Sunday, October 19, 2014

ကလေးငယ်ရဲ့ ချစ်ခြင်းအနုပညာ (သိန်းနိုင်)



(ကျားမေမေ အဆက် ဆောင်းပါးတစ်ခုကို မောက္ခပညာရေးမဂ္ဂဇင်းမှ ကူးယူမှတ်သားထားခြင်း ဖြစ်ပါသည်။)



ကလေးများအနေဖြင့် “မိမိကိုယ်ကို ယုံကြည်မှုရှိလာအောင် ပြုစုပျိုးထောင်ပေးခြင်း” self-esteem မှာ အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ဟု အချို့က ဆိုကြပါသည်။ သို့သော် အချို့ကမူ များစွာ ယုံကြည်မှု မရှိသေး။ နာမည်ကျော် “ကျားမေမေ” tiger mom စာအုပ် ရေးသားပြုစုခဲ့သူ တရုတ်-အမေရိကန် စာရေးဆရာမ အေမီချွာက ယခုကဲ့သို့ တုန့်ပြန်ပြောခဲ့ဖူးသည်။ “ကျွန်မတို့ဟာ ကိုယ့်ကလေးဆို သိပ်ကို အမွှမ်းတင်လွန်းကြတယ်။”
 
ကလေးဖွံ့ဖြိုးမှု သုတေသန လေ့လာမှုအသစ် တွေ့ရှိချက်အရ ကလေးငယ်၏ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိလာစေခြင်း အပေါ်တွင် အလွန်အမင်း အာရုံစိုက် ပျိုးထောင်နေခြင်းမှာ ပို၍ အရေးကြီးလှသည့် အခြား ဘဝစွမ်းရည်တစ်ရပ်ကို လျစ်လျူရှုရာ ရောက်နေ တတ်ကြောင်း တင်ပြထားပါသည်။ ထိုအရေးကြီးလှသည့် ဘဝစွမ်းရည်မှာ အခြားအရာမဟုတ်ပါ။ ကျွန်တော်တို့ မြန်မာမှုထဲတွင် နေ့စဉ်ပင် ကျင့်သုံးတတ်သည့် ဘာဝနာ တစ်ရပ်ပင်ဖြစ်ပါသည်။ “မိမိကိုယ်ကို မေတ္တာတရား ထားတတ်ခြင်း” ပင် ဖြစ်သည်ဟု ပညာရေး သုတေသနက ထောက်ပြထားလေသည်။

 


မကြာခဏ ဆိုသလိုပင် နားလည်မှု လွဲချော်တတ် ကြပါသည်။ မိမိကိုယ်ကို အလိုလိုက်လွန်းခြင်း၊ သနား ညှာတာခြင်း၊ ဂရုစိုက်ခြင်းနှင့် မေတ္တာထားခြင်းတို့ကို အတ္တစိတ် ကြီးမားခြင်းနှင့် (လွဲချော်စွာ) ယှဉ်တွဲခြင်းပင်။ တက္ကဆက်တက္ကသိုလ်မှ သုတေသီ Kristin Neff က ယခုလို ရှင်းပြထားပါသည်။ မိမိကိုယ်ကို ထားရှိအပ်သော မေတ္တာစိတ်၊ စာနာစိတ်တွင် သွင်ပြင်လက္ခဏာ သုံးရပ်ရှိ သည်။ မိမိ၏ အတွေးနှင့် စိတ် ခံစားချက်တို့ကို သတိဖြင့် စောင့်ကြပ်ကြည့်ရှုတတ်ခြင်း၊ လူအများအပေါ် စေတနာ ထားတတ်ခြင်း၊ မိမိကိုယ်ကို ကြင်နာစွာဖြင့် ပြုမူ လုပ်ဆောင်ခြင်း တို့ဖြစ်သည်ဟု ဆိုပါသည်။
မိမိကိုယ်ကို ယုံကြည်မှု တိုးပွားလာစေရန် (ပုံစံမှားယွင်းစွာ) တည်ဆောက်ခြင်းကို စိတ်ကျန်းမာရေး ပြဿနာများနှင့် ဆက်စပ် တွေ့ရှိထားပါသည်။ မိမိကိုယ်ကိုု အလွန်အမင်း ဂရုစိုက်ခြင်း၊ အတ္တလွန်ကဲစွာ ကိုယ့်ကိုယ်ကိုယ်သာလျှင် အလွန် ချစ်မြတ်နိုးခြင်းနှင့် စိတ်ခံစားမှုဆိုင်ရာ ဖရိုဖရဲ ဖြစ်ခြင်းတို့နှင့် သက်ဆိုင်ပါသည်။ သို့ရာတွင် (မှန်ကန်စွာ) မိမိကိုယ်ကို မေတ္တာကရုဏာ ထားတတ်ခြင်း အလေ့မှာမူ ဇွဲ၊ လုံ့လကြီးမားခြင်း၊ စိတ်ဓါတ်စွမ်းအင် မြင့်မားခြင်း၊ ဖန်တီး တတ်ခြင်းနှင့် ဘဝ အောင်မြင်မှုတို့နှင့်လည်း ယှဉ်တွဲလျက် ရှိနေပြန်သည်။

မိမိတို့၏ ရင်သွေးငယ်များသည် ဤအရေးကြီးလှသည့် ဘဝစွမ်းရည်ကို ရရှိစေရန်အတွက် နည်းလမ်း ငါးသွယ်ဖြင့် ပြုစုလေ့ကျင့် ပျိုးထောင်ပေးနိုင်ပါသည်။

“ကောင်းသောဘဝ” နှင့်စပ်လျဉ်းသော အမှန်တရားတို့ကို ကလေးများအား သင်ကြားပေးပါ…

Duke တက္ကသိုလ်မှ စိတ္တဗေဒပညာရှင် မာ့ခ်လီရီက ဤသို့ ဆိုပါသည်။ “ကျွန်မ ငယ်ငယ်တုန်းက ထင်ခဲ့တာပါ။ ကောင်းမွန်တဲ့ ဘဝ ဆိုတာဟာ ဒီထက်ကို ပိုပြီး ပြီးပြည့်စုံတဲ့ အရာရယ်လို့။” ပြီးပြည့်စုံသော ဘဝသို့ ရောက်ရှိသည်နှင့် မသက်မသာ ဖြစ်ခြင်းများ၊ ဒုက္ခ အခက်အခဲများနှင့် စိတ်ပျက်စရာများမှ ကင်းစင်သောနေရာ…။ သို့ရာတွင် အရွယ် ရောက်လာသည့်နှင့် အမျှ ပြီးပြည့်စုံသော အရာ ဟူ၍ကား မရှိခြင်းကို သူမ သိမြင်လာခဲ့သည်။

နာကျင်ခံစားမှု ဒုက္ခတရားအပေါ်ကို ကျွန်တော်တို့က ယခုကဲ့သို့ အဓိပ္ပါယ် ဖွင့်ဆိုတတ်ပါသည်။ ဇရာအရွယ် ရောက်လာခြင်း၊ နာမကျန်း ဖြစ်လာခြင်းတို့နှင့် ရင်ဆိုင်ရသည့် အခါဝယ်ဖြစ်သည်။ “ဘဝ အရှုံး” ဟူ၍ ထင်မြင် ယူဆကြကြောင်း Neff က ဆိုသည်။ ဤကဲ့သို့ ကျိုးကြောင်း ညီညွတ်မှု မရှိဘဲ ယုံကြည်ထားခြင်းနှင့်အတူ ဒုက္ခတရားကို ကျရှုံးခြင်းဟူ၍ ပုံဖေါ် နားလည်ထားကြပြီးလျှင် လုံးဝဥဿုံ ရှောင်ကျဉ်နိုင်သည့် အရာဟူ၍ ထင်မြင်ယူဆခြင်းပင်ဖြစ်သည်။ အရာအားလုံးကို ကျွနု်ပ်တို့ ထိန်းချုပ်ခြင်းငှါ မစွမ်းသာပါလားဟူ၍ လက်ခံရန်မှာ ခဲယဉ်းတတ်ပါသည်။ စိတ်မသက်မသာ ဖြစ်စရာလည်း ကောင်းလှပါသည်။ သို့သော် ကျွန်တော်တို့ မတတ်နိုင်ပါ။

ကလေးငယ်များအနေဖြင့် ဘဝ၏ အတက်၊ အကျ သဘောကို နားလည် လက်ခံလာစေရန် လေ့ကျင့်ပျိုးထောင် ပေးသင့်ပါသည်။ ဘဝဆိုသည်မှာ အစဉ်အမြဲပင် အတက်၊ အကျ ရှိနေခြင်းသဘော။ ယခင်တုန်းကလည်း ရှိခဲ့သည့် တရား။ နောင်တွင်လည်း အစဉ် မှန်ကန်နေမည့် တရားဟူ၍။ အောင်မြင်ခြင်း၊ ကောင်းခြင်းတို့ကဲ့သို့ အကောင်း လောကဓံတို့ကို သာယာခံစားခြင်း၊  ဆင်ယင် ကျင်းပခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထို့အတူ ကြီးပြင်းလာနေသည့် ဘဝ၏ အစိတ်အပိုင်း အချို့တွင် ကြုံတွေ့ရနိုင်သည့် “အဆိုးလောကဓံ” ကို မည်သို့ ရင်ဆိုင်မည်ကို ကျောင်းသူကျောင်းသားများ လေ့လာခွင့် ရရှိသင့်ပါသည်။
“တတ်သိနားလည်သော မိဘများအနေဖြင့် ကလေးငယ်တို့ကို ပြုစုပျိုးထောင်ရာတွင် သူတို့လေးတွေ၏ စိတ်လှုပ်ရှား ခံစားမှုကို မည်သို့ ထိန်းသိမ်း ကိုယ်တွယ်ရမည်ကို လေ့လာခွင့် ပေးခြင်းပင်ဖြစ်သည်။ ... ထို့အပြင် လူမှုရေး သတ္တဝါအနေဖြင့် ကလေးငယ်ကို သိမြင်နားလည်စေရန် ကူညီသမှုပြုခြင်းပင်ဖြစ်သည်။” ယူကေနိုင်ငံမှ ပညာရေး သုတေသီပညာရှင် Paul Gilbert က ဆိုသည်။

ဆိုလိုသည်မှာ အောင်မြင်သော လူကြီးဘဝသို့ ရောက်ရှိစေရန်အတွက် မိမိကိုယ်ကိုယ်နှင့် အခြားသူတပါးတို့ကို မည်သို့မည်ပုံ ဂရုစိုက် စောင့်ရှောက်ရမည်ကိုသာလျှင် လေ့လာရန် လိုအပ်သည်မဟုတ်ပါ။ အခြားသူများထံမှလည်း မိမိအတွက် လိုအပ်သော အကူအညီကို မည်သို့ တောင်းခံနိုင်သည်ကို သိရှိစေသင့်ပါသည်ဟု သုတေသီက ရှင်းပြခဲ့သည်။


လေ့ကျင့်ပျိုးထောင်မှုဖြင့် မိမိကိုယ်ကိုယ် မေတ္တာထားခြင်း…


ကြံ့ခိုင်ဇွဲသန်မှု ရှိခြင်းမှာ ပျော်ရွှင်အောင်မြင်သော ဘဝတာအတွက် သော့ချက်ဖြစ်ကြောင်း သုတေသီများက တွေ့ရှိထားကြပြီ။ ဆိုလိုသည်မှာ အဆိုးလောကဓံထဲမှ ဖေါက်ထွက် ရုန်းကန်နိုင်စွမ်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ စိတ်ဓါတ် ကြံ့ခိုင် ဇွဲသန်ရန်အတွက် သော့ချက်မှာမူ မိမိကိုယ်ကိုယ် မေတ္တာထားတတ်ခြင်းဟု ဆိုသည်။

ကလေးငယ်များနှင့် ဆက်ကျော်သက်များ အနေဖြင့် မိမိကိုုယ်ကိုယ် ချစ်ခြင်းမေတ္တတရားဖြင့် စောင့်ရှောက်တတ်စေရန် ပထမဦးဆုံးသော သင်ခန်းစာမှာ သူတို့လေးတွေ၏ ကိုယ်ပိုင် စိတ်ခံစားချက်များနှင့် တုန့်ပြန်ပုံများကို သတိပြုမိ၊ သိရှိစေရန် ကူညီ ပံ့ပိုးမှုဖြင့် စတင်နိုင်ပါသည်။ စာနာစိတ်ဖြင့် နားထောင်ပေးခြင်း၊ သူတို့လေးတွေ၏ ခံစားချက်တို့ကို ခွဲခြမ်းစိတ်ဖြာ နားလည်စေရန် တိုင်ပင ်ဆွေးနွေးပေးခြင်းတို့ကို ဆိုလိုပါသည်။ “သားသားက သိပ်ကို ဒေါသ ထွက်နေသလိုပဲ”၊ “မီးမီးက အဲဒီကိစ္စကို အခုထိ မကျေမနပ် ဖြစ်နေတုန်းပဲလား”…။ မျှဝေ ခံစားပေးခြင်း၊ စာနာ နားလည်ခြင်းတို့မှာ များစွာ အရေးပါလှသည်။ “ဟုတ်တယ်…။ အဲဒါက သိပ်ကို ခက်တာ။”။ “အတော့်ကို ဆိုးလိုက်တာ။” “ဖြစ်မှ ဖြစ်ရလေကွယ်”…။

ကလေးငယ်များ ကြုံတွေ့ရမည့် လောကဓံတရားများမှာ ပုံမှန် သဘာဝပင်ဖြစ်ကြောင်း မိဘများက ရှင်းပြထားသင့်သည်။  “စိတ်ပျက်လက်ပျက် အဖြစ်မျိုးက ကြုံရတတ်ပါတယ်ကွယ်။ ကို်ယ်လိုချင်တဲဟာ မရတာမျိုးလေ။” “အင်းပေါ့… တခါတလေတော့လည်း မနာလိုစိတ် ဖြစ်မိတတ်တာ လူ့သဘာဝပါပဲ သမီးလေးရယ်။”…

ဆွေးနွေးပြောဆိုခြင်း နိဂုံးပိုင်းတွင် ကလေးငယ်များအနေဖြင့် လက်တလော ဖြစ်ပေါ်နေသော စိတ်ဒဏ်ရာ သက်သာစေမည့် အခြေအနေ အတွက် ပြောဆို ကူညီပေးသင့်ပါသည်။ (ဥပမာ - ပုခုံးကို ပုတ်ခြင်း။ ဖက်လှဲတကင်း နှစ်သိမ့်ခြင်း၊ ပန်းခြံထဲ လမ်းအတူလျှောက်ခြင်း၊ ခေါင်းအုံးကို လက်သီးနှင့် ထိုးခြင်း…)။ ရေရှည်တွင် ဤကဲ့သို့သော စိတ်လှုပ်ရှား ခံစားမှု  မည်သို့မည်ပုံ ထိန်းသိမ်း ကိုင်တွယ်မည်ကို ဆွေးနွေးတိုင်ပင်ခြင်း၊ အကြံဉာဏ်ပေးခြင်း (ဥပမာ - အနာဂတ် လုပ်ရပ်များအပေါ် ကြိုတင် စီစဉ်ထားခြင်း၊ သည်းခံစိတ်ထားကို လေ့ကျင့်ယူခြင်း၊ မျှဝေ ခံစားပေးနိုင်ရန် ဆွေးနွေးခြင်း…။)


အပြုအမူကို ဝေဖန်ဆန်းစစ်ပါ…၊ သို့သော် ကလေးငယ်ကို မဝေဖန်ပါနှင့်…


မိဘများနှင့် ဆရာဆရာမများ အနေဖြင့် အရေးကြီးဆုံးသော အလုပ်မှာ ကလေးငယ်၏ မိမိကိုယ်ကိုယ် တန်ဖိုးထား တတ်စေရန် ပြုမူ ဆက်ဆံပေးခြင်းပင်ဖြစ်သည်။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ… မည်သို့သော အခြေအနေတွင်မဆို သူတို့ကိုယ်ကိုယ် တန်ဖိုးထား၊ လေးစားတတ်ခြင်းမှာ အလွန် အရေးကြီးလှသည်။
“မိဘများအနေနဲ့ (မိမိတို့ လူကြီးများက ဖြစ်စေချင်သည့် ပုံစံမျိုး မဟုတ်ဘဲ…) သူတို့လေးတွေ၏ ပကတိ အရှိသဘာဝအတိုင်း လက်ခံ နားလည်ပေးရန် လိုအပ်လှပါသည်။ သို့ရာတွင် အပေါ်ယံ သကာဖုံးရုံမျှသာ မဟုတ်ပါ။ သူတို့လေးတွေ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိ၊ သိမြင် ခံစားတတ်စေရန် ပ့ံပိုး ကူညီပေးခြင်းဖြစ်သည်။”

ဤကဲ့သို့ ဖြစ်လာစေရန် ကလေးငယ်၏ အပြုအမူကို ရိုးသားစွာဖြင့် ဝေဖန်ထောက်ပြ သင့်ကြောင်း သုတေသီက အကြံပြုထားပါသည်။ ကလေးငယ်၏ အကျင့်စာရိတ္တကို ဝေဖန််ပြောဆိုရန် မဟုတ်ပါ။ ကလေးငယ်အနေဖြင့် သူ၊ သူမ၏ လုပ်ရပ် (သို့မဟုတ်) ကြိုးပမ်းအားထုတ်မှုနှင့် သူ၊ သူမ၏ ပုဂ္ဂလတန်ဖိုးတို့ အပေါ်တွင် ရှုပ်ထွေးမှု မရှိဘဲ ကွဲပြားခြားနားစွာ သိမြင် ခံစားတတ်စေပါမည်။ ဥပမာအားဖြင့် - “မင်းဟာ တကယ့်ကို ယုတ်ကန်းတဲ့ကောင်ပဲ” ဟူ၍ ပြောဆိုမည့်အစား “မင်းလုပ်ခဲ့တာဟာ သူတပါးအတွက် နာကျင်စေတယ်လေ…” ဟု ပြောဆိုခြင်းဖြင့် သူ့အတွက် အပြုအမူ ပြုပြင်ပြောင်းလဲ တိုးတက်စေရန် လမ်းဖွင့် ထားရှိပါသည်။ ခုခံချေပ ပြောဆိုနေမည်လည်း မဟုတ်ပါ။
ထိုနည်းအတူ “အဲဒီဟာ သိပ်ကောင်းတဲ့ စိတ်ကူးပဲ…” ဟူ၍ ဝေဖန်ပြောဆိုခြင်းမှာ “သားသားက သိပ်ဉာဏ်ကောင်းတာပဲ” ဟု ပြောဆိုခြင်းထက် သာလွန် ကောင်းမွန်ပါသည်။ ဤသို့ပြောဆိုခြင်းဖြင့် ကလေးငယ်အနေဖြင့် အမှားအယွင်း တစ်ခုခု လုပ်မိသည့်အခါတွင်လည်း မိဘ၊ ဆရာဆရာမများ၏ အမြင်သဘောထားကို ပျက်စီးစေမည်ဟု သူတို့ မခံစားရတော့ပါ။


အနာဂတ် အပြုအမူအတွက် ပုံဖေါ်ပေးပါ။ (အတိတ်အမှားကို အပြစ်ပေးမည့်အစား…)


ကလေးငယ်၏ ကြိုးပမ်းလုပ်ဆောင်မှုတွင် အောင်မြင်ခြင်း၊ ကျရှုံးခြင်းတို့အပေါ် မိဘ၊ ဆရာဆရာမများ၏ အမြင်သဘောထား တုန့်ပြန်ပုံမှာ ကလေးငယ်အနေဖြင့် မည်သို့ ကြီးပြင်လာမည့်အပေါ်တွင် များစွာ လွှမ်းမိုးမှု ရှိနေပါသည်။ သူ၏ အတွင်းသဘောကို ပုံဖေါ်နေခြင်းပင်ဖြစ်သည်။ “မိဘ၊ ဆရာဆရာမများ၏ ပြုမူ တုန့်ပြန်ပုံတို့ကို မှတ်တမ်းသဖွယ် သိမ်းဆည်းထားပြီး ပြန်လည် (ပြုလုပ်) တင်ဆက်ကြတော့မည်။” စိတ္တဗေဒပညာရှင် လီရီက ဆိုပါသည်။

အလွန်အကျွံ ပြစ်ဒဏ်ပေးခြင်း (ဥပမာ - တင်ပါးကို အရှိုးရာပေါ်အောင် ရိုက်နှက်ခြင်း) မှာ ကလေးငယ်များအနေဖြင့် မှားယွင်း ပြုမူမိသည့် အခါတိုင်းတွင် မိမိကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးရမည်ဟူ၍ သင်ကြားပေးနေသလိုပင်။ နောင်တွင် ဤကဲ့သို့ အခြေအနေမျိုး၊ အခက်အခဲမျိုးနှင့် ထပ်မံ ကြုံတွေ့ပါက မည်သို့ တုန့်ပြန် လုပ်ဆောင်ရမည်ကိုကား သင်ကြားပြသရာ မရောက်ပါ။ မိမိကိုု်ယ်ကိုယ် အဆိုးမြင်ခြင်း၊ မညှာမတာ ဝေဖန်ခြင်းတို့ဖြင့် ကြီးပြင်းလာကြတော့မည်။ စိတ်ဓါတ်စွမ်းအင်၊ စိတ်ပါဝင်စားမှု အဆင့်တို့ကို လျော့ကျစေပါသည်။ လူ့ဘဝ အရည်အသွေးတို့ကိုပါ ကျဆင်း စေပါတော့သည်။

ပညာရေးရည်မှန်းချက် တစ်ခုမှာ အလေ့အထကောင်းများနှင့် ဆက်ဆံရေး စွမ်းရည်တို့ကို လေ့ကျင့် တည်ဆောက်ပေးခြင်းဖြစ်သည်။ ကလေးငယ်၏ ရေရှည် အနာဂတ်ဘဝအတွက် အထောက်အပံ့ ဖြစ်စေမည့် စွမ်းရည်များ ရရှိသွားစေရန် ဖြစ်ပါသည်။ ဥပမာအားဖြင့် - ကလေးငယ်တစ်ဦးသည် သူ၏ သူငယ်ချင်းများ၏ ခံစားမှုတို့အပေါ်တွင် ထိခိုက်စေသည့်အခါဝယ် သူသည်လည်း ထိခိုက် ခံစား တတ်စေရန်ဖြစ်ပါသည်။ မိမိလုပ်ရပ်၊ အပြောအဆိုတို့ကို ပြန်လည် သုံးသပ်တတ်ပြီး နောင်အနာဂတ်တွင် ဤကဲ့သို့သော အပြုအမူကို ရှောင်ရှားတတ်စေရန် လေ့ကျင့် ပေးသင့်ပါသည်။
အားလုံးအတွက် အကောင်းဆုံး အခြေအနေ တစ်ရပ်ကို ဖန်တီးတည်ဆောက်ရန် ရည်ရွယ်ထားရှိသော်လည်း ကလေးငယ်သည် ကိုယ့်ကိုယ်ကိုယ် မညှာမတာ ဝေဖန်ပြောဆိုနေခြင်းမှာ သူ၏ ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အတားအဆီး ဖြစ်စေပါသည်။ အတိတ်အမှားမှ သင်ခန်းစာ ထုတ်နှုတ်ယူတတ်ပြီးလျှင် ပို၍ ကောင်းသော အနာဂတ်ကို တည်ဆောက်တတ်စေရန် ရည်ရွယ်ထားရှိသင့်သည်။


စံပြနမူနာ…


မိမိကိုယ်ကိုယ် မေတ္တာ၊ ဂရုဏာထားရှိပုံကို စံပြနမူနာ ယူစရာအဖြစ် လုပ်ပြနိုင်ပါသည်။ မိမိကိုယ်ကိုယ် မညှာမတာ ဝေဖန်ပြစ်တင်ခြင်း မဟုတ်ပါ။ နမူနယူစရာ လုပ်ပြနိုင်ခြင်းမှာ အလွန်အရေးကြီးလှသည်။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်များသည် လူကြီး မိဘ၊ ဆရာဆရာမများ၏ တုန့်ပြန် ပြောဆို၊ ပြုမူ၊ ဆက်ဆံပုံတို့ကို စောင့်ကြည့် အတုယူကြပါသည်။ မိဘ၊ ဆရာဆရာမများက (တလွဲ) တုန့်ပြန် ပြုမူပြောဆိုခြင်းများမှာ အကောင်းကို သင်ကြားပေးသည်ထက် (အဆိုးကို) အတု ခိုးတတ်စေပါသည်။

များစွာတော့လည်း မစိုးရိမ်ပါနှင့်။ မိမိကိုယ်ကိုယ် ချစ်ခြင်းမေတ္တာ၊ ကရုဏာထားတတ်ခြင်း အလေ့မှာ လူများစွာတို့ (တလွဲ ထင်မြင်ယူဆ သလို) အတ္တကြီးမားသူ၊ ပျင်းရိသူ၊ တန်ဖိုးမရှိသူများအနေဖြင့် ပြောင်းလဲသွားစရာ အကြောင်းမရှိပါ။ ပိုမို လိုလားအပ်သော ကောင်းကျိုး ချမ်းသာ ရရှိနိုင်ပါသည်။ တည်ငြိမ် အေးဆေးသူများ၊ ရင့်ကျက်သူများ၊ လူချစ်လူခင် ပေါများသူများ၊ အလုပ်ကြိုးစားသူများ၊ လူ့ အဆင့်အတန်း မြင့်မားသူများ ဖြစ်လာနိုင်ပါသည်။ သူတပါးနှင့် မိမိကိုယ်ကိုယ် မညှာမတာ ပြစ်တင် ဝေဖန်ပြောဆိုသူများထက် များစွာ သာလွန်သော ဘဝအဆင့်အတန်းကို ပိုင်ဆိုင်နိုင်ပါကြောင်း သုတေသီက ထောက်ပြထားပါသည်။

ကလေးငယ်များအနေဖြင့် မိမိကိုယ်ကိုယ် ချစ်ခြင်းမေတ္တာဖြင့် ထိန်းသိမ်းစောင့်ရှောက် တတ်စေခြင်းဖြင့် လွန်စွာ အကျိုး များလှသည်။ “စိတ်ဓါတ် တက်ကြွစေသည်။ အကောင်းမြင်စိတ်ထားကို ရရှိစေသည်။” ဤသည်တို့မှာ လူမှု ဆက်ဆံရေး ပုံမှန် ချောမွေ့လည်ပတ်စေရန် အခြေခံပင်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ထဲက မင်္ဂလာတရားနှင့် လျော်ညီသော ချစ်ခြင်း မေတ္တာထားခြင်းလည်း မည်ပါသည်။ ပျော်ရွှင်စရာကောင်းသော၊ ကျန်းမာသော၊ အောင်မြင်သော ဘဝများအတွက် မောင်းနှင်သော အားအင်ပင် ဖြစ်ပါတော့သည်။

သိန်းနိုင်
မောက္ခပညာရေးမဂ္ဂဇင်း

http://www.maukkha.org/index.php/feature-article/4873-art-of-children-and-love

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...