Cash Flow ကစားနည်းမှာ အံစာတုံးဟာ လူတစ်ယောက်ရဲ့ ကံ ကို ဆိုလိုချင်ပုံ ပေါ်ပါတယ်။ လူတစ်ယောက်ဟာ ဘယ်လောက်တော်တော် ဘယ်လောက် အရည်အချင်းရှိရှိ အဲဒီ အရည်အချင်းကို ပြဖို့ အခွင့်အလမ်းဆိုတာ ရှိရပါတယ်။ အခွင့်အလမ်းဆိုတာမျိုးက ကံ ငါးဆယ်သားပါတဲ့ ကိစ္စပါ။ အမေရိကန်လို တိုးတက်တဲ့ နိုင်ငံမှာမွေးတဲ့ ကလေးတစ်ယောက်နဲ့ ကျနော်တို့နိုင်ငံက ကလေးတစ်ယောက် မွေးရာပါ အခွင့်အလမ်းခြင်း ကွာပါတယ်။ ဒါဟာ မြင်သာထင်သာရှိတဲ့ ကံ ဥပမာပါ။ အဲဒီ အခွင့်အလမ်းကို သုံးတာမသုံးတာ အောင်မြင်တာ မအောင်မြင်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ စီးပွားရေးသမားအသိုင်းအဝန်းမှာ မွေးဖွား ကြီးပြင်းရတဲ့ ကလေးတစ်ယောက်အတွက် ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့ အခွင့်အလမ်းက ဝန်ထမ်းသားသမီးထက်တော့ သာမှာပါပဲ။
Cash Flow ကစားနည်းမှာလည်း အံစာတုံးကျတဲ့ နံပါတ်စဉ်အတိုင်း ရွေ့တဲ့အခါ အခွင့်အလမ်းဆိုတဲ့ အကွက်ကို အမြဲမရပါဘူး။ ပေးရမဲ့ အကွက်ကို ရောက်ရင် အိပ်ထဲက မရှိမဲ့ ရှိမဲ့လေးပါ ပါ သွားနိုင်ပါတယ်။
ပြီးတော့ အခွင့်အလမ်းဟာ ကြာကြာမနေပါဘူး။ ဒါဟာ အခွင့်အလမ်းလား၊ ထောင်ချောက်လား ဆိုတာကိုလည်း ဆန်းစစ်ရပါတယ်။ ပြီးရင် မြန်မြန်ဆုံးဖြတ်ရပါတယ်။ တွေဝေနေရင် အခြားလူက စားသွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းပေါ်တဲ့အခါ ပိုက်ဆံမရှိရင် ဘဏ်ကနေ ချေးရမှာပါပဲ။ ကြွေးတင်မှာ ကြောက်နေလို့ မရသလို ကြွေးယူ မရဲဖို့လည်း လိုပါတယ်။
ဒါတွေဟာ Cash Flow Game က ပေးတဲ့ သင်ခန်းစာတချို့ပါ။ ပညာပေးဂိမ်းတွေကို ကစားတဲ့အခါ ဘာကို ပေးချင်သလဲဆိုတာကို ထုတ်နှုတ်ယူတတ်ဖို့ လိုပါတယ်။