Sunday, October 19, 2014

တရုတ်ကျောင်းသားတွေ ဘာကြောင့် ကမ္ဘာ့ထိပ်ဆုံး ရောက်လာသလဲ (ဝင့်ထန်း)



(ဆရာဝင့်ထန်း၏ ကျားမေမေရဲ့ တိုက်ပွဲတေးသံ ဆောင်းပါး အဆက်တစ်ခု ဖြစ်ပါသည်။ ၂၀၁၁ အောက်တိုဘာလတွင် မောက္ခမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သော ဆရာဝင့်ထန်း၏ ဆောင်းပါးကို တစ်ဆက်တစ်စပ်တည်း ပြန်လည် ဖတ်ရှုနိုင်ရန်နှင့် ဘဝတူ မိဘများ ဖတ်ရှုစဉ်းစားနိုင်ရန် ကူးယူဖေါ်ပြခြင်း ဖြစ်ပါသည်။)


အာရှကို ကမ္ဘာ့ အတော်ဆုံး အထူးချွန်ဆုံး ကျောင်းသားတွေ ထုတ်လုပ်ပေးနေတဲ့ နေရာအဖြစ် အသိအမှတ် ပြုထားကြသည်။ ဒီလို အာရှကျောင်းသားတွေ ထူးချွန်ထက်မြက်တာကို အနောက်နိုင်ငံတွေက လွယ်လွယ် အသိအမှတ်ပြုတာတော့ မဟုတ်။
 ဖွ့ံဖြိုးပြီး OECD ၃၄ နိုင်ငံက ကျောင်းသားတွေရဲ့ ပညာရည်စစ်တမ်း (Programme for International Student Assessment –PISA) ပြိုင်ပွဲတိုင်းမှာ အာရှ ကျောင်းသားတွေက အနောက်က ကျောင်းသားတွေကို နောက်ကောက်ချ ထားနိုင်လို့သာ ဖြစ်သည်။ PISA ပြိုင်ပွဲကို ၂၀၀၀ ခုနှစ်ကတည်းက စတင်ခဲ့ပြီး၊ အသက် ၁၅ နှစ်အောက် ကျောင်းသားတွေရဲ့ သင်္ချာ၊ သိပ္ပံနဲ့ စာဖတ်စွမ်းရည် သုံးခုကို အဓိကထား စစ်ဆေးခြင်း ဖြစ်သည်။

 


၂၀၀၉ ခုနှစ် PISA စစ်ဆေးမှှု ရလဒ်ကို ကြည့်ရင် တရုတ်ပြည် ရှန်ဟိုင်း ကျောင်းသားတွေက နံပါတ် (၁)၊ တောင်ကိုရီးယား ကျောင်းသားတွေက (၂)၊ ဖင်လန် က (၃)၊ ဟောင်ကောင်က (၄) နဲ့ စင်္ကာပူက (၅) နေရာ ချိတ်သည်။ အမေရိကန် ပြည်ထောင်စုမှ ကျောင်းသားတွေက (၁၄) နဲ့ ဗြိတိန် ကျောင်းသားတွေက (၁၈) နေရာမှာသာ ချိတ်သည်။
ဒီတော့ အနောက်နိုင်ငံ ပညာရေးသမားတွေက သူတို့ သင်ကြားရေးစနစ်တွေ ပြုပြင်ဖို့ အာရှ စာသင်ခန်းတွေကို လေ့လာလာကြရသည်။ အာရှပညာရေး အောင်မြင်မှှု နောက်ကွယ်မှာ ဘာတွေရှိသလဲ။

သတ်သေတဲ့အထိ ကြိုးစား

အာရှအောင်မြင်မှှု ဆိုတာကလည်း ဝေးဝေး ပြေးကြည့်စရာမလို။ လောလောဆယ် ထိပ်ဆုံးရောက်နေတဲ့ တရုတ်နဲ့ တောင်ကိုရီးယားကို ကြည့်ရင်ပင် အတော်လုံလောက်ပြီ။ ဒီနှစ်နိုင်ငံရဲ့ ပညာရေးမှာ မိဘတွေရဲ့ အခန်းကဏ္ဍက အဓိကကျသည််။ ကျောင်းသားအပေါ် မိဘတွေရဲ့ ဖိအားပေးမှှု၊ စည်းကမ်းတင်းကျပ်မှှုနဲ့ မနားတမ်း လေ့လာခိုင်းမှှုတို့ ဖြစ်သည်။

ဟောင်ကောင်မှာ ကလေးတွေကို ကျောင်းအပြင် ကျူရှင်တွေမှာပါ အပ်ကြပြီး၊ ကျူရှင်ဆရာတွေကလည်း အရမ်းချမ်းသာကြသည်။ ဒါပေမဲ့ ကလေးအချို့က အဆင့် (grade) ကောင်းဖို့ ကြိုးစားရင်း သတ်သေတဲ့အထိ ဖြစ်ကုန်သည်။ သတ်သေတဲ့အထိ ကြိုးစားကြသည်ဟု ဆိုရမည်။
ဟောင်ကောင်နဲ့ ရှန်ဟိုင်းကိုကြည့်ရင် ကလေးတွေရဲ့ ဘဝက တစ်ပုံစံထဲ ဖြစ်သည်။ ကျောင်းပြီးရင် ကျူရှင်၊ ပီယာနို၊ ရေးကူး၊ တင်းနစ်၊ ဘဲလေးအက၊ အိမ်စာလုပ် ဆိုတဲ့ ပုံစံဖြစ်သည်။ အဲဒီလမ်းကြောင်းအတိုင်း မိဘတွေက ကလေးတွေကို အသေမောင်းသည်။

ကလေးကိုယ်တွေကိုယ်တိုင် သူတို့ကိုယ်သူတို့ ဖိအားပေးထားလို့

ကလေးရဲ့ အနာဂတ် ကောင်းမွန်ဖို့အတွက် ကလေးကို ငယ်စဉ်မှာ နည်းနည်းမှ ညှာစရာမလိုဘူးဆိုတဲ့ ကလေးပြုစုပျိုးထောင်နည်း ဖြစ်သည်။ ဒီနည်းကို စာရေးဆရာမ အေမီချွာက သူရဲ့ နာမည်ကြီး 'ကျားမေမေရဲ့ တိုက်ပွဲတေးသံ' စာအုပ်မှာ တရုတ်မိဘတွေရဲ့ ကလေးပြုစု ပျိုးထောင်နည်း အဖြစ် ဖွင့်ချခဲ့သည်။

အဲဒီလို တရုတ် ကျားမေမေတွေက အသားကုန် မောင်းနှင်တာကို သူတို့ သားသမီးတွေကကော လိုလိုလားလား ရှိကြရဲ့လား။

မကြာခင်က အနောက် ပညာရေးအဖွဲ့တစ်ဖွဲ့က ဟောင်ကောင် ကျောင်းတွေကိုသွားပြီး၊ အဲဒီက ကလေးတွေကို တွေ့ဆုံမေးမြန်း ကြည့်သည်။ အဖြေက ရှင်းသည်။ တရုတ်မိဘတွေက သူတို့ ကလေးတွေဆီက တောင်းဆိုတာက ပြင်းထန်လွန်းသည်။ နည်းနည်းမှ အလျှော့မပေး။ အနောက်က ကလေးတွေလို လျော့ရဲရဲ မဟုတ်။ ဒီတော့ တရုတ် ကလေးတိုင်းမှာ ဖိအားတွေ ရှိနေတာ တွေ့ကြရသည်။
ဒါပေမဲ့ တဖက်မှာလည်း အဲဒီ လမ်းကြောင်းက ဟောင်ကောင် ကလေးတွေကို သချင်္ာနဲ့ သိပ္ပံ ကမ္ဘာ့ ထိပ်ဆုံး အဆင့် ရောက်အောင် ပို့ထားသည်။ ဟောင်ကောင် တက္ကသိုလ်က အာရှမှာ အကောင်းဆုံး ဖြစ်သည်။ အဲဒီလို ထိပ်ဆုံးရောက်အောင် တရုတ် ကျားမေမေတွေက နေ့စဉ် နောက်က မောင်းပေးနေသည်။ ဒါကြောင့်လည်း ကလေးတွေရဲ့ ပြိုင်ဆိုင်မှှုက ပြင်းထန်လွန်းသည်။

ဟောင်ကောင်က တရုတ် ကလေးတစ်ယောက်ကို ဥပမာ ကြည့်ရင် ပိုမြင်သာမည်။ အသက် ၈နှစ်မှာ သူကိုယ်တိုင်ရေးတဲ့ စာအုပ် ထုတ်ဝေပြီးပြီ။ အသက် ၁၂ နှစ်မှာ ရှစ်တန်းအဆင့် ပီယာနို စာမေးပွဲ အောင်သည်။ ဂီတ၊ ရေကူး၊ ယောဂ လေ့ကျင့်ခန်း၊ ဘတ်စကက်ဘော၊ ပြင်သစ်စာ ပြိုင်ပွဲတိုင်း ဆုတွေ အများကြီးရထားသည်။ သူက 'စတီဖန်နီ အန်း' ဆိုတဲ့ အသက် ၁၄ နှစ် အရွယ် ကျောင်းသူလေး။ သူ့မိဘတွေ ဂုဏ်ယူဖို့ မအိပ်မနေ ကြိုးစားသည်။

ဘာလို့ ဒီလောက် သဲကြီးမဲကြီး လုပ်နေရတာလဲလို့ 'စတီဖန်နီ' ကို မေးကြည့်တော့ အဖြေက၊ မိဘတွေက ဖိအားပေးလို့ချည်း မဟုတ်ဟု ဖြေသည်။ သူ့ကိုယ်တိုင်က အမြဲထိပ်ဆုံးရောက်ဖို့ ဖိအားတွေ ပေးထားတယ်ဟု ဆိုသည်။ မိဘကလည်း ဖိအားပေး၊ ကလေးကိုယ်တိုင်ကလည်း ပြိုင်ပွဲတိုင်း ထိပ်ဆုံး ရောက်လိုစိတ်ကဲနေတာ တွေ့ကြရသည်။

ခြုံကြည့်ရင် ဟောင်ကောင်နဲ့ ရှန်ဟိုင်းက ကလေးတိုင်းဟာ ထိပ်ဆုံးရောက်ဖို့ အပြင်းအထန် အသည်းအသန် ကြိုးစားနေကြသည်။ ထိပ်ဆုံးရောက်ရေး ဆိုတဲ့ ဖိအားတွေနဲ့ ကြီးပြင်းလာကြသည်။ ကလေးတွေရဲ့ အဓိက မက်လုံးက ပညာရေးမှာ ထိပ်ဆုံးရောက်ရင် အလုပ်ကောင်း၊ လစာကောင်း ရမယ်၊ သူများ အထက်က နေနိုင်မယ်ဆိုတဲ့ အတွေးအမြင် ဖြစ်သည်။ မိဘတွေကလည်း အဲဒီ စိတ်ကူးလမ်းကြောင်းကို ချပေးထားသည်။

ဒီတော့ တရုတ်ကျောင်းသားတွေ ဘာကြောင့် ကမ္ဘာ့ပညာရေး ထိပ်ဆုံးကို ရောက်လာသလဲ မေးခွန်းအတွက် အဖြေက လူ့အဖွဲ့အစည်းနဲ့ သူတို့ကိုယ်တိုင်က ဖိအားပေးထားလို့ဟု ဆိုရမည်။ မိဘတွေက ခိုင်းလို့၊ တောင်းဆိုလို့ချည်းကြောင့် မဟုတ်။ ကလေးတွေ ကိုယ်တိုင်က သည်းကြီးမဲကြီး ဖြစ်နေလို့ ဖြစ်သည်။

ပါရမီရှင် မွေးထုတ်နေတာ မဟုတ်

ဒါပေမဲ့ ဒီနည်းက မှန်ကန်တဲ့ ပညာရေးစနစ် ဖြစ်ရဲ့လားဆိုတာ မေးစရာ ရှိလာသည်။ ဒီလို ပြိုင်ဆိုင်မှှုတွေ ဖိအားတွေနဲ့ သင်ယူလေ့လာနေတဲ့ ပညာရေးစနစ်က အိုင်းစတိုင်း၊ အယ်ဒီဆင် နဲ့ စတီဗ် ဂျော့ဘ် တို့လို ပါရမီရှင်တွေ ပေါ်ထွက်လာမှာ မဟုတ်တာ သေချာသည်။ ဒါကို ဟောင်ကောင်နဲ့ ရှန်ဟိုင်းက ကျောင်းဆရာ ဆရာမတွေကလည်း ဝန်ခံသည်။

ဟောင်ကောင်က အထက်တန်း ကျောင်းအုပ်တစ်ဦး ပြောတာက "ဟုတ်ပါတယ်။ ကျနော်တို့ ကလေးတွေ ပါရမီရှင်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ ပါရမီရှင်တွေ ဖြစ်အောင်လည်း ကျနော်တို့ ေမွေးထုတ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ ကျနော်တို့ ကလေးတွေ အဆင့်မြင့်ဆုံး အလုပ်အကိုင်တွေ၊ ဝင်ငွေကောင်းတွေ ရပြီး ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာတော့ သေချာပါတယ်" တဲ့။
ပညာရေး အဓိပ္ပါယ်က အောင်မြင်ချမ်းသာဖို့၊ အလုပ်အကိုင်ကောင်းရဖို့ ဆိုရင်တော့ လက်ရှိ တရုတ်နည်း၊ တောင်ကိုရီးယား နည်းအတိုင်း ကိုယ့်ကလေးကို သတ်သေလောက်အောင် မညှာမတာ ဖိအားပေး မောင်းဖို့ လိုမည်။

ပညာရေး အဓိပ္ပါယ်ကို ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့် တွေးရင်တော့ လက်ရှိ အမေရိကန်နဲ့ ဗြိတိန်တို့လို PISA ပြိုင်ပွဲရဲ့ အဆင့် ၁၄ တို့ ၁၈ တို့လောက်နဲ့ သွားနိုင်သည်။ ရှန်ဟိုင်းနဲ့ ဟောင်ကောင်လို ထိပ်ဆုံး အဆင့် မရောက်လည်း ဘာမှ မဖြစ်။ ကံကောင်းရင် ကျောင်းစာမှာ ခပ်ပေါ့ပေါ့နေတတ်တဲ့ ကိုယ့်ကလေးက ပါရမီရှင်တောင် ဖြစ်ချင် ဖြစ်ဦးမည်။ မိဘများနဲ့ ပညာရေးသမားများ ကြိုက်တဲ့နည်းကို ယူပါလေ။

ဝင့်ထန်း
ရည်ညွှန်း။ the Economist & Al Jazeera

 http://www.maukkha.org/index.php/interview-maukkha/opinion-maukkha/1376-2011-10-16-04-50-33

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...