Thursday, August 21, 2014

ခက်ရချည်သေး




 အနုပညာဆိုတဲ့ စကားလုံးက စာလုံးလေး ၄ လုံးထဲပေမဲ့ သူ့အကြောင်းပြောရင် အတော်ကျယ်ပြန့်တဲ့ ကိစ္စပါ။ အနုပညာတွေ အမျိုးမျိုး ရှိတဲ့ထဲကမှ စိတ်ထဲမှာ ရှိသမျှနဲ့ ကျွန်တော့ကိုယ်ပိုင် ခံစားမိသမျှ စိတ်ကူးပေါက်ရာ အနုပညာအကြောင်း နည်းနည်းတို့ထိချင်တာနဲ့ ဒီစာကို ရေးပါတယ်။
ကျွန်တော်ငယ်ငယ် ကျောင်းသားဘဝလောက်တုန်းက နွေရာသီကျောင်းပိတ်ရက်တိုင်း သင်တန်းတစ်ခုမဟုတ်တစ်ခု တက်ရပါတယ်။ တစ်ခုသော နွေကျောင်းပိတ်ရက်မှာ ငယ်ငယ်ကတည်းက ပုံဆွဲဝါသနာပါတဲ့ ကျွန်တော့ကို အမေက YMCA မှာဖွင့်တဲ့ ပန်းချီသင်တန်းကို ပို့ပါတယ်။ အခု ပန်းချီဆရာမလေး ချောအိသိမ်းရဲ့ အဖေ ဦးမောင်မောင်သိမ်းက ကျွန်တော်တို့ ဆရာပေါ့။ အဲဒီကတည်းက ဆရာ့ကျေးဇူးနဲ့ အလင်းအမှောင်၊ အနီးအဝေးသဘော၊ မျဉ်းတွေရဲ့ အလှ၊ ကောက်ကြောင်းတွေရဲ့ အလှကို ခံစားတတ်ခဲ့ပါတယ်။

Monday, July 28, 2014

Shipyard vs Construction (အပိုင်း-၁)


ကျွန်တော်က Singapore သင်္ဘောကျင်းမှာ ၁၁ နှစ်ကျော်လောက် Electrician ဘဝကနေ Snr. Engineer အဆင့်အထိ လုပ်ခဲ့ပြီးမှ ဆောက်လုပ်ရေးဘက်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ပါတယ်။ တစ်နှစ်လောက်တော့ ရှိပြီဆိုပါတော့။ အဲဒီမှာ လုပ်ငန်းသဘောသဘာဝ ကွာခြားမှုလေးတွေကို မှတ်တမ်းတင်တဲ့သဘောနဲ့ရော၊ နောက်များ ကိုယ့်ဖာသာကိုယ်ပြန်ဖတ်တဲ့အခါ ဒီသင်ခန်းစာတွေကို မမေ့ချင်တဲ့သဘောနဲ့ရော၊ လုပ်ငန်းအတွေ့အကြုံ ဗဟုသုတလေးတွေ လိုချင်တဲ့သူ၊ စိတ်ဝင်စားတဲ့သူတွေအတွက်လည်း ဝေမျှတဲ့သဘောနဲ့ ဒီစာကို ရေးပါတယ်။ သင်ခန်းစာတချို့၊ အတွေ့အကြုံတချို့နဲ့ ဒိုင်ယာယီ post လေးတစ်ခုပေါ့။

အရင်ဆုံး ပြောချင်တာက Keppel Shipyard ဆိုတာ ဝန်ထမ်းဦးရေ အကြမ်းဖျင်း ၅၀၀၀ ကျော်ရှိတဲ့ Singapore ရဲ့ အကြီးဆုံးကုမ္ပဏီကြီးတွေထဲမှာ ပါပါတယ်။ ကျွန်တော် နောက်ထပ်ပြောင်းလိုက်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီက ၁ နှစ်သားကျော်ကျော် ဝန်ထမ်းအင်အား ၂၀ ကျော်ပဲရှိတဲ့ မြန်မာပိုင် ကုမ္ပဏီသေးသေးလေးပါ။ သင်္ဘောကျင်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသဘာဝ ကွာဟရုံတင်မဟုတ်ဘဲ ကုမ္ပဏီကြီးနဲ့ ကုမ္ပဏီအသေးရဲ့ ကွာခြားမှုကိုပါ လက်တွေ့ကြုံခဲ့ရတာပါပဲ။

Sunday, February 16, 2014

ရန်ကုန်မှတ်စု

ရန်ကုန်မှတ်စု (၁)


ပုစ္ဆာတစ်ပုဒ်မှာ ပေးထားချက်ဆိုတာ ရှိတယ်။ အဲဒီပေးထားချက်ကို မူတည်ပြီး အဖြေပေးရတယ်။ ဥပမာအားဖြင့် ပန်းသီး ၁ဝလုံးရှိတယ်။ ၇ လုံး ပိုးကိုက်သွားတယ်။ ဘယ်နှစ်လုံး ကျန်မလဲ… ၃ လုံး ကျန်ပါတယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ အခုပြဿနာက ပုစ္ဆာကို ပေးခွင့်ရှိတဲ့လူတွေက ပေးတာမဟုတ်ဘဲ ဖြေရမဲ့လူက ပြန်ပြီး မေးခွန်းထုတ်သလို ဖြစ်နေတာဗျ။ အခုဟာက ပုစ္ဆာကို သူတို့ဖါသာသူတို့ စိတ်ကြိုက်ရေး၊ မသိကိန်းတွေ အကုန် သူတို့လက်ထဲမှာ ထားပြီး ဆရာကြီးအထာနဲ့ မေးခွန်းထုတ်တာကို ကျွန်တော်တို့က ၃ လုံး ကျန်ပါတယ်လို့ ကိုယ့်ဖါသာတွက်ပြီး ဖြေနေကြရတာ။ ၇ လုံး ပိုးကိုက်သွားတယ် ပြောတာလည်း သူတို့ပဲ။ ၁၀ လုံး ရှိတယ် ပြောတာလည်း သူတို့ပဲ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက သူတို့မေးတာ ဖြေရမဲ့အဆင့်လားဗျ။ တကယ်ဆို ပြည်သူတွေရဲ့ အခက်အခဲတွေ၊ ပုစ္ဆာတွေကို ဖြေရှင်းရမှာ ဘယ်သူတွေတုန်း။ မေးခွန်းက ဘယ်သူထုတ်ရမှာတုန်း။…..
ဆရာ apk နဲ့ ပြောဖြစ်သည်များကို မှတ်မိသ၍ ချရေးသည်။

Friday, January 24, 2014

ခေတ်မိဘ (သို့) သံသရာစမ်းရေ (အပိုင်း ၁၁)




ကျွန်တော်ငယ်ငယ်တုန်းကပေါ့။ ကျောင်းက ဆရာမက ကျေးဇူးကြီးလှ မိနှင့်ဘ ဆိုတဲ့ စာစီစာကုံးတစ်ပုဒ်ရေးခိုင်းတော့ အချက်အလက်တွေ ရှာရင်း ကျွန်တော့ မေမေရဲ့အဖေ ကျွန်တော့ ဘဘနဲ့ စကားပြောမိတယ်။ ကျွန်တော်က "တကယ်တမ်းကျတော့ လောကမှာ ဘုရား၊ တရား၊ သံဃာ (အရိယာသံဃာ) ကသာ စိတ်ချရတဲ့ သဘောရှိပြီး မိဘနဲ့ ဆရာကတော့ ပုထုဇဉ်သဘောထဲမှာ ပါလို့ အခန့်မသင့်ရင် အပါယ်ကို ပို့နိုင်တဲ့ အန္တရာယ်ရှိတယ်၊ သိပ်စိတ်မချရဘူးထင်တယ်နော် ဘဘ".... လို့ ပြောမိတယ်။ (ကျွန်တော်ကလည်း အလယ်တန်းကျောင်းသား ဘဝလောက်ကတည်းက အဲဒီလို လူအမြင်ကတ်အောင် ပြောတတ်ပါသဗျ။) ကျွန်တော် ဆိုလိုတာက ဒီလိုပါ။ အဇာတသတ်လို ဒေဝဒတ်ကို ဆရာတင်မှားလို့ အပါယ်ရောက်ရတာနဲ့ အခုခေတ်မိဘတွေ သားသမီးအပေါ် ဆိုဆုံးမမှု မဟုတ်တဲ့ အတွက် သားသမီးတွေ လမ်းလွဲပြီး ဒုက္ခရောက်ကြရတာတွေကို ဆက်စပ်တွေးရင်း ပြောမိတာပါ။ ပြီးတော့ ကိုယ့်ကလေးကိုယ် အဆိပ်ခပ်သတ်တဲ့မိဘ၊ ကိုယ့်သားသမီးကို ဆေးလိပ်မီးနဲ့ ထိုးတဲ့ အဖေ၊ ကိုယ့်သားသမီးကို ဓါးနဲ့ထိုးသတ်တဲ့ အမေ… စသဖြင့်ပေါ့… ဖေါက်လွဲဖေါက်ပြန် မိဘတွေအကြောင်းကလည်း ကြားဖူးနေတာကိုး။

Wednesday, November 6, 2013

မိမိကိုယ်ကို နှိမ့်ချခြင်း




 မိမိကိုယ်ကို နှိမ့်ချခြင်းဆိုတာ တရားအားထုတ်တဲ့ သူတွေအတွက် မရှိမဖြစ်အကျင့်တစ်ခုပါ။ ရိုးသားခြင်းရဲ့ ပြယုတ်တစ်ခုလို့လည်း သွယ်ဝိုက်ပြီး ဆိုနိုင်ပါတယ်။ မာန်တွေ ခံနေရင် တရားမရပါဘူး။ ရိုးသားမှု မရှိရင်လည်း တရားမရပါဘူး။ မာန်မာနကြီးသူဟာ နာယူလွယ်တဲ့စိတ် မရှိနိုင်ပါဘူး။ ဒါဆိုရင် တရားရဖို့ ဝေးသထက် ဝေးနေဦးမှာပါ။

ကိုယ့်ကိုယ်ကို နှိမ့်ချတယ်ဆိုတာကို တလွဲအဓိပ္ပါယ် ပေါက်နေသူတွေ များတယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့စွာနဲ့ ငါက ညံ့တယ်၊ သုံးမရဘူးလို့ ဆိုလိုရာ မရောက်သလို ကိုယ့်ရဲ့ အားသာချက်၊ ထူးချွန်တဲ့ အချက်တွေကို မျက်ကွယ်ပြုခြင်းလည်း မဟုတ်ပါဘူး။ ကိုယ့်အရည်အချင်းကို ထုတ်ဖေါ်ပြသခြင်းဟာ အပြစ် မဟုတ်သလို ရှိကိုရှိရမဲ့ အကျင့်တစ်ခုပါ။ တကယ်နားလည် တတ်ကျွမ်းစွာ ပြောဆိုမှုဟာ ကြွားဝါတာ မဟုတ်ပါ။ ကိုယ့်ထက်သိသူ တတ်သူများကို ချဉ်းကပ်ဆည်းပူးတာဟာ ကောင်းတဲ့ကိစ္စဖြစ်သလို ကိုယ့်လောက်မသိသူတွေကို ဝေမျှခြင်းဟာလည်း နတ်လူနှစ်သက်စရာ ဖြစ်ပါတယ်။

တကယ်တော့ မိမိကိုယ်ကိုယ်နှိမ့်ချခြင်းဟာ သူတစ်ပါးကို အလေးအမြတ်ပြုခြင်း ဖြစ်ပါတယ်။ သေတဲ့အထိ မပြီးဆုံးနိုင်တဲ့ သင်ယူမှုတွေအတွက် စိတ်ကို အသင့်ပြင်ခြင်း (သို့) ဖွင့်ထားတဲ့ စိတ်အခြေအနေ တစ်ခုပါ။ မိမိရဲ့ တတ်ကျွမ်းနားလည်မှုတွေအတွက် မထောင်လွှား မကြွားဝါဘဲ ရိုးသားတဲ့ စိတ်လို့လည်း ဆိုနိုင်ပါတယ်။ မြန်မာလူမျိုးတွေထဲမှာတော့ အဲဒီစကားကို အဓိပ္ပါယ်တလွဲကောက်သူတွေက တတ်ကျွမ်းနားလည်သူတွေရဲ့ စကားကို ကြားရတဲ့အခါ ကိုယ့်ကိုယ်ကို ဖေါ်တယ်ဆိုပြီး စွပ်စွဲတတ်ကြတာမို့ အသိဉာဏ်ပိတ်ရာ အယူလွဲမှုတစ်မျိုး ဖြစ်နေတတ်ပါတယ်။ တချို့ကလည်း ကိုယ့်ကိုယ်ကို နှိမ့်ချတယ်ဆိုပြီး ထက်ထက်မြက်မြက် လုပ်စရာရှိတာတွေကို မလုပ်ကြဘဲ ဆင်ခြေပေးလို့ နေတတ်ပါသေးတယ်။

Tuesday, October 22, 2013

သံသရာစမ်းရေ (အပိုင်း-၁၀)



 သမီးလေးရေ…. အခုဆိုရင် ဖေဖေ့သမီးလေး ၂ နှစ်နဲ့ ၄ လ ဖြစ်လာပြီပေါ့။ အခုအချိန်ထိတော့ ဖေဖေနဲ့ မေမေဟာ အပြင်းအထန်ရုန်းကန် နေကြရဆဲပဲ။ အစကတည်းက ရည်မှန်းချက် ကြီးတဲ့ ဖေဖေဟာ အခုဆို သမီးအတွက်ပါ ရည်မှန်းချက်တွေ အိပ်မက်တွေ မက်နေရပြီလေ။ အဲဒီတော့ အရင်ကထက် ပိုကြိုးစားရတော့မယ်။

သမီးလေးရေ… ဖွားဖွားတို့ ဖိုးဖိုးတို့ဆီက သိရသလောက် သမီးဟာ ပြောစကားနားမထောင်ဘူး ဆိုကွဲ့…။ ရေချိုးမယ်ဆို မချိုးနဲ့လို့ ပြောမှ ချိုးသတဲ့။ စားစေချင်ရင် မစားနဲ့လို့ ပြောမှ စားသတဲ့။ ဖေဖေနဲ့ တူတာလား.. မေမေနဲ့ တူတာလားပဲနော်။ ပြီးတော့ သမီးဟာ အလွန် စ တတ်၊ နောက်တတ်တယ်လို့ သမီးမေမေက ပြောတယ်။ ဒါကတော့ ဖေဖေ၊ မေမေ ၂ ယောက်စလုံးဆီက ရတဲ့ အမွေထင်ပါရဲ့။ သမီးမေမေ မြန်မာပြည်ပြန်လို့ ၂ လအတွင်း သမီးကို ၂ ခါ တီးရသတဲ့။ သမီးက ဖိုးဖိုးကျော်နဲ့ ဖွားဖွားစန်းစန်းကို တယ်နိုင်တယ် ဆိုပဲ… ဟုတ်လား။ မေမေ့ကိုတော့ ချစ်လည်းချစ် ကြောက်လည်းကြောက်တယ်လို့ ပြောကြတယ်။

Wednesday, July 3, 2013

ဒီဘိတ်



အင်္ဂလိပ်စကား Debate ကို စကားရည်လုခြင်းလို့ လူသိများပါတယ်။ စကားစစ်ထိုးတယ်လို့လည်း သုံးကြပါတယ်။ အချေအတင်ပြောသည်။ ငြင်းခုံဆွေးနွေးသည်။ ဆင်ခြင်သုံးသပ်သည်… စသဖြင့်လည်း ဘာသာပြန်ပါတယ်။ လမ်းပြကြယ်စာကြည့်တိုက်က ဒီဘိတ်ပွဲလေးတစ်ခုလုပ်တော့ ပြောတာလေးတစ်ခုကို ပြောပြပါရစေ။ ကျွန်တော် မသွားဖြစ်ပါဘူး။ သွားတဲ့ သူငယ်ချင်းက ပြန်ပြောပြတာလေးကို မှတ်မိသလို ဖေါက်သည်ချချင်ပါတယ်။

Debate ဆိုပေမဲ့ စကားရည်လုတယ်လို့ မသုံးချင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အလုခံခဲ့ရတာ ကြာပါပြီ…တဲ့။ စကားနိုင်လည်း မလုချင်ပါဘူး။ အနိုင်ခံခဲ့ရတာ ကြာလှပြီမို့လို့ပါ..တဲ့။ အဓိက က ကိုယ်မြင်တဲ့ အမြင်၊ ကိုယ်တွေးတဲ့ ရှုထောင့်နဲ့ သူမြင်တဲ့ အမြင်၊ သူမြင်တဲ့ရှုထောင့် ဖလှယ်တဲ့ သဘောပါ..တဲ့။ အဓိက ကတော့ debate တစ်ခု လုပ်တဲ့အခါ ပြောသူနှစ်ဖက်စလုံးက ကိုယ့်အမြင် ကိုယ့်ရှုထောင့်ကနေ မှန်တယ်လို့ ယုံကြည်တာကို အထောက်အထား  အချက်အလက်တွေနဲ့ တင်ပြတာပါပဲ။ နားထောင်တဲ့လူတွေ အနေနဲ့ မတူညီတဲ့ အယူအဆဘက်နှစ်ဘက်ကို တစ်ထိုင်တည်း နားထောင်ခွင့် ရတဲ့အတွက် အလွန်အကျိုးများပါတယ်။ လူဆိုတာ ကိုယ်ထင်ရာအမှန်ဆိုတဲ့ အစွဲလေးက သဘာဝကျစွာ ရှိတတ်စမြဲမို့ တစ်ဘက်က ကိုယ်နဲ့ အယူအဆတူရင် ထောက်ခံအားပေးသလို တစ်ဘက်က ပြန်လည်ချေပတာကို ကြားရတဲ့အခါ ကိုယ်မသိသေးတာတွေ၊ ကိုယ်မမြင်သေးတာတွေကို သတိထားမိစေပါတယ်။ ဒီလိုနည်းနဲ့ အစွန်းရောက်မှုတွေကို မျှခြေတစ်ခု ဖြစ်သွားစေပါတယ်။ ဒီလိုပါပဲ… debate ဆင်နွှဲနေသူတွေကိုယ်တိုင်လည်း သြော်… ဒါကတော့ ငါမတွေးမိတဲ့ ရှုထောင့်ပါလား… ဒါကတော့ မဟုတ်သေးဘူး… စသဖြင့် စဉ်းစားနိုင်သလို လက်မခံရင်လည်း လက်မခံနိုင်ကြောင်း အကျိုးအကြောင်းနဲ့ ရှင်းလင်းထုချေရပါတယ်။

Tuesday, June 25, 2013

လူကြီးလူကောင်း



 Facebook သုံးသည့်အခါတိုင်း “Don’t show your emotion” ဆိုသည့် စီမံခန့်ခွဲမှုသင်တန်းတစ်ခုမှ သင်ကြားချက်ကို မကြာခဏဆိုသလို အမှတ်ရမိသည်။ မာယာ = တစ်မျိုးတစ်မည် အယောင်ဆောင်ခြင်း၊ ပရိယာယ် ဆိုသည့် ငယ်ငယ်တုန်းက အော်ကျက်ခဲ့သည့် မြန်မာစာ ခက်ဆစ်စကားလုံးတစ်ခုကိုလည်း သတိရသည်။ တို့ကတော့ ဘွင်းဘွင်းပဲ ဆိုသည့် တချို့သောသူတို့၏ ပြောစကားကိုလည်း ကြားယောင်မိပါသည်။ လူကြီးလူကောင်းဆန်တယ်ဆိုတာ တကယ်တော့ ဟန်ဆောင်ကောင်းတာကို ပြောတာကွ ဆိုသည့် မိတ်ဆွေတစ်ယောက်၏ စကားကိုလည်း ဆင်ခြင်မိသည်။ ဤစကားလုံးများ၊ အနှီအကြောင်းအရာများကို စဉ်းစားမိသည့်အခါတိုင်းလည်း စိတ်ထဲတွင် တွေးစရာတွေ တသီတတန်းကြီး ပေါ်လာမြဲဖြစ်သည်။

ရိုးသားခြင်းနှင့် ပွင့်လင်းခြင်းကို တန်ဖိုးထားသော မြန်မာ့လူအဖွဲ့အစည်းတွင် ဟန်ဆောင်ခြင်းကို မကောင်းမှုနှင့် တွဲလျက်နားလည်နေကြတော့သည်။ အမှန်အားဖြင့် ဟန်ဆောင်ခြင်းနှင့် မိမိကိုယ်ကို ထိန်းသိမ်းခြင်းကို ကွဲပြားစွာ နားမလည်ခြင်း ဖြစ်ပါလိမ့်မည်။ မလိုလျှင် ဟန်ဆောင်သည်ဟု စွတ်စွဲလျက် လိုလျှင် ထိန်းသိမ်းသည်…၊ လူကြီးလူကောင်း ဆန်သည်ဟု အမျိုးမျိုး လှည့်ပတ်ပြောဆိုတတ်ခြင်းကလည်း နားလည်မှုလွဲစရာ အကြောင်းတစ်ခု ဖြစ်ပါလိမ့်မည်။ ကျွန်တော်ယခု ပြောလိုသည်မှာ စကားတတ်တိုင်း လှည့်ပတ်ပြောဆိုသော ဝေါဟာရများအကြောင်းကို ဘေးဖယ်လျက် မိမိကိုယ်ကို ထိန်းသိမ်းခြင်းနှင့် မရိုးမသား လှည့်ဖျားပြောဆို ဟန်ဆောင်ခြင်း၊ ရိုးသားပွင့်လင်းခြင်းနှင့် မထိန်းသိမ်းနိုင်ခြင်း၏ ပင်ကိုယ်သဘော ကွဲပြားမှုနှင့် ပါးလွှာသောစည်းကို ပြောလိုရင်းဖြစ်ပါသည်။

Thursday, May 23, 2013

IRISH COFFEE (အိုင်းရစ်ရှ်ကော်ဖီ)



ကျွန်နော် ခပ်ငယ်ငယ်၊ ၉ တန်း ၁ဝတန်းလောက် ထင်ပါရဲ့။ Mr. Guitar ဆိုင် ရန်ကုန်မှာ စ ဖွင့်ပါတယ်။ ကော်ဖီ ၂၄ မျိုးနဲ့ စ ဖွင့်တယ်လို့တော့ မှတ်မိတယ်။ အဲဒီတုန်းက မြန်မာတစ်ပြည်လုံးမှာ လက်ဖက်ရည်ဆိုင်တွေသာ မှိုလိုပေါက်နေတာ။ ကော်ဖီဆိုင်ရယ်လို့တော့ မကြားဖူးသေးတဲ့အချိန်။ အဆိုတော်နေမျိုးဆေးရဲ့ နေပါရစေသီချင်းက ခေတ်စားနေတုန်း။ ကိုနေမျိုးဆေးက Mr. Guitar ကို စ ဖွင့်တယ်ဆိုတော့ စိတ်ဝင်စားတာပေါ့။ သူ့သီချင်းကို ကြိုက်တာလည်းပါ၊ ကော်ဖီဆိုတာ ကော်ဖီမှုန့်ရယ်၊ သကြားရယ်၊ နို့ဆီရယ် ရောပြီး ရေနွေးနဲ့ ဖျော်တာလောက် သိတဲ့အချိန်ဆိုတော့ ကော်ဖီ ၂၄မျိုးဆိုတာ ဘယ့်နှယ့်ဟာပါလိမ့်ပေါ့။

ကိုယ့်အိမ်စီးပွားရေးနဲ့ သူ့ကော်ဖီဆိုင်လည်း မကပ်နိုုင်ပါဘူးဗျာ။ စဉ်းစားကြည့်လေ၊ သာမာန် လက်ဖက်ရည် တစ်ခွက် ၁၀ ကျပ်လောက်ပဲ ရှိတဲ့အချိန် သူ့ဆိုင်က ကော်ဖီတွေက ၂၅ဝကျပ်တွေ ၁ဝဝဝကျပ်တွေဗျ။ မဂ္ဂဇင်းတစ်ခုမှာ Mr. Guitar နဲ့ အင်တာဗျူးထားတာလေး မှတ်မိပါရဲ့။ မှတ်မိသလောက်လေး ပြန်ပြောပါ့မယ်။

Thursday, May 2, 2013

ကြောင်ဝတ္ထု (၁)



အ ကာလ ညအခါသည် ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်သည့် သဘောရှိပေမည်။ နေ့အခါ ပျားပန်းခတ်မျှ လှုပ်ရှားနေသော စင်ကာပူမှ အရောင်စုံစက်ရုပ်လူသားများသည် ညအခါ မိမိတို့အိမ်အတွင်းဝယ် မိသားစုနှင့်အတူ အနားယူနေကြချိန်။ ၂၄ နာရီ ရပ်မရသော အလုပ်ထဲတွင် သင်္ဘောကျင်းအလုပ်လည်း ပါလေ၏။ အခြားလုပ်ငန်းခွင်တွေ နေ့အခါ ဆူညံသည်ဆိုသည်မှာ သင်္ဘောကျင်းအိပ်နေသလောက် ရှိလေရကား ညဘက် လုပ်ငန်းခွင်သည်ပင်လျှင် တူထုသံ၊ ဝရိန်ဆော်သံ၊ ချော်ခေါက်သံများ ဟိုတစ်စ ဒီတစ်စ ကြားနေရလေသည်။ နေ့အခါ ဆိုဖွယ်မရှိအောင် ဆူညံနေမည်ကား မြေကြီးလက်ခတ်မလွဲ။

အမှောင်သည် မကောင်းမှုတို့ ပျော်မွေ့ရာ ဖြစ်သလော။ အမှောင်ကမ္ဘာနှင့် မကောင်းမှု၊ အမှောင်ကမ္ဘာနှင့် အန္တရာယ်သည် တွဲဖက်၍ နေသလော။ အမှောင်ကို ကြောက်သောစိတ်သည် ကမ္ဘာဦးလူသားများမှ စတင်မြစ်ဖျားခံသော မျိုးရိုးလိုက်ခဲ့သည့် အကြောက်တရား ဖြစ်မည်ထင်သည်။ ကမ္ဘာဦးလူသားသည် နေ့အခါ အရာအားလုံးကို သဲသဲကွဲကွဲ မြင်နိုင်သည်ဖြစ်ရာ အန္တရာယ်ကို မြင်မြင်ထင်ထင် ရင်ဆိုင်ကာကွယ်နိုင်ပေမည်။ အလင်းထဲမှ ရန်သူသည် အမှောင်ထဲမှ တိုးတိတ်စွာ ချောင်းမြောင်းနေတတ်သော ရန်သူလောက်တော့ ကြောက်စရာကောင်းမည် မဟုတ်ပေ။ ထို့ကြောင့်ပင် အလင်းရောင်ပေးသော နေမင်းနှင့် မီးသည် ကမ္ဘာဦးလူအတွက်တော့ ကိုးကွယ်ရာ နတ်ဘုရားများပင် ဖြစ်ပေလိမ့်မည်။ 

Thursday, April 4, 2013

ကြေးအိုး



ဗိုက်ဆာလျှင် ဝါးတီးအကြောင်းရေးဖို့ သတိရသည်။ စင်ကာပူက ပင်နီဆူလာပလာဇာမှာ ကြေးအိုးသောက်တာကို သတိရသည်။ မှန်တဲ့အတိုင်း ပြောရလျှင် ပင်နီဆူလာက ဆိုင်တွေမှာ ရောင်းသောကြေးအိုးတွေကို သိပ်မကြိုက်ပါ။ ကိုယ့်ဖါသာကိုယ် ချက်စားဖို့ ပျင်းလျှင်ဖြစ်စေ၊ အချိန်မရ၍ဖြစ်စေ၊ အရမ်းစားချင်နေ၍ ဖြစ်စေသာ စားတတ်ပါသည်။ အာရုံအနောက်ဆုံးကိစ္စက မုန်ညှင်းစိမ်းအစား တွေ့ကရာ အရွက်တွေ ထည့်သည့်ကိစ္စဖြစ်သည်။

စင်ကာပူက NTUC, Prime, Shop N Save တို့လိုဆိုင်တွေမှာ တခါတရံ မုန်ညှင်းစိမ်းရှာခက်တာကို လက်ခံပါသည်။ သို့သော် စီးပွားဖြစ်ရောင်းချသူအနေနှင့် ရအောင်ရှာနိုင်သင့်သည်ဟု ထင်သည်။ သို့မဟုတ် ဘာအရွက်ထည့်ထည့် စားသုံးသူက သိပ်အရေးမထား၊ စားမှာပဲ၊ ဘာမျှမဖြစ်လောက်ဟု ထင်တာလည်း ဖြစ်နိုင်ပါသည်။ သူများတွေ အရေးထားတာ မထားတာ ကျွန်တော်မသိ၊ ကျွန်တော်ကတော့ ကြေးအိုးစားလျှင် မုန်ညှင်းစိမ်းလေးနှင့်မှ ကြိုက်သည်။ ပေါက်ကရအရွက်တွေထည့်လျှင် တင်းသည်။ပင်နင်ဆူလာက ဆိုင်တွေက တစ်ခါတစ်ရံ ရှမ်းခေါက်ဆွဲမှာစားလျှင် ရှမ်းမုန်ညှင်းချဉ်မပါဘဲ ဂေါ်ဖီချဉ်တွေ ချပေးတာမျိုး လုပ်တတ်သည်။ ရှမ်းခေါက်ဆွဲဖြစ်ပြီး မုန်ညှင်းချဉ် မပါသော ရှမ်းခေါက်ဆွဲသည် အသို့လျှင် ကောင်းနိုင်အံ့နည်း။ ကျွန်တော်အသိတစ်ယောက် နေမကောင်း၍ ဆန်ပြုတ်မှာစားသည်။ မယုံမရှိပါနှင့်…. ထမင်းကို blender ထဲ ထည့်ကြိတ်၍ ရေနှင့်ကျိုကာ ပေးတာမျိုးလည်း ကြုံဖူးပါသည်။

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...