Tuesday, June 25, 2013

လူကြီးလူကောင်း



 Facebook သုံးသည့်အခါတိုင်း “Don’t show your emotion” ဆိုသည့် စီမံခန့်ခွဲမှုသင်တန်းတစ်ခုမှ သင်ကြားချက်ကို မကြာခဏဆိုသလို အမှတ်ရမိသည်။ မာယာ = တစ်မျိုးတစ်မည် အယောင်ဆောင်ခြင်း၊ ပရိယာယ် ဆိုသည့် ငယ်ငယ်တုန်းက အော်ကျက်ခဲ့သည့် မြန်မာစာ ခက်ဆစ်စကားလုံးတစ်ခုကိုလည်း သတိရသည်။ တို့ကတော့ ဘွင်းဘွင်းပဲ ဆိုသည့် တချို့သောသူတို့၏ ပြောစကားကိုလည်း ကြားယောင်မိပါသည်။ လူကြီးလူကောင်းဆန်တယ်ဆိုတာ တကယ်တော့ ဟန်ဆောင်ကောင်းတာကို ပြောတာကွ ဆိုသည့် မိတ်ဆွေတစ်ယောက်၏ စကားကိုလည်း ဆင်ခြင်မိသည်။ ဤစကားလုံးများ၊ အနှီအကြောင်းအရာများကို စဉ်းစားမိသည့်အခါတိုင်းလည်း စိတ်ထဲတွင် တွေးစရာတွေ တသီတတန်းကြီး ပေါ်လာမြဲဖြစ်သည်။

ရိုးသားခြင်းနှင့် ပွင့်လင်းခြင်းကို တန်ဖိုးထားသော မြန်မာ့လူအဖွဲ့အစည်းတွင် ဟန်ဆောင်ခြင်းကို မကောင်းမှုနှင့် တွဲလျက်နားလည်နေကြတော့သည်။ အမှန်အားဖြင့် ဟန်ဆောင်ခြင်းနှင့် မိမိကိုယ်ကို ထိန်းသိမ်းခြင်းကို ကွဲပြားစွာ နားမလည်ခြင်း ဖြစ်ပါလိမ့်မည်။ မလိုလျှင် ဟန်ဆောင်သည်ဟု စွတ်စွဲလျက် လိုလျှင် ထိန်းသိမ်းသည်…၊ လူကြီးလူကောင်း ဆန်သည်ဟု အမျိုးမျိုး လှည့်ပတ်ပြောဆိုတတ်ခြင်းကလည်း နားလည်မှုလွဲစရာ အကြောင်းတစ်ခု ဖြစ်ပါလိမ့်မည်။ ကျွန်တော်ယခု ပြောလိုသည်မှာ စကားတတ်တိုင်း လှည့်ပတ်ပြောဆိုသော ဝေါဟာရများအကြောင်းကို ဘေးဖယ်လျက် မိမိကိုယ်ကို ထိန်းသိမ်းခြင်းနှင့် မရိုးမသား လှည့်ဖျားပြောဆို ဟန်ဆောင်ခြင်း၊ ရိုးသားပွင့်လင်းခြင်းနှင့် မထိန်းသိမ်းနိုင်ခြင်း၏ ပင်ကိုယ်သဘော ကွဲပြားမှုနှင့် ပါးလွှာသောစည်းကို ပြောလိုရင်းဖြစ်ပါသည်။

Thursday, May 23, 2013

IRISH COFFEE (အိုင်းရစ်ရှ်ကော်ဖီ)



ကျွန်နော် ခပ်ငယ်ငယ်၊ ၉ တန်း ၁ဝတန်းလောက် ထင်ပါရဲ့။ Mr. Guitar ဆိုင် ရန်ကုန်မှာ စ ဖွင့်ပါတယ်။ ကော်ဖီ ၂၄ မျိုးနဲ့ စ ဖွင့်တယ်လို့တော့ မှတ်မိတယ်။ အဲဒီတုန်းက မြန်မာတစ်ပြည်လုံးမှာ လက်ဖက်ရည်ဆိုင်တွေသာ မှိုလိုပေါက်နေတာ။ ကော်ဖီဆိုင်ရယ်လို့တော့ မကြားဖူးသေးတဲ့အချိန်။ အဆိုတော်နေမျိုးဆေးရဲ့ နေပါရစေသီချင်းက ခေတ်စားနေတုန်း။ ကိုနေမျိုးဆေးက Mr. Guitar ကို စ ဖွင့်တယ်ဆိုတော့ စိတ်ဝင်စားတာပေါ့။ သူ့သီချင်းကို ကြိုက်တာလည်းပါ၊ ကော်ဖီဆိုတာ ကော်ဖီမှုန့်ရယ်၊ သကြားရယ်၊ နို့ဆီရယ် ရောပြီး ရေနွေးနဲ့ ဖျော်တာလောက် သိတဲ့အချိန်ဆိုတော့ ကော်ဖီ ၂၄မျိုးဆိုတာ ဘယ့်နှယ့်ဟာပါလိမ့်ပေါ့။

ကိုယ့်အိမ်စီးပွားရေးနဲ့ သူ့ကော်ဖီဆိုင်လည်း မကပ်နိုုင်ပါဘူးဗျာ။ စဉ်းစားကြည့်လေ၊ သာမာန် လက်ဖက်ရည် တစ်ခွက် ၁၀ ကျပ်လောက်ပဲ ရှိတဲ့အချိန် သူ့ဆိုင်က ကော်ဖီတွေက ၂၅ဝကျပ်တွေ ၁ဝဝဝကျပ်တွေဗျ။ မဂ္ဂဇင်းတစ်ခုမှာ Mr. Guitar နဲ့ အင်တာဗျူးထားတာလေး မှတ်မိပါရဲ့။ မှတ်မိသလောက်လေး ပြန်ပြောပါ့မယ်။

Thursday, May 2, 2013

ကြောင်ဝတ္ထု (၁)



အ ကာလ ညအခါသည် ပုံမှန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်သည့် သဘောရှိပေမည်။ နေ့အခါ ပျားပန်းခတ်မျှ လှုပ်ရှားနေသော စင်ကာပူမှ အရောင်စုံစက်ရုပ်လူသားများသည် ညအခါ မိမိတို့အိမ်အတွင်းဝယ် မိသားစုနှင့်အတူ အနားယူနေကြချိန်။ ၂၄ နာရီ ရပ်မရသော အလုပ်ထဲတွင် သင်္ဘောကျင်းအလုပ်လည်း ပါလေ၏။ အခြားလုပ်ငန်းခွင်တွေ နေ့အခါ ဆူညံသည်ဆိုသည်မှာ သင်္ဘောကျင်းအိပ်နေသလောက် ရှိလေရကား ညဘက် လုပ်ငန်းခွင်သည်ပင်လျှင် တူထုသံ၊ ဝရိန်ဆော်သံ၊ ချော်ခေါက်သံများ ဟိုတစ်စ ဒီတစ်စ ကြားနေရလေသည်။ နေ့အခါ ဆိုဖွယ်မရှိအောင် ဆူညံနေမည်ကား မြေကြီးလက်ခတ်မလွဲ။

အမှောင်သည် မကောင်းမှုတို့ ပျော်မွေ့ရာ ဖြစ်သလော။ အမှောင်ကမ္ဘာနှင့် မကောင်းမှု၊ အမှောင်ကမ္ဘာနှင့် အန္တရာယ်သည် တွဲဖက်၍ နေသလော။ အမှောင်ကို ကြောက်သောစိတ်သည် ကမ္ဘာဦးလူသားများမှ စတင်မြစ်ဖျားခံသော မျိုးရိုးလိုက်ခဲ့သည့် အကြောက်တရား ဖြစ်မည်ထင်သည်။ ကမ္ဘာဦးလူသားသည် နေ့အခါ အရာအားလုံးကို သဲသဲကွဲကွဲ မြင်နိုင်သည်ဖြစ်ရာ အန္တရာယ်ကို မြင်မြင်ထင်ထင် ရင်ဆိုင်ကာကွယ်နိုင်ပေမည်။ အလင်းထဲမှ ရန်သူသည် အမှောင်ထဲမှ တိုးတိတ်စွာ ချောင်းမြောင်းနေတတ်သော ရန်သူလောက်တော့ ကြောက်စရာကောင်းမည် မဟုတ်ပေ။ ထို့ကြောင့်ပင် အလင်းရောင်ပေးသော နေမင်းနှင့် မီးသည် ကမ္ဘာဦးလူအတွက်တော့ ကိုးကွယ်ရာ နတ်ဘုရားများပင် ဖြစ်ပေလိမ့်မည်။ 

Thursday, April 4, 2013

ကြေးအိုး



ဗိုက်ဆာလျှင် ဝါးတီးအကြောင်းရေးဖို့ သတိရသည်။ စင်ကာပူက ပင်နီဆူလာပလာဇာမှာ ကြေးအိုးသောက်တာကို သတိရသည်။ မှန်တဲ့အတိုင်း ပြောရလျှင် ပင်နီဆူလာက ဆိုင်တွေမှာ ရောင်းသောကြေးအိုးတွေကို သိပ်မကြိုက်ပါ။ ကိုယ့်ဖါသာကိုယ် ချက်စားဖို့ ပျင်းလျှင်ဖြစ်စေ၊ အချိန်မရ၍ဖြစ်စေ၊ အရမ်းစားချင်နေ၍ ဖြစ်စေသာ စားတတ်ပါသည်။ အာရုံအနောက်ဆုံးကိစ္စက မုန်ညှင်းစိမ်းအစား တွေ့ကရာ အရွက်တွေ ထည့်သည့်ကိစ္စဖြစ်သည်။

စင်ကာပူက NTUC, Prime, Shop N Save တို့လိုဆိုင်တွေမှာ တခါတရံ မုန်ညှင်းစိမ်းရှာခက်တာကို လက်ခံပါသည်။ သို့သော် စီးပွားဖြစ်ရောင်းချသူအနေနှင့် ရအောင်ရှာနိုင်သင့်သည်ဟု ထင်သည်။ သို့မဟုတ် ဘာအရွက်ထည့်ထည့် စားသုံးသူက သိပ်အရေးမထား၊ စားမှာပဲ၊ ဘာမျှမဖြစ်လောက်ဟု ထင်တာလည်း ဖြစ်နိုင်ပါသည်။ သူများတွေ အရေးထားတာ မထားတာ ကျွန်တော်မသိ၊ ကျွန်တော်ကတော့ ကြေးအိုးစားလျှင် မုန်ညှင်းစိမ်းလေးနှင့်မှ ကြိုက်သည်။ ပေါက်ကရအရွက်တွေထည့်လျှင် တင်းသည်။ပင်နင်ဆူလာက ဆိုင်တွေက တစ်ခါတစ်ရံ ရှမ်းခေါက်ဆွဲမှာစားလျှင် ရှမ်းမုန်ညှင်းချဉ်မပါဘဲ ဂေါ်ဖီချဉ်တွေ ချပေးတာမျိုး လုပ်တတ်သည်။ ရှမ်းခေါက်ဆွဲဖြစ်ပြီး မုန်ညှင်းချဉ် မပါသော ရှမ်းခေါက်ဆွဲသည် အသို့လျှင် ကောင်းနိုင်အံ့နည်း။ ကျွန်တော်အသိတစ်ယောက် နေမကောင်း၍ ဆန်ပြုတ်မှာစားသည်။ မယုံမရှိပါနှင့်…. ထမင်းကို blender ထဲ ထည့်ကြိတ်၍ ရေနှင့်ကျိုကာ ပေးတာမျိုးလည်း ကြုံဖူးပါသည်။

Sunday, March 24, 2013

ငုဝါ vs ပိတောက်



 ငု

ပိတောက်လို ဇာမချဲ့

ရိုးသားတဲ့ ငုဝါ။

တစ်ပင်လုံးဖြာ

ဆင်ထုံးရှာ၊ ထိန်ဝေလွင်သနဲ့

အိန္ဒြေရှင် ပန်းဆွဲ။

ခုလိုနွေ ခါသမယမှာဖြင့်

သူ့ကိုလေ စာမသသော်လည်း၊

ဒါနတမျှော်မျှော်နဲ့

အလှုတော် သူ့အလှကိုနော်ကွယ်

ခင်းပြလျက်ပဲ။   ။

 အထက်ပါ ငု ဆိုတဲ့ကဗျာလေးကို poems blog မှ ရပါတယ်။ နှစ်သက်လွန်းလို့ comment နဲ့ ခွင့်တောင်းပြီး ကူးယူလာခဲ့တာပါ။

အင်္ဂလိပ်စာမှာ and နဲ့ vs က အဓိပ္ပါယ်အတူတူလို ထင်ရပေမဲ့ vs က ယှဉ်ပြိုင်တဲ့ သဘောပိုဆောင်တယ်လို့ ကြားဖူးတယ်။ ကျွန်တော့်စိတ်ထဲမှာ နှစ်စဉ်ဖြစ်နေကျ နှိုင်းယှဉ်မှုလေးတစ်ခု ရှိလို့ ဒီ post ရဲ့ ခေါင်းစဉ်ကို vs နဲ့သုံးလိုက်တယ်။

Thursday, February 28, 2013

ပြောရင်း ရောင်းရင်း Marketing (MLM) အပိုင်း (၃)


အပိုင်း (၁) မှာ စကားနဲ့ လက်ဆင့်ကမ်းတာရဲ့ ပြဿနာတချို့ကို ပြောခဲ့ပါတယ်။ အပိုင်း (၂) မှာတော့ MLM ရဲ့ အစ ကနဦးအကြောင်းနဲ့ ဈေးကွက်ရှာပုံ ပြဿနာကို အနည်းအကျဉ်းသဘော တင်ပြခဲ့ပါတယ်။
 အခုလည်း ဒီဈေးကွက်ရှာပုံကိုပဲ နည်းနည်းလောက် ဆက်ပြီး မြင်သလိုပြောကြည့်ပါ့မယ်။ ဒီကိစ္စက အဓိက ပြဿနာထဲမှာ ပါသမို့ အကုန်မရေးနိုင်ပေမဲ့ အတတ်နိုင်ဆုံး ရေးလိုက်တာပါ။

လွဲခြင်း အခြေခံ

လူတစ်ဦးနဲ့ တစ်ဦး စကားလက်ဆင့်ကမ်းတယ် ဆိုရာမှာ အပိုင်း (၁) မှာ ပြောခဲ့သလို နားလည်မှု လွဲမှားနိုင်တဲ့ ပြဿနာတွေ အများကြီး ရှိပါတယ်။ လူဆိုတာ စကားတစ်ခုကို လက်ဆင့်ကမ်းရာမှာ ပုံမှန်နားကြားလွဲတာ၊ နားလည်မှုလွဲတာ အပြင် ကြည်ညိုသဒ္ဒါကြောင့်ပဲ ဖြစ်စေ၊ အမုန်းစိတ်အခံ ရှိရင်ဖြစ်စေ၊ လောဘကြောင့် ဖြစ်စေ၊ ဒေါသကြောင့် ဖြစ်စေ၊ နှစ်သက်မှု၊ မနှစ်သက်မှုတွေကြောင့်ဖြစ်စေ လိုရင်လိုသလို မလိုရင်မလိုသလို စကားကို လိုတိုးပိုလျော့ ပြောတတ်တာ ဓမ္မတာပါ။ ဒါတောင် ဘာသာစကား တူမှပါ။ ဘာသာစကားမတူသူဆီက ကြားရတဲ့စကားဆိုရင် ပိုဆိုးပါတယ်။ ကိုယ့်စိတ်ထဲ မရှင်းတဲ့အချက် သူတစ်ပါးကို ပြန်ပြောတဲ့အခါ ကိုယ်ထင်သလို ဆီလျော်အောင် ဘာသာပြန် ပြောတတ်ကြပါသေးတယ်။

Saturday, February 23, 2013

ပြောရင်း ရောင်းရင်း Marketing (MLM) အပိုင်း (၂)


MLM ဆိုတာ.....


ဈေးရောင်းတယ်ဆိုရာမှာ ကုန်ပစ္စည်းတစ်ခုခုကို ရောင်းချခြင်း (Good sale) နဲ့ ဝန်ဆောင်မှုကို ရောင်းချခြင်း (Service sale) ဆိုတာမျိုးတွေ ရှိပါတယ်။ MLM စနစ်ကို ဒီနှစ်မျိုးစလုံး ရောင်းချရာမှာ အသုံးပြုပါတယ်။

Multi Level Marketing ကို ဈေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချခြင်း (Direct Selling Method) လို့လည်း ခေါ်ပါတယ်။ ရောင်းချရာမှာ ကုမ္ပဏီက လစာနဲ့ ခန့်ထားတာ မဟုတ်တဲ့ အရောင်းကိုယ်စားလှယ်တွေကို အသုံးပြုပါတယ်။ အခြေခံအားဖြင့် အရောင်းကိုယ်စားလှယ်တွေဟာ နောက်ထပ် အရောင်းကိုယ်စားလှယ် အသစ်တွေကို ထပ်မံဆွဲဆာင် စည်းရုံးရပါတယ်။ ကိုယ်က ထပ်မံစည်းရုံးလိုက်လို့ ကိုယ့်နာမည်အောက်မှာ ကိုယ်စားလှယ်အသစ်တွေ ထပ်ရလာလေလေ ကိုယ့်မှာလည်း ဝင်ငွေတိုးလေလေပါပဲ။ ကိုယ်အပါအဝင် ကိုယ့်အောက်က ကိုယ်စားလှယ်တွေရဲ့ ရောင်းချရတဲ့ ကုန်ပစ္စည်းပမာဏပေါ် မူတည်ပြီး ကော်မရှင်ခကို အချိုးကျ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အောက်မှာ အရောင်းကိုယ်စားလှယ်တွေ များများရအောင် စည်းရုံးနိုင်လေလေ ဝင်ငွေတိုးလေလေလို့ ယေဘူယျသတ်မှတ်လို့ ရပါတယ်။ ဒါကတော့ သာမာန် MLM စနစ် တစ်ခုရဲ့ အခြေခံသဘောတရားပါ။


Monday, January 28, 2013

ပြောရင်း ရောင်းရင်း Marketing (MLM) အပိုင်း (၁)


နိဒါန်း
 
 အမှန်တရားတစ်ခု ပေါ်ထွန်းလာစေဖို့ အငြင်းအခုန် လိုအပ်တယ်ဆိုတာ လက်ခံပေမဲ့ ဘာမဟုတ်တာနဲ့ အချိန်ကုန်ခံပြီး စကားအနိုင်ရဖို့ ပြောရဆိုရတာတွေကို စိတ်ပျက်လို့ အငြင်းအခုန် မလုပ်တာပါ။ ငြင်းစရာ၊ ခုန်စရာတွေကို တတ်နိုင်သမျှ လက်ရှောင်ပေမဲ့ ဆိုရေးရှိတော့လည်း ဆိုရတာပါပဲ။ အချိန်မရတဲ့ကြားက ဝါသနာအရ စာရေးပါတယ်ဆိုမှ ဒီအတောအတွင်း လက်တစ်ဖက် ကိုက်ခဲနေတာနဲ့ ဘာမှ မရေးဖြစ်ဘူး။ အခုတော့ နည်းနည်းသက်သာလာတာရယ်၊ ရေးစရာကလည်း ခေါင်းထဲမှာ ပြည့်လာတာရယ်ဆိုတော့ နည်းနည်း နည်းနည်းနဲ့ တစ်ပုဒ်ဖြစ်အောင် ရေးလိုက်တယ်။

ဒီစာကို ဖတ်ရင်းနဲ့ ဆန့်ကျင်တဲ့ အတွေးတွေ၊ ချေပတဲ့အတွေးတွေ ဝင်လာမဲ့ သူငယ်ချင်းတွေ ရှိကြမယ်ဆိုတာ သိနေပေမဲ့ ဘယ်လိုပဲတွေးတွေး တွေးကြည့်စေချင်လို့ကို တမင်ရေးလိုက်တာပါ။ ကျွန်တော့်အယူအဆ မှန်ပါတယ်လို့ မပြောသလို၊ စကားအနိုင်ရဖို့ ငြင်းဖို့ခုန်ဖို့ အစဆွဲတာ မဟုတ်ပါ။ အတွေ့အကြုံနဲ့ တွေးမိသမျှကို share တာပါပဲ။ တစ်ခုပြောချင်တာက စိတ်အနှောက်အယှက် ဖြစ်စေလိုတဲ့ ဆန္ဒမရှိပါကြောင်းနဲ့ မနှစ်သက်ပါက အပြစ်တော်မယူဘဲ ခွင့်လွှတ်နားလည် မေ့ပျောက်ပါစေကြောင်း နိဒါန်းသွယ်လိုက်ပါရစေလား။

Thursday, December 27, 2012

သံသရာစမ်းရေ (အပိုင်း-၉)


အပေါ်စီးမှ ကြည့်ခြင်း

 အပိုင်း-၈ မှာ Overview ကြည့်ခြင်းရဲ့ အရေးပါပုံကို ပြောချင်တာ။ တရုတ်တွေရဲ့ ယင်နဲ့ယန်သဘောမှာတော့ အမြင့်ကနေပြီး အနိမ့်ကို ကြည့်ရမတဲ့ဗျ။

ဆရာအော်ပီကျယ် ပြောတာကတော့ တောင်တက်သမားတွေ တောင်ပေါ်တက်တယ်ဆိုတာ အဲဒီနေရာကို လိုချင်လို့ မဟုတ်ဘူး။ အဲဒီက မြင်ရတဲ့ မြင်ကွင်းကို ကြည့်ချင်တာ။ မတူတဲ့ မြင်ကွင်းကို မြင်ချင်တာ… လို့ ဆိုပါတယ်။ ဒါဆိုလည်း ရဟတ်ယာဉ်နဲ့ တက်ကြည့်ပေါ့လို့တော့ စကားမကပ်ပါနဲ့။ အောက်ခြေကနေ တက်လာရတဲ့ တစ်ဆင့်ချင်းရဲ့ မြင်ကွင်းကို ခင်ဗျား ရဟတ်ယာဉ်ပေါ်က မြင်နိုင်မှာတဲ့လား။

ပြောပြလိုက်ဦးမယ်။ လုပ်ငန်းခွင်ထဲမှာ အောက်ခြေရာထူးကနေ တစ်ဆင့်ချင်း တက်လာရတဲ့ အရာရှိနဲ့ မိုးပေါ်ကကျသလို စ ကတည်းက အရာရှိဘဝနဲ့ ဝင်လာတဲ့ သူ…. အမြင်ချင်း တူမယ်များ ထင်လို့လား။ ကျွန်တော်ဆိုလိုတာက အောက်ခြေက တက်လာတဲ့ အရာရှိမှ ကောင်းတယ်… ချက်ချင်းဖြစ်လာတဲ့ အရာရှိက မကောင်းဘူးလို့ ပြောတာမဟုတ်ပါ။ ယေဘူယျအားဖြင့် အဲဒီအရာရှိ နှစ်ယောက်ရဲ့ အမြင်အယူအဆဟာလည်း မတူကြပါဘူး။ အောက်ခြေမြင်ကွင်းကို ကိုယ်တိုင်မြင်ဖူးသူနဲ့ ပြောပြလို့၊ စာအုပ်ထဲပါလို့ ကြားဖူးသင်ဖူးသူ မတူပါဘူး။

Monday, December 17, 2012

သံသရာစမ်းရေ (အပိုင်း-၈)


(သမီးလေးကြီးလာရင် ဖတ်ဖို့ ရည်စူးပြီး ရေးတာမို့ မိဘနဲ့ သားသမီး သံသရာသဘောရယ်၊ စမ်းရေလို အေးတဲ့ မိဘမေတ္တာရယ်ကို ရည်ညွှန်းပြီး သံသရာစမ်းရေလို့ နာမည်ပေးခဲ့ပါတယ်။  သမီးလေးတစ်ယောက် ရလာတော့ ဇော်ဝင်းထွဋ်ရဲ့ သံသရာစမ်းရေသီချင်းလေးကို ခံစားမိတာလည်း ပါတာပေါ့။ အခုဒီ post ထဲက ဒီခေတ်ရဲ့ ကလေးတွေ အကြောင်းဟာ သမီးလေး ဖြတ်ရမဲ့ ဒီခေတ်အကြောင်းပဲ မဟုတ်လား…..)


လမ်းလျှောက်ရင်း လမ်းပျောက်သူများ

ပြီးခဲ့တဲ့ အပတ်က ကျွန်တော့်ဆီကို မြန်မာပြည်က ညီလေးတစ်ယောက် ဖုန်းဆက်ပါတယ်။ အဲဒီညီလေးကြောင့်ပဲ သံသရာစမ်းရေ ကို ဆက်ရေးဖြစ်တာပါ။ ဒီကလေးက ကျွန်တော့်ညီဝမ်းကွဲတစ်ယောက်ရဲ့ သူငယ်ချင်းပါ။ ပြဿနာက လမ်းလျှောက်ရင်း လမ်းပျောက်နေတဲ့ ကိစ္စလို့ ပြောရမှာပါပဲ။ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ နောက်တစ်ယောက်လည်း ဒီပြဿနာပါပဲ။ ကျွန်တော့်ဆီ ဖုန်းဆက်တဲ့ ညီလေးက ၁၀ တန်းကို ဂုဏ်ထူး ၃ ခုနဲ့ အောင်ထားသလို GTC Civil နဲ့ တက်နေတဲ့ လူငယ်တစ်ယောက်ပါ။ သူ့သူငယ်ချင်းကတော့ ဘာသာစုံဂုဏ်ထူးလို့ ဆိုပါတယ်။ ထူးချွန်တဲ့ လူငယ်တွေပါ။ သူတို့ကိစ္စ၊ သူတို့ပြဿနာက အခုလက်ရှိ လူငယ်တွေ အများစု ကြုံနေရတဲ့ ပြဿနာဖြစ်နေတာရယ် ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့ အကြောင်းဖြစ်နေတာရယ်ကြောင့် ဒီပြဿနာနဲ့ ပါတ်သက်လို့ မြင်မိတွေးမိတာလေးတွေ စုစည်းပြီး ရေးလိုက်ရင် သူတို့လို ကလေးမျိုးတွေအတွက်လည်း စဉ်းစားစရာအချက်အလက်လေးတွေ ရနိုင်မယ်ထင်လို့ ဘလော့ဂ်ပေါ် တင်လိုက်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်က လူတတ်ကြီးလုပ်၊ ဆရာလုပ်တယ်လို့ မထင်စေချင်ပါ။ သူတို့ထက်စာရင် ဘဝမှာ အမှားတွေအများကြီး လုပ်ခဲ့ဖူးလို့ အဲဒီအမှားတွေကရတဲ့ သင်ခန်းစာလေးတွေကို ဝေမျှပေးတာပါပဲ။ သူ့အကြောင်းမပြောခင် လိုအပ်မယ်ထင်လို့ ကျွန်တော့်ညီရဲ့ အကြောင်းကို အရင်ပြောပြပါ့မယ်။

Monday, December 3, 2012

စကော့ချ် ကြက်ဥကြော် (Scott or Scotch Egg)




လေးသောစာများကို အသာချ၍ ပေါ့ပေါ့ပါးပါး ဝါးတီးများအကြောင်း ကဏ္ဍအသစ်တစ်ခု ဖွင့်လိုက်ပါသည်။ ဝါးတီးသည် လူနှင့်တည့်ပါသည်။ ကန်တော်ကြီးဟော်တယ်တွင် ချက်ကြီး သင်တန်းတက်စဉ်က သင်ကြားခဲ့ဖူး၍ ကျွန်တော်ကိုယ်တိုင်လည်း နှစ်သက်သော စကော့ချ်ကြက်ဥကြော်ကို တင်ဆက်လိုက်ပါသည်။

ပါဝင်သောပစ္စည်းများ (Ingredients)

၁။ ကြိတ်ထားသောဝက်သား                ၁ပေါင်ခွဲ
စိန်ခလုတ်ဆိုတာ ဒီလိုဟာ....
၂။ ကြက်ဥပြုတ်                                ၁၂ လုံး
၃။ ခေါက်ထားသော ကြက်ဥ                 ၁ လုံး
၄။ ဆား၊ ငရုတ်ကောင်း (သကြား၊ အချိုမှုန့်)        သင့်ရုံ 
၅။ ဂျုံမှုန့် သို့မဟုတ် ကော်မှုန့်                 ၄ ဇွန်း
၆။ ပေါင်မုန့်အမှုန့်                                 အနည်းငယ် 
(ပေါင်မုန့်ကို စိန်ခလုတ်နှင့် တိုက်ချပါက ပေါင်မုန့်အမှုန့် မွမွလေးများ ရပါသည်။)

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...