Thursday, October 23, 2014

ပြောရင်းရောင်းရင်း Marketing MLM (အပိုင်း-၄)




(Multi Level Marketing တွေရဲ့ ပြဿနာတွေ အခုတလော အတော်လေးစိပ်စိပ် ကြားလာရလို့ အကြောင်းအမျိုးမျိုးနဲ့ မရေးဖြစ်ဘဲ ပစ်ထားခဲ့တဲ့ စာလေးကို ပြန်ဆက်ရေးလိုက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ နိုင်ငံက သူများတွေထက် နောက်ကျ အောက်ကျသလောက် ယုံလွယ်သူတွေ၊ ဖြတ်လမ်းနည်းနဲ့ အမြန်ချမ်းသာချင်သူတွေ များလှလေတော့ လိမ်ချင်သူတွေ အတွက် သားရည်ယိုစရာကြီး ဖြစ်နေတယ်လို့ ခံစားရတာက တစ်ကြောင်း၊ နဂိုကမှ စံနစ်တကျ စီမံခန့်ခွဲမှု မရှိလို့ စွမ်းအားရင်းမြစ်တွေ ပြုန်းတီးရတဲ့ကြားထဲ အဓိက ရင်းမြစ်ဖြစ်တဲ့ လူငယ်တွေကို ဒီ မားကက်တင်းစံနစ်က နူရာဝဲစွဲ လုပ်ဦးမယ်ဆိုတာကို မြင်နေရတာက တစ်ကြောင်းကြောင့်ပါ။ ပြီးတော့ အိပ်ပျော်ရင်း အိပ်မက်ထဲမှာ ပျော်ရွှင်ကြည်နူးနေတဲ့ လူငယ်များလည်း အိပ်မက်အတုအယောင်များမှ နိုးထ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါရဲ့။)

မိတ်ဆွေ…. Passive income ဆိုတာ စိတ်ဝင်စားပါသလား။ ပရော်ဖက်ဆာ Robert T. Kiyosaki ရဲ့ Rich Dad Poor Dad စာအုပ်တွေကို သိပါသလား။ အင်္ဂလိပ်လို သိပ်မသွားလို့ မြန်မာလို ဖတ်ချင်ရင်လည်း ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေ ဆိုတဲ့ နာမည်နဲ့ မြန်မာစာအုပ်တွေထဲမှာ ရှာဖွေဖတ်ရှုနိုင်ပါသဗျာ။ မြန်မာလို တချို့စာအုပ်တွေကတော့ ဘာသာပြန်သူရဲ့ လိုရာဆွဲ ပေါက်ကရ နည်းနည်း ပါပေမဲ့ လိုရင်းတော့ ရနိုင်ပါရဲ့။ ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လို အော်ရီဂျင်နယ်ကတော့ အကောင်းဆုံးပါပဲ။ မဖတ်ရသေးရင် ဖတ်ကြည့်ပါ။ စိတ်ဝင်စားစရာ ကောင်းသလို တကယ်လည်း အင်အားကို ဖြစ်စေတဲ့ စာအုပ်တွေပါပဲ။ ဒါပေမဲ့ အဲဒါတွေ မဖတ်ခင် ကျနော်အခုပြောမဲ့အတွေ့အကြုံလေးကို အရင်နားထောင်ကြည့်ရင် အကျိုးမများသည့်တိုင် အကျိုးမယုတ်နိုင်ဘူးလို့ အာမခံ ပါသဗျာ။

Shine Hope လို ဆေးရောင်းခိုင်းတဲ့ MLM မျိုးတော့ ဇာတ်လမ်းတွေ တော်တော်များနေပြီမို့ နောက်မှ အနည်းအကျဉ်းပဲ ရေးပါတော့မယ်။ အခုတော့ စင်ကာပူနဲ့ မြန်မာပြည်မှာ ခွ ပြီး လုပ်စားသွားလို့ အချီကြီး ဝက်ဝက်ကွဲခဲ့ကြတဲ့ MLM ကြီး တစ်ခုအကြောင်း ကိုယ်တွေ့လေးကို ပြောပြပါမယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဆိုပါတော့....

 စင်ကာပူမှာ ကျနော့ဦးလေးတစ်ယောက် ရှိပါတယ်။ တစ်နေ့တော့ သူက ပြောပါတယ်။ မင်း ဘာမှ မလုပ်ဖူးလား…. မင်းအန်တီတောင် တစ်လကို (စင်ကာပူဒေါ်လာ) ၂ သောင်းခွဲလောက် ရနေပြီ..တဲ့။ သူ့တူ ဆိုရင် တစ်လ ၅ သောင်းလောက်တောင် ရသတဲ့။ အဲဒီ အဒေါ့်ဘက်က တူ ကို ကျနော် သိပါတယ်။ ကျနော်နဲ့ တွေ့စဉ်တုန်းက မားစီးဒီးစ်ကုမ္ပဏီမှာ လုပ်ပါတယ်။ ရာထူးတော့ ကျနော် မသိပါ။ အခု အဲဒီ ပုဂ္ဂိုလ်က မားစီးဒီးစ်ကုမ္ပဏီအလုပ်ကိုတောင် ထွက်ပြီး ဒီဘက်က စီးပွားရေးကိုပဲ ဇောက်ချ လုပ်တော့တယ်..တဲ့။ ဘာအလုပ်မှန်းတော့ ကျနော်မသိခဲ့သလို သူတို့က ချမ်းသာတဲ့ ကုမ္ပဏီပိုင်ရှင်တွေဖြစ်ပြီး အဲဒီတုန်းက ကျနော်က လစာ ၆၀၀ လောက်သာရတဲ့ သင်္ဘောကျင်း အလုပ်သမားသာ ဖြစ်လို့ သူတို့ အလုပ်တွေဟာ ကျနော့အတွက် အလှမ်းဝေးသေးတယ်လို့ ခံစားရတာလည်း ပါလေတော့ သေသေချာချာ မမေးခဲ့ပါဘူး။ ကျနော့အဒေါ်က တရုတ်မြန်မာနယ်စပ်မှာ နေလာခဲ့သူမို့ စီးပွားရေးမှာ လူရည်အရမ်းလည်ပြီး လာဘ်မြင်တဲ့ အဒေါ်ပါ။ စီးပွားရေးအသိုင်းအဝန်း ကောင်းကောင်းတွေလည်း ရှိသူပေါ့။

တစ်နေ့တော့ ကျနော့ စင်ကာပူအလုပ်ထဲက လုပ်ဖေါ်ကိုင်ဘက် မိန်းကလေးတစ်ယောက်နဲ့ သူ့အမျိုးသားက စီးပွားရေးဟောပြောပွဲတစ်ခု ခေါ်သွားချင်လို့ဆိုပြီး ပြောလာပါတယ်။ သူတို့ လင်မယား ၂ ယောက်စလုံးနဲ့ အတော်လေး ခင်သလို ကျနော့အပေါ်မှာ ကျေးဇူးလည်း ရှိဖူးတဲ့သူတွေပါ။ ကျနော်ကလည်း ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ရူးသွပ်လေတော့ အဲဒီလို ဟောပြောပွဲတွေဆို အရမ်းစိတ်ဝင်စားတတ်တာကိုး။ ဟိုရောက်တော့ လူတွေ အများကြီးပါပဲ။ ဒါပေမဲ့ ထူးခြားတာက မြန်မာတွေ များနေတာ ခင်ဗျ။ ပြီးတော့ လူငယ်တွေချည်းပဲ။ အားလုံး ပြုံးလို့ ပျော်လို့ ခန္ဓာသန်စွမ်းစိတ်ရွှင်လန်းပြီး ဖလန်းဖလန်းဖြစ်နေတဲ့ ပုံပါပဲ။ တို့မြန်မာတွေ သူများနိုင်ငံမှာလာပြီး တယ်ဟုတ်နေကြပါလားလို့ တွေးမိပြီး ဂုဏ်ယူစိတ်လေးတောင် ဖြစ်မိပါသေးရဲ့။

ကျနော်နဲ့ ကျနော့သူငယ်ချင်း လင်မယား အတူတူထိုင်ကြပါတယ်။ ဟောပြောပွဲ မစခင် အရင်ဆုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ကြပါတယ်။ မိတ်ဆက်ကြတော့မှ အား..ပါး… အားလုံးနီးပါးဟာ NTU (Nanyang Technology University) နဲ့ NUS (National University of Singapore) က ဖြစ်နေပါရောဗျ။ ပေါ်လီတက်နေတာဆိုလို့ ကျနော်တစ်ယောက်ပဲ ပါတယ် မှတ်ပါတယ်။ ကျနော်ဆိုတာတော့ အံ့သြတကြီးနဲ့ အားလုံးကို အထင်ကြီးလေးစားစိတ်တွေ တဖွားဖွားပေါ်နေတော့တာပေါ့ခင်ဗျ။

ပြီးတော့ ဟောပြောပွဲ စ ပါတယ်။ လူငယ်လေးတွေဗျာ…. တက်တက်ပြီး ပြောလိုက်ကြတာ… ကောင်လေးတွေ ကောင်မလေးတွေ…. ကျနော့ထက် အများကြီးငယ်မဲ့ လူငယ်တွေ…. သဘောကျလိုက်တာဗျာ။ တစ်ခုတော့ ပြောစရာရှိသဗျ။ စင်ပေါ်ကို ပြောမဲ့တစ်ယောက် တက်လာရင် စင်အောက်ကနေ ဝိုး…ဝိုး…ဝိုး…. ဆိုပြီး အော်ဟစ်အားပေးရသဗျ။ လက်သီးလက်မောင်းတွေကလည်း တန်းရသေးတာ။ တက်လာတဲ့သူကလည်း အဲလိုပဲအော်ပြီး လက်သီးလက်မောင်းတန်းပြီး တက်လာတာ။ စင်ပေါ်နဲ့ စင်အောက် အပြန်အလှန် ဝိုး…ကြပြီးတဲ့နောက် လူငယ်တွေ ငယ်တုန်းမှာ စီးပွားကို အပြတ်ရှာပြီး စောစောအနားယူနိုင်အောင် ကြိုးစားသင့်ကြောင်း၊ သူဆိုရင် ကြိုးစားလိုက်တာ အခုဆို ဘယ်လောက်တောင် ချမ်းသာလို့ သူ့အိပ်မက်ထဲက ဘယ်ကားကိုတောင် ဝယ်စီးတော့မှာ ဖြစ်တဲ့အကြောင်း….. အာဘောင်အာရင်း သန်သန်နဲ့ လက်သီးလက်မောင်းတန်းပြီး အားရပါးရ ပြောလိုက်ကြတာ ၈၈ အရေးအခင်းတောင် သတိရပြီး ကျက်သည်း ဘဲသည်း များတောင် ထ မိပါရဲ့။

ဟောလို့ ပြောလို့ အော်လို့ ဟစ်လို့ ပြီးသွားတော့ ဂိမ်းဆော့ရမယ်လို့ ဆိုပါတယ်။ ဂိမ်းက Cash Flow Game ပါ။ မြန်မာမှုပြုထားတာတော့ ကြွက်ပြေးလမ်း….တဲ့။ မိုနိုပိုလီလိုပဲ စီးပွားရေးဂိမ်းတစ်ခု ဆိုပါတော့။ ပရော်ဖက်ဆာ Robert Kiyosaki တီထွင်ထားတဲ့ ဂိမ်းပါ။ အဲဒီ ဂိမ်းနဲ့ ပါတ်သက်ပြီး Kiyosaki ရေးတဲ့ Rich Dad Poor Dad စာအုပ်တွေကို ကျနော် ဖတ်ဖြစ်တာပါပဲ။ အင်္ဂလိပ်လိုရော မြန်မာလိုရော ရှာဖတ်ဖြစ်ပါတယ်။ ဘာကြောင့် မြန်မာလိုချည်းပဲ မဖတ်ဘဲ အင်္ဂလိပ်လို တွဲဖတ်ရသလဲဆိုတာကို ရှင်းပြပါရစေ။

ကျနော်လည်း အင်္ဂလိပ်စာ အရမ်းကျွမ်းကျင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာပြန်တဲ့ ဆရာများက လိုရာဆွဲပြီး ပြန်တာတွေ ပါလာသလို သူတို့ ယုံကြည်တဲ့ MLM ကုမ္ပဏီတွေရဲ့ ပေါ်လစီတွေကို မသိမသာရော သိသိသာသာပါ ထည့်ရေးလာတာကို တွေ့ရလို့ပါပဲ။ ဥပမာအားဖြင့် မိတ္တဗလဋီကာကို ခပ်တည်တည်နဲ့ ထည့်ရေးတာမျိုးတွေပါ။ Kiyosaki က ဦးနုရဲ့ မိတ္တဗလဋီကာကို သိမတဲ့လားဗျာ။ နိုင်ငံခြားစာအုပ်ကို ဘာသာပြန်ရင် ဘာသာပြန်သလိုပဲ ရေးရပါတယ်။ မြန်မာမှု ပြုတယ်ဆိုရင်လည်း ဝတ္ထုလိုဟာမျိုးကိုပဲ ပြုလို့ရပါတယ်။ အတတ်ပညာတစ်စုံတစ်ရာနဲ့ ပတ်သက်တဲ့ကိစ္စမျိုးကို လက်လွတ်စပါယ် ကိုယ်ထင်ရာမြင်ရာတွေ ထည့်ရေးလို့ မရပါဘူး။ အဲဒီလို ရေးချင်ရင် Rich Dad Poor Dad (ဆင်းရဲဖေဖေ၊ ချမ်းသာဖေဖေ) ဆိုတဲ့ ခေါင်းစဉ်ကြီး မတပ်နဲ့ပေါ့ဗျာ။ ဒါဆိုရင် Kiyosaki စာအုပ်ကို ရည်ညွှန်းလောက်ယူပြီး ကိုယ့်စကားလုံးနဲ့ကိုယ် ရေးချင်ရာရေး တင့်တယ်တာပေါ့။

မိတ္တဗလဋီကာကြီးက မြန်မာပြည်က Shine Hope ရဲ့ လက်သုံးလုပ်ထားတဲ့ စာအုပ်ကြီးမှန်း ကလေးကအစ သိပါ့ဗျ။ ဒါကြီးကို ခပ်တည်တည်နဲ့ Kiyosaki က ပြောတယ်ဆိုတဲ့ စကားတွေထဲမှာ အဆီအငေါ်မတည့် ထည့်ရေးတာကတော့ စိတ်ပျက်စရာပါဗျာ။

Rich Dad Poor Dad စာအုပ်တွေရဲ့ အဓိက ကီးပွိုင့်က Passive income ဆိုတဲ့ ကိစ္စပါ။ မြန်မာလို ပြောရင် အလုပ်မလုပ်ဘဲ ရတဲ့ ပိုက်ဆံဆိုပါတော့။ အလုပ်မလုပ်ဘဲ ရတဲ့ပိုက်ဆံဆိုတာ အလွန်မက်မောစရာကောင်းတဲ့ ဝင်ငွေမျိုးပါ။ ဘယ်သူ မလိုချင်ဘဲ နေမလဲဗျာ။ ဒါပေမဲ့ အလုပ်မလုပ်ဘဲ ရတဲ့ ပိုက်ဆံ ဆိုတာကို တချို့က ဖြစ်နိုင်တယ်လို့ မထင်ဘူး။ အလုပ် မလုပ်ဘဲ ပိုက်ဆံ ဘယ်က ရမလဲ…တဲ့။ ဒါကတော့ အရမ်းဝေးတဲ့သူတွေရဲ့ အတွေး လို့ ပြောရမှာပဲ။ ဥပမာအားဖြင့် အိမ်တစ်လုံးဝယ်ပြီး အငှားချထားတယ် ဆိုပါတော့။ လစဉ်မှန်မှန်ရမဲ့ အိမ်လခဟာ အလုပ်မလုပ်ဘဲ ရတဲ့ပိုက်ဆံပေါ့။ Rich Dad Poor Dad မှာလည်း ဒီလို ဝင်ငွေမျိုးကို အိမ်ခြံမြေကနေ ရနိုင်ကြောင်း အများကြီး ရေးထားပါတယ်။ အဲဒီလို ဝင်ငွေမျိုး ကိုယ့်မိသားစု တစ်လအသုံးကို လုံလောက်အောင် ရပြီဆိုရင် အလုပ်မလုပ်ဘဲ နေနိုင်ပြီပေါ့။ လုပ်မှ စားရတယ် ဆိုတာ ဝန်ထမ်းဘဝပါ။ 

ဒီလို ဝင်ငွေမျိုးထက် မလုပ်ဘဲ စားရတဲ့ ဝင်ငွေမျိုးက နည်းချင် နည်းပါစေ၊ တန်ဖိုးပိုရှိတယ် ဆိုတဲ့ အတွေးအခေါ်ကို Rich Dad Poor Dad က ပေးပါတယ်။ အင်မတန် ရိုးရှင်းသလောက် လက်တွေ့လည်း ဖြစ်နိုင်တဲ့ သီအိုရီပါ။ ဒါပေမဲ့ ဒီဝင်ငွေမျိုး ရဖို့ အဓိက အကျဆုံး ၂ ချက် က ရင်းနှီးမြုပ်နှံတတ်ဖို့နဲ့ အရင်းအနှီး တစ်စုံတစ်ရာ ရှိဖို့လိုမယ် ဆိုတာပါပဲ။ 


အဲဒီလို အဆင့်ရောက်ဖို့ ဝန်ထမ်းဘဝကနေ ဘယ်လို လုပ်ရမယ် ဆိုတာကို E-S-B-I ဆိုတဲ့ အတိုကောက် စာလုံးလေးတွေနဲ့ ရှင်းပြထားပါတယ်။ E ဆိုတာက Employee (ဝန်ထမ်းဘဝ) ကို ဆိုလိုတာ ဖြစ်ပါတယ်။

S ကတော့ Self Employee ဆိုတဲ့ ကုမ္ပဏီ လက်အောက်ခံ ဝန်ထမ်းမဟုတ်ဘဲ ဆရာဝန်လို၊ ရှေ့နေလို၊ ရုပ်ရှင် မင်းသား မင်းသမီးလို လူတွေကို ဆိုလိုပါတယ်။ B ကတော့ Business Own လို့ ခေါ်တဲ့ ကိုယ်ပိုင် လုပ်ငန်းရှင် ဘဝ ကို ပြောချင်တာပါ။ နောက်ဆုံး စာလုံး I ကတော့ Investor ဆိုတဲ့ ရင်းနှီး မြုပ်နှံသူအဆင့်ကို ဆိုလိုပါတယ်။ အဲဒီမှာ E နဲ့ S သမားတွေဟာ Active Income လို့ခေါ်တဲ့ လုပ်မှ ရတဲ့ ဝင်ငွေကို ပိုင်ဆိုင်နေသူတွေ ဖြစ်ပြီး B နဲ့ I သမားတွေကတော့ Passive Income ရနိုင်တဲ့ သူတွေလို့ ဆိုလိုပါတယ်။ Kiyosaki ပေးတဲ့ Concept က ဒါပါပဲ။


အဲဒီမှာတင် MLM သမားတွေကလည်း အဲဒီစာအုပ်ကို ကျောရိုးယူပြီး သူတို့လိုချင်တဲ့ဘက်ကို ဆွဲပါတော့တယ်။ သူတို့ အလုပ်ဟာ အလုပ်မလုပ်ဘဲ ပိုက်ဆံရဖို့ သေချာတဲ့ အလုပ်ကြီးပါ ဆိုပြီး လုပ်တော့တာပါ။ အမှတ်တမဲ့နဲ့ အပေါ်ယံလောက် စဉ်းစားရင်တော့ တကယ်လိုလို အဟုတ်လိုလိုပါပဲ။ အခု ကျနော်ပါတ်သက်ခဲ့တဲ့ ကုမ္ပဏီကြီးကလည်း Rich Dad Poor Dad ကို ကျောရိုးလုပ်ပြီး လူငယ်တွေကို အမြန်ချမ်းသာချင်အောင်လုပ်ထားတော့ ချမ်းသာချင်စိတ်နဲ့ ရူးသွပ်နေကြတော့တာ။


Cash Flow Game ကို အကြမ်းဖျင်း နားလည်အောင် ပြောပြပါ့မယ်။ အရင်ဆုံး ကစားမဲ့သူတွေဟာ ဖေါင်ပုံစံလေးတစ်ခုကို အရင်ဖြည့်ကြရပါတယ်။ ဖေါင်ထဲမှာ ပါတာကတော့ နာမည်၊ အလုပ်အကိုင်က သူတို့ပေးထားတဲ့ အလုပ်အကိုင်ပေါ့… ဖြည့်ရပါတယ်။ မိသားစုအချက်အလက်တွေ ဖြည့်ရပါတယ်။ အစစ်တော့ မဟုတ်ပါဘူး။ မိန်းမ ရှိတယ်။ ကလေး ရှိတယ်။ စသဖြင့်ပေါ့။ ဖေါင်ပုံစံကို အောက်မှာ ကြည့်ပါ။


ပြီးတော့ စ စချင်း Cash (စက္ကူပိုက်ဆံ) နည်းနည်း ပေးထားပါတယ်။ စားပွဲဝိုင်းမှာ ဝိုင်းထိုင်ကြပြီး အံစာတုံးခေါက်လို့ အလှည့်ကျ အရောင်းအဝယ်လုပ်ကြရပါတယ်။ အံစာတုံးခေါက်လို့ ကျတဲ့ နံပါတ်စဉ်အတိုင်း ကစားသူရဲ့ ကြွက်ရုပ်ကလေးကို အကွက်ရွေ့ရပါတယ်။ ဝိုင်းဘေးမှာ ဘဏ်လို့ခေါ်တဲ့ သူ ရှိပါတယ်။ သူကတော့ လက်ထဲမှာ ပိုက်ဆံပုံ ရိုက်ထားတဲ့ စက္ကူပိုက်ဆံလေးတွေ ကိုင်လို့ ငွေချေးမဲ့သူပါ။ တစ်ခုခုကို ရောင်းမယ်လို့ ဖြစ်တဲ့အခါ အလှည့်ကျတဲ့သူက ဝယ်မယ် မဝယ်ဘူး မြန်မြန်ဆုံးဖြတ်ရပါတယ်။ စဉ်းစားဆုံးဖြတ်ဖို့ တုံ့နှေးနေမယ်ဆိုရင် တခြားတစ်ယောက်က ဝယ်သွားမှာ ဖြစ်ပါတယ်။ ကစားချိန် တစ်မိနစ်ဟာ အပြင်က အသက်တစ်နှစ်နဲ့ ညီတယ်လို့ သတ်မှတ်ထားပါတယ်။
ရင်းနှီးမြုပ်နှံမှု တစ်ခုခုကို လုပ်မယ်ဆိုတဲ့အခါ စဉ်းလည်းစဉ်းစား မကြာလည်းမကြာစေနဲ့ဆိုတဲ့မူကို သုံးရပါတယ်။ အဲဒါဟာ တကဲ့လက်တွေ့မှာ သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကံ၊ ဉာဏ်၊ အတွေ့အကြုံ အများကြီး လိုပါတယ်။

ဒီလိုနည်းနဲ့ ဝယ်လိုက်ရောင်းလိုက် လုပ်ရင်း နောက်ဆုံး ကိုယ့်ရဲ့ တစ်လတာ တစ်လတာ ကုန်ကျစားရိတ်ကို အလုပ်မလုပ်ဘဲရတဲ့ ပိုက်ဆံ (Passive income) က သာသွားပြီဆိုရင် ဒီကစားပွဲကနေ အနိုင်ရရှိပြီး ဘေးထွက်လိုက်လို့ ရပါပြီ။ စ ကစားချိန်ကနေ ဘေးထွက်ထိုင်ခွင့်ရတဲ့အထိ ကြာချိန်ကို စောစောက ပြောသလို နှစ်နဲ့ အချိုးချပြီး ကိုဘယ်သူ မဘယ်သူကတော့ ဘယ်နှနှစ်နဲ့ အောင်မြင်သွားပါတယ်ခင်ဗျားလို့ ကြေငြာပြီး White board ပေါ်မှာ ဒီလူရဲ့ လက်ရှိအသက်ကို ထည့်ပေါင်းပြီး ကြေငြာပါတယ်။ သဘောကဗျာ…. ကျနော်က လက်ရှိအသက် ၃၀ ဆိုပါတော့။ ၁၅ မိနစ်နဲ့ ပွဲပြတ်အောင် ကစားနိုင်ရင် နောက် ၁၅ နှစ် ထည့်ပေါင်းပြီး အသက် ၄၅ နှစ်မှာ အောင်မြင်သွားတယ် (အနားယူသွားပြီ) လို့ ကြေငြာတာပေါ့ခင်ဗျာ။

(ဒီဂိမ်းရဲ့ လက်တွေ့သဘောအဆက်အစပ်ကို အပိုင်း (၅) ကျရင် ကျနော်နားလည်သလို ပြောပြပါ့မယ်။


 စာနည်းနည်း များသော်ငြား သေသေချာချာ ရေးဖို့ လိုတာကြောင့် လက်ညောင်းခံ ရေးပါတယ်။)

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။)

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...