ။ ခြံတံခါးနဲ့ အိမ်နဲ့ ၁၅ ပေလောက် ဝေးတယ် ဆိုပါတော့။ အိမ်ရှေ့မှာတော့ ရေချိုးတဲ့ ကျောက်စည်တွေနဲ့ ရေချိုးတဲ့ ကျောက်ပြားကို အိမ်အဝင်လမ်းဘေးမှာ နေရာချထားပါတယ်။

တစ်နေ့ပေါ့ဗျာ။ အမဲအူသုပ် အင်မတန်ကြိုက်တဲ့ ကျွန်တော်ဟာ ညဘက် ၈ နာရီလောက်ကြီး အရင်က ဈ ဈေး (အခုတော့ ရတနာသိင်္ဂီဈေး) မင်းရန်အောင်ရုပ်ရှင်ရုံရှေ့က အမဲအူသုပ်ဆိုင်မှာ သွားအားပေးပါတယ်။ စက်ဘီးလေးနဲ့ ပေါ့။ အဲဒီ အချိန်တုန်းက အီလက်ထရွန်းနစ်ပညာရပ်ကို စပြီး စိတ်ဝင်စားနေချိန်ပါ။ ကျွန်တော့် စက်ဘီးရဲ့ စက်ဘီးမီးက သူများလို ဒိုင်နမိုနဲ့ မဟုတ်ဘူးဗျ။ ဘတ္ထရီခြောက်လို့ ခေါ်တဲ့ Dry Battery နဲ့ ထွန်းထားတာဆိုတော့ ညဘက်မှောင်နေတဲ့အချိန် မီးထိုးထားရင် ဆိုင်ကယ်မီးနီးနီး လင်းတယ်ဗျ။ ငယ်ကလည်း ငယ်သေးတော့ အဲဒါကိုပဲ ကျွန်တော်က ဂုဏ်ယူမဆုံး လုပ်နေတော့တာ။ ပြဿနာက အဲဒီက စ ပါတယ်။

 ဈေးကအပြန်ကျတော့ ခေမာသီလမ်းမကြီးနဲ့ အမှတ် ၃ လမ်းမကြီးဆုံရာ ကန်သာယာနားအရောက်မှာ ကျွန်တော့် စိတ်က ပြောင်းသွားပါတယ်။ ပုံမှန်အတိုင်း ခေမာသီလမ်းကနေ ဆက်နင်းသွားရင်လည်း အိမ်ကို ရောက်ပါတယ်။ ခေမာသီလမ်းက လူလည်းစည်ပါတယ်။ အမှတ် ၃ လမ်းမကြီး အတိုင်း ဆက်သွားပြီး သုနန္ဒာလမ်းနဲ့ ဆုံတဲ့နေရာကနေ ကွေ့သွားရင်လည်း အိမ်ကို ရောက်တာပါပဲ။ ဒါပေမဲ့ လူပြတ်ပါတယ်။ မီးလည်း ပြတ်ပါတယ်။ အဲဒီမှာ ကျွန်တော့်စက်ဘီးမီးကို စမ်းချင်တဲ့ ရောဂါက ထ လာပါတယ်။ မှောင်မှောင်ထဲမှာ ဆိုရင် ဘယ်လောက်ဝေးဝေး လင်းသလဲပေါ့လေ။ ယားတာပေါ့။

အဲဒါနဲ့ မှောင်တဲ့လမ်းကို ရွေးလိုက်တယ် ဆိုပါတော့။ နင်းလာလိုက်တာ အစမှာ ပြောခဲ့တဲ့ အလီဘာဘာရပ်ကွက်နား ရောက်လာပါရော။ အဲဒီရပ်ကွက်က အိမ်တွေ တစ်လုံးစ၊ နှစ်လုံးစ ဆောက်နေကြတဲ့ အချိန်ပေါ့။ မှောင်ထဲမှာ တစ်ဝက်တစ်ပျက် ခြံစည်းရိုးတွေ၊ ငုတ်တွေ ခြုံပင်တွေ ဟိုတစ်စ၊ ဒီတစ်စ တွေ့နေရတယ်။ အဲဒီနားက အရင်က ဓနိတောတွေပဲ ရှိခဲ့တာဗျ။ အတွဲတွေ ချိန်းတွေ့ကြရင်း ကောင်လေးကို ရိုက်၊ ကောင်မလေးကို ဘာညာလုပ်ပြီး စက်ဘီးလု လူသတ်မှုတွေ ဖြစ်ခဲ့ဖူးတဲ့ နေရာပေါ့ဗျာ။ ပြီးတော့ အဲဒီနားက ဥစ္စာစောင့်တွေဘာတွေ ရှိတယ်လို့ နာမည်ကြီးတဲ့ ဘုရားဖြူလေးတစ်ဆူ ရှိသေးတယ်။ အမှောင်ထဲမှာ စက်ဘီးမီးလေး ဖွေးနေတာကို ကြည့်ရင်း အားရနေတဲ့ ကျွန်တော် အဲဒီနားရောက်တော့ ခေါင်းနည်းနည်းကြီးသွားတယ် ထင်တာပါပဲ။ ကြက်သည်းလည်း ထ သွားပါတယ်။ ဒါပေမဲ့ သိပ်အဆိုးကြီး မဟုတ်တော့ စိတ်ထင်တာပဲဆိုပြီး မှန်မှန်ပဲ ဆက်နင်းလာခဲ့ပါတယ်။

ဘဝမှာ အဲဒီအချိန်အထိ သရဲခြောက်မခံရဘူးသေးတော့လည်း ကြောက်ရကောင်းမှန်း သိဘူးပေါ့ဗျာ။ ကြားဖြတ်ပြီး ဗဟုသုတပြောရရင် တစ္ဆေသရဲတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုဟာ နူးညံ့ပေါ့ပါးလွန်းလို့ ဝါဂွမ်းများလိုပဲ လွင့်မျောနိုင်တဲ့အပြင် Static Electricity လို့ခေါ်တဲ့ တည်ငြိမ်လျှပ်စစ်ဓါတ် ရှိသတဲ့။ အဲဒါကြောင့် သူတို့ အနားကပ်လာရင် ကျက်သည်းထတာတို့ ခေါင်းမွှေးထောင်တာတို့ ဖြစ်တာတဲ့ဗျ။ လျှပ်စစ်နဲ့ မနီးစပ်သူတွေကို ပြောပြရမယ်ဆိုရင် တည်ငြိမ်လျှပ်စစ်ဆိုတာ ငယ်ငယ်တုန်းက ကျောင်းမှာ ပလတ်စတစ်ပေတံကို ခေါင်းနဲ့ပွတ်ပြီး ကွေးလိုက်ရင် စက္ကူစလေးတွေကို ဆွဲတာမျိုး ဆော့ဖူးကြတယ်မို့လား။ အဲဒါ Static Electricity ပါပဲ။

အိမ်ပြန်ရောက်တော့ စက်ဘီးလေး အိမ်ပေါ်တင်၊ အမေဆူမှာစိုးလို့ ခြေထောက်ကို ဝတ္တရားကျေ ရေနည်းနည်းဆေးပြီး ကျွန်တော့်အခန်းထဲ တန်းဝင်သွားလိုက်ပါတယ်။ ကျွန်တော့်အခန်းနဲ့ အဖေအမေတို့ အခန်းနဲ့က ကပ်ရက်ပါ။ ဒါပေမဲ့ အမေတို့ အခန်းက ကျယ်ပါတယ်။ အမေတို့ အိပ်ယာက တစ်ဘက်ခြမ်းကို ကပ်ထားတာဆိုတော့ ကျွန်တော်နဲ့ အခန်းချင်းကပ်နေပေမဲ့ လှမ်းခေါ်ချင်ရင် တော်တော်ကျယ်ကျယ် အော်မှ ရတာဗျ။ ထားပါတော့ဗျာ။ ပါးစပ်မဆေးဘာမဆေးနဲ့ အခန်းထဲဝင်၊ ခြင်ထောင်ချ၊ ခေါင်းရင်းက ကြိုးဆွဲမီးလေးနဲ့ စာနည်းနည်းဖတ်လိုက်သေးတယ်။ ကျွန်တော်က စာဖတ်ဝါသနာပါတော့ အိပ်ခါနီး စာဖတ်တတ်တယ်ဗျ။ ပြီးတော့ မီးပိတ်ပြီး အိပ်ပါရော။
အိပ်လို့ ပျော်လုပျော်ခင်လေးမှာ…. ရုတ်တရက်… ခြေမကို လက်နဲ့ ကိုင်လှုပ်လိုက်တာဗျ။ အသိသာကြီးဗျာ။ အိပ်ပျော်မလို့ဟာ… နိုးသွားတာပေါ့။ တစ်ယောက်ယောက်က ကြည့်နေသလို ခံစားရတာနဲ့ မျက်လုံးဖွင့်ပြီး ကုတင်ခြေရင်းဘက်ကို ကြည့်လိုက်မိတယ်။

ညဘက်မီးပိတ်ထားပေမဲ့ တစ်အောင့်လောက်ကြာတာနဲ့ မျက်လုံးက အမှောင်ထဲမှာ ကျင့်သားရသွားတာပါပဲ…။ မြင်ရတာကတော့ သွေးပျက်စရာပါ။ ကောင်မလေးတစ်ယောက်ဗျ။ ဆံပင်က အရမ်းအရှည်ကြီး မဟုတ်ဘူး။ ဝတ်ထားတာ ယောကျင်္ားလေး ရှပ်အင်္ကျီအဖြူရောင် ထင်တာပဲ။ သူက ဘာမှ ပြူးတူးပြဲတဲ လုပ်ပြတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ဗျာ…. မျက်လုံးကို မမြင်ရပေမဲ့ ကျွန်တော့်ကို စိုက်ကြည့်နေတာတော့ အသေအချာပါ။ ဘာပြောကောင်းမလဲ… သတ္တိခဲ ကျွန်တော် ကြုံးအော်တာပေါ့… ဒါပေမဲ့ အသံက ထွက်မလာပါဘူး…၊ တစ်ကိုယ်လုံးလည်း လှုပ်လို့ မရပါဘူး..။ စိတ်ထင် တစ်မိနစ်ကျော်ကျော်လောက် ကြာမယ်ထင်တယ်။ အဲဒီအတိုင်းကြီး ဖြစ်နေတာ။ အဲဒီ တစ်မိနစ်က တစ်ကမ္ဘာလောက် ကြာတဲ့ တစ်မိနစ်ခင်ဗျ။

တစ်မိနစ်ကျော်လောက်ကြာတော့ ကျွန်တော်နည်းနည်း သတိဝင်လာပါတယ်။ အဲဒါနဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းရွတ်ဖို့ ကြိုးစားပါတယ်။ အသံက မထွက်တော့ စိတ်နဲ့ ရွတ်ဖို့ ကြိုးစားပါတယ်။ စိတ်နဲ့တောင် အစ တစ်ချက် ဆိုဖို့ တော်တော်ကြိုးစားရပါတယ်။ နောက်တော့ စပြီး ရွတ်ဆိုပါတယ်။ စိတ်နဲ့ပဲ စည်းချရပါတယ်။ ၂၄ ပစ္စည်း စည်းချတာတော့ သိမှာပါနော်။ ကိုယ့်ခန္ဓာကိုယ်ကို အရင် လွှမ်းခြုံပြီး ရွတ်ရပါတယ်။ ပြီးတော့မှ တစ်ဆင့်တစ်ဆင့် အပြင်ကို ကား ကား သွားရတာပေါ့။ ပဋ္ဌာန်း တစ်ခေါက် ရွတ်ဆိုပြီးချိန်မှပဲ သူကျွန်တော်နဲ့ နည်းနည်းဝေးဝေးကို ရောက်သွားပါတယ်။ လမ်းလျှောက်သွားတာ မဟုတ်ပါ။ ကျွန်တော် အားတက်ပြီး ဆက်ရွတ်ပါတယ်။ အံ့သြစရာ တစ်ခုက အိမ်ရဲ့ အခန်းကန့်ထားတဲ့ နံရံတွေကြောင့် မြင်ကွင်းကွယ်မသွားဘဲ ဆက်မြင်နေရသလို ဖြစ်နေတာပါ။ နောက်ဆုံး သူခြံတံခါးအပြင်ကို ရောက်သွားပါတယ်။ ခြံတံခါး အပြင်ကနေ ကြည့်နေသေးတယ်ဗျ။ ပြီးတော့ သူ ရယ်လိုက်သလား… ဘယ်လို အက်ရှင်မျိုးလို့ ဝေခွဲမရနိုင်တဲ့ အမူအယာတစ်မျိုးလုပ်ပြီး သူပျောက်သွားပါတယ်။

သူပျောက်သွားတာနဲ့ ကျွန်တော့်ပါးစပ်က ပဋ္ဌာန်း ရွတ်ဆိုသံ ရုတ်တရက် ထွက်သွားသလို လက်တွေခြေတွေ စ လှုပ်လို့ ရသွားပါတယ်။ အဲဒီနောက်တော့ မောဟိုက်ပြီး ချွေးတွေနဲ့ ရွှဲနစ်နေတဲ့ ကျွန်တော်ဟာ ခေါင်းရင်းက ကြိုးဆွဲမီးကို တုန်တုန်ယင်ယင်နဲ့ ဆွဲဖွင့်လိုက်ပါတော့တယ်။ မီးလင်းသွားတော့ နည်းနည်းနေသာထိုင်သာ ရှိသွားပေမဲ့ အာခေါင်တွေ ခြောက်နေတော့တာမို့ အခန်းအပြင်က သောက်ရေအိုးဆီသွား၊ ရေတစ်ခွက် ခပ်သောက်ပြီးမှ အကြောက်နည်းနည်း ပြေသွားပါတယ်။ အကြောက်ပြေသွားတော့ အေးအေးမနေသေးပါဘူး။ အိမ်ရှေ့မှန်တံခါးကနေ ခြံစည်းရိုးတံခါးဆီကို ချောင်းကြည့်လိုက်ပါသေးတယ်။ ပါးစပ်ကို ရေနဲ့ဆေး၊ ဘုရားရှိခိုးပြီးတော့ ပြန်ဝင်အိပ်ပေမဲ့ မရတော့ပါဘူး။

စာဖတ်ပြီး အခန်းထဲ ကျီးကြည့်ကြောင်ကြည့် ဟိုကြည့်ဒီကြည့်နဲ့ မနက် ၃ နာရီလောက်မှ အိပ်ပျော်သွားပါတော့တယ်။ မနက်ကျတော့ အိပ်ယာက တော်တော်နဲ့ မနိုးတဲ့ ကျွန်တော့်ကို အမေက လာနှိုးရင်း ဟဲ့သား…အိပ်လှချည်လား ဆိုတော့မှ ညက အဖြစ်ကို ပြန်ပြောပြရပါတယ်။ အဖေနဲ့ အမေက သားရယ်.. နှိုးလိုက်ရောပေါ့…. ဆိုပေမဲ့ အဲဒီအချိန်က နှိုးဖို့ နေနေသာသာဗျာ…။ အခုထိ ပြန်တွေးရင်တောင် အဲဒီခံစားမှုကို လတ်လတ်ဆတ်ဆတ်ကြီး လိုပဲ။ မကြောက်တဲ့အပြင် လန့်တောင်လန့်သေး ဆိုတာမျိုးပေါ့။ ဘာမှ ဆိုးဆိုးရွားရွား လုပ်မပြသွားတာပဲ မယ်မင်းကြီးမကို ကျေးဇူးတင်နေရပါတယ်။

ကျနော်အခု ပြောပြတာကို ယူဆချင်သလို ယူဆနိုင်ပါတယ်။  ဒါမျိုးက ကိုယ်တိုင် ကြုံလိုက်ရပေမဲ့ အခြားတစ်ယောက်ကို ပြန်ပြောပြတဲ့အခါ ယုတ္တိကျကျ ပြောဖို့ ခက်ပါတယ်။ ဟိုလို မဖြစ်နိုင်ဘူးလား၊ ဒီလို မဖြစ်နိုင်ဘူးလားဆိုလည်း ဘယ်လို ပြောရမှန်း မသိပါဘူး။ ဒါကြောင့် Sleep Paralysis လို့ ပြောပြော၊ Ultra Low Frequency လို့ ဆိုဆို ကျနော် မငြင်းပါဘူး။ ကျွန်တော်ကတော့ အိပ်မက်မဟုတ်ဘူးလို့ အခုထိယုံကြည်ဆဲပါ။

နောက်တစ်ခုကတော့ ဘာသာရေး ရှုထောင့်ပါ။

ဗုဒ္ဓဘာသာအရ ၃၁ ဘုံမှာ ပြိတ္တာဘုံဆိုတာ စွဲလန်းစိတ်နဲ့ သေသူတို့ရဲ့ ဘုံဘဝတစ်ခုပေါ့။ ဘာတွေကို စွဲသလဲဆိုတော့ စွဲလန်းစရာတွေက များမှများပေါ့။ အစိမ်းသေ သေလို့ သရဲ (ပြိတ္တာ) ဖြစ်တယ်လို့ ဆိုသူတွေက ဆိုတယ်။ အမှန်တော့ အစိမ်းသေ သေလို့ မဟုတ်ပါ။ အစိမ်းသေ ဆိုတာ သူတစ်ပါးလက်ချက် သို့မဟုတ် မတော်တဆမှုတစ်ခုကြောင့် ရုတ်တရက် သေသွားတာမျိုးပေါ့။ ကြောက်လန့်စိတ်နဲ့ သေတော့ ငရဲ၊ စွဲလန်းစိတ်တွေနဲ့ သေတော့ ပြိတ္တာဖြစ်ရရှာတာပါပဲ။ ရုတ်တရက် မတော်တဆမှုနဲ့သေသူ၊ သူတစ်ပါးသတ်လို့ သေတဲ့သူတွေဆိုတာ နှလုံးသွင်းမှန်မှန်နဲ့ သေဖို့ အခက်သားပဲလေ။ အဲဒီတော့လည်း မကောင်းတဲ့ ဘုံဘဝရောက်ဖို့ အကြောင်းများပေတာပေါ့။ ဒါပေမဲ့ အစိမ်းသေသေတိုင်း သရဲမဖြစ်ပါဘူး။ ဖြစ်ဖို့များတယ်လို့သာ ပြောလို့ရမှာပါ။

ဘုရားဟောမှာ ပေတဝတ္ထုဆိုတာ အထင်အရှား ရှိတာမို့ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ သရဲတစ္ဆေကို မယုံစရာမရှိပါ။

ဗုဒ္ဓဘာသာဝင် ဆိုတာ ဗုဒ္ဓရဲ့ အဆုံးအမတွေအတိုင်း လိုက်နာကျင့်ကြံသူကို ခေါ်တာပါ။ လိုက်နာကျင့်ကြံဖို့ဆိုရင် သိဖို့လိုတာပေါ့။ သိဖို့ဆိုရင် လေ့လာဖို့ လိုတာပေါ့။ အသက်အရွယ်၊ အချိန်အခါ၊ အတွေ့အကြုံအရ ရင့်ကျက်လာသည်နှင့်အမျှ ပိုပိုပြီး သိလာရမှာပေါ့။ သိလာသည်နှင့်အမျှ အေးချမ်းလာရမှာပေါ့။ မြတ်စွာဘုရားက ဟောခဲ့တယ်။ ကာလာမသုတ္တန်မှာ ဘယ်သူပြောပြော၊ ဘယ်ထဲပါပါ၊ ဘယ်လိုဖြစ်ဖြစ် စဉ်းစားချင့်ချိန်ပြီး ယုံရမယ်လို့ အတိအကျဟောခဲ့တယ်။ ပြီးတော့ ဓမ္မသည်ပင် စွဲလန်းဖက်တွယ်ရာမဟုတ်၊ ဖေါင်ကဲ့သို့ သဘောထားရမယ်လို့ ဆိုတယ်။ ဓမ္မသည်ပင် ဖက်တွယ်စွဲလန်းရာ မဟုတ်ရင် အဓမ္မအတွက်တော့ ဆိုဖွယ်ရာမရှိလို့ ဟောကြားခဲ့တာ အထင်အရှားပါ။

တကယ့်လက်တွေ့မှာတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အများစုမှာ ဗုဒ္ဓဝါဒမဟုတ်တာတွေ ရောပြွန်းရှုပ်ထွေး ကိုးကွယ်နေသူတွေ ဒု နဲ့ ဒေး။ အယုံလွယ်လိုက်ကြတာလည်း များမှများ။ အချို့နေရာတွေမှာဆို ဗုဒ္ဓဘာသာဟာ နာမည်ပဲကျန်တယ်။ ယုံကြည်လက်ခံနေတာတွေက ဗုဒ္ဓဘာသာနဲ့ လားလားမှ မအပ်စပ်တဲ့ ကိစ္စတွေ။ သေပြီးသား အလောင်းကောင်ကြီးကို သရဏဂုံ တင်လို့ မရဘူး၊ သေပြီးရင် သရဏဂုံ အလိုအလျောက် ပျက်ပါတယ်လို့ ဘုရားဟောအတိုင်း ပြောမိတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်တွေကို တိုက်ခိုက်ပါတယ်လို့ အပြောခံရတယ်။ ဒါဆို ဘုန်းကြီးတွေက ဘာလို့ လုပ်ပေးနေသလဲလို့ စောဒက တက်ကြဦးမယ်။ တချို့ အယူအဆတွေက ရိုးရာယုံကြည်မှုတွေ၊ အလေ့အထတွေလို ဖြစ်နေတော့ ပြောပြလည်း သိပ်အကျိုးမထူးတဲ့ ကိစ္စတွေ။

 ပြီးတော့ ဗုဒ္ဓဘာသာမှာ အဓိကအလုပ်ကြီးတွေ ရှိတယ်။ အဲဒီတော့ သိပ်အရေးမကြီးတဲ့ ဓလေ့ထုံးစံတွေကို ပြဿနာအကြီးကြီးတွေ လုပ်ပြီး အချိန်ကုန်မခံတော့တာလည်း ပါမှာပေါ့ဗျာ။ လုပ်ပေးလိုက်လို့ ဘာမှ အပန်းမကြီး၊ ထွေထွေထူးထူး အကျိုးယုတ်စရာမရှိတော့လည်း အရေးအရာလုပ်ပြီး ပုံကြီးချဲ့မနေတော့တာလို့ဆိုရင် မမှားပါဘူး။ ဓလေ့ထုံးစံတွေ၊ ရိုးရာယဉ်ကျေးမှုတွေ၊ ဘာသာရေးအဆုံးအမတွေ ဆိုတာ ရောရောနှောနှော ဖြစ်ဖို့ အင်မတန်လွယ်တာလားဗျာ။ အဖေတို့ အမေတို့က ကိုးကွယ်ဆိုလို့ ကိုးကွယ်၊ ယုံကြည်ဆိုလို့ ယုံကြည် ဆိုတဲ့ မိရိုးဖလာသမားတွေက အများသားကိုး။ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုဟာ လူမျိုးရေး ထုံးစံလား၊ ဘာသာရေး ထုံးစံလား မကွဲတော့ဘူး။ ကွဲကွဲပြားပြား သိအောင်လည်း အားမထုတ်ဘူး။ သိရကောင်းမှန်းလည်း မသိဘူး ဆိုတော့ သူတို့က မွေးလာတဲ့ မျိုးဆက်ကလည်း ဒီအတိုင်းပဲ ခရီးဆက်ပါတယ်။

ဘာသာရေးအဆုံးအမနဲ့ လူမျိုးဓလေ့ထုံးစံကို မကွဲပြားသူတွေ၊ ဘာသာနဲ့ လူမျိုး အတူတူပဲ ထင်နေသူတွေ ရိုက်သတ်လို့ မကုန်ပါဗျာ။

 စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ဟာ တစ်ဆက်တစ်စပ်တည်း နီးပါး ဖြစ်ပါတယ်။ ဒါကြောင့် ဝိဉာဉ်ဘဝနဲ့ ၇ ရက် လျှောက်သွားနေတယ်ဆိုတာ မရှိပါဘူးလို့ ပြောမိတယ်။ ရန်လုပ်ခံရပါတယ်။ ဝိသုဒ္ဓိမဂ်မှာ သံဃာတော်တွေကို လူတွေအနေနဲ့ မဝေဖန်သင့်ဘူး ဆိုတဲ့ အကြောင်းပါတယ်လို့ ပြောမိတယ်။ အကြောင်းမဲ့ အခွင့်ထူးခံအနေနဲ့ မဝေဖန်ရဘူးလို့ ဟောတာမဟုတ်။ သာမာန်လူရဲ့ ဉာဏ်နဲ့ အရိယာရဲ့သဘောကို သိဖို့မလွယ်။ သီလရှိသူကို ပြစ်မှားစော်ကားမိရင် သီလရင့်ကျက်ရင် ရင့်ကျက်သလောက် ကိုယ့်မှာ အကုသိုလ် မဖြစ်ပေဘူးလား။ အရိယာပုဂ္ဂိုလ်ကို ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ စော်ကားမော်ကား ပြောမိလို့ မဂ်တားဖိုလ်တား အကုသိုလ်ကြီးတွေ ဖြစ်ကုန်မယ်ဆိုရင် သံသရာနဲ့ချီပြီး အကျိုးမနည်းပေဘူးလား။

သို့သော် အလ္လဇီလို့ ကျိန်းသေပေါက် ပြောနိုင်သိနိုင်ရင်တော့ ပြဿနာ မရှိပါဘူး။ ကျနော်တော့ ဒီလိုပဲ ယုံကြည်ပါတယ်။ အလ္လဇီ ဒုဿီလကိုတော့ မျက်စိမှိတ် ကိုးကွယ်ရအောင် ဗုဒ္ဓဘာသာဟာ အကန်းဘာသာမှ မဟုတ်ဘဲဗျာ။ အလ္လဇီကို ကိုးကွယ်မိရင် ကိုးကွယ်တာရဲ့နောက်မှာ ယုံကြည်တာ ပါ ပါတယ်။ ယုံကြည်တာရဲ့ နောက်မှာ လုပ်ဆောင်မှု ပါ ပါတယ်။ အလ္လဇီက ခိုင်းတာကို ယုံယုံကြည်ကြည်နဲ့ လုပ်မိရင်လည်း သံသရာနဲ့ ချီပြီး အကျိုးနည်းဖို့ ရှိပါတယ် ဆိုတာလေးတော့ သတိပြုရပါလိမ့်မယ်။ အဓိက က တော့ အစွန်း ၂ ပါးကို ရှောင်ရင်း ကြိုးစားလေ့လာ ဉာဏ်ရင့်သန်လာအောင် လုပ်ကြရမှာပါ။ စာရဲ့ ရည်ရွယ်ရင်း ပျောက်မှာစိုးလို့ လိုရင်းပဲ ချုံ့ပြောပါ့မယ်။

လူတွေကို ဒါပေမဲ့ ဒါမျိုးတွေ ပြောပြတဲ့အခါ ငြင်းဖို့ခုန်ဖို့ အပေါက်အစပ်ဆွဲ ရန်စခံရတာ များပါတယ်။ သေသေချာချာ လေ့လာကြသလားဆိုတော့ မလေ့လာပါ။ ကြားဘူးနားဝတွေ၊ ဘကြီးဘုန်းကြီး ပြောတာတွေကို ဘုရားဟောထက် ပိုပြီး အလေးအမြတ်ပြုနေတာတွေ များလှပါတယ်။ သွားပြောမိတဲ့ ကျွန်တော့်အပြစ်ပါပဲ။

အစွဲတကားအစွဲထဲမှာ ဘာသာစွဲ၊ လူမျိုးစွဲက အဆိုးဆုံး ဖြစ်မယ်ထင်တယ်။ သေသေချာချာ သိအောင်၊ နားလည်အောင် ကြိုးစားပြီး မျက်ကန်းကိုးကွယ်မှုမျိုး နဲ့ မျက်ကန်းမျိုးချစ်တွေ မဖြစ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။ ကိုးကွယ်မှု သံသယတွေကို ရှင်းရှင်းလင်းလင်း သိသွားပြီး ဖြေရှင်းနိုင်သွားတဲ့အခါကျမှ သဒ္ဓါစင်ကြယ်ပါတယ်။ စင်ကြယ်တဲ့သဒ္ဓါ ရှိပြီဆိုရင် လိုက်နာကျင့်ကြံဖို့သာ လိုပါတော့တယ်။ သေသေချာချာသိပြီး အကြောင်းအကျိုးနဲ့တကွ ကွဲကွဲပြားပြား နားလည်ယုံကြည်လိုက်နာသူဟာ အစွန်းရောက်သူ မဖြစ်နိုင်ပါဘူး။ ဘာသာတရားကိုင်းရှိုင်းတာနဲ့ အစွန်းရောက်တာဟာ မတူပါဘူး။ ဗုဒ္ဓဘာသာဟာ မစ္ဇျိမဋိပဒါ အလယ်အလတ်လမ်းစဉ် ကိုသာ ကျင့်စဉ်အမှန်လို့ သတ်မှတ်ထားတဲ့ ဘာသာပါ။ ဗုဒ္ဓဘာသာမှန်ရင် အစွန်းမရောက်ပါဘူး။ အစွန်းရောက်ရင်လည်း ဗုဒ္ဓဘာသာ မဟုတ်ပါဘူး။ ဗုဒ္ဓရဲ့ တရားတွေဟာ ဘာသာဝင်တံဆိပ် ဘာတံဆိပ်ဖြစ်နေနေ အကြာင်းမဟုတ်ပါဘူး။ တရားရဲ့ သဘောက မပြောင်းလဲသွားပါဘူး။ လိုက်နာနိုင်ရင် လိုက်နာနိုင်သလောက် အကျိုးများမှာပါပဲ။

အဲဒီလိုမှ မဟုတ်ဘဲ မျက်ကန်းအစွဲအလန်းတွေနဲ့ ဘဝတစ်ခုပြီးသွားမယ်ဆိုရင်တော့ အပါယ်ကို ရောက်သွားဖို့ များပါတယ်။ ပြိတ္တာဘဝက တကယ်တော့ သနားစရာပါ။ ကျွန်တော့်ဆီ လာလည်သွားဖူးတဲ့ ပြိတ္တာမလေးဟာ အစွဲတစ်ခုခုနဲ့ သေသွားခဲ့ရရှာပြီး အဲဒီဘဝရောက်သွားတာ ဖြစ်မှာပါပဲ။ တစ်ခုခု အကူအညီလိုလို့လည်း ဖြစ်ချင်ဖြစ်မှာပါ။ အပ္ပါယ်ဘုံသားတွေဆိုတာက အမြဲဒုက္ခဆင်းရဲတွေ ခံစားနေကြရတာ မဟုတ်လားလေ။ အခုလောက်ဆိုရင်တော့ ကျွတ်လွတ်သွားပြီလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွတ်လွတ်သွားပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်။

ဒါပေမဲ့ ကြောက်စိတ်ဆိုတာ ဒေါသစိတ်တစ်မျိုးပဲမို့ ဒေါသမကင်းသော ကျွန်တော်တို့လို သတ္တိခဲတွေကတော့……

အင်း…….ကြောက်ဖို့လောက်သာ သတိရတာပါပဲ…….  သြော်… အစွဲ…အစွဲ………..  

(မြင်အပ်၊ မမြင်အပ် နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ....။)
(တွေ့ခဲ့ဖူးသော သရဲမလေးအား သတိရသောအားဖြင့် ကြောက်ကြောက်နှင့်ရေးသည်။)

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။) 

Tuesday, June 12, 2012

မအောင့်နိုင်၍ ရေးမိသည်....


အငြင်းအခုန်လုပ်ရန် ဝန်လေးလှသော ကျွန်တော်သည် ကျွန်တော့်ဘလော့တွင် ဘာသာရေးနှင့် နိုင်ငံရေးကို တတ်နိုင်သရွေ့ လက်ရှောင်ရေးတတ်ပါသည်။ ဤကိစ္စများနှင့် ပတ်သက်၍ ပြောချင်တာရှိလျှင် facebook တွင် သူများရေးပြီးသားကို share တာ လောက်သာ လုပ်လေ့ရှိပါသည်။ facebook နှင့် blog က သဘာဝချင်း မတူတာတွေရှိသည်။ facebook မှာက ကိုယ်ခံစားမိသမျှ၊ စိတ်ထဲရှိသမျှ၊ အရေးပါပါ မပါပါ ဖြစ်ချင်ရာဖြစ် ရေးနိုင်သည်။ အရည်မရ အဖတ်မရများ တိုတိုထွာထွာ ရေးချင်ရာရေးလို့ ရသည်။ facebook အသုံးပြုသူ အများစုကလည်း စာရှည်၊ စာလေးလျှင် သိပ်ဖတ်ချင်သည် မဟုတ်။ ဓါတ်ပုံကြည့်၊ Comment ရေး၊ Share လုပ်လိုက်၊ like နှိပ်လိုက်လောက် လုပ်သူက အများစုဖြစ်သည်။ ပြီးတော့ facebook account ပိုင်ရှင်၏ ကိုယ်ပိုင် စာမျက်နှာ ဖြစ်သည်။ ဝင်ကြည့်ဖို့ တိုက်တွန်းရန်မလိုသလို မကျေနပ်လျှင် ဝင်မကြည့်နှင့်ပေါ့ဟု ပြောနိုင်သည်။ သူ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်ပေကိုး။ သူတစ်ပါး facebook စာမျက်နှာပေါ်တက်ပြီး စော်ကားမော်ကား ပေါက်လွတ်ပဲစား ပြောသူများကို block လုပ်ပစ်လိုက်လို့ ရသည်။ အမှိုက်ရှင်းရတာ လွယ်သည်။

ဘလော့ရဲ့ သဘောက facebook နှင့် မတူ။ ပိုက်ဆံမရသော်ငြား တာဝန်ယူမှု ရှိရသည်။ သူက စာအုပ်ထုတ်သည့်သဘောနှင့် သိပ်ကွာသည်မဟုတ်။ သီးသန့် ကန့်သတ်၍ရသည့် လုပ်ဆောင်ချက်များ ရှိသော်လည်း ဘလော့ရဲ့ သဘောသဘာဝကိုက အများဖတ်နိုင် ကြည့်နိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။ ဘလော့ရေးဖို့ ဝါသနာပါသော်လည်း အငြင်းအခုန်များကို ရှောင်ရှားဖို့ရာ နိုင်ငံရေးနှင့် ဘာသာရေးကို တတ်နိုင်သမျှ လက်ရှောင်ခြင်းဖြစ်သည်။ ကျွန်တော်ပြောသည့် နိုင်ငံရေးမှာ အတိုက်အခံသဘောကိုသာ ပြောခြင်းဖြစ်လျက် လူမှုနိုင်ငံရေး၏ သဘောသဘာဝကိုတော့ ဘယ်လိုမှ ရှောင်ဖို့မဖြစ်နိုင်ပါ။ လူဆိုသည်က နိုင်ငံရေးနှင့် ကင်း၍ မရ။ စား၊ ဝတ်၊ နေရေးတည်းဟူသော တို့တာဝန်အရေးသုံးပါး စစ်စစ်ကြီး ကိုယ်၌က နိုင်ငံရေးပင်တည်း။ အသို့လျှင် ရှောင်၍ ရအံ့နည်း။

ယခုလောလောဆယ် လက်မရှောင်နိုင်ဘဲ လက်ယားလာသည့် အရေးကိစ္စက ရခိုင်ပြည်နယ်သို့ ဝင်ရောက်နေထိုင်နေသော ဘင်္ဂါလီများ၏ လူပါးဝမှု ဖြစ်သည်။ တွေးလေတွေးလေ ဒေါသဖြစ်ရလေ ဖြစ်သည်။ ဤကိစ္စကို အတိုချုံး၍ မှတ်သားထားချင်သည်။ မေ့သွား၍ မဖြစ်သလို နောင်မျိုးဆက်များကို ပြောပြရာ၌ တတ်နိုင်သမျှ တိကျချင်သည်။ မှတ်ဉာဏ်ဆိုတာက အမြဲစိတ်ချရသည်မဟုတ်။

Friday, May 25, 2012

အကြိုက်တူ သူငယ်ချင်းတွေအတွက်

 

အတီးအခတ် ကောင်းကောင်းလေးတွေဆို နှစ်သက်တတ်တဲ့ သူငယ်ချင်းတွေ ကြည့်ရှုနားသောတ ဆင်ကြဖို့ပေါ့။ Dire Straits ရဲ့ Walk of Life သီချင်းလေးပါ။ Walk of Life Version တွေ အများကြီးထဲမှာ ဒီ Live Show ကတော့ အကြိုက်ဆုံးပါပဲ။ ၁၉၉၃ ခုနှစ်က ဆိုခဲ့တာဆိုတော့ ဒိတ်အောက်နေပြီလို့ ဆိုချင်လည်း ဆိုပေတော့...။

Sunday, May 20, 2012

သရဲတစ်ကောင်ရဲ့ပုံတူ

  ကျွန်တော် ငယ်ငယ်က နွေရာသီ ကျောင်းပိတ်တဲ့အခါတိုင်း အဖေနဲ့ အမေက ကျွန်တော့်ကို အအားမထားပါ။ လူဆိုသည်က အားလျှင်ယားသော အမျိုးဖြစ်သည်။ မြန်မာစကား အားအားယားယားဆိုတာ အကြောင်းမဲ့ ပေါ်လာခြင်းတော့ မဟုတ်တန်ရာ။ အလုပ်များသောသူအတွက် အားလပ်ချိန်၊ အနားယူချိန်ဆိုတာ အလွန်လိုအပ်သော ကိစ္စဖြစ်သော်လည်း အမြဲတမ်း အားနေခြင်းကတော့ အနားယူခြင်းနှင့် မဆိုင်ပါ။ အား တာသည် နား တာနှင့် မတူပါ။ အား နေသောသူသည် လူကသာ အား နေသော်လည်း စိတ်ဆိုသည်က တစ်နေရာတည်းမှာ အငြိမ်နေချင်သည့်သဘော မရှိလေရကား ဟိုတွေးဒီတွေး အစုံတွေးလေသည်။ ထိုမှတပါး စိတ်သည် အငြိမ်မနေသည့်သဘောအပြင် မကောင်းမှု၌ မွေ့လျှော်သည့် သဘောပါ ရှိခြင်းကြောင့် အားနေသောသူသည် မကောင်းမှုသို့ ဦးတည်ရန် လမ်းများလေသည်။

မကောင်းမှုသို့ မရောက်သည် ရှိစေဦး..၊ ခန္ဓာကိုယ်တစ်ခုလုံး ဟိုနားက နာသလို၊ ဒီနားက ကိုက်ခဲလာသလို ပြဿနာမရှိ ပြဿနာ ရှာတတ်ပါသေးသည်။ သူများကို ပြဿနာမရှာရလျှင် ကိုယ့်ဘာသာကိုယ် ပြဿနာရှာခြင်းကား အားနေခြင်း၏ ဒုက္ခဖြစ်လေတော့သည်။ အားယားနေသော စိတ်သည် ဤသို့သော သဘောရှိလေ၏။ ထို့ကြောင့် ကျွန်တော်၏ မိဘများသည် ကျွန်တော့်ကို မည်သည့်အခါမျှ အအား မထားကြကုန်။ ထိုမှ စ၍ ကျွန်တော်သည်လည်း အားနေလျှင် မနေတတ်သော ဆင်းရဲဇာတာ ပါလေတော့သတည်း။ အနည်းဆုံးတော့ သူများတွေ အိပ်စက်အနားယူချိန်၌ မအိပ်ဘဲ ဘလော့ဂ်ရေးနေတတ်လေသည်။ မအားသော်ငြား ရသည့်အချိန်ကို လု၍ ယားလေသည်တကား။


Wednesday, April 18, 2012

သံသရာစမ်းရေ (အပိုင်း ၇)

ကမ္ဘာမခြား မ နဲ့ ကျား

သံသရာစမ်းရေကို ဆက်မရေးဖြစ်ဘဲ ချော်တောငေါ့သွားလိုက်တာ တော်တော်ကြာသွားပါပြီ။ သံသရာစမ်းရေရဲ့ ရည်ရွယ်ချက်က ကျွန်တော့်သမီးနဲ့ ပတ်သက်ပြီး ရေးတာပေမဲ့ တကယ်တော့ သားပဲမွေးမွေး သမီးပဲမွေးမွေး တွေးသင့်တယ်၊ စဉ်းစားသင့်တယ်လို့ ထင်ရတာလေးတွေကို စဉ်းစားမိသလောက် လက်လှမ်းမီသလောက် ရေးတာပါ။ တွေးမိသလို ရေးကြည့်တာပါပဲ။ အခုနေ တွေးတဲ့ အတွေးတွေကို မေ့မသွားအောင် တို့ထိမှတ်သားထားတဲ့ သဘောလည်း ပါ ပါတယ်။ အတွေး ဒိုင်ယာယီလေးတစ်ခုပေါ့။

ယောကျင်္ားလေး၊ မိန်းကလေး ကွဲပြားမှုကြောင့် အတွေးအခေါ် အနေအထိုင် သင်ကြားပေးရတဲ့အခါ ကွဲပြားမှုတချို့ ရှိတာလောက်ကလွဲရင် အများကြီးကွာလှတယ်လို့ ကျွန်တော်မထင်ပါ။ သားပဲမွေးမွေး၊ သမီးပဲမွေးမွေး စဉ်းစားဉာဏ်ရှိအောင်၊ လူကောင်းတစ်ယောက် ဖြစ်အောင် မွေးရတာချင်း အတူတူပါပဲ။ ဒီခေတ်က သမီးမွေးတဲ့ မိဘတွေသာ ပူပန်ရတဲ့ခေတ်မဟုတ်ပါ။ သားမွေးထားလည်း ကြောက်ရတာပါပဲ။
အရင်တုန်းကတော့ ယောကျင်္ားလေးပဲ… ထောင်အပြင် တန်းမရှိဘူးလို့ ပြောကြပါတယ်…..။ သူတို့ပြောတဲ့ တန်းဆိုတာ ပြည့်တန်ဆာတန်းကို ဆိုလိုတာပါခင်ဗျ။ ယောကျင်္ားလေးဆိုတာ လွန်ရောကျွံရော ထောင်ကျရုံပေါ့၊ ပြည့်တန်ဆာတော့ မဖြစ်နိုင်ဘူးပေါ့လေ။ အဲဒီစကားကို ခုထိ ကိုးကားနေသူတွေ ခုခေတ်မှာ အဲဒါမှန်သေးရဲ့လားလို့ မေးပါရစေ။ အရင်တုန်းက ယောကျင်္ားလေးနဲ့ မိန်းကလေး ယှဉ်ရင် မိန်းကလေးက နစ်နာတယ်ပေါ့။ နာမည်ပျက်တာ၊ ကိုယ်ဝန်ရှိနိုင်တာ… စသဖြင့်ပေါ့။ ပတ်ဝန်းကျင်ကလည်း ယောကျင်္ားလေး မယားငယ်ယူတာနဲ့ မိန်းကလေး လင်ငယ်နေတာပေါ်မှာ သဘောထားချင်းမှ မတူတာ။ မဟုတ်တာလုပ်ဖို့ ယောကျင်္ားတွေကို အထူးအခွင့်အရေးပေးထားသလို ဖြစ်နေတာကိုး။


Saturday, April 7, 2012

ရင်ခုန်နှစ်ဦး သည်တန်ခူး

နိုင်ငံခြား ရောက်နေသော သူများထဲမှ တော်ရုံသင့်ရုံ မြန်မာစိတ်ပျောက်သူ အချို့ပင် သင်္ကြန်နားနီးလျှင်တော့ မြန်မာစိတ်နည်းနည်း ပြန်ပေါ်လေ့ရှိပါသည်။ သို့သော် ခွက်ကပ်နှင့်မူး ဆိုသလို ပျော်မဲ့သာ ပျော်ရသည်။ ပျော်စရာမကောင်းတော့သော သင်္ကြန်ကို ဘဝင်မကျစွာနှင့် ဖြတ်သန်းခဲ့ရတာ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးရှိရော့မည်ထင်သည်။ အဘယ်ကြောင့်နည်း။
အကြောင်းမှာ တကယ်ပျော်စရာကောင်းသော သင်္ကြန်ကို သိမှီလိုက်သောကြောင့် ဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ ငယ်ငယ်က သင်္ကြန်သည် အလွန်ပျော်ဖို့ကောင်းလှသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပျော်ကြသည်။ လူတန်းစားအလွှာ မရွေး၊ တောရော မြို့ပါမကျန် ပျော်ရသည့် သင်္ကြန်ပါ။ သင်္ကြန်မရောက်မီကတည်းက သင်္ကြန်ရဲ့ အငွေ့အသက်တွေက နေရာအနှံ့ရနေခဲ့သည်သာ။ ရေပြွတ်တွေ၊ ရေခွက်လှလှလေးတွေ၊ သင်္ကြန်ပန်းကုံးလေးတွေ ရောင်းကြတာကို ဈေးတကာ နေရာတကာမှာ တွေ့နိုင်သည်။ သင်္ကြန်တစ်လလုံး မြန်မာ့ရုပ်မြင်သံကြားမှ သင်္ကြန်အကများ ထုတ်လွှင့်ပေးသည်။ ရန်ကုန်သင်္ကြန်နှင့် မန္တလေးသင်္ကြန် အပြိုင်နွှဲကြသည်။ သို့သော် သင်္ကြန်နှင့် ပါတ်သက်လျှင် မန္တလေးသည် ရန်ကုန်ထက် သာ ပါသည်။ အများအားဖြင့် ရန်ကုန်သင်္ကြန်ထက် စည်ကားသည်သာ ဖြစ်သည်။


လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...