Tuesday, October 14, 2014

GTI ပုံပြင်များ (အပိုင်း-၂)


ကူညီပါရစေ
Google မှာ ရှာလို့ရတဲ့ပုံ တင်ပေးလိုက်တာ။ ချိတ်ချိုးရဝူးနော်...
ဟိုးရှေးရှေးတုန်းက.....

(ဟုတ်မဟုတ်တော့ မသိ.... မဟုတ်ရင် သိတဲ့လူတွေ ပြန်ပြင်ပေးလိမ့်မယ်...) အရင်က မအူပင်တွေ ပေါလို့ မအူပင်မြို့လို့ နာမည်တွင်တဲ့ ဧရာဝတီတိုင်းက မြို့လေးတစ်မြို့မှာရှိတဲ့ GTI ကျောင်းတော်သာကြီးကို အနယ်အနယ်အရပ်ရပ်က အင်ဂျင်နီယာလောင်းလျာတွေ လာတက်ကြပါတယ်။ ကျောင်းဖွင့်ရက် နီးပြီဆို သင့်လျော်ရာ အဆောင်ငှားဖို့နဲ့ နယ်မြေဒေသ အခြေအနေကို စနည်းနာဖို့ ကျောင်းသားတွေ ကြိုရောက်လာကြစမြဲပါ။

မအူပင်ရဲစခန်းရှေ့က လမ်းဟာ ကျောင်းသားတွေ ဖြတ်သွားဖြတ်လာ လုပ်နေကျ လမ်းလေးပေါ့ခင်ဗျာ။ ရဲစခန်းဝင်းရှေ့မှာလည်း ပြည်သူအများ မယုံကြည်ကြသော်ငြား ကူညီခွင့်ရပါစေကြောင်း အလို့ငှာ ကူညီပါရစေ ဆိုင်းဘုတ်ကြီး ထောင်ထားသပေါ့ခင်ဗျာ။

  အဲဒီလိုနဲ့ ကျောင်းမဖွင့်ခင် ရက်တော်တော်စောစောကတည်းက မအူပင်ကို ကြိုရောက်နေတဲ့ ကျနော်တို့ရဲ့
ချစ်လှစွာသော သူငယ်ချင်း တစ်ယောက်ကတော့ ဘယ်သူတွေ အားကိုးကိုး မကိုးကိုး၊ ပြည်သူ့ရဲကြီးတွေကို တကယ် အားကိုးခဲ့ပါသဗျ။ အဲဒါကတော့ ကူညီပါရစေဆိုတဲ့ ရဲစခန်းထဲဝင်ပြီး

ကူညီပါရစေဆိုလို့ ဝင်လာတာ.... ကူညီစမ်းပါဗျာ... နှစ်ထောင်လောက်.... ပိုက်ဆံပြတ်သွားလို့...  

ဆိုပြီး ပိုက်ဆံဝင်ချေးခဲ့တာပါပဲခင်ဗျ။

ဟုတ်ကဲ့.... ပြည်သူ့ရဲတွေ တော်ရှာပါတယ်ခင်ဗျ (အဲဒီတုန်းက).... တကယ် ချေးလိုက်ကြပါတယ်။
ဒါပေမဲ့ နောက်တစ်နေ့က စလို့  ရဲစခန်းဝင်းရှေ့က ကူညီပါရစေ ဆိုင်းဘုတ်ကြီး စခန်းဝင်းထဲ ရွှေ့သွားပါရောခင်ဗျ။ ပြီးတော့ ကျောင်းစဖွင့်တဲ့နေ့ပဲ ကျနော်တို့ သူငယ်ချင်းလည်း ကျောင်းအုပ်ကြီး ရုံးခန်းသွားပြီး သီးသန့် သြဝါဒခံယူပွဲ တက်ရောက်ခဲ့ရကြောင်းပါ။

(အရေးအကြီးဆုံး အကြောင်းကတော့ ကျနော့သူငယ်ချင်းရဲ့ အမျိုးတွေက အရွယ်ရောက်ပြီးသားတွေ ဖြစ်တာလည်း ပါတာပေါ့ခင်မျာ။)


တရားမှတ်နေတာ

ဟိုးရှေးရှေးတုန်းက.....


ပညာသင်နှစ် ၃ နှစ် ရှိရမဲ့ အင်ဂျင်နီယာ ကျောင်းတော်ကြီးဟာ တိုင်းရေးပြည်ရေး ပေါက်နဲ့ကျေးကြားမှာ ဖွင့်တစ်ခါ ပိတ်တစ်လှည့်မို့ နည်းပညာ ကျောင်းတော်တွေလည်း ပညာသင်နှစ် Rhythm ပျက်ယွင်းပြီး ကီးကြောင်သမို့ ဒုတိယနှစ် မရှိဘဲ ပထမနှစ်နဲ့ နောက်ဆုံးနှစ် ကျောင်းသားတွေသာ ရှိသော ပညာသင်နှစ် တစ်နှစ်ရဲ့ မင်္ဂလာရှိသော ညချမ်းအခါသမယမှာ ပေါ့ခင်ဗျာ။

ထူးခြားသော ပထမနှစ် တက်မဲ့ ကျောင်းသားသစ် ၃ ယောက် နဲ့ နောက်ဆုံးနှစ်က စီနီယာကျောင်းသားကြီး တစ်ယောက် ကမ်းနားက အရက်ဆိုင်မှာ ဝိုင်းဖွဲ့နေကြပါတယ်။ ထူးခြားတယ်လို့ ဝိသေသ ပြုရတာက ဒီလိုပါ။ ကျောင်းသားသစ် ၃ ယောက်မှာ ၂ ယောက်က အင်းစိန် GTI ကနေ ဒုတိယနှစ်ရောက်မှ မေဂျာပြောင်းခွင့်ကျပြီး မအူပင် GTI မှာ ပထမနှစ်ကနေ ပြန်တက်ရမဲ့ ၂ ယောက် ခင်ဗျ။ ထပ်ပြီး ထင်ရှားအောင် ပြောရမယ်ဆိုရင် လယ်ကြွက်တစ်ကောင်ရဲ့ လည်ဆံမွှေးတွေလို ခပ်ထောင်ထောင် ဆံပင်တွေနဲ့ ကျောင်းသားတစ်ယောက်၊ ဘာမှ မသိနားမလည်တဲ့ အူတူတူ ကုပ်ချောင်းချောင်း ခါကိုင်းကိုင်းနဲ့ ဂျပိုးလိုလို ရုပ်နဲ့ ကျောင်းသားက တစ်ယောက်။

သူတို့ ၂ ယောက်အပြင် နောက်တစ်ယောက်ကတော့ ရုပ်ဖြောင့်ဖြောင့် အရပ်အမောင်းကောင်းကောင်း ညနေစောင်းအထိ မျက်မှန်အမည်းကြီး တပ်ထားတတ်သလို ကောင်မလေးတွေ တွေ့ရင် သူငယ်ချင်းတွေ အပေါ်က ကျော်ကျော်ပြီး ကြည့်တတ်တဲ့ ကျောင်းသားတစ်ယောက်။ ကျော်ကြီးလို့ ဆိုပါတော့။ သူက ဒဂုံတက္ကသိုလ်မှာ ဒဿနိကနဲ့ ကျောင်းပြီးထားပြီး အရက်မူးလာတာနဲ့ သစ္စာ ၄ ပါးကို အင်္ဂလိပ်လို တောက်လျှောက် ဟောတတ်တဲ့သူ။ ကူညီပါရစေဆိုလို့ ပိုက်ဆံဝင်ချေးတာလည်း သူပဲလေ။

အဲ... နောက်ဆုံးနှစ် ကျောင်းသားကြီးကတော့ သူလည်း ရုပ်ဖြောင့်ဖြောင့် (ရုပ်ကောက်ကောက် မဟုတ်ဘူးပေါ့ဂျာ...)၊ အပြောကောင်းကောင်း၊ ရပ်ရွာထဲမှာဆိုရင် ကာလသားခေါင်းဆိုတဲ့ အပြောအဆို ဥပဓိမျိုး ပိုင်ဆိုင်ထားတဲ့ စီနီယာကြီးပေါ့။ သူကလည်း ကျောင်းသားသစ်တွေ လမ်းမမှားရအောင် လမ်းပြတဲ့အနေနဲ့ ကမ်းနားက အရက်ဆိုင်ကို ဦးဆောင်ပြီး ခေါ်လာတာ။ ဒါပေမဲ့ တကယ်သောက်တာက စီနီယာကြီးရယ် ကျော်ကြီးရယ်ပေါ့။ ဟို အင်းစိန်ပြောင်း ၂ ယောက်က အောက်ဆီဂျင်တွေ။ မသောက်ဘဲ အမြည်းစား ဘေးကနေ ထိုင်မြှောက်ပေးနေတယ် ဆိုပါတော့။


မအူပင်ခြင်ကလည်း သောက်နေတဲ့သူတွေကို ကိုက်ပြီး သူတို့ပါ မူးနေသလား မသိပါဘူး။ အနားမှာ ပတ်ရစ်ပြီး တဝီဝီနဲ့ ကိုက်မှကိုက်။ ခြင်လေးရိုက်လိုက်၊ အရက်လေး သောက်လိုက်နဲ့ ညဉ့်နက်လာတော့မှ ထပြန်ကြလေတော့တယ်။ အပြန်လမ်းကလည်း အခုနေ ပြန်တွေးရင်တောင် မျက်လုံးမှိတ်လိုက်ရင် အချိန်မရွေးပြန်မြင်လောက်အောင် လွမ်းမောဖွယ်ရာအတိ။ မီးပျက်ပြီး မှောင်မဲနေရော။ The Earth Hour ဆိုတာ အခုမှသာ လူတွေသိတာ။ မအူပင်မှာ အရင်ကတည်းက မီးတွေဖြတ်ပြီး တစ်မြို့လုံး ကမ္ဘာကြီးရဲ့ ကျေးဇူးကို ဂုဏ်ပြုကြတာကလား။ ရေစည်လှည်း ၆ စီး ယှဉ်မောင်းနိုင်တဲ့ ၆ လမ်းသွား လမ်းမကြီးအတိုင်း မူးနေတဲ့ ၂ ယောက်က က လို့ ခုန်လို့၊ နောက်က အောက်ဆီဂျင် ၂ ယောက်က လက်ခုပ်လက်ဝါးတီးလို့ မှောင်ကြီးမည်းမည်းထဲ ပါးစပ်စည်တော်ရွမ်းပြီး တစ်ခန်းတစ်နား ကြွလာလိုက်ကြတာ နတ်ကွန်းတစ်ခု တွေ့ပါလေရော။ တစ်ခု ဖြတ်ပြောလိုက်ဦးမယ်။ မအူပင်တံတား မဆောက်ရသေးသမို့ တစ်မြို့လုံးမှာ ကားကလည်း ရှားမှရှား ခင်ဗျ။ ကား ကြည့်ချင်ရင် မ.ဝ.တ ရုံးက ဂျစ်ကားရယ်၊ ကျနော်တို့ ကျောင်းအုပ်ကြီးရဲ့ လေးဘီး B600 ရယ်ပဲ ရှိတာ။ အဲဒီတော့ အဲဒီတုန်းက မအူပင်လမ်းမပေါ် လမ်းလျှောက်ရတာ မှောင်ပေမဲ့ တယ်အန္တရာယ်ကင်းတယ်ခင်ဗျ။

ဒီမြို့ကလည်း နတ်စင်တော့ အတော်ပေါတာရယ်။ လမ်းတိုင်းလိုလိုမှာ နတ်စင်တွေရှိတယ်ဗျ။ နတ်စင်ဆိုလို့ ပေါ့သေးသေး နတ်စင်ပေါက်စလို့တော့ မမှတ်လေနဲ့။ အတော်များများက အုတ်နဲ့ ကွန်ကရစ်နဲ့ သွပ်မိုးနဲ့ လျှပ်စစ်မီးနဲ့ ခင်ဗျ။ သို့ပေမဲ့ ခင်မျာများလည်း မီးပျက်တော့ ဘာမှ မတတ်နိုင်ရှာပါဘူး။ နတ်လည်း ဖယောင်းတိုင်လေးဘာလေး လာထွန်းတဲ့သူ ရှိရင်တော့ ဖယောင်းတိုင်မီးလေးနဲ့ ရိုမန်းတစ်ဖြစ်နိုင်သေးပေမဲ့ ဖယောင်းတိုင် ငြိမ်းတဲ့အထိ မီးပြန်မလာရင်တော့ မှောင်ကြီးထဲ ခန့်ခန့်ကြီး ဓါးကြီးကိုင်လို့ ကိုယ့်လုံခြုံရေး ကိုယ်ယူရရှာတာပါပဲ။

အဲဒီမှာတင် မူးနေတဲ့ ၂ ယောက်က နတ်တွေ လက်ထဲက ကိုင်ထားတဲ့ လုံခြုံရေး ဝါးဓါးလေး ၂ လက်ကို ယူပြီး ကိုယ်တော်ကြီး ကိုယ်တော်လေးကို အာဏာသိမ်းပါတော့တယ်။ နတ်ခင်မျာလည်း နည်းပညာနဲ့ စစ်တိုက်နေတဲ့ခေတ်ကြီးမှာ နည်းပညာကျောင်းသားတွေကို ဘယ်ယှဉ်နိုင်မလဲ ခင်မျာ။ အားမတန် မာန်လျှော့ပြီး လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလိုက်ရရှာပါတော့တယ်။

ပြီးတော့ အာဏာရှင်လက်သစ် ကိုယ်တော် ၂ ပါးဟာ အနှီသော နတ်ဓါးနဲ့ အဘယ်သို့သော ရန်သူကို နှိမ်နင်းရအံ့နည်းဟု ဆင်ခြင်လတ်သော် ကျောင်းအနီး ကုက္ကိုပင်က ခြောက်သည်လှန့်သည် နာမည်ကြီးနေသော သရဲညီအစ်ကိုကို အာရုံရသွားပါတော့တယ်။ အဲဒီ သရဲတွေကို နတ်လက်နက်နဲ့ နှိမ်နင်းရန် မဟာဗျူဟာကို ရေးဆွဲပြီးသည့် သကာလ ၂ ဦးသား လက်နက်ကိုယ်စီနဲ့ ကျောင်းရှေ့က ကုက္ကိုညီနောင်သို့ အပြင်းချီပါတော့တယ်။ ကံဆိုးရှာသော ကုက္ကိုလ်ပင်သရဲများကား အာဏာရှင် ၂ ပါး ကြွချီလာသော သတင်းကို ကြိုတင်ရသဖြင့် တိမ်းရှောင်ကြသည်ထင့်။ အရိပ်မျှပင် မမြင်ယောင်တကား။

အောက်ဆီဂျင် စစ်သည် ၂ ဦးလည်း အရှင် ၂ ပါးကြွရာနောက်သို့ ထပ်ကြပ်မကွာ လိုက်ကြသော်ငြား ကုက္ကိုလ်ပင်ညီနောင်နား အရောက် စီနီယာကိုယ်တော်ကြီးကိုသာ တွေ့လျက် ကိုကြီးကျော်... အဲလေ... အရှင်ကျော်ကြီးကို မတွေ့သည် ဖြစ်သောကြောင့် အသို့နည်းဟု စူးစမ်းသည်ရှိသော် အနီးရှိ စီနီယာကိုယ်တော်ကြီးမှ ခြုံဖုတ်ထဲသို့ ဝင်သွားသည်ဟု မိန့်တော်မူလေသည်။ သို့နှင့် အောက်ဆီဂျင် ဂျပိုးလည်း စိတ်ပူလေ၏။ အကြောင်းမူ ဤမြို့ဤနယ်သည် မြွေပေါသော အရပ်ဖြစ်သောကြောင့် ခြုံထဲဝင် အပေါ့စွန့်ရင်း အဆိပ်ရှိသတ္တဝါနှင့် ပက်ပင်းတွေ့ချေသော် မခက်လောဟု တွေးမိသောကြာင့် ဖြစ်လေသည်။ ရှေးဦးသူနာပြုစုနညး်ဖြင့် မြွေကိုက်ရာဒဏ်ရာရှိ အဆိပ်ကို ပါးစပ်ဖြင့် စုပ်ထုတ်ရသည်ရှိသော် သူပါ လူညွန့်တုံးရချေတကားဟု တွေးမိသောကြောင့် ခြုံထဲသို့ အသံတိုးတိုးဖြင့် ခေါ်ကြည့်လေ၏။ 

"ကျော်ကြီး.... ကျော်ကြီး....."

"...................................."

ပြန်ဖြေသံ မကြားသဖြင့် မှောင်မှောင်မဲမဲ ခြုံဖုတ်ထဲတွင် တွေးထားသကဲ့သို့ ုဖြစ်နေလျှင် အကျိုးနည်းချေပြီတကားဟု တွေး၍ ပူပန်သဖြင့် အသံကျယ်ကျယ်ဖြင့် ထပ်ခေါ်လေ၏။

"ကျော်ကြီး... ဟဲ့ကောင်... သေချင်းဆိုး.... အသံထွက်ဟ... ဘယ်နားမှာတုန်း..."

"ဟေ.... ငါ ဒီမှာပါကွ..."

"မင်းက မှောင်ကြီးမဲမဲ အဲဒီထဲမှာ ဘာလုပ်နေတာတုန်း......"

"ငါ တရားမှတ်နေတာကွ.... မူးနေလို့လား မသိဘူး... မှတ်လို့ မရဘူးဟ...."

"ဟမ်...... !!! ငါ...@###...$$%%&&...."

(အဟမ်း.... "GTI တွင် ဖြစ်သည်" ဟူသော ခေါင်းစဉ်အစား "GTI ပုံပြင်များ" ဟု ပြောင်းလဲလိုက်ပါသည်။ မှားယွင်းသည်များ ပါလျှင် ခွင့်လွှတ်တော် မူကြပါမည့်အကြောင်း.....)

(သရုပ်ဖေါ်ပုံများကို Google မှ ယူသည်။) 

No comments:

Post a Comment

လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၇)

(၂) Federalism   ဖယ်ဒရယ်ဝါဒနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဖွင့်ဆိုချက်နည်းလမ်းတွေအပေါ်မှာ မူတည်ပြီး ရှုပ်ထွေးမှုတွေရှိကြောင်း...