(ကျားမေမေ အဆက် မောက္ခဆောင်းပါးတစ်ပုဒ် ဖြစ်ပါသည်။ စဉ်းစားဆင်ခြင်နိုင်ရန် ကူးယူဝေမျှပါသည်။)
“တောင်ကိုရီးယားနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများထဲတွင် အကောင်းဆုံးပညာရေးစနစ်ကို ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဟုဆိုနိုင်သည်။ သို့သော် ကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်းကား မြင့်မားလျက်ရှိသည်”
“ကိုရီးယားပညာရေးက ကျားကစားနေရသလိုပဲ။ ပြိုင်ဆိုင်မှုတွေ အရမ်းများတယ်။ ကိုယ်က စားရင်စား၊ မစားနိုင်ရင် အစားခံရလိမ့်မယ်” ဆိုသည့်စကားကိုပြောသူမှာ အသက် ၁၇ အရွယ်ကျောင်းသား ဟွမ်ကင်ဆိုသူဖြစ်သည်။ သူက အပြာရင့်ရောင် ကျောင်းယူနီဖောင်းကို ဝတ်ထားပြီး မျက်မှန်တပ်ထားကာ ဤစကားကို ဟန်ပါပါပြောကြားနေခြင်းဖြစ်သည်။
ဆိုးလ်မြို့၏ နေသာသော တနင်္လာနေ့ နံနက်ခင်းတစ်ခုတွင်ဖြစ်သည်။ သစ်ပင်များသည် ဆောင်းဦးရာသီကြောင့် အရောင်တွေ တောက်နေသည်။ အဘိုးအိုတစ်ယောက်သည် ပန်းခြံထဲတွင် ကြွေနေသောသစ်ရွက်များကို လှဲကျင်းနေသည်။ ဆိုးလ်မြို့မြောက် ပိုင်းရှိ လူကုန်တန်များထားသည့် ယောက်ျားလေးကျောင်း၏ ဘတ်စ်ကက်ဘောကွင်းထဲတွင် လူငယ်တစ်စုသည် ကာယ လေ့ကျင့်ခန်းများ လုပ်နေကြသည်။ စီစီရီရီ တိဖြတ်ထားသည့် ကျောင်းဝင်းအတွင်းရှိ သစ်ပင်များတွင် အောက်ပါစာတန်းများ ကို ကပ်ထားကြသည်။
“ယောက်ျားဆိုတာ ရည်မှန်းချက်ကြီးမားရတယ်”
ဤကျောင်းတွင် ကင်နှင့် သူ့အတန်းဖော်များသည် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီ ၄၀ မိနစ်တိုင်အောင် စာသင်ကြရ သည်။ အချို့ဆိုလျှင် ညဉ့်နက်သည့်တိုင်အောင် အိမ်စာများပြီးစီးသည်အထိ ကျောင်းတွင် လုပ်ကြရသည်။ ကျောင်းစာကြည့် တိုက်က ည ၁၁ နာရီအထိဖွင့်သည်။ အချို့ကျောင်းသားတွေက ကျောင်းဆင်းပြီးလျှင် ဟတ်ဝမ် ဟုခေါ်သည့် ပုဂ္ဂလိကကျောင်း (ကျူရှင်) ကို ပြေးကြရပြန်သည်။ သူတို့ထဲတွင် အသက် ၁၇ နှစ်အရွယ်ရှိ အင်ချေရူဆိုသူရှိသည်။ သူက တစ်နေ့လျှင် ၁၂ နာရီ ခန့် စာလုပ်သည်။ ထိုအထဲတွင် အိမ်စာနှင့် အပိုအင်္ဂလိပ်စာသင်ကြားမှုများကို တစ်ပတ်တစ်ကြိမ် လုပ်ရသေးသည်။
“ကျွန်တော့်အနာဂတ်တွေ၊ ကျွန်တော့်အိပ်မက်တွေကိုတောင် စိတ်ကူးရမယ့်အချိန် မရှိပါဘူးဗျာ” ဟုသူကညည်းရှာသည်။
သူ့တစ်ချိန်လုံးက စာမှ စာသာဖြစ်နေသည်။ နောက်နှစ် နိုဝင်ဘာလတွင်မှ သူဝဋ်ကျွတ်မည်။ ထိုအချိန်တွင်ဖြေဆိုရမည့် SAT (Scholastic Ability Test) စာမေးပွဲကို သူလန့်နေသည်။ ထိုစာမေးပွဲက မည်သည့်တက္ကသိုလ်ကို တက်ခွင့်ရမည် ဆိုခြင်းအား အဆုံးအဖြတ်ပေးလိမ့်မည်။ ကိုရီးယားနိုင်ငံတွင် ဆိုးလ်အမျိုးသားတက္ကသိုလ်၊ ကိုရီးယားနိုင်ငံတော်တက္ကသိုလ် နှင့် ယုံဆေးတက္ကသိုလ်တို့ကထင်ရှားသည်။
“အဲဒီ တက္ကသိုလ်တွေမှာ ဝင်ခွင့်ရမှ ဘာလုပ်ရမယ်၊ ဘယ်သူနဲ့ လက်ထပ်ရမယ်ဆိုတာ အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်။ အဲဒီ တက္ကသိုလ်တွေက အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တယ်” ဟုကင်ကဆိုသည်။
ယခုအခါ တောင်ကိုရီးယားနိုင်ငံ၏ ပညာရေးစနစ်အပေါ် ဝေဖန်သံတွေထွက်လာသည်။ အဘယ်ကြောင့်ဆိုသော် စိတ်ဖိစီးမှု အလွန်ကြီးမားစေသည့် ပညာရေးစနစ်ဖြစ်နေသောကြောင့်ပင်။ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ သည် ဖွံ့ဖြိုးသည့်နိုင်ငံများထဲတွင်အဆိုးဆုံးနိုင်ငံဖြစ်လာသည်။ ကိုရီးယားနိုင်ငံ၊ အမျိုးသားလူငယ်မူဝါဒတက္ကသိုလ်တွင် ၂၀၁၂ ခုနှစ်က ကျောင်းသား လေးဦးတွင် တစ်ဦးခန့်သတ်သေသည်အထိ ဖြစ်ပွားခဲ့သည်။
သို့ရာတွင် အစိုးရ ကျန်းမာရေးမူဝါဒများကို စောင့်ကြည့်နေသည့် ကိုရီးယားကျန်းမာမှုမြှင့်တင်ရေးဖောင်ဒေးရှင်းက “OECD နိုင်ငံတွေထဲမှာ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့နှုန်းက အလွန်ကျဆင်းနေပါတယ်။ ဒါပေမဲ့ ကိုရီးယားနိုင်ငံကတော့ OECD နိုင်ငံတွေထဲမှာ လူငယ်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေနှုန်း ဒုတိယအမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်” ဟု အစီရင်ခံစာ ထုတ်ပြန်ထားသည်။
ကိုရီးယားကျောင်းစနစ်ကို ကမ္ဘာတွင် အကောင်းဆုံးဟု မှတ်ယူကြသည်။ OECD နိုင်ငံများအဖွဲ့ဝင် နိုင်ငံပေါင်း ၇၀ ခန့်တွင် ပညာရေး၌ နှစ်ပေါင်းများစွာ ထိပ်တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ထိုအဖွဲ့ဝင် နိုင်ငံများအတွင်း PISA ဟုခေါ် သည့် ဉာဏ်ရည်စစ်ဆေးမှုတွင်လည်း ပျမ်းမျှအသက်မှာ ၁၅ နှစ်သားများ ဝင်ပြိုင်နိုင်ကြကြောင်းတွေ့ရသည်။
ဒုတိယကမ္ဘာစစ်ပွဲပြီးသည့်နောက်တွင် အဆင့်မြင့်ပညာလေ့လာမှုများကို ကန့်သတ်ထားပြီး ကိုရီးယားလူမျိုး ငါးရာခိုင်နှုန်း ခန့်သာ အထက်တန်းသို့တက်ရောက်ပညာသင်ကြားနိုင်ကြသည်။ နောက်ပိုင်းတွင် အထက်တန်းကျောင်းအဆင့်ပညာကို သင်ကြားသူများလာသလို အထက်တန်းပြီးလျှင်လည်း ၇၅ ရာခိုင်နှုန်းခန့် တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားလာနိုင်ခဲ့ သည်။
နိုင်ငံအနေဖြင့်ကြည့်လျှင် သဘာဝရင်းမြစ်အလွန်ရှားပါးသည့်နိုင်ငံဖြစ်ပြီး လူသားရင်းမြစ်ကိုသာ အားကိုးနေရသည့်နိုင်ငံဖြစ် နေသည်။ ကိုရီးယား စီးပွားရေးသည် နိုင်ငံသူနိုင်ငံသားများ၏ ပညာရေးအပေါ်တွင်ချိန်ညှိပြီး ဖွံ့ဖြိုးတိုးတက်နေရသည်ဟုပင် ဆိုနိုင်သည်။
အလွတ်ကျက်ပညာရေး
အသက် ၅၆ နှစ်အရွယ်ရှိ ဆန်ဂျွန်ဟွမ်းဆိုသူသည် ဂျောင်ဂီပညာရေးတက္ကသိုလ်တွင် ပညာရေးသုတေသီအဖြစ် လုပ်ဆောင် နေသူဖြစ်သည်။ သူသည် ယခင်က ဆွီဒင်ကျောင်းအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ သို့ဖြစ်ရာ မတူညီ သော ကျောင်းနှစ် ကျောင်း၊ စနစ်နှစ်မျိုးကြားတွင် သူသည်လုပ်ဆောင်ခဲ့ဖူးသူဟုလည်းဆိုနိုင်သည်။
သူက ကိုရီးယားပညာရေးသည် မှတ်ဉာဏ်အသားပေး အလွတ်ကျက်ခြင်းကို ဦးစားပေးသည်ဟု ဝေဖန်သည်။ သို့ဖြစ်ရာ ထိုစနစ်သည် အကျိုးရလဒ်တစ်ခုမှ ပြန်မရနိုင်သည့်စနစ်ဖြစ်ကြောင်းလည်း သုံးသပ်သည်။
“ပြဿနာက အချက်အလက် အကြောင်းအရာတွေကိုပဲ ခေါင်းထဲအတင်း သိပ်ထည့်နေကြတယ်။ သူတို့မှာ ဖန်တီးတွေးခေါ် တတ်တဲ့ critical thinking ဆိုတာပျောက်နေတယ်။ ဖန်တီးတတ်တဲ့ အတွေးအမြင် စိတ်ကူးဆိုတာ သူတို့မှာ မူလ ကတည်းက ပါမလာ ကြဘူး” ဟု ဟွမ်ကဆိုသည်။
ကိုရီးယားနိုင်ငံတွင် ဆရာအဖြစ် ဆယ်နှစ်ခန့် အလုပ် လုပ်နေသည့် ကနေဒါနိုင်ငံသား ဆရာ ရော့ အိုဝယ်ဟင်းကလည်း သူ့ အဆိုကို ထောက်ခံသည်။
“ဆရာတွေကလည်း စာမေးပွဲကိုပဲအသည်းအသန် အောင်ဖို့လုပ်နေကြတာဆိုတော့ သူတို့တပည့်တွေကို မပြင်ဆင်ပေးဘဲနဲ့ ကမ္ဘာ့ဈေးကွက်ကြီးထဲ လွှတ်လိုက်ရမှာကို ဝန်လေးကြတယ်” ဟုဆိုသည်။
လွန်ခဲ့သည့်နှစ်တွင် တက္ကသိုလ်က ဘွဲ့ရသွားသော်လည်း အလုပ်မရသေးသည့် ကျောင်းသားပေါင်း ၄၁ ရာခိုင်နှုန်းခန့်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျောင်းသားများသည် အပြင်းအထန် ကြိုးစားကြရပြီး စာမေးပွဲရမှတ်များ ကောင်းကြသော်လည်း နေ့စဉ်လုပ်ငန်းခွင်တွင် အသုံးချရမည့် အင်္ဂလိပ်စကားလောက်ကိုပင် မပြောနိုင်လောက်အောင် အင်္ဂလိပ်စာတွင် ညံ့ဖျင်းကြသည်။
၂၀၀၉ ခုနှစ်ခန့်ကတည်းက ဆိုးလ်တွင် အင်္ဂလိပ်စာပြဆရာလုပ်နေသည့် အေမီ မီယန်း ဂင်သာက ဤသို့ အဖြေထုတ်ပြသည်။
“ကျောင်းသားတွေနဲ့ ဆရာတွေကြားမှာ အဆင့်အတန်းခွဲခြားမှု အရမ်းများတယ်။ ကျောင်းသားတွေက ဆရာဆိုရင် အရမ်း ကြောက်ရတော့ အမှားလုပ်မိ၊ ပြောမိမှာလည်း ကြောက်ကြတယ်။ ဒါကြောင့် ဆရာရှေ့မှာပဲဖြစ်ဖြစ်၊ အချင်းချင်းရှေ့မှာပဲ ဖြစ်ဖြစ် အမှားကိုရင်မဆိုင်ရဲကြခြင်း၊ မှားချင်မှားပစေ ပြောမယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေ မရှိကြဘူး” ဟု သူမက ထောက်ပြ ထားသည်။
ထို့ပြင် ကျောင်းသားများကို သင်ရသည့် ဘာသာစကားသင် အခန်းအနေအထားသည် လိုအပ်သည်ထက် ကျယ်နေခြင်း ကလည်း သင်ကြားမှုကို အနှောက်အယှက်ဖြစ်စေသည်ဟုဆိုသည်။
“ဘာသာစကားသင်ရတာ အထောက်အကူတွေ အရမ်းနည်းတယ်” ဟုသူမကဆိုသည်။
အင်္ဂလိပ်စာကို ပြဋ္ဌာန်းစာအုပ်များနှင့် သာ သင်ကြားနေရခြင်းကို ဆိုလိုသည်။
“အင်္ဂလိပ်စာကို သင်သာသင်နေရတယ် အချင်းချင်း အပြန်အလှန် ပြောတာတွေ၊ ဆက်ဆံတာတွေ၊ ခရီးသွားရင်း ပြောရဆို ရတာတွေ အလွန်နည်းတယ်။
စာမေးပွဲမှာမေးရင် ဖြေနိုင်အောင်လောက်ကိုပဲ လေ့ကျင့်ကြတာများတယ်” အေမီကဆိုသည်။
ပညာရှင်များက ကျောင်းသားများကို အင်္ဂလိပ်တတ်စေချင်လျှင် မှားမှန်ရောထွေး အမှန်ရွေးစေသည့် မေးခွန်းမျိုးထက်၊ စာစီစာကုံးရေးခိုင်းခြင်းစသည့် မေးခွန်းမျိုးများကိုသာ လေ့ကျင့်သင်ကြားပေးသင့်ကြောင်း ယုံကြည်ကြသည်။ စာမေးပွဲတွင် ရေးဖြေလုပ်ခိုင်းရာတွင် မိခင်ကိုရီးယားဘာသာစကားနှင့်ပင် ဖြေဆိုကြရသည်။ စာမေးပွဲ၏ ၃၀ ရာခိုင်နှုန်းကို ကိုရီးယား ဘာသာစကားနှင့်ပင် ဖြေဆိုကြရသည်။ ဟွမ်က အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်စီ ဖြစ်သင့်သည်ဟုဆိုထားသည်။
နောက်ပြဿနာတစ်ခုကလည်းရှိသေးသည်။ ရှိနေးအထက်တန်းကျောင်းမှ အင်္ဂလိပ်စာပြဆရာ ဂျေဆန်ရိုင်းက
“မနက်ဖြန်မှာ အင်္ဂလိပ်လိုသင်မယ်ဆိုတာ သူတို့အမေတွေက ကြားလိုက်တာနဲ့ စစ်ထဲကိုဝင်ရမယ်ဆိုတာကို ကြားလိုက်ရသလို အမှတ်ရရှိရေးနဲ့ပတ်သက်ပြီး ဆရာတွေကို တိုက်ခိုက်ဖို့ရောက်လာကြမှာ သေချာတယ်” ဟုသူကဆိုသည်။
ကျားမေမေများ
ကိုရီးယားပညာရေးစနစ်၏အံ့သြစရာကောင်းသည့်အချက်မှာ ပညာရေးမြှင့်တင်မှုတွင် အစိုးရသည် ဝင်ရောက်စွက်ဖက်မှု သိပ်မလုပ်ခြင်းဖြစ်သည်။ ဆရာများဆိုလျှင်လည်း မိမိတို့စိတ်ကြိုက်ဆရာများကို အခကြေးငွေကောင်းကောင်းပေးပြီး ငှားရမ်း သင်ကြားခွင့်ရှိသည်။ သို့ဖြစ်ရာ ကိုရီးယားတွင် “ကျားမေမေ” ဆိုသည့် Tiger Moms များသည် ပညာရေးတွင် အခန်းကဏ္ဍတစ်ခုအနေဖြင့် နေရာရလာကြသည်။
“ကိုရီးယားမိခင်တွေဟာ ပညာရေးမှာ အဓိကကျတဲ့နေရာတွေက ပါဝင်လာခဲ့ကြတယ်။ ပညာရေးမှာ ပြိုင်ဆိုင်အားကြီးတဲ့ အနေအထားတစ်ခုရောက်အောင် သူတို့ပဲဖန်တီးခဲ့ကြတယ်” ဟု အသက် ၁၆ နှစ်သာရှိသေးသည့် ကီဝမ်ဆောင်းဆိုသူက ပြောသည်။
မိခင်များ၏ အကဲပိုမှုကိုသာမက ပညာရေးကို အကောင်းမြင် ပံ့ပိုးနေသူများဖြစ်သောကြောင့်လည်း အင်္ဂလိပ်စာပြသည့် ဆရာမ နစ်ကီ ဂါ့စ်နာက “ကျွန်မတော့ အမေရိကန်ကို ပြန်ပြီးတော့တောင် စာမသင်ချင်တော့ဘူး။ ဒီကကျောင်းသားတွေက စည်းကမ်းလည်း အရမ်းလိုက်နာကြသလို၊ ဆရာတွေအပေါ်မှာလည်း လေးစားမှုရှိကြတယ်” ဟုဆိုသည်။
ဂါ့စ်နာက ကိုရီးယားကျောင်းသားများနှင့် ရင်းနှီးစွာနေထိုင်နိုင်မှုနှင့် ပတ်သက်ပြီး “ဒီမှာက သူတို့ကို ပွေ့ဖက်လို့လည်းရတယ်။ လက်ဆွဲနှုတ်ဆက်လို့လည်းရတယ်။ အစပိုင်းမှာတော့ ယဉ်ကျေးမှုအရ ထိတ်လန့်စရာပေါ့” ဟုဆိုသည်။
သူမ အလုပ်လုပ်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ကိုရီးယားကျောင်းများ၏ ပြောင်းလဲမှုကို မြင်တွေ့ခဲ့ရသည်။ ငယ်ရွယ်သည့် ဆရာများသည် ခေတ်မီသည့် နည်းစနစ်များကို အသုံးပြုခဲ့ကြသည်။ ငယ်ရွယ်သည့် ဆရာများသည် ဆရာအိုကြီးများထက် အင်္ဂလိပ်စကားကို ကောင်းမွန် သွက်လက်စွာ ပြောနိုင်ကြသည်။ နှစ်နိုင်ငံချစ်ကြည်ရေးအရ နိုင်ငံခြားထွက်သွားကြသော ဆရာများ ပြန်ရောက်လာကြသဖြင့် သူတို့အပြောအဆိုများ ပြောင်းလဲလာကြခြင်းဖြစ်သည်။
“ကျွန်မကတော့ ကျောင်းသားတွေကို ဆရာဝန်ကြီးတွေ သမားတော်ကြီးတွေဖြစ်ဖို့ ကြိုးစားတာထက်၊ ကိုယ့်ဘဝမှာ ကိုယ်ဝါသနာပါတာနဲ့ ပျော်ရွှင်ဖို့ဟာ အရေးကြီးတယ်လို့ပြောရတယ်” ဟုဆရာမ ဂါ့စ်နာကဆိုသည်။
တောင်ကိုရီးယားနိုင်ငံ SAT စာမေးပွဲစစ်သည့်နေ့များ၌ လေယာဉ်ပျံသန်းမှုများကို ပိတ်ထားလိုက်သည်။ အကြားအာရုံခံပြီး ဖြေရသည့် စာမေးပွဲစစ်ဆေးမှုများကို အနှောက်အယှက်ဖြစ်မှာ စိုးရိမ်သောကြောင့်ဖြစ်သည်။ စာမေးပွဲစစ်သည့်နေ့တွင် ရဲများ နှင့် သူနာပြုကားများသည် စာမေးပွဲစစ်သည့် စာဖြေဌာနများသို့ ကျောင်းသားများ အချိန်မီရောက်နိုင်ရေးအတွက် အကူအညီပေးရန် အသင့်အနေအထားတွင် ရှိနေကြရသည်။
နိုင်ငံခြားပြန် ဟွမ်က ကိုရီးယားနှင့် ဆွီဒင်နိုင်ငံပညာရေး ကွာခြားချက်မှာ ပညာရေးစနစ်အပေါ် တန်ဖိုးထားပုံချင်း မတူသော ကြောင့်ဖြစ်ကြောင်း သုံးသပ်သည်။ ဆွီဒင်နိုင်ငံတွင် ဒီမိုကရေစီသဘောတရားတွေက ပြန့်နေသည်။ ကျားမခွဲခြားခြင်းမရှိ။ လွတ်လပ်မှုကို လက်ကိုင်ထားကြသည်။ ကျောင်းများတွင် လူမှုရေးဆိုင်ရာ စံများ၊ တန်ဖိုးများကို သင်ကြားပေးကြသည်။ ကိုရီးယားတွင် ပညာရေးဆိုသည်မှာ ကျောင်းသားတစ်ဦးချင်းစီ၏ သီးခြားဉာဏ်ရည်နှင့် စွမ်းဆောင်နိုင်မှုအပေါ် မူတည်နေ သည်။ ဟွမ်ကတော့ ထိုစနစ်နှစ်မျိုးစလုံးတွင် ကြားချပြီး အလယ်အလတ်လမ်းစဉ်ဖြင့် သင်ကြားခြင်းကို သဘောကျသည်ဟု ဆိုသည်။
ကိုရီးယားစာသင်ကျောင်းများတွင် တစ်ယောက်နှင့်တစ်ယောက် အနိုင်မခံ အရှုံးမပေးဆိုသည့်စိတ်ဓာတ်ဖြင့် အပြိုင်အဆိုင် ကြိုးပမ်းရမှုများ၊ သေလုမြောပါး အားထုတ်ရမှုများကား ရှိနေမည်သာဖြစ်သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ယမ် ဟွမ်ကင် ဆိုသူက
“ပြိုင်တော့ ပြိုင်ကြတာပဲလေ။ ဒါပေမဲ့ အဲဒီကြားထဲမှာလည်း တစ်ဦးကိုတစ်ဦး ချစ်ကြည်ရင်းနှီးမှုလေးတွေ ရနိုင်သေးတာပဲ” ဆိုသည့်စကားလေးက မှတ်သားစရာဖြစ်တော့သည်။
Source: South Korean students wracked with stress, by Hanna Sistek ;Al
Jazeera
http://www.maukkha.org/index.php/feature-article/4496-2013-12-26-13-10-14
No comments:
Post a Comment