Cash Flow ကစားနည်းမှာလည်း အံစာတုံးကျတဲ့ နံပါတ်စဉ်အတိုင်း ရွေ့တဲ့အခါ အခွင့်အလမ်းဆိုတဲ့ အကွက်ကို အမြဲမရပါဘူး။ ပေးရမဲ့ အကွက်ကို ရောက်ရင် အိပ်ထဲက မရှိမဲ့ ရှိမဲ့လေးပါ ပါ သွားနိုင်ပါတယ်။
ပြီးတော့ အခွင့်အလမ်းဟာ ကြာကြာမနေပါဘူး။ ဒါဟာ အခွင့်အလမ်းလား၊ ထောင်ချောက်လား ဆိုတာကိုလည်း ဆန်းစစ်ရပါတယ်။ ပြီးရင် မြန်မြန်ဆုံးဖြတ်ရပါတယ်။ တွေဝေနေရင် အခြားလူက စားသွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းပေါ်တဲ့အခါ ပိုက်ဆံမရှိရင် ဘဏ်ကနေ ချေးရမှာပါပဲ။ ကြွေးတင်မှာ ကြောက်နေလို့ မရသလို ကြွေးယူ မရဲဖို့လည်း လိုပါတယ်။
ဒါတွေဟာ Cash Flow Game က ပေးတဲ့ သင်ခန်းစာတချို့ပါ။ ပညာပေးဂိမ်းတွေကို ကစားတဲ့အခါ ဘာကို ပေးချင်သလဲဆိုတာကို ထုတ်နှုတ်ယူတတ်ဖို့ လိုပါတယ်။
ဒါပေမဲ့ Game ဟာ Game ပါပဲ။ နည်းနည်းလောက် ကစားဖူးတာနဲ့ ကစားတတ်သွားပါတယ်။ အထာသိသွားပါတယ်။ ဒီ ဂိမ်းကို နိုင်ဖို့ အကြောကို သိသွားပါတယ်။ ဂိမ်းအထာသိတာနဲ့ ဂိမ်းက ပေးတဲ့ သင်ခန်းစာကို သိတာ မတူသလို အပြင်လောကနဲ့လည်း ဆက်စပ်တွေးတော စဉ်းစားဖို့ပဲ အထောက်အကူ ပေးပါလိမ့်မယ်။ တကယ် ရင်ဆိုင်ရတဲ့ အပြင်လောကဟာ ဂိမ်းတစ်ခုထက်ပိုပြီး ဆန်းကြယ်ရှုပ်ထွေးပါတယ်။ ကျနော်လည်း ဒုတိယအကြိမ် ကစားတော့ ၁၅ မိနစ်နဲ့ ပွဲသိမ်းသွားတာပါပဲ။ ဒါကလည်း သိပ်တော့ မဆန်းပါဘူး။ ဂိမ်းအထာ သိသွားလို့ ဆိုပါတော့။ ဒါပေမဲ့ အဲဒီက ဆရာကြီးများကတော့ ကျနော်ဟာ စီးပွားရေးအမြင်ရှိပြီး အောင်မြင်မဲ့သူကြီးလို့ ရုပ်တည်ကြီးနဲ့ ပင့်ပါတော့တယ်။ Whiteboard ပေါ်မှာလည်း ကျနော့နာမည်က ထိပ်ဆုံးမှာ အသက်ငယ်ငယ်နဲ့ အောင်မြင်ပြီး အငြိမ်းစားယူသွားပါတယ်ဆိုတာကို အင်္ဂလိပ်လို ရေးထားတာပေါ့ခင်ဗျာ။ (ဒါတောင် စိတ်ထဲမှာ ခုထိ သံသယ ရှိတာက တမင်နိုင်အောင် ဂွင် ဆင်သလား ဆိုတာပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တောင် ၂ ကြိမ် မြောက်မှာ အထာပေါက်သွားရင် သူတို့ ကစားနေကျ၊ ကစားပွဲ ကြီးကြပ်နေကျ ဆရာကြီးတွေက ပို သိ ပါလိမ့်မယ်။ ဖဲ လိမ်တာထက်တောင် ဒီ ကစားနည်းက ပိုလွယ်ပါတယ်။ ကျုံးသွင်းချင်တဲ့အခါ ဒီနည်းတွေကလည်း အလုပ်ဖြစ်တယ် မဟုတ်လား။)
အဲဒီနေ့ကတော့ အဲဒီလောက်ပါပဲ။
နောက်တစ်နေ့မှာ ကျနော့ သူငယ်ချင်းလင်မယား လာခေါ်ပြန်ပါတယ်။ ပွဲ ရှိသတဲ့။
ပွဲလုပ်တဲ့ နေရာကို ရောက်တော့ သူတို့ရဲ့ ရှင်းလင်းပွဲ စ နေပါပြီ။ အားလုံးရဲ့ မျက်နှာတွေကတော့ အပြုံးတွေ ဝေလို့… ဖေါ်ရွေမှုတွေနဲ့ပေါ့။ စားပွဲလေးတွေနဲ့ ရှင်းတဲ့သူ တစ်ယောက်စီ နဲ့။ ကျနော့်ကို ရှင်းပြတဲ့သူကတော့ ကျနော့ မိတ်ဆွေ လင်မယားရယ် သူတို့အထက်က ဆရာကြီးအဆင့်တစ်ယောက်ရယ်ပေါ့။ ဆရာကြီးဆိုလို့ အသက်ကြီးကြီး မထင်ပါနဲ့။ ကျနော့ထက် ငယ်တဲ့ လူငယ်တစ်ယောက်ပါ။ စီးတဲ့ကားက Spot type နဲ့၊ laptop နဲ့ (အဲဒီတုန်းက laptop ဆိုတာ အခုလို မပေါသေးဘူးခင်ဗျ။ ပိုက်ဆံရှိမှ ကိုင်နိုင်တာမျိုး။)။ သူ့ကောင်မလေးကလည်း ခပ်ပျံပျံ၊ စကားပြောလည်း ခပ်လန်လန် အထက်စီးက အထက်ဆရာကြီးတွေ ဆိုပါတော့။
ကျနော့ကို စ ပြောတဲ့ စကားက
"ကဲ…. ဘယ်လို မြင်လဲ…… Passive income ကို စိတ်ဝင်စားတယ် မဟုတ်လား…။"
"ဟာ… စိတ်ဝင်စားတာပေါ့ဗျာ…. ကျနော် ရှာနေတာ ဒါမျိုးပဲ…"
"စိတ်ချပါ…. ကျနော်တို့ ဘာမှ မရောင်းခိုင်းပါဘူး… ဒါက စီးပွားရေးပါ…. အလုပ်မပျက်ဘဲ Passive income ရနိုင်တဲ့ အလုပ်ပါ…. ဟင်း….ဟင်း…" (ဂျိန်းစ်ဘွန်းအထာနဲ့ ရယ်ပါတယ်။)
ပြီးတော့မှ
"အခု ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေလဲ.. သိလား….."
"ဗျာ....ဘာကို ပြောတာလဲ….. နိုင်ငံရေးလား… စီးပွားရေးလား…. ဘာကိုလဲ.."
"မဟုတ်ဘူးလေ…. သဘာဝ ပါတ်ဝန်းကျင်တွေ ပျက်စီးနေတာကို ပြောတာ…."
"ဟား…. ဆရာမ ဂျူးရဲ့ ပရိသတ်ပဲဗျာ…. သိပါသော်ကော….."
"ဒါဆို Air Pollution ဆိုတဲ့ လေထုညစ်ညမ်းမှုတွေ သိတယ် မဟုတ်လား…"
"သိပါ့ဗျာ…."
"ကျနော်တို့ရဲ့ product က အဲဒါနဲ့ ဆက်နွယ်တယ်ဗျ…. အခုဆို ကမ္ဘာကြီး တစ်ခုလုံးမှာ လေထုညစ်ညမ်းမှုတွေ ဖြစ်ပြီး Global warming တွေကြောင့် ကမ္ဘာကြီးမှာ သန့်စင်တဲ့လေရဖို့ တော်တော်ခက်နေပြီဗျ…. ဒါကို မြင်လို့ ကျနော်တို့ကုမ္ပဏီက ဒီလို product တွေ ထုတ်တာပေါ့ဗျာ…. ကြည့်ပါ…. ကျနော်ပြမယ်….."
ဆိုပြီး laptop ကို ဟန်ပါပါနဲ့ ကျနော့ဘက် လှည့်ပြ။ ကနုတ်ပန်းခက်တွေနဲ့ တန်ဆာဆင်ထားတဲ့ ရွှေရောင် အဖုံးနဲ့ ပုလင်းလေးတွေ ပုလင်းကြီးတွေ ဗျ။
"အဲဒါ ဘာတွေလည်း သိလား…."
"တိဝူးရေ…"
"အေရိုးမားသရဖီ ဆိုတာသိလား…. Air Pollution ကို တိုက်ဖျက်ဖို့ ထုတ်ထားတဲ့ ပစ္စည်းတွေပေါ့…. ထိပ်မှာ မီးစာပါတယ်။ ရှို့လိုက်ရင် ထွက်လာတဲ့ အငွေ့က လေကို သန့်စင်စေတယ်။ ကျန်းမာရေးအတွက် အထောက်အကူ ပေးတယ်။ တခြား product တွေလည်း ရှိသေးတယ်..." Laptop ထဲက ပုံတွေကို တစ်ပုံစီ ပြပါတယ်။ ပုံတွေမှာ ပစ္စည်းတန်ဖိုးတွေပါ ပါ ပါတယ်။ ဈေးတွေကတော့ ပျံလန်နေတာခင်ဗျ။ ပုလင်းလေး တစ်လုံးကို S$2000 တို့ S$3000 တို့ ခင်ဗျ။
"ဒါကတော့ ရှုဆေး….."
အဲဒီအချိန်မှာ ဘေးက သူငယ်ချင်းမလေးက ဝင်ပြောပါတယ်။
"ဟွာလေ.... အဲဒါက ဒီဟာလေ… အခု ဆွတ်ထားတာ အဲဒီ အနံ့ပေါ့…" တဲ့။ လက်ထဲက ပုလင်းသေးသေးလေးကို ပြပါတယ်။
"ဈေးတွေက ကြီးလှချည်လား….."
"ဟုတ်တယ်။ ပစ္စည်းကလည်း ကောင်းတာကိုး။ ဒီ ပုလင်းအဖုံးက 24 ကာရက် ရွှေနဲ့ လုပ်ထားတာလေ…"
"သြော်……"
"စီးပွားရေးလုပ်ငန်းတစ်ခုကို ကြည့်ရင် အလားအလာနဲ့ စိတ်ချယုံကြည်ရမှု ဆိုတာ ရှိတယ်ဗျ….. အခုလို ကမ္ဘာကြီးက လေတွေ ညစ်ညမ်းနေတဲ့ အချိန်မှာ ဒီ လေထုကို သန့်စင်စေတဲ့ လုပ်ငန်းလောက် အလားအလာကောင်းတာ ရှိပါဦးမလားဗျာ….."
"သြော်….."
"စိတ်ချ ယုံကြည်ရမှု ဆိုတာလည်း ဒီမှာကြည့်..... စင်ကာပူ National Day Parade မှာ ကျနော်တို့ ကုမ္ပဏီက sponsor ပေးထားတာ...တွေ့လား.... စိတ်မချရရင် စင်ကာပူလို နိုင်ငံက ဒီလို အခွင့်အရေးမျိုး ဘယ်ပေးမှာလဲဗျာ.... ဟုတ်ဘူးလား....."
"ဟုတ်ပါ့ဗျာ....အဲဒီတော့ ဆိုပါဦး…. ကျနော့အပိုင်းက ဘာလုပ်ရမှာလဲ….."
"ဘာမှ မလုပ်ပါနဲ့ဦး…. မေးချင်တာရှိရင် စဉ်းစားထားလိုက်….. ဈေးမရောင်းခိုင်းပါဘူးဗျာ.... မပူပါနဲ့..."
ဆိုပြီး ကျနော်နဲ့ ကျနော်သူငယ်ချင်းမလေး သာ ထားခဲ့လို့ ယောကျ်ားလေး ၂ ယောက် အပြင်ထွက်သွားကြပါတယ်။ ဆေးလိပ်သွားသောက်တယ် ထင်တာပါပဲ။ သူတို့ product အတွက် လေထုကို နည်းနည်းဆေးထိုးတာ နေမှာပေါ့လေ။
ခဏနေတော့ ပြန်ဝင်လာပြီး တခြားဝိုင်းတွေကို နည်းနည်းစီ လိုက်စကားပြောပါတယ်။
ပြီးတော့ ပြန်လာထိုင်ပြီး….
"ကဲ…. ဘာမေးချင်လဲပြော… အားမနာနဲ့… မေးသာမေး….."
"အင်း…. အခုတော့ ဘာမှ မေးစရာ မရှိသေးဘူး…. မေးစရာပေါ်လာရင် မေးတာပေါ့…."
"သြော်.... ကုမ္ပဏီနာမည်ရဲ့ အဓိပ္ပါယ်ကိုရော သိလား...."
"ဘာတဲ့တုန်း...."
"လှပသော လေ တဲ့..... ဗျ...."
ဆွေးနွေးပွဲ တစ်ရက် ပြီးသွားပါတယ်။ ဒီလိုနဲ့ သိပ်မကြာခင် နောက်တစ်ရက်။ ပွဲ ရှိတယ်ဆိုလို့ လိုက်သွားပါတယ်။
ပွဲ ကျင်းပတဲ့ နေရာတွေကလည်း တစ်ကြိမ်နဲ့ တစ်ကြိမ် မတူဘူးခင်ဗျ။ သွားရတာလည်း အဝေးကြီးတွေ။
ပွဲကျင်းပတဲ့ ခန်းမထဲကို အဝင်မှာ Monitor တွေနဲ့ သူတို့ကုမ္ပဏီရဲ့ အထက်ဆရာကြီးတွေရဲ့ ပုံတွေ၊ product တွေ၊ မန်ဘာတွေရဲ့ ပြုံးပျော်နေတဲ့ ပုံတွေကို slide show နဲ့ ပြထားပါတယ်။ အားလုံးဟာ တကဲ့လူငယ်လေးတွေပါ။ အရွယ်နဲ့မလိုက် ချမ်းသာနေသူလေးတွေပေါ့။ ထူးဆန်းတာကတော့ အားလုံးနီးပါး မြန်မာလူငယ်တွေပါ။ သူတို့ရဲ့ တကဲ့ဆရာကြီးအဆင့်မှာ ပါတဲ့သူ ၂ ယောက်ကတော့ ကျနော့ကို တောက်လျောက် ရှင်းပြနေတဲ့ ကျနော့သူငယ်ချင်း လင်မယားရဲ့ topline က ပုဂ္ဂိုလ်ရယ်၊ နောက်တစ်ယောက်က ကျနော် မြင်ဖူးတဲ့ မျက်နှာတစ်ခု ဖြစ်နေတာကြောင့် စိတ်ထဲမှာ စဉ်းစားနေမိတယ်။ ဒီ ၂ ယောက်က အဆင့်တူတွေဗျ။ ဒီမျက်နှာကို ငါ သိပါတယ်။ ဘယ်သူပါလိမ့်။
မကြာခင်မှာပဲ အဖြေက ရှေ့ရောက်လာပါတယ်။ ခန်းမ အဝမှာ မမျှော်လင့်တဲ့ သူ ၂ ယောက်နဲ့ ပက်ပင်းတွေ့ပါတော့တယ်။ အဲဒါက ကျနော့် အဒေါ်ရယ် သူ့တူ ရယ်ပါ။ ကျနော် မှတ်မိသွားပြီလေ။ ကျနော် မြင်ဖူးတဲ့ မျက်နှာက အဒေါ့်တူကိုး …. (သူက အဒေါ့်ဘက်က တူ၊ ကျနော်က ဦးလေးဘက်က တူ ပါ... နားရှုပ်သွားမှာ စိုးလို့..)
"ဟင်…. အန်တီ….. ဘာလာလုပ်တာလဲ….."
"သားကရော…. ဘာလာလုပ်တာလဲ…. အန်တီက ဒီမှာ ပါတယ်လေ…. သား ကိုကြီးကို မှတ်မိတယ်မို့လား…. အန်တီတို့ တစ်ခါ သူ့ဆီ သွားကြတာလေ….."
"ဟုတ်တယ်…. သားလည်း မြင်ဖူးပါတယ် မှတ်နေတာ…."
ကျနော်တို့ တူဝရီး အဲဒီလို နှုတ်ဆက်နေကြတာကို ဘေးက ကျနော့ သူငယ်ချင်းလင်မယားရော၊ သူတို့အထက်ဆရာကြီးရော သိပ်ကြိုက်ပုံ မရတာကို သတိထားမိလိုက်ပါတယ်။ ဒါ ကျနော့ အဒေါ်လေဆိုတော့….
"တစ်ခုတော့ သတိပေးထားရဦးမယ်….. ဒီမှာက မန်ဘာတစ်ယောက်က ခေါ်လာတဲ့သူကို ညီအစ်ကို မောင်နှမ အရင်းဖြစ်နေပါလေ့စေ..... တခြားတစ်ယောက်က ခေါ်ခွင့် မရှိဘူး"….တဲ့။
စိတ်ထဲမှာ နည်းနည်းတော့ ထူးဆန်းသွားမိတယ်။ တစ်ပိုင်းကလည်း ဒီအလုပ်ကို ကျနော် အရမ်းစိတ်ဝင်စားနေပြီ။ ကျနော့ ဦးလေးပြောတဲ့ အဒေါ်တစ်လကို ၂ သောင်းခွဲ ရတယ်ဆိုတာ ဒါဖြစ်မယ်…. သူ့တူ ၅ သောင်းလောက် ရတယ်ဆိုတာလည်း ဒါပဲနေမယ်… လို့တွေးရင်း စိတ်ထဲမှာ ဒီအလုပ်ကို သိချင်စိတ်၊ နားလည်ချင်စိတ်က တရွရွဖြစ်နေပြီ။
သတိထားစေချင်တာက စံနစ်တကျနဲ့ တစ်ဆင့်စီ သွားနေတယ် ဆိုတာကိုပါ။ ရောက်တာနဲ့ အကုန်တန်းပြီး အိပ်သွန်ဖါမှောက် ရှင်းပြတာ မဟုတ်ပါဘူး။
(အပိုင်း ၆ ကို မကြာခင် တင်လိုက်ပါ့မယ်။ သရုပ်ဖေါ်ပုံတွေကို Google က ယူပါတယ်။)
No comments:
Post a Comment